
မင်းဘူး မတ် ၁၀
မြန်မာနိုင်ငံ၏ မြတ်ဗုဒ္ဓဘုရားရှင်ခြေတော်ရာတည်ရှိရာ မန်းရွှေစက်တော်ကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်တွင်တည်ရှိပြီး ရဟန်ရှင်လူ ပြည်သူများသာမက နိုင်ငံခြားခရီးသွားများကပင် လာရောက်လေ့လာ ကြည်ညိုသဒ္ဓါပွား ဖူးမျှော် လျက်ရှိကြသည်။ ရွှေစက်တော် ၊ မန်းရွှေစက်တော် ဟုလူသိများ ကြပြီး ဘုရားပွဲတော်အား နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ရှည် ကျင်းပသည့် ထူးခြားသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ခင်းကျင်းသည့် ပွဲတော်တွင် သဘာဝအလျောက် စီးဆင်းနေသော ကြည်လင်အေးမြသည့် မန်းချောင်းရေ နှင့် ရွှံ့/နွံ့နှစ်ကင်းမဲ့သည့် ကျောက်စရစ်ခဲကလေးများ၊သဘာဝတော တောင်ရေမြေနှင့် ကျေးငှက်၊မျောက်၊သမင်း၊ဂျီး၊ဆတ် တိရိစ္ဆာန်များဖြင့် မြို့ပြများမှာ မမြင်/မတွေ့/မခံစားရနိုင် သော သဘာဝအလှတရားများက သာယာကြည်နှုး စိတ်ပျော်ရွှင်မြူးစေသည်။
ဘုရားပွဲတော် ဈေးတန်းတစ်လျောက်မှာ ဒေသထွက် သီးနှံမျိုးစုံနှင့် မျှစ်ခြောက်၊မှိုခြောက်၊ချဉ်ပေါင်ဖူး ခြောက်၊စွန်ပလွန်ယို၊မကျီးယိုစသည်ဖြင့် တည်ခင်းရောင်းချကြသလို ဒေသထွက် ချည်စောင်အပါအ၀င် ဖျင်/ပင်နီ အင်္ကျီများက အရောင်အသွေးစုံ နှင့် ၀ါးဖြင့်ပြုလုပ်ထားသော ၀ါးသေနတ်၊၀ါးဓါး၊ အိုးစည်များဖြင့် ဈေး တန်းတစ်လျောက် အရောင်အသွေးစုံ ရှုမျှော်မဆုံနိုင်အောင် လှပ ဆန်းပြားလျက်ရှိသည်။
အောက်စက်တော်ရာမှ အထက်စက်တော်ရာစေတီသို့ လှမ်းမျှော်ကြည့်မိလျင်လည်း စောင်းတန်း အသွယ်သွယ်၊မြူခိုးများကြားဝယ် သပ္ပယ်ကြည်ညိုစရာ မြတ်ဗုဒ္ဓ၏ ခြေတော်ရာ ပါဒစေတီတော်ကိုလည်း ကြည်ညို၍မဆုံးနိုင်အောင် သဒ္ဒါပီတိ ဖြစ်ပွားမိလေသည်။
ငဖဲမြို့နယ်နှင့်နီးစပ်နေ၍ တောင်တန်းဒေသပျော် ချင်းတိုင်ရင်းသားများကလည်း ဘုရားဖူးလာပြည်သူ များကြား တစ်မှုထူးခြား အသွင် ဆန်းပြားလျက်ရှိသည်။ချင်းတိုင်ရင်းသားများက ဒေသထွက် တိုင်းရင်ဆေးမြစ်စုံ နှင့် စပါးကြီးမြွေအသည်းခြေ ၊ကျောက်လိပ်၊ရေလိပ်၊ကျောက်ခက်ပန်းများ၊ သစ်ကွင်း၊ကျောက်ခလောက်၊ သစ်မင်း၊ ၀ါးမင်း တို့ ကိုလည်း လာရောက် ရောင်းချကြသည်။
အင်းဝခေတ် စာဆိုရှင် ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား မှ ကုန်းကျင်းချောက်မြောင် ၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့် ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ ၊ စောင်းကြိုးညှိသို့ ဟု တောတောင် သဘာဝ သစ်ပင်များစုံ သဘာဝ အလှဖန်ပုံကို ရေဖွဲ့ ညွှန်ပြခဲ့သည်။

တောတောင်များကြား သစ်ပင်များထိပ်ဖျားဆီက ကျေးငှက်များဘ၀ ပျော်ပါးနေပုံကိုလည်း လျှံဆူထွေပြား ၊ ငှက်အများလည်း ပျားသို့ချိုအေး၊ ရင့်ရူးကြွေလျက်၊ မောင်ထွေတို့လော၊ မယ်တို့လောဟု ၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့် လင်းဝက်တောလျှိုး၊ ဥချိုငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိမ်းကျားစွန်ရဲ ၊လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ ပြည်ခြစ်ထိုးဆွပ်၊ မြေ၀ပ်ဘီးလုံး ၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီး နှိမ့်မြင့်၊ ပျံအားတင့်ရှင့် ဟူ၍ စပ်ဆိုဖွဲ့နွဲ့ခဲ့သည်။
ညနေဆည်းဆာအလှ နေရောင်အောက်က တွေ့မြင်ရသော တိရစ္ဆာန်များရဲ့အလှကို နေခြည် ၀င်ပြောက် ၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့် ၊ သံချွေကြွေးကြော်၊ ဖိုမခေါ်လျက်၊ တော်ကျော်တွန်သွား၊ ငှက်ငနွားလည်း၊ တောဖျားမြိုင်ချောက်၊ ပင်ရိပ်အောက်တွင် ဟု ရေးဖွဲ့အမွှန်းတင်ခဲ့သည်။
တောတောင်များကြား လျှိုမြောင်းနားက ပြေးလျှိုပုန်းအောင်း၊ သံကောင်းဟစ်ကြွေး ချစ်သံပေးနေပုံ ကိုလည်း တောတောင်ပျော်မွေ့၊ ဓလေ့ဖိုးခေါင်၊ ခေါ်ယောင်ဖန်များ၊ တောလုံးကြားအောင်၊ ကျားကရုတ်ရုတ်၊ သံကြုတ်ကြုတ်နှင့်၊ သစ်ကျုတ်ပြေးလွှား၊ ကြောင်အားပြေခုန်၊ စွေ့ယုန်ပြေးသန်း၊ နွယ်တန်းကိုလျှောက်၊ သစ်တောက် ငှက်တော်၊သံကြော် ဆက်ရက်၊ မြီးယှက်ဖားဖား၊ ခွေးကျား ခွေးရွှေ၊ ၀ံပုလွေနှင့် ချေကလည်း ဟောက်၊ တောက်သည့်သမင်၊ တောဝန်ကျင်နှိုက်၊ ဆင်ကကြိုးကျည်၊ ပျော်ဖွယ်စည်သည်၊ လေပြည်ပျံ့ပျံ့ ပျူးပျူးတည်း ဟု သဘာဝပတ်ဝန်ကျင်ကို ပွင့်လင်းမြင်သာစွာ ရေးဖွဲ့ စပ်ဆိုခဲ့ပါသည်။

ယခုအခါ ရှင်မဟာရဋ္ဌသာရ ၏ ရွှေစက်တော်သွား တောလား မှ သဘာဝရှုခင်းအလှများက ရှေးယခင် နှင့် မတူ တစ်မှုထူးခြားခဲ့သည်။လူနေမှုပတ်ဝန်ကျင်နှင့် လူဦးရေတိုးပွားမှုများကြောင့် လိုအပ်သော သစ်တော/သစ်ပင် သယံဇာတများစွာ ပျက်စီးဆုံးရှုံးခဲ့ရ၍ ထိန်းသိမ်းရေးနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။မန်းရွှေစက်တော၏ သဘာဝအလှတရားတစ်ခု ဖြစ်သည့် မန်းချောင်းရေသည် အမြဲစီးဆင်နေနိုင်ရန် ငဖဲမြို့ အနောက်တောင်ဘက်ရှိ မန်းချောင်း ရေလှောင် တမံဖြင့် ရေကိုထိန်းထားပြီး ပွဲတော်ရာသီကာလ၊နွေးစပါးစိုက်ပျိုးချိန်တွင် ထိန်း၍ရေလွှတ်ပေးခြင်းဖြင့်လည်း ဘုရားဖူးလာပြည်သူအများ နှစ်စဉ် မြင်တွေ့နေရခြင်းဖြစ်သည်။ မိုးတွင်းကာလ မန်းချောင်းရေကြီးမှုသည် အောက်စက်တော်ရာ ခြေတော်ရာမြတ်၏ သံအုပ်သျှောင်ကို ရေမြုပ်သည်အထိ ရေကြီးခဲ့၍လည်း ဖွင့်ပွဲကာလတွင် ခြေတော်ရာမြတ်အတွင် ရေ၀ပ်၍ကျန်ရှိနေသည်ကို ဖွင့်ပွဲလာ ပြည်သူအများမှ အနည်းငယ်မျှသော ခြေတော်ရာရေစင်ကို သဒ္ဓါစိတ်ထက်သန်စွာဖြင့် အမြတ်တနိုး ဝေမျှရယူကြရသည်။

မန်းရွှေစက်တော်ရာ သဘာဝ ဘေးမဲ့တောများတွင်လည်း ရွှေသမင်တို့ ကျက်စား ပျော်မွှေ့ရာ ဖြစ်ပြီး ရွှေသမင်မျိုး ပြုန်းတီးမှုမရှိရအောင် သဘာဝပတ်ဝန်ကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ရွှေစက်တော် ဘေးမဲ့တောနယ်မြေအဖြစ် ဘေးမဲ့တောအဓိကနယ်မြေ (၂၁၃.၄)စတုရန်မိုင်၊ဘေးမဲ့ကာကွယ် တောနယ်မြေအဖြစ် (၁၀၀.၆)စတုရန်မိုင်၊စုစုပေါင်း(၃၁၄.၀)စတုရန်မိုင်ကိုသတ်မှတ်ထားရှိခဲ့သည်။ဘုရားဖူးလာ ပြည်သူများ ရွှေသမင်များကို အလွယ်တကူလေ့လာကြည့်ရှုနိုင်အောင်လည်း ရွှေစက်တော်ဘုရာပွဲတော် အ၀င်လမ်းဘေးတွင် ရွှေသမင်ဥယျာဉ်ငယ်တစ်ခု ခင်ကျင်းပြသထားရှိသည်။ ရွှေစက်တော်ဘေးမဲ့တောတွင် ရှားပါးတိရစ္ဆာန်များဖြစ်တဲ့ မြန်မာ့ရွှေသမင်၊စွေ့ငှက်၊နဖားကြူးငှက်နှင့် ကြယ်လိပ်(ခေါ်) ဆီကျိုလိပ်တို့မှာလည်း ယခုထက်တိုင် ရှိနေသေးသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း သစ်တောဦးစီးဌာန၊ပတ်ဝန်ကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနတို့မှလည်း မြန်မာ့ရွှေသမင်နှင့် ဘေးမဲ့တောထိန်သိမ်းရေးဆိုင်ရာ သိကောင်စရာများကို ပြခန်းဖွင့်လှစ် ခင်းကျင်းပြသထားရှိလျက်ရှိသည်။ ဘေးမဲ့တောနှင့် သဘာဝပတ်ဝန်ကျင် များ ဆုံးရှုးံ မှုမရှိရအောင် ကာကွယ်ရန်မှာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် မလုံလောက်နိုင်ပါ။ အများပြည်သူများပါ သဘာဝပတ်ဝန်ကျင်ကို တန်ဖိုးထား မြတ်နိုးသောစိတ်ဓာတ်များဖြင့် မပျောက်ပျက်၊ မဆုံးရှုံးရအောင် တာဝန်သိတတ်သောစိတ်ဓါတ်ဖြင့် ၀ိုင်းဝန်ကာကွယ်စောင့်ရှောက်မှသာ အဓွန့်ရှည်စွာ တည်မြဲ နိုင်ပေမည်။

ယခင် အင်းဝခေတ် စာဆိုရှင် ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော် တောလားမှာ ဘာသာရေးအမြင်၊ နှလုံးသားရေးအမြင်၊စာပေအမြင်များထက် သဘာဝတောတောင်ရေမြေ သားငှက်တိရစ္ဆာန်တို့ရဲ့ တည်ရှိနေမှုကို သဘာဝပတ်ဝန်ကျင်အမြင်၊ပတ်ဝန်ကျင်ထိန်းသိမ်းရေးအမြင်တို့ဖြင့် ဖော်ပြရေးစပ်ခဲ့သည်ကို ထောက်ရှု၍ ကမ္ဘာတည်သရွေ့ မြန်မာ ရေမြေတောတောင်များကို ပျက်စီးပြုန်းတီးမှုမရှိရအောင် ၀ိုင်းဝန်ကာကွယ် စောင့်ရှောက်ရင်းဖြင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အလည်တစ်ခေါက် အရောက်လှမ်းကာ လေ့လာနိုင်ကြစေရန် နှိုးဆော် ပန်ကြားလိုက်ရပေသည်။
သိန်းထွန်းအောင်(ပြန်/ဆက်-ငြိမ်း)နှင့် တင်ထွန်းဦး (IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment