မင်းဘူးမြို့နယ်တွင် ရှိကျေးရွာများသို့ ကျေးရွာအရောက် နယ်လှည့် အခမဲ့ ဆေးဝါးများကုသ




မင်းဘူး    မတ်      ၂၈
          မကွေးတိုင်းဒေသကြီး၊ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် တိုင်းကျန်းမာရေးဦးစီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နယ်လှည့် အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ မတ်လ(၂၇)ရက်နေ့တွင် မုန်တောင်ကျေးရွာ တိုက်နယ်ဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊အခမဲ့နယ်လှည့် ဆေးကုသခြင်း ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြား ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေးမှ ခွဲစိတ်ကုသပေးရခြင်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက် မင်းဘူးမြို့နယ် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးမှ မျက်စိဝေဒနာရှင် များအား ခွဲစိတ်ကုသပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမဲ့ခွဲစိတ်ကုသပေးခဲ့သော ဆရာဝန် ကြီးများနှင့် သူနာပြုများအား ဂုဏ်ပြုလက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့သည်။

          ဆက်လက်၍ မျက်စိဝေဒနာရှင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးခဲ့သည်။
          မျက်စိခွဲစိတ်ကုသပြီး တောင်မန်းကျေးရွာမှ အသက်(၇၉)နှစ်ရှိ အဖွားတစ်ဦးမှ ယခုလို နယ်လှည့် အခမဲ့ ခွဲစိတ်ပေးတဲ့ အဖွဲ့တွေကို ကျေးဇူးအထူးတင်မိပါတယ်၊ မြို့နှင့်အလှမ်းကွာလို့ ဇရာအရ ကွယ်ခဲ့ရတဲ့ မျက်စိကို အခုလို ခွဲစိတ်ကုသရတယ်ဆိုတာ အခုမှ သိတယ်၊ မျက်စိပြန်မြင်ရတော့မှာမို့ ၀မ်းသာမိတယ်၊ ဇဝေဇ၀ါနဲ့ သူ့တစ် ပါးအကူအညီနဲ့ အသက်ရှင်ခဲ့ရတာကနေ ကိုယ့်မျက်စိအားကိုးနိုင်အောင် ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေကို  နေ့စဉ် နှင့်အမျှ သတိယ ကျေးဇူးတင်မိနေမှာပါ ဟု ၀မ်းသာပီတိစကားများဖြင့် ပြောကြားခဲ့သည်ကို ကြားသိခဲ့ရသည်။

          မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများအား နယ်လှည့် အခမဲ့ ဆေးဝါးကုသပေးလျက်ရှိပြီး မတ်လ (၂၇)ရက်နေ့တွင် မင်းဘူးမြို့နယ် လက်ပတောကျေးရွာ တွင်လည်းကောင်း၊ (၂၈)ရက်နေ့တွင် မုတ်ခဲကျေးရွာတွင်လည်းကောင်း၊(၂၉)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ရွှေလှေထနောင်းကုန်းကျေးရွာသို့ လည်းကောင်း ကွင်းဆင်း အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ နယ်လှည့်အခမဲ့ဆေးဝါးကုသရေးအဖွဲ့တွင် အထွေထွေ၊မျက်စိ၊အရိုးအကြော၊ သားဖွားမီးယပ်၊ ခွဲစိတ်၊ တိုင်းရင်းဆေး တို့ပါဝင်ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းရိုက်ကူး/ပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

0 comments: