``မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ရန်ကုန် ရွေးချယ်ပွဲ တွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို တက်ရောက်ခွင့် ပိတ်ပင်ခံရ ဟုဆို´´

ဇွန်(၁၈)ရက်နေ့ နေ့လည်(၁)နာရီ မှ(၃း၄၅)နာရီအထိ မကွေးမြို့ သုခိတာလမ်း ရန်ပယ်ရပ်ကွက်ရှိ မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင်ပြုလုပ်သည့် အလုပ်အမှုဆောင်(၁၉)ဦးဖြင့် ကျင်းပသော အစည်း အဝေးသို့ မြန်မာပို့စ် က တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ အဓိက ဆွေးနွေးချက်မှာ ဇွန်(၁၄)ရက်နေ့ ရန်ကုန်တွင် ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)ရန်ကုန် အလုပ်အမှုဆောင် အသစ် ရွေးချယ်ပွဲတွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို ကြိုတင်ဖိတ်ကြားထား သော်လည်း အစည်းအဝေးသို့ ရောက်ရှိချိန်၌ တက်ရောက်ခွင့် ပိတ်ပင်ခြင်း ခံရကြောင်း မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင် မှပြောပါသည်။ `` ကျွန်တော်တို့ ဇွန်(၁၁)ရက်နေ့က အလုပ်အမှုဆောင်အစည်းအဝေးလုပ်ပြီး (UMFCCI) ရန်ကုန် ရွေးချယ်ပွဲအတွက် ဒီအသင်းရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော့်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးက ဆုံးဖြတ်ချက်စာကိုလည်း ရန်ကုန် (UMFCCI)ရုံးသို့ ကြိုတင်စာပို့ခဲ့ပါတယ်။ ကျွန်တော်တို့ ဇွန်(၁၃)၇က်နေ့မှာ ရန်ကုန်သို့ထွက်ခဲ့ပါတယ်။ ကားပေါ်မှာ ရန်ကုန်(UMFCCI)က ဖုန်းဆက်ပါတယ်။ ယခင် မကွေးတိုင်းက ကိုယ်စားလှယ် ဦးလှမြင့် နာမည်ကို ပယ်ဖျက်လိုက်ပါပြီ ခင်ဗျားတို့ အစည်းအဝေးတက်ဖို့အတွက် တည်းခိုနေထိုင်ရေးကစပြီး စီစဉ်ပေးထားပါတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဇွန်(၁၄)ရက်နံနက်ပိုင်း ကျွန်တော်တို့ရန်ကုန်ရောက်တော့ အစည်းအဝေးတက်ခွင့်မပေးတော့ပါဘူး။ မကွေးမြို့မှာ ကုန်သည်ကြီးအသင်းဟာ အဖွဲ့ဝင် (၄၀၀)ဦး ကျော်နဲ့ဖွဲ့စည်းထားတဲ့ အထင်ကရ အဖွဲအစည်းကြီးဖြစ်ပါတယ်။ မြို့နယ်ကုန်သည်ကြီးမျာအသင်း ဥက္ကဋ္ဌ ဘကြီးထွန်းဆိုင်တို့က ကြေနပ်စွာနဲ့ ဖွဲ့စည်းခွင့်ပြုပေးခဲ့တာပါ။ ဒါကြောင့် ယခု မြို့နယ်ကုန်သည်အသင်း လူငယ်အဖွဲ့ကို ၂၀၁၀ ခုနှစ်ကစပြီး အများဆန္ဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်လာခဲ့တာပါ။ ဒါပေမယ့်(UMFCCI)က ယခင် လူဟောင်း ကိုယ်စားလှယ် ဦးလှမြင့် (တိုင်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်) ကိုသာ အတည်ပြုပေးပါတယ်ဆိုပြီး ကျွန်တော့်ကို ငြင်းပယ်လိုက်ပါတယ်။ မကွေးမြို့အနေနဲ့ အတော်ကို သိက္ခာကျခဲ့ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ မကွေးတိုင်း ဥက္ကဋ္ဌ ဘကြီးဦးထွန်းဆိုင်ကိုလည်း အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ ဘကြီးထွန်းဆိုင် က ဇွန်(၁၁)ရက်နေ့က ကျွန်တော်တို့ အလုပ်အမှုဆောင် ရွေးချယ်ပေးထားတဲ့ ဆုံးဖြတ်ချက်စာကို လုံးဝ သဘောမတူခဲ့ပါဘူး။ တိုင်းက ကန့်ကွက်တားဆီးလိုက်လို့ ဒီစာကို ကျွန်တော်တို့ထံ (UMFCCI) ရန်ကုန်ရုံးက ပြန်ပေးတဲ့အဆင့်အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်း/မြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အတွက် (UMFCCI)ရန်ကုန်သို့ ညီနောင် အသင်း ကိုယ်စားလှယ်ရရှိရေးဆိုပြီ့း  စည်းစည်းလုံးလုံး သေသေချာချာ စဉ်းစားဆောင်ရွက်ပေးကြဖို့ ပြတ်ပြတ်သားသားနဲ့ အစည်းအဝေးလုပ်ရတာပါ။´´ ဟု ဥက္ကဋ္ဌ ဦးနေလင်းအောင် မှပြောပါသည်။ `` မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက ၂၀၁၀ ခုနှစ်မှ စပြီး မကွေးမြို့နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဆိုပြီး လူငယ်တွေကို ဖွဲ့စည်းခိုင်းခဲ့တယ်။ ဒါကြောင့်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းအသင်းက သာရေးနာရေး လူမှုရေးကိစ္စလောက်သာ ဆောင်ရွက်ကြပြီး လုပ်ငန်းအတွက်တော့ မြို့နယ်ကို ဘာမျှ လုပ်ကိုင်ကူညီပေးခဲ့တာ မရှိပါဘူး။ ဘာမျှလည်း လွှဲပြောင်းမပေးခဲ့သေးပါဘူး။ ပွင့်လင်းမြင်သာမှုမရှိခဲ့ကြပါဘူး။ တိုင်းအလုပ် အမှုဆောင် အစည်းအဝေး ဆိုပြီးလည်း တစ်ခါမှကျွန်တော်တို့ကိုဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ တိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းကို အသင်းသားတွေဆန္ဒနဲ့ဖွဲ့စည်းခဲ့တာမဟုတ်ပါဘူး။ ယခင် မကွေးမြို့နယ်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဘကြီးဦးထွန်းဆိုင်တို့အဖွဲက နားခဲ့ကြပြီး တိုင်းကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဆိုပြီး သူ့တို့ဘာသာ ဖွဲ့စည်းခဲ့ကြတာပါ။ တိုင်းအသင်းနဲ့ မြို့နယ်အသင်း ထိတွေ့မှု တွေ့ဆုံမှုမရှိခဲ့ကြလို့ ဒီလိုဖြစ်သွားရတာပါ။ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ဆွေးနွေးချက်(၄)ချက်ကို အများဆန္ဒအရသဘောတူကြရင် ဆုံးဖြတ်ချက်ချပေးကြပါ…´´။ ဟု အတွင်းရေးမှူး ဦးမြင့်ကျော်က အမှုဆောင်များ၏ဆွေးနွေးချက်များကို ကောက်နှုတ်ပြောဆိုပြီး အစည်အဝေးဆုံးဖြတ် ချက်ကို အောက်ပါအတိုင်း အတည်ပြုကြပါသည်… (တစ်) မြို့နယ်အသင်း၏ မှတ်ပုံတင်ကို ပြန်လည်ရယူ ထိမ်းသိမ်းဆောင်ရွက်ရန်။ (နှစ်) (UMFCCI) ရန်ကုန်ရုံးမှ မကွေးမြို့နယ်အသင်းကို အသိအမှတ်ပြုအောင် တိုင်းအသင်းမှ ချိတ်ဆက်ဆောင်ရွက်ပေးရန်။ (သုံး) မြို့နယ်အသင်းရုံး မြေဂရမ်နှင့် ပိုင်ဆိုင်ပစ္စည်းများကို တရားဝင်လွှဲပြောင်းရယူနိုင်အောင် ဆက်လက်ဆောင်ရွက်ရန်။ (လေး) လစ်လပ်သွားသော မြို့နယ်အလုပ် အမှုဆောင် တစ်ဦး နေရာအစား ဦးဇော်မင်း ကို (ယာယီ) ရွေးချယ်ထားရန် ဟု အခမ်းအနားမှူး၏ ဖတ်ကြားရှင်းလင်းချက်ကို သတင်းရရှိခဲ့သည်။
 

0 comments: