မကွေးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မတ်(၆)ရက် နံနက်(၁၁)နာရီအချိန်၌ မြန်မာပြည်အတွင်းရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခန်းအနားသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း နှင့် ညွန်ကြားရေးမှူးများ၊ မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုဝန်ကြီး ဦးဝင်းမြင့်မောင်၊ မကွေးခရိုင်/မြို့နယ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဦးစီးမှူးများ၊ ဦးစီးအရာရှိများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း(၆၀)ခန့်တက်ရောက်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရည်ရွယ်ချက်မှာ အလုပ်သမားများအား အလွန်နည်းသောအခကြေးငွေပေးခြင်းမှ ကာကွယ်ရန်၊ လက်ရှိရရှိနေသော လုပ်ခထက် လျှော့နည်းမှုမရှိသော လုပ်ခသတ်မှတ်ပေးရန်၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးကို အားပေးအထောက် အကူပြု နိုင်ရေးအတွက် အလုပ်ရှင်များက မမျှတသောလုပ်အားခပေးခြင်းမှ ကာကွယ်ရန်ဖြစ်ကြောင်း၊ ဤသို့ဆောင် ရွက်နိုင်ရန် နိုင်ငံတော်သမ္မတ၏အမိန့်စာဖြင့် ၂၀၁၃၊ ဒီဇင်ဘာ(၂၀)ရက် နေ့က အမျိုးသားကော်မတီဝင်(၂၇)ဦး အားဖွဲ့စည်းပေးကြောင်း၊ အမျိုးသားကော်မတီမှ ပြည်နယ်/တိုင်းဒေသကြီးများ၌ကော်မတီများဖွဲ့စည်းခြင်း၊ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးကော်မရှင်များ နှင့် အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် မေးမြန်းဖြေရှင်းပြီး အမျိုးသားကော်မတီမှ သတ်မှတ်ပေးထားခဲ့သော ပုံစံမေးခွန်းအဖြေများကို ၂၀၁၄ ဇွန်လနောက်ဆုံး ထား၍ ကော်မတီသို့တင်ပြရန်၊ ၂၀၁၄ ၊ ဒီဇင်ဘာလ နှစ်မကုန်ခင်မှာ အနည်းဆုံးလုပ်အားခကို အတည်ပြုကြေညာပေး မည်ဖြစ်ကြောင်း ၎င်းရှင်းလင်းပွဲတွင် ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ပြောကြား၍ သိရသည်။ ``ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုပ်အားခအနည်းဆုံးသတ်မှတ်ပေးဖို့ ထောင့်စုံဘက်စုံက ကြည့်ပြီး ဆွေးနွေးသတ်မှတ်ပေးရပါ့မယ်၊ ဒါကြောင့် အစိုးရအဖွဲ့တာဝန်ရှိသူများကို အစည်းအဝေးတက်စေချင်ပါတယ်၊ ဒီဆွေးနွေးပွဲတွေကို မန္တလေးမှာလည်း ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ မတက်ပါဘူး၊ ထိုအတူဘဲ၊ ယခုဒီ မှာလည်း ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ မတက်ကြပါဘူး၊ကိုယ်စားတက်ပါတယ်။ ကျွန်မစိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တိုင်း ကိုယ့်ပြည်အတွက် အရေးကြီးတဲ့ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်..။´´ဟု အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက မကွေးမြို့ ရှင်းလင်းဆွေးနွေးပွဲ ၌ ပြောကြားသည်။
 

0 comments: