``ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်း(၅)ဦးနုတ်ထွက်၍ ပြန်လည်ဖွဲ့စည်း´´

မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့အား မတ်(၃)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း၊ ယခင်ဂေါပကအဖွဲ့မှ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၅)ဦး နုတ်ထွက်ကြောင်း၊ ၎င်း တို့နေရာများတွင် အစားထိုးပြင်ဆင်ဖွဲ့စည်းကြောင်း သတင်း ရရှိသည်။ ၂၀၁၄ မတ်လ(၃)ရက်နေ့ နံနက်(၉း၃၀)မှ နေ့(၁၁း၃၀)နာရီအချိန်ခန့်တွင် မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက် ကံကြီးရပ် မဟာဝိသုတာရာမတိုက်သစ်ကျောင်း၌ ရွှေစက်တော်ဂေါပကအဖွဲ့ပြန်လည်ဖွဲ့စည်းရန် မြို့နယ်သံဃာ့ နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသာသန(ရွှေတွင်းကျောင်း)နှင့် ပင့်သံဃာဆရာတော်များ(၁၄)ပါးထံ သြ၀ါဒခံ ယူ၍ ဖွဲ့စည်းကြောင်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်( ဂေါပက ဥက္ကဋ္ဌ) နှင့်ဂေါပက အဖွဲ့ဝင်များ၊ ခရိုင်ဒုတိယရဲမှူးကြီး၊ ခရိုင်လ.၀.က ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးဥက္ကဋ္ဌ နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ စုစုပေါင်း(၃၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။ ရွှေစက်တော်ဘုရားနှင့်ပတ်သက်၍ သတင်းမီဒီယာများမှ ရေးသားမှုအခြေအနေ၊ ဘုရားကြီး၏ ဘဏ္ဍာ ငွေသုံးစွဲမှုနှင့် ထိမ်းသိမ်းထားမှုအခြေနေ၊ လက်ရှိဂေါပကအဖွဲ့(၂၀)ဦးအနက် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဂေါပကအဖွဲ့ဝင်(၅)ဦးအား နုတ်ထွက်ခွင့်ပြုပါရန် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်( ဂေါပက ဥက္ကဋ္ဌ) က မြို့နယ်သံဃာ့နယကဆရာတော်နှင့် ဆရာတော်များထံလျှောက်ထားကြောင်းသတင်းရရှိသည်။ ကျန်အရပ်သား ဂေါပက(၁၅)ဦးမှ ဦးမျိုးမြင့် ဥက္ကဋ္ဌ၊ ဦးဌေးမြင့်သိန်း အတွင်းရေးမှူး၊ ဦးမြင့်သိန်းထွန်း တွဲဘက်အတွင်းရေးမှူး တို့အား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ဂေါပက တစ်ဦးက ပြောသည်။ `` ကျွန်တော်တို့ကျန်အရပ်သား ဂေါပက(၁၅)ဦးနဲ့ ပြန်လည်ဖွဲ့စည်းတာပါ။ ကျွန်တော်က ဂေါပကအဖွဲ့ စီမံရေးရာပါ၊ ယခုပြန်လည်ဖွဲ့စည်းတဲ့အဖွဲ့ကနေ ကျွန်တော်ဆန္ဒနဲ့ နုတ်ထွက်လိုက်ပါတယ်။ ဂေါပကအဖွဲ့ (၁၄)ဦးသာကျန်ပါ့မယ်။´´ဟု ဦးစိုးတင့်( ဂေါပကအဖွဲ့၊ စီမံရေးရာ)က ပြောသည်။ ယခုအသစ်ပြန်လည်ဖွဲ့စည်းခြင်းမှာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်(နယက)ထား၍ ကျန်အရပ် သား(၁၅)ဦးထဲမှ အလုပ်အမှုဆောင်နေရာ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဦးမျိုးမြင့် ဥက္ကဋ္ဌ(အမှတ်၂ ရပ်ကွက်၊ မင်းဘူး)၊ ဦးဌေးမြင့်သိန်း အတွင်းရေးမှူး(အမှတ်၂ ရပ်ကွက်၊မင်းဘူး) ဦးမြင့်သိန်းထွန်း တွဲဘက်အတွင်းရေးမှူး (စကုမြို့) ၊ဦးညို ဘဏ္ဍာရေးမှူး(၁) (အမှတ်၁ ရပ်ကွက်၊ မင်းဘူး)၊ ဦးစိုးတင့် ဘဏ္ဍာရေးမှူး(၂) (စကုမြို့) နှင့် အဖွဲ့ဝင်(၁၀)ဦး ဖြစ်ကြောင်း သိရသည်။ ယခင်ဂေါပကအဖွဲ့(၂၀)ထဲမှ နုတ်ထွက်သူ ငါးဦးမှာ ဦးခင်မောင်မြင့် ( ဂေါပက ဥက္ကဋ္ဌ) မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးခင်မောင်သိန်း ဂေါပက အတွင်းရေးမှူး( ခရိုင် လ.၀.က ဦးစီးမှူး)၊ ဦးတင့်လွင် ဂေါပကအဖွဲ့ တွဲဘက်အတွင်းရေးမှူး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ဦးမြင့်ဇော်ထွန်း(ခရိုင်စီမံကိန်းဦးစီးမှူး)အဖွဲ့ဝင်၊ ဦးကျော်ဆွေ (မြို့နယ်သာသာနာရေးဦးစီးမှူး)အဖွဲဝင် တို့ဖြစ်ကြောင်း သက်ဆိုင်ရာမှတ်တမ်းအရ သတင်းရရှိသည်။ ဤရွှေစက်တော်ဂေါပကအဖွဲ့ နှင့်ပါတ်သက်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဒေသခံများနှင့် ၁၂ပွဲ နယ်လှည့်ဈေးသည်များ(၇၀)ကျော်မှ လက်မှတ်ထိုးပြီး သာသာနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ဂေါပကအဖွဲ့အား ပြန်လည်ဖွဲ့စည်းပေးရန် တိုင်ကြားခဲ့ကြောင်း ဦးအေးကို(ဆင်ဂေါင်းရွာ) က ကိုပြောသည်။
 

0 comments: