ပွင့်ဖြူ မတ် ၈
ဓမ္မစကူးလ်ဖောင်ဒေးရှင်း အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို မတ်လ (၇)ရက်နေ့ နံနက်(၈)နာရီက ပွင့်ဖြူမြို့ အောင်သိဒ္ဓိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ သင်တန်းဆိုင်းဘုတ်အား ကျောင်းသား/ကျောင်းသူလေးများက ရွှေကြိုးဆွဲ၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြ၀ါဒစရိယ ဗဟိုဝန်ဆောင်ဆရာတော် (ရွှေစေတီဆရာတော်)နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ ပါမောက္ခ တို့မှ ဖွင့်ပွဲ အထိမ်းအမှတ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်မြတ် များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုစိတ္တမှ ဓမ္မစကူးလ် ကျောင်းပေါ်ပေါက်လာပုံနှင့် အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း မိန့်ကြား ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူကျောင်းသားတစ်ဦး၏ မိဘမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များအား စလင်းမြို့ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ ဆရာမိုးက ယဉ်ကျေးလိမ္မာ သင်ခန်းစာ သင်ကြားမှုအား သရုပ်ပြရှင်းလင်းပေးပြီး စေတနာရှင် အလှူရှင်များမှ အလှူငွေ ကျပ်(၂၀)သိန်းအားပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူ၍ ဂုဏ်ပြု မှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အဆင့်မြင့် ယဉ်ကျေးလိမ္မာသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများမှ အထက်တန်းကျောင်းများအထိ ပညာသင်ယူနေသော ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ မတ်လ(၇)ရက်နေ့မှစ၍ (၃)လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment