``မကွေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် မှုခင်းအန္တရာယ် ကြိုတင်ကာကွယ်စေရန် ဟောပြောဆွေးနွေး´´

(မကွေးမြို့နယ်တွင်း၌ ကျောင်းဝတ်စုံဖြင့် ကလေးငယ်သူခိုးများ ဆေးတက္ကသိုလ်မှာ ကျူးလွန်နေသည်ဆို) မကွေးမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလအတွင်း ယာဉ်တိုက်မှုပေါင်း(၁၀၃)မှု၊ ဒဏ်ရာရရှိသူ ကျား(၇၆)ဦး၊ မ(၁၆)ဦး စုစုပေါင်း(၉၂)ဦး။ သေဆုံးသူ ကျား(၇)ဦး၊ မ(၁)ဦး စုစုပေါင်း(၈)ဦး။ ဆုံးရှုံးမှုတန်ဘိုးငွေကျပ်(၈၇၉၀၀၀ိ) ဖြစ်ကြောင်း၊ ၂၀၁၄ ခု ဇန်န၀ါရီလ မှ ဖေဖော်ဝါရီလကုန်အထိ ယာဉ်တိုက်မှု ပေါင်း(၁၈)မှု၊ ဒဏ်ရာရရှိသူပေါင်း ကျား(၂၇)ဦး ၊ မ(၂)ဦး၊ သေဆုံးသူ မ(၂)ဦး၊ ဆုံးရှုံးတန်ဘိုးငွေကျပ်(၆၂၀၀၀၀ိ) ဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။ အထက်ပါဖြစ်စဉ်များကြောင့် ၂၀၁၄ နှစ်စပိုင်းမှ စတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် မှုခင်းများကျဆင်းရန်လှည့်လည် ဟောပြောဆွေးနွေးပွဲများကို အခါအားလျှော်စွာ ပြုလုပ်ဆောင်ရွက်ပေးကြောင်း၊ မတ်(၁၃)ရက်၊ နံနက်(၁၀း၃၀) မှနေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့နယ်၊ ဆည်မြောင်းဦးစီးဌာန၊ စက်မှု တိုင်း(၃)ရုံး ဓမ္မာရုံ၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူး ရဲမှူး တင်မျိုးအောင်၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် နှင့် တပ်ဖွဲ့ဝင်များက ညွန်ကြားရေးမှူး ဦးသိန်းထိုက်၊ လက်ထောက် ညွန်ကြားရေးမှူး ဦးစိန်လင်း နှင့် ၀န်ထမ်းမိသားစုများ(၁၅၀)ဦးခန့်တို့အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးနှင့် မှုခင်းအန္တရာယ်ကြိုတင်ကာကွယ်စေရန် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။ ``မှုခင်းကျဆင်းရေးမှာ ပြည်သူတွေကို ယခုလိုလှည့်လည်ဟောပြောဆွေးနွေးခြင်းဟာလည်း အဓိကတစ်ခု မှာပါပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ နှစ်ထောင်ဦးကို ရဲတစ်ဖွဲ့ဝင် တစ်ယောက်နှုန်းနဲ့သာ ကာကွယ်စောင့်ရှောက်နေရပါတယ်၊ ဒါကြောင့် မှုခင်းကျဆင်းရေးအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်များချည်း အားမကိုးဘဲ ပြည်သူ့ဝန်ထမ်းနဲ့ အများပြည်သူများကပါ ၀ိုင်းဝန်းကူညီပေးဖို့လိုအပ်နေပါတယ်၊ မကွေးဆေး တက္ကသိုလ်နယ်မြေမှာ ကျောင်းဝတ်စုံနဲ့ ကလေးသူငယ်လေးတွေ ခိုးယူမှုများဖြစ်နေပါတယ်၊ မှုခင်းကျဆင်းရေး အတွက် ပြည်သူများက ကျွန်တော်တို့ဆီကို အချိန်မရွေး တိုင်ကြားအသိပေးခြင်းဖြင့် ကူညီပေးကြပါ..။´´ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် က ၎င်းဆွေးနွေးပွဲတွင် မှုခင်းနှင့်ပတ်သက်၍ အသေးစိတ် ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူး ရဲမှူး တင်မျိုးအောင်၊ မကွေးနယ် မြေရဲစခန်းမှူး ရဲအုပ် ရွှေဌေး နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းခြင်း မှုခင်းဆိုင်ရာ အကြောင်းအရာများ၊ မကွေးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သောမှုခင်းများ နှင့် ယာဉ်တိုက်မှု ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများ ကိုပြသ၍ ဆောင်ရန်၊ ရှောင်ရန်များ ကို သရုပ်ပြ ဟောပြောဆွေးနွေးကြကြောင်း သတင်းရရှိသည်။
 

0 comments: