၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ပွင့်ဖြူ(အ.ထ.က)တွင် ကျင်းပ ပွင့်ဖြူ ဖေဖော်ဝါရီ ၂



         
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၂ ရက်၊ ယနေ့နံနက် ၉ နာရီက (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းသားကျောင်းသူများမှ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          အာစရိယပူဇော်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းမှ ကျောင်းသားကျောင်းသူများက အပူဇော် ကန်တော့ခံ ဆရာ၊ ဆရာမ(၆၀)ဦးအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ကျောင်းသားကျောင်းသူများအား ဩဝါဒစကား ပြောကြားရာတွင် ယခုလို နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူများမှ ဆရာကြီး၊ ဆရာမကြီးများကို အသိအမှတ်ပြုပြီး အာစရိယပူဇော်ပွဲ မပျက်မကွက် ကျင်းပ ပြုလုပ်ကြတဲ့ အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ကျောင်းသားကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးပြီး ဘက်စုံ ပညာရည် ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများဖြစ်အောင် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ (ထက် ၊ လယ် ၊ မူ) ကျောင်းသားကျောင်းသူများက အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို တစ်ဦးချင်း အလိုက် လှူဖွယ်ပစ္စည်းများ ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
            အဆိုပါ ကျောင်းတွင်းပြုလုပ်သည့် အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပွင့်ဖြူ(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော် နှင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး(၆၀)ဦး၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် (ထက် ၊ လယ် ၊ မူ)အဆင့် ကျောင်းသားကျောင်းသူ (၁၈၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)
 

0 comments: