``မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားရုံးမထိမဲ့မြင်ပြုလုပ်မှု ရေးသားသည်ဟု သတင်းထောက်နှစ်ဦးအား တရားစွဲဆိုခြင်း (ပထမ)အကြိမ် ရုံးချိန်း´´

လူမှုကွန်ရက် ဟစ်တိုင်ဂျာနယ် အတွဲ(၁)၊အမှတ်(၇)၊ ၂၀၁၄ ဇန်န၀ါရီ(၁)ရက်နေ့ထုတ် ဂျာနယ် စာမျက်နှာ (၂၉)တွင် ဟင်္သာ(တောင်တွင်းကြီး)ရေးသားဖော်ပြထားသော (ငွေရှိရင်လူကို ကားနဲ့တိုက်သတ်လို့ရတယ်ထင် ကုန်ကြပြီ) ခေါင်းစဉ်သတင်းအား၎င်း။ UNITY ဂျာနယ်၊အတွဲ(၃)၊ အမှတ်(၃) ၂၀၁၄ ဇန်န၀ါရီ(၁၈)ရက်နေ့ထုတ် ဂျာနယ် စာမျက်နှာ(၉) ပြည်သူ့အသံကဏ္ဍ မှ (အမေစုရေကယ်ပါဦး တောင်တွင်းကြီးမြို့မှာ သိန်း ၄၀ရှိရင် လူသတ်လို့ရတယ် ပြောကုန်ကြပြီ..) ခေါင်းစဉ်ဖြင့် ပါလာ၍ ရေးသားသူဟု စွပ်စွဲခံရသူ သတင်းထောက် စော်ဘွားကြီး(တောင်တွင်းကြီး) တို့ ရေးသားသူနှစ်ဦးအား ဦးညွန့်ဆွေ(၆၂)နှစ်၊ ဒုရဲအုပ် (စခန်းမှူး အငြိမ်းစား) မကွေးလမ်း၊ ရွှေကြာအင်း(၂)ရပ်ကွက်၊တောင်တွင်းကြီးနေသူ က ၂၀၁၄ ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် တရားရုံးမထိမဲ့မြင်ပြုလုပ်မှု ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်ထားမှုအမှတ် (၄)(၅)ဖြင့် တိုင်ကြားခံထားရကြောင်း မတ်(၇)ရက် နေ့(၁၁)နာရီအချိန် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး တွင် ဦးလှဖုန်းဦး(၃၇)နှစ် (ခ) အကြီးတန်းသတင်းထောက် ဟင်္သာ(တောင်တွင်းကြီး)က ပြောသည်။ `` ဒီနေ့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားရုံးက ဆင့်ခေါ်လို့ ပထမအကြိမ်ရုံးချိန်းလာခဲ့ပါတယ်။ ကျွန်တော်ကိုယ်စား မကွေးမြို့က အထက်တန်းရှေ့နေ ဦးမြင့်အောင်ကို ပါဝါလွှဲထားပါတယ်။ သူကနေ ဒီနေ့မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က လိုအပ်တာကိုဆောင်ရွက်ပါ့မယ်။ နောက်တစ်ပါတ် အင်္ဂါနေ့ မတ်(၁၁)နေ့မှာ ကျွန်တော့်ကို ပြန်လာဖို့ အထက်တန်းရှေ့နေ ဦးမြင့်အောင်က မှာထားပါတယ်´´။ ဟု ဟင်္သာ (တောင်တွင်းကြီး)က ပြောသည်။ အထက်တန်းရှေ့နေ ဦးမြင့်အောင်အား ယခုအမှုနှင့်ပတ်သက်၍ မေးမြန်းရာ ယနေ့မှ ပါဝါလွှဲယူနေစဉ်ဖြစ်၍ ဤအမှုနှင့်ပါတ်သက်ပြီး သဘောထားမှတ်ချက်တွေကို မပြောနိုင်သေးကြောင်း၊ တရားရုံးအား လျှောက်လွှဲချက် (ထုချေလွှာ)တင်ပြီးလျှင် မီဒီယာတွေကိုပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ သတင်းထောက်နှစ်ဦးရေသားသော မှုခင်းသတင်းမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့၊ ပြစ်မှုကြီးအမှတ် -၁၈၈၆ ဖြင့် တောင်တွင်းကြီးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးမြင့်တင် မှ စီရင်ချက်ချပြီးဖြစ်ကြောင်း စီရင်ချက် မိတ္တူအရ သိရသည်။ အမှုဖြစ်စဉ်အကျဉ်းမှာ တရားလို ဒုရဲအုပ်ကျော်မင်းမောင် မှ တရားခံ ဦးညွန့်ဆွေ၏ ကား ၃စ/၄၇၃၃ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသော ကိုကိုလတ်အားဝင်ရောက်တိုက်မိ၍ ဒဏ်ရာများဖြင့်သေဆုံးသွား ကြောင်း၊ သေဆုံးသူ၏ဇနီးနှင့်မိသားစုက အမှုကိုရုပ်သိမ်းလွှာတင်ခဲ့ကြောင်း၊ ထို့ကြောင့် မြို့နယ်ဥပဒေအရာရှိမှ အမှုအားဆက်လက်ဆောင်ရွက်ပါက အကျိုးထူးဖွယ်မမြင်ခြင်းတို့ကြောင့် အောက်ပါအမိန့်ကို ချမှတ်လိုက်ကြောင်း သိရသည်။ တရားခံအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄-က အရစွဲဆိုမှု၏ ``အမိန့်´´ စီရင်ချက်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်နေ ဦးတင်ဦး၏သား တရားခံ ဦးညွန့်ဆွေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရစွဲဆိုထားမှုအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုပြီး အမှုအားစွဲချက်မတင်မီ လွတ်လိုက်သည်။ သက်သေခံကားနှင့်ဆိုင်ကယ်အား ပိုင်ရှင်သို့ထုတ်ပေးစေ။ ပုံ မြင့်တင် မြို့နယ်တရားသူကြီး ဟု စီရင်ချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ တရားခံ ဦးညွန့်ဆွေ၏ ၂၀၁၄ ဖေဖော်ဝါရီ(၂၉)ရက်နေ့ တောင်တွင်းကြီးမြို့နယ်တရားရုံး၌ ကျမ်းသစ္စာကြိမ် ဆိုချက်တွင် တရားရုံးကရုပ်သိမ်းခွင့်ပြု၍ ကျွန်တော့်အားလွှတ်လိုက်ခြင်းဖြစ်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေ ပြီး တရားစီရင်ရေးအပေါ် အများပြည်သူများက ယုံကြည်ကိုးစားမှုလျှော့နည်းရန်ပြုလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဟင်္သာ(တောင်တွင်းကြီး) အား တရားရုံးမထိမဲ့ခြင်း ပြုမှုချက်အရ ထိရောက်သော ပြစ်ဒဏ်ချမှတ် သင့်ပါသည် ဟု ၎င်း၏ ကျမ်းသစ္စာကြိမ်ဆိုချက်တွင် အစပြုဖော်ပြထားကြောင်း သတင်းရရှိသည်။ သတင်းထောက် ဟင်္သာ(တောင်တွင်းကြီး)ကလည်း ``၂၀၁၃၊ ဇူလိုင်(၂၉)ရက်နေ့ကထုတ်ပြန်ထားသော တရားရုံးများ မထိမဲ့မြင်ပြုမှုဥပဒေကို (၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၇)၊ အခန်း(၃) ကင်းလွတ်ချက်များ ပုဒ်မ(၈)တွင် စစ်ဆေးကြားနာ၍ အပြီးသတ်အမိန့်ချထားပြီးဖြစ်သည့် တရားစီရင်ရေးတစ်ရပ် ၏ အရည်အသွေးအပေါ်မျှတစွာ သုံးသပ်ချက်(သို့မဟုတ်)ဝေဖန်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း (သို့မဟုတ်) ဖြန့်ချိခြင်း သည် တရားရုံးကို မထိမဲ့မြင်ပြုမှု မမြောက်စေရ)၊´´ဟု ပြည်ထောင်စုလွှတ်တော်မှ ရေးသားပြဒါန်းထားသော ဥပဒေပါစာများကို ဟင်္သာတောင်တွင်းက ဖတ်ကြားပြောဆိုသည်။ ၎င်းအမှုကို မတ်(၃)ရက် ပထမအကြိမ် ရုံးချိန်းနေ့တွင် သတင်းမီဒီယာသမားများ (၁၀)ဦးခန့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး သို့ လာရောက် သတင်းယူကြောင်း သိရသည်။
 

0 comments: