`` ဆဋ္ဌမအကြိမ် တောင်တွင်းကြီးမြို့လယ်မှ အမှတ်(၅၄) နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်သို့ ပြောင်းရွေ့ပေးရန် လူထုဆန္ဒဖော်ထုတ်´´

မတ်(၉)ရက်၊ နံနက်(၉း၂၀ မှ နေ့၁၂)နာရီအချိန်ခန့်အထိ ကိုကျော်ထွန်းဦး(၃၈)နှစ်၊ ကိုပြေမိုး(၄၅)နှစ်၊ ကိုဆယ်မောင်(၅၅)နှစ် တို့ သုံးဦးနှင့် (၈)ဦးပါသော ဆန္ဒထုတ်ဖော်သူများ(၁၁)ဦးသည် တောင်တွင်းကြီးမြို့လယ်မှ အမှတ်(၅၄) နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်သို့ ပြောင်းရွေ့ပေးရန် ဆဋ္ဌမအကြိမ် လူထုဆန္ဒဖော်ထုတ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများ(၁၃)ဦးသည် အနီရောင်အောက်ခံ အဖြူရောင်စာလုံးဖြင့် (မကွေးတိုင်းဒေသ ကြီး တောင်တွင်းကြီးမြို့နယ်၊မြို့တွင်းလမ်းဆုံရှိ (၂၄)နာရီရောင်းချလျှက်ရှိသော (ပုဂ္ဂလိကပိုင်) အမှတ်(၅၄)၊ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွေ့ပေး၊ (၆)ကြိမ်မြောက် လူထုဆန္ဒဖော်ထုတ်ပွဲ) စာသားပါ အလျားငါးပေ၊ အနံသုံးပေရှိ ဗီနိုင်းစဆိုင်းဘုတ် တစ်ခု၊ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ရွေ့ရေး ဒို့အရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး ဒို့အရေး စာသားပါအဖြူရောင် ကတ္ထူဆိုင်းဘုတ်ငယ် လေးခုတို့ ကိုင်ဆောင်၍ ရွှေအိုး(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အလက(၂)မိုးထိကျောင်းရှေ့မှ စတင်ထွက်ခွာကြကြောင်း၊ ၎င်းမှ ဗိုလ်ချုပ်လမ်းပန်းခြံအရှေ့ မြို့နယ်လမ်းဆုံ၊ မကွေးလမ်းအတိုင်း ဘူတာလမ်း၊ ပြည်လမ်း၊ မြို့လယ်လမ်းဆုံရှိ နယူးဒေးစက်သုံး ဆီဆိုင်ရှေ့ အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ၎င်းဆန္ဒဖော်ထုတ်သူများအား ရွှေကြာအင်း(၂)ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ တောင်တွင်းကြီးမြို့မရဲစခန်း မှ ဒုရဲအုပ် ချစ်စိုးမင်းကလည်းကောင်း၊ ဘူတာပတ်လမ်းနှင့် ပြည်လမ်းဆုံအရောက်တွင် ရဲအုပ် စိုးထွန်းကျော်မှ လည်းကောင်း၊ ပြည်လမ်း CB ဘဏ်ရှေ့အရောက်တွင် စခန်းမှူး ဒုရဲမှူးကံမြင့်ကလည်းကောင်း ယခုဆန္ဒ ဖော်ထုတ်ခြင်းသည် ဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရသဖြင့် ဆန္ဒဖော်ထုတ်မှုအား ရပ်ဆိုင်းပေးရန် ပြောဆိုတားဆီး ခဲ့ကြောင်း၊ သို့သော်လည်း ဆန္ဒပြသူများသည် တောင်ပြင်(၂)ရပ်ကွက် လမ်းဆုံရှိ နယူးဒေးစက်သုံးဆီဆိုင်ရှေ့သို့ ဆက်လက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြကြောင်း၊ နေ့(၁၂)နာရီအချိန်ခန့်တွင် ဆန္ဒပြမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။ ``ကျွန်တော်တို့က ယခင်ဆန္ဒပြခဲ့တုန်းကလဲ ပါခဲ့ကြပါတယ်။ တစ်ကိုယ်တော်လည်း ဆန္ဒပြခဲ့ကြသူတွေပါ။ တောင်တွင်းကြီးမြို့ မီးဘေးအန္တရာယ်ကင်းအောင် မြို့လယ်ခေါင်ရှိ နယူးဒေးစက်သုံးဆီဆိုင် မြို့ပြင်ကို ပြောင်းရွေ့ မပေးမချင်း အများလူထုအတွက် မီးဘေးအန္တရာယ်ကင်းဖို့ ထပ်မံဆန္ဒပြသွားကြအုံးမှာပါ..။´´ဟု ကိုပြေမိုး က ပြောသည်။ တောင်တွင်းကြီးမြို့ အမှတ်(၅၄)နယူးဒေးဆီဆိုင် မှာ ယခင်ခေတ်အဆက်ဆက်ကတည်းက ဤ နေရာ၌ ရှိခဲ့ကြောင်း၊ ဒီလောက် ခဏခဏဆန္ဒပြနေသော်လည်း မရွှေ့ပြောင်းခြင်းမှာ စဉ်းစားစရာတွေ များစွာရှိနေကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။ ၎င်းစက်သုံးဆီဆိုင်သို့ သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားသူမရှိဟု သိရသည်။ ဆန္ဒပြသူများ(၁၃)ဦးသည် တောင်တွင်းကြီးမြို့မရဲစခန်းရှေ့၌ ၎င်းတို့ ကိုင်ဆောင်လာသောဆိုင်ဘုတ်များ ကို ဒုရဲအုပ် ချစ်မိုးမင်းနှင့်အဖွဲ့အား အပ်နှံကြောင်း၊ နေ့(၁၂း၄၅)နာရီအချိန်တွင် ဆန္ဒဖော်ထုတ်သူများထဲက ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသူ ကိုကျော်ထွန်းဦး၊ ကိုပြေမိုးနှင့် ဦးဆယ်မောင် တို့ သုံးဦးကို (ပ)၅၁/၂၀၁၄၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တောင်တွင်းကြီးမြို့မရဲစခန်း မှ အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
 

0 comments: