မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသည့် အိမ်ထောင်စုများသို့ ပြန်ကြားရေးဝန်ကြီးဌာနက DVB – T2 Set Top Box များ အခမဲ့ပေးအပ်



မကွေး    မတ်      ၂၁
          မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသည့် အိမ်ထောင်စု များသို့ ပြန်ကြားရေးဝန်ကြီးဌာနက DVB – T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈း၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည်။
          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုကော်မတီဥက္ကဌများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြိုဖများနှင့် ဖိတ်ကြားထားသူများတက် ရောက် ကြသည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ အဖွင့်အမှာ စကားပြောကြားရာတွင် MRTV မှ အဆင့်မြင့်နည်းပညာဖြစ်သည့် DVB –T2 Set Top Box ဖြင့် ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကို ပြည်သူများ အရည်အသွေးကောင်းမွန်စွာနှင့် ရုပ်သံလိုင်း(၁)လိုင်း သာမက လိုင်းများစွာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ခိုင်မာသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပါကြောင်း  ကောလာဟလ သတင်းများကို ဟန့်တားနိုင်ပြီး မှန်ကန်တဲ့ သတင်းများကို ပြည်သူများသိရှိနိုင်တဲ့အတွက် အကျိုးများစေပါကြောင်း မကွေးတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်(၂၆) မြို့နယ်ရှိရာ (၁၆)မြို့နယ်မှာ Digital စနစ်ဖြင့် ထုတ်လွှင့်သည့်  ရုပ်သံလိုင်းများကို DVB-T2 Set Top Box များဖြင့်ပြည်သူများအခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်၍  စီစဉ်ဆောင်ရွက်ပေးပါသော နိုင်ငံတော်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။
 ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးပိုက်ထွေးကရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် သမ္မတကြီးရဲ့ ပြည်သူဗဟိုပြုမူဝါဒနှင့်အညီ ယခုကဲ့သို့ ပြည်သူလူထုအား အခမဲ့ပေးအပ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုပေးအပ်လှူဒါန်းမှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး လုပ်ငန်းစဉ်ကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရသောဌာနဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်သူဗဟိုပြု မူဝါဒလမ်းစဉ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်လျက်ရှိပါကြောင်း ၀န်ကြီးဌာနကိုယ်သော်လည်းကောင်း၊ မိမိကိုယ်ကိုသော်လည်း ကောင်းဦးစားမပေးဘဲ ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အတွက် ဦးစားပေးအလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ၀န်ကြီးဌာနမှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါ သည်။
          ယင်းနောက် ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက DVB-T2 Set Top Box များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းထံပေးအပ်ပါသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများအတွက် မကွေး ခရိုင်အုပ်ချုပ်ရေးမှူး၊ မင်းဘူးခရိုင်ဒုအုပ်ချုပ်ရေးမှူး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးအရာရှိတို့ထံသို့ လွှဲပြောင်းပေးအပ်ပါသည်။
          ဆက်လက်၍ ကံမမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးဝင်းမြင့်က  နိုင်ငံတော်အနေဖြင့် ငွေကြေးများစွာ အကုန်အကျခံပြီး အဆင့်မြင့်နည်းပညာဖြင့် ရုပ်သံလွှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စရိတ်စက မတတ်နိုင်သူများကို ကြည့်ရှုခွင့်မဆုံးရှုံးစေဖို့အတွက် ၀င်ငွေ တစ်သိန်းခွဲအောက်ရှိ သစ်၊ ၀ါး၊ ဓနိ၊ သက်ကယ်မိုးအိမ်နဲ့ နေတဲ့ လူနေမှုအဆင့်(E)ရှိတဲ့ မိသားစုဝင်များနှင့် စီးပွားဖြစ်မဟုတ်တဲ့ လူမှုအသိုက်အ၀န်းတွေကို Set Top Box များအခမဲ့ပေးခြင်းကို ၀မ်းသာကြည်နူးမိ ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများဖွဲ့စည်းပြီး ဌာနဆိုင်ရာအား၊ ကော်မတီအား၊ ပြည်သူလူထုအား တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်စေလျက်ရှိ ပါကြောင်း၊ ယခုအခါအဖွဲ့များက ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာပြီဖြစ်ပါကြောင်း၊ အဲ့ဒီလို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရာမှာ ပြည်သူများ အသိဥာဏ်ပညာ၊ ဗဟုသုတများ တိုးပွားပြီး ပကတိဖြစ်ပေါ်ပြောင်းလဲမှုများကို သိမြင်ခံစားနိုင်အောင် အခုလို ကြည့်ရှုစရာ လိုင်း(၁၅)လိုင်း(၁၆)လိုင်းရရှိတဲ့ Set Top Box များကို အခမဲ့ဖြန့်ဝေပေးခြင်းဟာ လွန်စွာ အကျိုး ကျေးဇူးကြီးမားလှပါကြောင်း အဲဒီ့အတွက်ပြည်သူဗဟိုပြုစနစ်နဲ့ အခြေခံပြည်သူများအတွက် ဦးစား ပေးစဉ်းစားဆောင်ရွက်ပေးပါသော နိုင်ငံတော်သမ္မတကြီးရဲ့စေတနာနှင့် မူဝါဒကိုဒေသခံပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ အင်ဂျင်နီယာက Set top box အသုံးပြုပုံနှင့် ဖမ်းယူကြည့်ရှုနိုင်သည့် ရုပ်မြင်သံကြားလိုင်းများ FM ရေဒီယိုလိုင်းများကို သရုပ်ပြရှင်းလင်းခဲ့ပါသည်။
          ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ (၁၆)မြို့နယ်မှ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများအတွက် DVB-T2 Set Top Box (၃၄၁၁၁)လုံးအား ပေးအပ်ပါသည်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတွက် DVB-T2 Set Top Box (၃၂၇၈၆၃)လုံး ဖြန့်ဝေပေးမည်ဖြစ်ရာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
          ယခု ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေပေးသည့် DVB-T2 Set Top Boxသည် နှစ်စဉ်ကြေး၊ လစဉ်ကြေးများ မပေးဆောင်ရခြင်းနှင့် မီးမရရှိသည့်ကျေးရွာများတွင် DC စနစ်(ဘက်ထရီ) ဖြင့်လည်း ကြည့်ရှု၍ ရကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ    -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

0 comments: