``မကွေးတိုင်းဒေသကြီး (တ.စ.ည)ပါတီ (၂၅)နှစ်ငွေရတုသဘင်ပွဲတွင် အိုးစည်ဝိုင်းဖြင့်ဂုဏ်ပြု´´
``သတင်းစာပညာ ဆရာဖြစ်သင်တန်း Fojo Madia Institute´´
``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြင်ဆင်ပြီ..။´´
စက်တင်ဘာ(၂၁/၂၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃း၃၀)နာရီအထိ နှစ်ရက်တွင် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို မကွေးမြို့ တက္ကသိုလ်လမ်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (မကွေးတိုင်း ဒေသကြီး) ပါတီရုံးချုပ်တွင်ပြုလုပ်ကြောင်း။ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်အဖွင့်အမှာစကားပြောကြား၍ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ချောက်၊ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်မြို့မှ ကော်မတီဝင်များ၊ မကွေးမြို့(၁၅) ရပ်ကွက်မှ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု(၄)အုပ်စုမှ စည်းရုံးရေးမှူးများ နှင့် ရေနံချောင်းမြို့မှ လူမှုရေးဆောင်ရွက်နေသော NGO အဖွဲ့များ စုစုပေါင်း(၁၅၀)ခန့်တက်ရောက် ဆွေးနွေးကြကြောင်းသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ဦးဆောင်ကူညီသောအဖွဲ့မှာ ရန်ကုန်မြို့အခြေစိုက် Myanmar Egress နှင့် The Sun Instrtute အဖွဲ့မှ ဦးအောင်ကိုကို က နိုင်ငံရေးနှင့်ပတ်သက်သောသင်တန်းများပို့ချခြင်း၊ နိုင်ငံရေးဘောဂဗေဒ အကြောင်းများ ဆွေးနွေးခြင်း နှင့် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်း ဖြေကြားဆွေးနွေးကြကြောင်း၊ စက်တင်ဘာ(၂၂)ရက်နေ့တွင် နိုင်ငံရေးပညာရှင်များဖြစ်ကြသည့် ဦးနေမျိုးမောင် နှင့် ဦးနိုင်လင်းထွန်း တို့နှစ်ဦးနှင့် တက်ရောက်သူများ အပြန်အလှန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
`` ယင်းဆိပ် ရဲစခန်းမှူးနှင့်ရဲတပ်ကြပ်တစ်ဦးတို့က ခိုင်းနွားဝယ်ထားသော တောင်သူပြည်သူများကို ထိုးကြိတ်ခြိမ်းခြောက်ပြီး ငွေသုံးသိန်းခွဲတောင်း၍ ၀န်ကြီးချုပ်ထံသို့တိုင်ကြား ဟုသိရ´´
စက်တင်ဘာ(၁၇)ရက်နေ့တွင် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာမှ တိုင်ကြားသူဦးကျော်ကြီး(ခ)ကျော်ကျော် က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာပို့ပြီး ဤသို့ပြောသည်။
`` ၂၀၁၃ ၊ သြဂုတ်(၈)ရက်နေ့မှာ ကျွန်တော်တို့သုံးဦးက မကွေးမြို့နယ် ပုထိုးကျေးရွာကိုသွားပြီး ခိုင်းနွား(၇)ကောင် ၀ယ်ခဲ့ကြပါတယ်။ ကျွန်တော်က ခိုင်းနွား(၃)ကောင်ဝယ်တယ်၊ ကိုမဲက(၂)ကောင်နဲ့ ကိုအေးပိုက(၂)ကောင် ၀ယ်လာခဲ့ကြ ပါတယ်။ ပုထိုးကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ နွားပိုင်ရှင်တွေဆီက ထောက်ခံစာတွေလဲယူလာခဲ့ကြပါတယ်။ အဲဒီည ကျွန်တော်တို့ ဆူးကောက်စမ်းရွာကို ယင်းဆိပ်ရဲစန်းက ဒုရဲအုပ်အာကာလွှမ်းမိုး၊ ရဲတပ်ကြပ်မောင်လှနဲ့ (ရဲပြုတ်) မောင်ဝင်းမြင့် တို့ သုံးဦးရောက်လာတယ်။ ကျွန်တော်တို့ကို ယခုချက်ချင်း ယင်းဆိပ်ရဲစခန်းကို လိုက်ဖို့ဆင့်ခေါ်ပါတယ်။ ကျွန်တော်က ဒီည(၈)နာရီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ထားလို့ ပြီးရင်လိုက်ခဲ့ပါ့မယ်ပြောပါတယ်။ အစည်းအဝေးပြီး အဲဒီညမှာ ယင်းဆိပ်ရဲစခန်းသို့ ကျွန်တော်ရယ် ကျွန်တော့သား မောင်နေလင်းနဲ့ အဖော် မောင်ဟန်ဇော်မင်း မောင်ဆန်းလွင်၊ ဦးအေးပိုတို့နဲ့(၅)ယောက်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ရဲစခန်းမှာမတွေ့ဆုံဘဲ ယင်းဆိပ်ရွာထဲက (ရဲပြုတ်) မောင်ဝင်းမြင့်ရဲ့အိမ်ကိုခေါ်သွားပါတယ်။ အဲဒီအိမ်ရောက်တော့ ကျွန်တော့်ကို ငွေသုံးသိန်းခွဲပေးရမယ်လို့ တောင်းပါတယ်။ ကျွန်တော်ကမပေးနိုင်ဘူး၊ ယခုနွားတွေက ခိုးယူလာတာလဲမဟုတ်ဘူး၊ ရွာတောင်သူလုပ်ငန်းမှာ ခိုင်းစားဖို့ ခိုင်းနွားတွေကို ၀ယ်လာတာ၊ သက်ဆိုင်ရာထောက်ခံစာတွေလဲပါတယ်၊ ဒါကြောင့်မပေးနိုင်ပါဘူးလို့ ကျွန်တော်ကငြင်းဆိုပါ တယ်။ ထောက်ခံစာတွေကို သူတို့ကယူကြည့်ပြီး မင်းတို့ယခုမှလုပ်လာတာဆိုပြီး ကျွန်တော်ဆီကိုပြန်မပေးပါဘူး၊ ကျွန်တော်က ပြန်ပြီးလုယူပါတယ်။ အဲဒီအချိန် ရဲတပ်ကြပ်မောင်လှက ရဲစခန်းကိုပြန်ပြီး နောက်ထပ်ရဲတွေကိုခေါ်လာပါ တယ်။ သူတို့ရောက်လာပြီး ဒုရဲအုပ် အာကာလွှမ်းမိုးက ``အဲဒီကောင်တွေကို ဖမ်းချုပ်´´လို့ အာဏာပြအမိန့်ပေးတယ်။ ကျွန်တော့်သားမောင်နေလင်းနဲ့ အဖော် မောင်ဟန်ဇော်မင်းတို့ကို ရဲသုံးဦးကဖမ်းချုပ်ပြီး လက်ထိပ်ခတ်လိုက်ပါတယ်။ အဲဒီအခါမှာ ရဲတပ်ကြပ်မောင်လှက ကျွန်တော့်သားမောင်နေလင်းမျက်နှာကို လက်သီးနဲ့(၃)ချက်ထိုးကြိတ်ပါတယ်။ နောက်ထပ်ရဲတပ်သားဇော်ဇော်အောင်က လက်သီးနဲ့တစ်ချက်ဆက်ထိုးပါတယ်။ ကျွန်တော့်ကိုလဲ ရဲတပ်ကြပ် မောင်လှ က လက်သီးနဲ့ မျက်နှာကိုနှစ်ချက်ထိုးပါတယ်။ ကျွန်တော့်လက်ထဲကထောက်ခံစာကို ရဲပြုတ်ဝင်းမြင့်ကလုယူလို့ ပါသွားတယ်။´´
``ကားတစ်စီးကိုခေါ်ပြီး ကျွန်တော်တို့လေးဦးကို ယင်းဆိပ်ရဲစခန်းသို့အမှုဖွင့်မယ်ဆိုပြီးခေါ်သွားပါတယ်။ ည(၁၁) နာရီခန့် ယင်းဆိပ်ရဲစခန်ဂိတ်အရောက်မှာ ထပ်မံခြိမ်းခြောက်ပြီး ငွေသုံးသိန်းတောင်းပြန်ပါတယ်။ ကျွန်တော်တို့လဲ နောက်တစ်ခါ အထိုးခံရမည်စိုးပြီး ငွေသုံးသိန်းပေးပါမယ်ပြောလိုက်ရပါတယ်။ ကျွန်တော့်သားနဲ့မောင်ဟန်ဇော်မင်းကို ရွာပြန်ပြီးငွေရှာခိုင်းလိုက်ရပါတယ်။ အဲဒီ သြဂုတ်(၃)ရက်ညမှာ ရွာကချေးငှါးပြီးယူ လာတဲ့ငွေ(၂၂၀၀၀၀) နှစ်သိန်းနှစ်သောင်း ကိုပေးခဲ့ပါတယ်။ ကျန်ငွေကိုနောက်နေ့ပေးမယ်လို့ပြောပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမျှမလုပ်ပါဘူး၊ အမှုဖွင့်ခြင်း မလုပ်ပါဘူးလို့ တာဝန်ခံခဲ့ရပြီး သူတို့ရဲတွေရေးထားတဲ့စာရွက်ပေါ်ကို လက်မှတ်ရေးထိုးခဲ့ရပါတယ် (ဖတ်မကြည့်ခဲ့ရပါ)။ ညသန်းခေါင်ကျော်မှာ ရွာကိုပြန်လာခဲ့ကြရပါတယ်။ နောက်နေ့သြဂုတ်(၄)ရက်နေ့မှာ ကျွန်တော်နဲ့ မောင်ဟန်ဇော်မင်းသွားပြီး ကျန်ငွေ(၈၀၀၀၀) ရှစ်သောင်းကျပ်ကို ရဲပြုတ်ဝင်းမြင့်ဆီကို သွားပေးခဲ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန် တော်တို့လို တောင်သူလယ်သမားပြည်သူလူထုအပေါ် ရိုင်းပြစွာနဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကား ခြိမ်းခြောက်ပြီး မတရားလာဘ်ငွေတောင်းခံနေကြတဲ့ ဒုရဲအုပ် အာကာလွှမ်းမိုး နဲ့ ရဲတပ်ကြပ်မောင်လှ၊ ရဲတပ်သား ဇော်ဇော်အောင် တို့ကို သက်ဆိုင်ရာကထိရောက်အောင်အရေးယူဆောင်ရွက်ပေးဖို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံကို စက်တင်ဘာ(၁၇)နေ့ က မကွေးစာတိုက်အမြန်ချောနဲ့ ပေးပို့တိုင်ကြားထားပါတယ်…။´´ ဟု ဆူးကောက်စမ်းရွာသား ဦးကျော်ကြီး(ခ) ကျော်ကျာ် ၊နိုင်ငံသား( ၈/မကန(နိုင်)၀၄၃၈၁၇)ကပြောသည်။
အဆိုပါကိစ္စကို စက်တင်ဘာ(၁၉)ရက်နေ့တွင် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးထံ သို့ သွားရောက်တွေ့ဆုံခဲ့ရာ၊
နေ့ရက်မမှတ်မိသော အဲဒီနေ့က ယင်းဆိပ်ရဲစခန်းမှ ဒုရဲအုပ် အာကာလွှမ်းမိုး နဲ့ တပ်ကြပ်မောင်လှတို့ နှစ်ဦးရွာသို့ရောက်လာကြောင်း၊ ကိုကျော်ကြီးတို့ နွားဝယ်ကိစ္စ ညှိနှိုင်းပေးရန်ပြောရာ ယနေ့ည တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ထား၍ မအားကြောင်း၊ ကိုကျော်ကြီးမှာ နွားအကြောင်းသိသူဖြစ်၍ ရွာကတောင်သူများအတွက် ခိုင်းနွားများဝယ်ယူပေးနေသူဖြစ်ကြောင်း၊ အဲဒီည ကိုကျော်ကြီးတို့ကို ယင်းဆိပ်ရဲစခန်းသို့ခေါ်သွားကြောင်း၊ နောက်နေ့ တွင် ရဲစခန်းသို့လိုက်ပါသွားသူ ကိုကျော်ကြီးက ဖြစ်စဉ်အကြောင်းစုံကိုပြောပြပြီး အဲဒီညက ငွေနှစ်သိန်းနှစ်သောင်းကျပ် ပေးခဲ့ရပြီး ယနေ့ ကျန်ငွေရှစ်သောင်းကို ရဲစခန်းသို့သွားရောက်ပေးမည်ဟုပြောကြားကြောင်း၊ ယခုကိစ္စကို စက်တင်ဘာ (၁၈)ရက်နေ့မှာ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျွန်တော်နဲ့ ကိုကျော်ကြီးတို့အားလုံးကို ခေါ်ယူစစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မကွေး ခရိုင်ရဲတပ်ဖွဲ့မှူးကြီးက ယခုကိစ္စနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ အမှန်တရားအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးမည်ဟု ကျွန်တော့်ကိုပြောကြားလိုက်ကြောင်း ဆူးကောက်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး က ပြောသည်။
``မကွေးမြို့ မြို့ဟောင်းရပ်ကွက်ရေဘေးဒုက္ခသည်များအား မြစ်ကွေ့ဧရာလူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူ´´
စက်တင်ဘာ(၁၈)ရက်နေ့ နေ့လည်(၁)နာရီခန့်တွင် ဧရာဝတီမြစ်ရေအတက်ကြမ်း၍ မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှ ရေဘေးဒုက္ခသည်များအား မြစ်ကွေ့လူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူကြောင်း သတင်းရရှိသည်။
`` ဒီနှစ်ဧရာဝတီမြစ်ရေက ယခင်နှစ်ထက် တစ်ပြန်လောက် ရေအတက်ကြမ်းပါတယ်။ ရေတက်နေတာ ယနေ့ပါဆိုရင် လေးရက်လောက်ရှိပါပြီ။ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ဆင်းရဲသားအိမ်ကလေးများဟာ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများရဲ့အိမ်တွေပေါ်ကို ပြောင်းရွှေ့နေရတာပေါ့ဗျာ..။နောက်ထပ်လဲ မြစ်ရေက တက်အုံးမယ်ဆိုတော့ စိုးရိမ်နေကြရ ပါတယ်..။ဒါကြောင့် ရပ်ကွက်ထဲက မီးသတ်တပ်ဖွဲ့တွေနဲ့ ရေကင်းစောင့်နေကြရတယ်။´´ ဟု မြို့ဟောင်းရပ်ကွက်သား တစ်ဦးက ပြောသည်။``သရက်ခရိုင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်ပိတ်ခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်တင် ဟုသိရ´´
သရက်ခရိုင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်ပိတ်ခြင်းကြောင့် အဆိုပါရေနံမှော်တွင် လုပ်ကိုင်စားသောက် နေကြသော တောင်သူများနှင့် အလုပ်သမား အများအပြားမှာ အခက်အခဲပြဿနာများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်သည်(၂၀၀၇) နှစ်မှစ၍ (၂၀၁၃၊ ဧပြီ ၄ရက်နေ့အထိ) အစိုးရနှင့် ကုမ္ပဏီများလုပ်ကိုင်ခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီများမှာ MOGE နှင့် အကျိုးတူးဖော်ခဲ့သော မျိုးမာန်သစ်ကုမ္ပဏီ၊ ဂျီအိုင် ကုမ္ပဏီ၊ S.5 ကုမ္ပဏီ(၂)ခု နှင့်ချမ်းချမ်းကုမ္ပဏီ တို့ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ရေနံစိမ်းများကို အားရအောင် တူးဖော်ခွင့်ရရှိသွားပြီး ၂၀၁၃ ဧပြီ(၄)ရက်နေ့တွင် ၎င်းရေနံမြေနေရာများကို မှုလပိုင်ရှင်တောင်သူများထံသို့ လွှဲအပ်ပေးခဲ့ကြ ပြီး ကုမ္ပဏီများမှာ ရုတ်သိမ်းသွားခဲ့ကြောင်း၊ ၎င်း မြေနေယာများသည် တောင်သူများမှာ စိုက်ပျိုးလုပ်ကိုင်စားသောက်၍ မရသဖြင့် လက်ရိုက်ရေနံတွင်းတစ်နေရာကို အနည်းဆုံးငွေကျပ်(၃)သိန်း၊ အများဆုံးငွေကျပ်(၁၀)သိန်းဖြင့် ရောင်းချခဲ့ ကြောင်း၊ တွင်းတူးစရန်က (၅)သိန်း မှ (၁၀)ကျော်ခန့်အထိကုန်ကျကြောင်း၊ အဆိုပါရေနံမှော်ကို မှီတင်းလုပ်ကိုင်စားသောက် သူလူဦးရေမှာ သိန်းဂဏန်းအထိရှိနေကြောင်း၊ သို့သော်လည်း ၂၀၁၃ စက်တင်ဘာ(၉)ရက်နေ့တွင် သက်ဆိုင်ရာမှ ရေနံတူးဖော်ခွင့်မပြုဘဲ ထန်းကိုင်းရေနံမြေတွင်လုပ်ကိုင်စားသောက်နေကြသော အလုပ်သမားများကို နှင်ထုတ်ကြောင်း၊ စက်တင်ဘာ(၁၀)ရက်နေ့တွင် ပြည်သူ့ရဲအင်းအား(၁၀၀)ကျော်ခန့််ရောက်လာပြီး တားဆီးနှင်ထုတ်ခဲ့ကြောင်း၊ ထို့ကိစ္စကို ထန်းကိုင်းရေနံမှော်မှ တောင်သူများနှင့် ရေနံတူးဖော်လုပ်ကိုင်စားသောက်နေကြသော အလုပ်သများပူးပေါင်း၍ စက်တင် ဘာ(၁၀)ရက်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးထံ အသိပေးတိုင်ကြားခဲ့ကြောင်း၊ စက်တင်ဘာ(၁၃)ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ထံသို့ ထန်းကိုင်းရေနံမှော်အား ဆက်လက်လုပ်ကိုင်နိုင်ရန် ယခင်ကဲ့သို့ တရားဝင်ခွင့်ပြုပေးပါရန် အသနားခံ တင်ပြစာပေးပို့ထားကြောင်း၊ ထန်းကိုင်းရေနံမှော်တွင် ဤကဲ့သို့ ပိတ်သိမ်းခိုင်းနေသော ပြသနာများကြောင့် အလုပ်သမားများ က စက်တင်ဘာ(၁၅)ရက်နေ့တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်ဆန္ဒပြခွင့်ကို ယခုလအတွင်း(၂)ကြိမ် စာတင်ထားခဲ့ကြောင်း အလုပ်သမားများအား ဦးဆောင်သူ ဦးသက်နိုင်ဝင်း က ပြောသည်။
အဆိုပါထန်းကိုင်းရေနံမှော် အခြေအနေအား သရက်ခရိုင်ရဲမှူး ဦးသန်းဆွေထံသို့ တယ်လီဖုန်းဖြင့်မေးမြန်းရာ၊
``ထန်းကိုင်းရေနံမှော် အခြေအနေယနေ့အထိကောင်းပါတယ်။ ဘာမျှထူးခြားမှုမရှိပါဘူး။ လုံခြုံရေးကတော့ ဆက်ပြီးချထား ပါတယ်။ ဆန္ဒပြမယ့်စာတင်တဲ့ကိစ္စကတော့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့မေးမြန်းပါခင်ဗျာ..။´´ ဟု သရက်ခရိုင်ရဲမှူး ဦးသန်းဆွေ က ဖြေကြားသည်။
အဆိုပါဆန္ဒပြရန်ကိစ္စအား မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ စက်တင်ဘာ(၁၀)ရက်တွင်တစ်ကြိမ်၊ (၁၅)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်တင်ထားကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
``လယ်ယာမြေစုံစမ်းစစ်ဆေးရေးအဖွဲ့(၅) မကွေးမြို့နှင့်မင်းဘူးခရိုင်အတွင်း၌ စစ်ဆေးကြားနာ´´
``မကွေးမြို့နယ် သမန်းတောကျေးရွာ ဘုန်းတော်ကြီးပညာသင်ကျောင်း စုပေါင်းဖွင့်လှစ်´´
`` ပြင်ဦးလွင်မြို့တွင်အထက်မြန်မာပြည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ´´
``ပါရမီသွေး(မကွေး) သွေးကူညီရေးအသင်း၏ (၂)နှစ်ပြည့်အခမ်းအနားကျင်းပ´´
`` NLD ပါတီ တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို) မှ တောင်သူလယ်သမားရေးရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ တောင်သူလယ်သမားများကို ကူညီပေးမည်´´
``မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး´´
`` မကွေးမြို့နယ်တရားရုံး ဇာရီမှုအမှတ်၃/၂၀၁၃ ဖြင့် အိမ်ဝိုင်းသိမ်းဆည်းစဉ် အမွေဆိုင်မိသားစု(၇)ဦးက နှစ်လုံးထီလောင်းကစားခြင်းမှ ဖြစ်သည်ဆိုပြီး သက်ဆိုင်ရာများသို့ အသနားခံစာတင် ´´
``လက်ရှိစိုက်ပျိုးလျှက်ရှိသော ဦးပိုင်မဲ့တောင်သူလယ်သမားများကို မြေပိုင်ဆိုင်ခွင့်ပေးနေချိန်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ စိုက်ပျိုးမြေဧက(၆၀)ခန့်ကို သိမ်းဆည်းရန်အမိန့်စာထုတ်´´
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ရွေပန်းကျေးရွာအုပ်စုတွင် နှစ်ပေါင်း(၃၀)ကျော်ခန့်က စိုက်ပျိုး လုပ်ကိုင်စားသောက်ခဲ့သော လယ်သမားမိသားစု(၈)ဦးနှင့်အခြားလယ်သမားများပိုင်ဆိုင်သော မြေဧက(၆၀)ခန့်ကို မြို့နယ် မြေစာရင်းဌာမှ ဦးပိုင်အမည်ပေါက် လုပ်မပေးခဲ့သော အားနည်းချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးယဉ်ကြည်က လယ်မြေပိုင်ရှင်များနှင့် ကြိုတင်ညှိနှိုင်းခြင်းမပြုဘဲ ရပ်ကွက်တိုးချဲ့ရန်အဆိုပါမြေများကိုသိမ်းယူ ခဲ့ကြောင်း၊ ပေ ငါးဆယ် ပတ်လည် အိမ်ဝိုင်းကွက်များချထားရန်စီမံ၍ အိမ်ဝိုင်းမြေကွက်တစ်ကွက်လျှင် ငွေခြောက်သောင်း ကျပ်ဖြင့် ၀ိုင်းကွက်ဝယ်လိုသူများ(၁၃၀)ဦးတို့ထံမှ ငွေများကောက်ခံရယူထားခဲ့ကြောင်း၊ လက်ရှိစိုက်ပျိုးထားသော စိုက်ပျိုး မြေများအတွင်းသို့ မြေထိုးစက်ကြီးများဖြင့် ရှင်းလင်းနေစဉ် လက်ရှိလုပ်ကိုင်စားသောက်နေသော ကျွန်တော်တို့ တောင်သူမိသားစုများက သွားရောက်တားဆီခဲ့ရာ အုပ်ချုပ်ရေးမှူးဟောင်း ဦးယဉ်ကြည်က ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ ပါကြောင်း၊ ထို့ကြောင့် ကျွန်တော့်နာမည်ဖြင့်၂၀၁၁ ဒီဇင်ဘာ(၁၆)ရက်နေ့မှာ မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ အသနားခံစာတင်ခဲ့ကြောင်း၊ ထို့နောက် မြေပိုင်ရှင်မိသားစုများစုပေါင်း၍ ၂၀၁၃ ၊ မတ်လ(၃)ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်တို့ထံသို့ တိုင်ကြားခဲ့ကြောင်း၊ ထိုကိစ္စအား ၂၀၁၃ မေလ(၂၄/၂၅)ရက်နေ့တွင် သက်ဆိုင်ရာ စိမ်းစိုးစိုက်ပျိုးရေးရုံး နှင့် မြို့နယ်စီမံကိန်းရုံးစသည့် ခုံရုံးအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း၊ စတင်၍သိမ်းဆည်းစဉ်ကာလမှ ယနေ့အထိ အဆိုပါမြေယာများကို မူလလက်ရှိ တောင်သူ မိသားစုများ လုပ်ကိုင်စားသောက် နေလျှက်ရှိကြောင်း၊ သို့သော် ၂၀၁၃ ဇူလိုင်(၂၉)ရက်နေ့တွင် မူလအစီအစဉ်အတိုင်း ကျေးရွာတိုးချဲ့ ကွက်သစ်မြေနေရာ အဖြစ် ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်၍ ဦးပိုင်မရှိကြဘဲ လက်ရှိစိုက်ပျိုးနေသော ကျွန်တော်တို့ တောင်သူမိသားစုများကို ၂၀၁၃ သြဂုတ်(၄)ရက်နေ့ အပြီး ဖယ်ရှားရှင်းလင်းပေးရန် မြို့သစ်မြိုနယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်(ပ/၄၀၅၃) က စာထွက် အကြောင်းကြားထားကြောင်း၊ အဆိုပါကိစ္စကို ၂၀၁၃ ၊ သြဂုတ်(၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ ပြန်လည်လေ့လာသုံးသပ်ဆုံးဖြတ်ပေးပါရန် မေတ္တာရပ်ခံစာကို ထပ်မံတင်ပြထားကြောင်း ရွှေပန်းကျေးရွာ တောင်သူ ဦးချစ်ညိုကပြောသည်။
နိုင်ငံတော်သမ္မတကြီး၏ဆန္ဒအရ ဦးပိုင်မရှိကြသော လက်ရှိလယ်ယာမြေများကို လုပ်ကိုင်စားသောက်လျှက်ရှိသော တောင်သူလယ်သမားများထံသို့ ၂၀၁၃ အောက်တိုဘာလကုန်အတွင်းမှာ မြေယာပိုင်ဆိုင်ခွင့်လက်မှတ်များထုတ်ပေး ရမည်ဟု နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က တိုင်းဒေသကြီး/ပြည်နယ်များရှိ အစိုးရအဖွဲ့နှင့်ပြည်သူ့ ၀န်ထမ်းများကို လှည့်လည်စည်းရုံး ပြောကြားနေချိန်ကာလတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့သစ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး တို့က နှစ်ပေါင်း(၃၀)ကျော်ကြာသည့်အထိ လက်ရှိကျွန်တော်တို့လုပ်ကိုင်စားသောက်နေကြသော လယ်ယာ မြေဧကပေါင်း(၆၀)ခန့်ကို(အစိုးရ၏ စီမံခန့်ခွဲမှုမြေ)အဖြစ်အမိန့်အာဏာဖြင့်သိမ်းဆည်းပြီး ရွှေပန်းကျေးရွာကွက်သစ်ဖော်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ကျွန်တော်တို့တောင်သူမိသားစုများ လယ်ယာမဲ့ဖြစ်ပြီး ဆင်းရဲမွဲတေမှုများကိုခံစားကြမှာဖြစ်၍ လာရောက်သတင်းပေးရခြင်းဖြစ်ပါကြောင်း စက်တင်ဘာ(၁)ရက်နေ့တွင် ရွှေပန်းကျေးရွာ တောင်သူ ဦးချစ်ညို (၆၈)နှစ် မှတ်ပုံတင်အမှတ်(MTT. 061651) ကပြောသည်။
အဆိုပါမြေသိမ်းရန်ကိစ္စကို(၂၅-၈-၂၀၁၃)နေ့တွင် မြို့မိမြို့ဖ ဦးသာအောင်(လယ်သမားအရေးကူညီ ဆောင်ရွက်သူ) နှင့်အဖွဲ့တို့သည် မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်တာဝန်ရှိသူများ ထံသို့ သွားရောက်၍ ပေါင်းစပ်ညှိနိုင်းသော်လည်း ၎င်းတို့စာထွက်ထားသည့်အတိုင်းဆက်လက်ဆောင်ရွက်မည်ဟု အဖြေပေးကြောင်း၊ထို့ကြောင့် ဤကိစ္စကို နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းဖော်ထုတ် စုံစမ်းစစ်ဆေးရေးကော်မတီ (ပြည်သူ့လွှတ်တော်)သို့ တိုင်ကြား၍ ကန့်ကွက်တားဆီးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ(၂)ရက်နေ့တွင် မြို့သစ်မြို့မှ ဦးသာအောင်က ပြောသည်။ (မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိပါ။)
``အမိုးတစ်ခုလုံးပြိုကျပျက်စီးသွားသော မကွေးမြို့တော်ခန်းမကြီးကို ၂၀၁၃ စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်မည် ဟုဆို´´
Subscribe to:
Comments (Atom)
