``အောက်စီဂျင် ဓာတ်ငွေ့အိုးကြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၊ ဓာတ်အိုးပိန်ချိုင့်သွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရ´´

မကွေးမြို့ အောင်မေတ္တာ(က)အုပ်စု၊ ၉ လမ်းနှင့် ၁၀ လမ်းကြားရှိအမှတ်(၁၀၅/၁၀၆) ဧရာဝတီနဂါးကုမ္ပဏီ သိုလှောင် ရုံဆောက်လုပ်နေစဉ် မေ(၁)ရက် နံနက်(၉း၄၅) နာရီအချိန်ခန့်တွင် အောက်စီဂျင်(၅၀)လီတာ ဓာတ်ငွေ့အိုးကြီး အသံကျယ်လောင်ပြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၍ ဓာတ်အိုးပိန်ချိုင့်သွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၎င်း ဧရာဝတီနဂါးကုမ္ပဏီ သိုလှောင်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ Acetlene နှင့် Oxygen အသုံးပြု၍ အင်္ဂလန်သံဘောင်ကြီးများကိုဖြတ်ရန် (အောက်စီဂျင် ၅၀လီတာအိုး၊ မီးအိုး အက်စ်တလင်း ဂတ်စ်အိုး ၅ပိဿာဆန့်) တို့ဖြင့် အရှည်ပေ၂၀၊ အနံ ၆လက်မရှိ အင်္ဂလန်သံဘောင်များကို တစ်ပေစီ(အပိုင်း)များ ဖြတ်တောက်နေကြောင်း၊ ဂဟေဆော်ပိုမှ အောက်စီဂျင်ဓာတ်အိုးတွင်သို့ မီးဝင်ရောက်သွားပြီး ကြယ်လောင်သော အသံဖြင့် ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ကြောင်း၊ ၎င်းပေါက်ကွဲမှုကြောင့် အောက်စီဂျင်(၅၀)လီတာ ဓာတ်ငွေ့အိုးကြီး ပြင်းထန်စွာပေါက်ကွဲမှုဖြစ်၍ ဓာတ်အိုးပိန်ချပ်သွား လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလုပ်သမား ကိုတင်လင်းအောင်(၂၉)နှစ်၊ ချောက်မြို့နေသူ ၏ ယာဘက်ဒူးဆစ်နှင့် ယာဘက်ခြေဖမိုးတို့တွင် ပြဲရှဒဏ်ရာ (၃)ခုရရှိပြီး အကူလုပ်သား ကိုတင်ဝင်းမောင်(၂၇)နှစ်၊ အောင်ပန်းမြို့နေသူတွင် ၀ဲဘက်ခြေသလုံးမှာ လေးလက်မ ခန့်ပေါက်ပြဲဒဏ်ရာနှင့် ၀ဲဘက်ခြေဖမိုး ဖူးရောင် ဒဏ်ရာများ ရရှိ၍ ရဲဆေးစာနှင့်အတူ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပြီး မစိုးရိမ်ရကြောင်း၊ မီးလောင်မှုကြောင့် အောက်စီဂျင်ဓာတ်ငွေ့အိုးတစ်လုံးဆုံးရှုံးပြီး ဆုံးရှုံးတန်ဘိုးငွေ(၁၃၀၀၀၀ိ)ကျပ်ဖြစ်ကြောင်း၊ ၎င်းပေါက်ကွဲမှုအား ပေါက်ကွဲစေတတ်သော အရာဝထ္ထုများဖြင့် ပေါ့လျှော့စွာဆောင်ရွက်ခဲ့သော ဒဏ်ရာရသူ ကိုတင်လင်းအောင်(၂၉)နှစ်အား မကွေးနယ်မြေရဲစခန်း ရဲစခန်းမှူး ရဲအုပ်ရွှေဌေး က တရားလိုပြုလုပ်၍ (ပ) ၄၇/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၆/၃၃၇ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း မကွေးနယ်မြေရဲစခန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က သတင်းရရှိသည်။ ``ဒီအောက်စီဂျင်အိုးကြီးက သံဘောင်တွေခလယ်မှာ အစကထားတာပါ၊ ဂဟေဆော်ဂေါက်ကိုဖွင့်ပြီး သံဘောင်တွေဖြတ်ပြီးလို့ ဂေါက်ကိုပြန်ပိတ်လိုက်တာ ဘားမလုံဘဲဖြစ်သွားတာပါ၊ ကျွန်တော်ကတော့ လွင့်မသွား ခဲ့ပါဘူး။´´ဟု အလုပ်သမား ကိုတင်လင်းအောင် က ပြောသည်။ ဤအဆောက်အဦးဆောက်လုပ်ရန် မြို့နယ်စည်ပင်သာရေးအဖွဲ့သို့ ဆောက်လုပ်ခွင့်တင်ထားသော်လည်း ဆောက်လုပ်ခွင့်မကျသေးကြောင်း၊ ထို့ကြောင့် စည်ပင်သာယာဌာနမှ စည်ပင်သာယာဥပဒေဖြင့် ဆက်လက်အရေး ယူမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန မှ သတင်းရရှိသည်။
 

0 comments: