``ယောချောင်းရေကြီး၍ မျောလေသမျှ ဘေးသင့်ဒုက္ခပြည်သူတွေ နေစရာအိမ်များ(အမြန်)လိုအပ်နေ´´









``ယောချောင်းရေကြီး၍ မျောလေသမျှ ဘေးသင့်ဒုက္ခပြည်သူတွေ နေစရာအိမ်များ(အမြန်)လိုအပ်နေ´´

စာရေးသူသည် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ် ယောချောင်းရေဘေးသင့်ဒုက္ခကျခံရသော ကျေးရွာများမှ အဝေးဆုံးရွာများသို့ (၃)ကြိမ် သတင်းယူရန်ရောက်ခဲ့ပါသည်။ (၂၆-၁၀-၂၀၁၁) နေ့က ပထမအကြိမ်အဖြစ် မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းဦးဆောင်၍ ပါရမီရှင်(စုံနံ့သာမြိုင်)ပရဟိတ လူငယ်အဖွဲ့နှင့် ရေဘေးသင့်ဒုက္ခသည်များ ထံသို့ ကူညီလှူဒါန်းရန် လိုက်ပါသွားခဲ့ပါသည်။ သွားရောက်ခဲ့သောရွာများမှာ အလိုတော်ပေါက်ဘုရားတည်ရှိသော ရွာမ(မြောက်)ရွာ၊ ကယ်ဆယ်ရေး စခမ်းတည်ရှိသော ရွာမ(တောင်)ရွာ တွင်ဖွင့်လှစ်ထားတဲ့ (၅)ရွာအုပ်စု အလှူခံဌာနများသို့ ရောက်ခဲ့ကြပါသည်။

မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းမှ ငွေသား(၁၅၂၈၇၀၀)ကျပ် နှင့်အ၀တ်အထည်၊ ဆန်အိတ်၊ အိုးခွက်ပစ္စည်းများ တန်ဘိုးငွေ သိန်း(၂၀)ခန့်၊ စုစုပေါင်းငွေ(၃၅)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ပါရမီရှင်(စုံနံ့သာမြိုင်) ပရဟိတလူငယ်အဖွဲ့မှ ငွေကျပ်သိန်း(၃၅)ကျော်တန်ဘိုးရှိ လှူဖွယ်ပစ္စည်းများ၊ နှစ်ဖွဲ့ပေါင်း တန်ဘိုးငွေသိန်း(၇၀) ကျော်ဘိုးရှိ ဆန်အိန်များ နှင့် အိုးခွက် ပုဂံ၊ အ၀တ်အထည်များ၊ နာမကျန်းဖြစ်သူများအတွက် ဆေးဝါးများ ပါလာကြပါသည်။ ယင်းပစ္စည်းများအား ဒိုင်နာကားကြီး(၂)စီး၊ လိုက်အိပ်ကား(၃)စီး၊ ဟိုက်လပ်ကား(၁)စီး၊ ကားငယ်(၄)စီးတို့ဖြင့် သယ်ဆောင်လှူဒါန်းခဲ့ကြပါသည်။

၂၈-၁၀-၂၀၁၁ မှ ၂၉-၁၀-၂၀၁၁ နေ့များတွင် (ဒုတိယ)အကြိမ် ပခုက္ကူမြို့ခရိုင် ပေါက်မြို့နယ်တွင်းမှ ရေဘေးသင့်ဒုက္ခရောက်နေသောရွာများသို့ သွားရောက်၍ သတင်းရယူခဲ့ပါသည်။ မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှု အသင်းနှင့် ပါရမီရှင်(စုံနံ့သာမြိုင်) ပရဟိတလူငယ်များ တို့ နှစ်ဖွဲ့စုပေါင်းသွားရောက်လှူဒါန်းကြပါသည်။ မကွေးမြို့ ဂရုဏာရှင်များအသင်းမှ ငွေကျပ်သိန်းပေါင်း(၁၂၀)ကျော် နှင့် ပါရမီရှင် ပရဟိတလူငယ်အဖွဲ့မှ (၁၅)သိန်းတန်ဘိုးရှိ ပစ္စည်းများ စုစုပေါင်းငွေကျပ်သိန်း(၁၃၅) တန်ဘိုးရှိ ငွေသားနှင့် လှူရန်ပစ္စည်းများလှူဒါန်းကြောင်း မြင်တွေ့ရပါသည်။ ယင်းနှစ်ဖွဲ့အား ကားကြီး၊ ကားငယ်(၈)စီးဖြင့် ဆရာတော်ဦးသာသန၊ ဆရာတော် ဦးကုဏ္ဍလ၊ ဆရာတော်ဦးသုန္ဒရ တို့ဦးဆောင်၍ ဂရုဏာရှင်များနာရေးကူညီမူ အသင်းသား/အသင်းသူများ၊ ဆရာဝန်၊ဆရာမများ နှင့် ပါရမီရှင် ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၅၆)ယောက်တို့ လိုက်ပါကူညီဆောင်ရွက် လှူဒါန်းကြပါသည်။ သွားရောက်ခဲ့သော ရေဘေးသင့်ရွာများမှာ ပေါက်မြို့နယ်မှ တောင်သီးချောက်ကျေးရွာ၊ ကမ်းပါးဖြူကျေးရွာ၊ ညောင်ဝန်ပေါက်ကျေးရွာ၊ ရှခွကြီးကျေးရွာ၊ ရှခွလေးကျေးရွာ၊ ကျွန်တောကျေးရွာ၊ စံဖဲကျေးရွာ၊ ရေပြာကျေးရွာ၊နှင့် သံပုရာအိုင့်ကျေးရွာများသို့ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါသည်။ အထူးအစီအစဉ်အလှူမှာ ကမ်းပါးဖြူကျေးရွာ တွင် နာမကျန်းဖြစ်နေသူ လူနာပေါင်း(၂၀)ဦး နှင့် ညောင်ဝိုင်းပေါက်ကျေးရွာတွင် လူနာပေါင်း(၂၁၇)ဦး၊ ခွဲစိတ်လူနာ(၂)ဦး၊ တို့အား ဆေးဝါးကုသ၍ ဆေးများပေးဝေလှူဒါန်းနိုင်ခဲ့ကြပါသည်။

၂၀၁၁၊ နိုဝင်ဘာ(၅-၆-၇)ရက် နေ့များတွင် ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးမှ ရေဘေးသင့်ရွာများသို့ တတိယ အကြိမ် သွားရောက်သတင်းရယူနိုင်ခဲ့ပါသည်။ ချောက်မြို့ မှ အလှူရှင် ဦးချို+ ဒေါ်မိုးမိုးကြည် တို့မိသားစု၏ ထမင်းကျွေးသော စတုဒိသာထမင်းကျွေးအလှူကြီး အား သူငယ်ချင်းအယောက်(၃၀)ကျော်တို့မှ လိုက်ပါပြီး လုပ်အားပေးကူညီကြပါသည်။ တစ်ရွာဝင် တစ်ရွာထွက်သွားရောက်ပြီး တစ်ရွာလျှင်တစ်ရက်နှုန်းဖြင့် ထမင်း၊ဟင်းအစုံဖြင့် နံက်စာ၊ နေ့လယ်စာ၊ ညစာထမင်း များအား ကိုယ်တိုင်ချက်ပြုတ်လှူးဒါန်း ကျွေးမွေးသော(တစ်ရွာလုံး မီးခိုးတိတ်) စတုဒိသာ အလှူကြီးဖြစ်ပါသည်။ သွားရောက်ခဲ့သော ရွာများမှာ ဆိပ်ဖြူမြို့နယ်မှ ဘဲကျကျေးရွာ၊ ဆားလောက်အရှေ့ရွာ၊ ဆားလောက်အနောက်ရွာ၊ သံပုရာခြံရွာများသို့ (၃)ရက် သွားရောက်နေထိုင်လုပ်ကိုင် လှူဒါန်းနိုင်ခဲ့ကြပါသည်။ တရုပ်ဖြစ်ဖောကား တစ်စီး၊ ဂျစ်ကားတစ်စီး၊ ဆတ်ကားတစ်စီး၊ စုစုပေါင်းကား(၃)စီး ဖြင့် ဆန်အိတ်များ၊ ဟင်းချက်စရာများ၊ ချက်ပြုပ်ရန်အိုးကြီးများ၊ တည်ခင်းဧည့်ခံ ကျွေးမွေးရန် ဆလုံ၊ ပုဂံ၊ ဇွန်မျိုးစုံအသေးအဖွဲမှ အစ တင်ဆောင် ယူလာခဲ့ကြပါသည်။ တစ်ရွာလုံးရှိ ရဟန်း သံဃာ၊ လူကြီး၊ လူလတ်၊ ကလေး လူငယ်များအား အရုပ်အလတ် အမြတ်မရွေး စတုဒိတာအလှူကြီးပေးလှူနေတာကို မြင်ရ၍ စာရေးသူမှာ ကြက်သီးမွေးညင်းထပြီး ၀မ်းသာပီတိ ဖြစ်ခဲ့ရ၏။ စုစုပေါင်းငွေသိန်း(၁၀၀)ခန့် အကုန်ခံ၍ လှူဒါန်းကြောင်းသိရှိရပါသည်။ ထို့ကြောင့် ရေဘေးသင့်ဒုက္ခကြောင့် ထမင်းလာရောက်၍ စားကြသော ပရိသတ်အချို့အား ရင်တွင်းခံချက်များနှင့် လိုအပ်ချက်များအား မေးမြန်းခဲ့ပါသည်။

မေး။ အဘနာမည်နဲ့ အသက် သိပါရစေ..။ ဒီစတုဒိသာထမင်းစားရတဲ့ပီတိ ကိုလည်းသိပါရစေခင်ဗျာ..။ ယခုလို ရေဘေးသင့်ဒုက္ခရောက်နေရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။ အဘတို့ရွာမှာ လူအသေအပျောက်ရှိလား။ အဘရဲ့ လိုအပ်ချက်များ ကိုလည်းပြောကြားပေးပါခင်ဗျာ..။

ဖြေ။ ။ အဘနာမည်က ဦးကျော်အေးပါ။ အသက်ကတော့(၇၉)နှစ်ပါကွယ်။ ယခုလို ဒုက္ခရောက်လို့ ငတ်မွတ်နေတုန်း လာရောက်ကျွေးမွေးတာ အတိုင်ထက်အလွန် ၀မ်းသာပါတယ်။ အဘတို့ ဆားလောက် အနောက်ရွာက အိမ်ခြေ(၇၅)လုံးရှိတာပါ။ အိမ်(၇၀)လုံးရေထဲပါသွားတယ်။ ကျန်တဲ့အိမ်(၅)လုံးကလည်း အိမ်တိုင်တွေပဲ ကျန်ပါတယ်ကွယ်။ အဘတို့ရွာက လူ(၄)ယောက်သေဆုံးသွားပါတယ်။ စိတ်မကောင်းစရာပါ။ အဘတို့ ရွာ ကို ကုန်းမြင့်အထက်သို့ ပြောင်းပေးစေလိုပါတယ်။ ယခုရေနှစ်တဲ့နေရာကိုတော့ မနေရဲတော့ပါဘူးကွယ်။ အဘတို့ ရွာကို ယောချောင်ကျပြီးစ ရေဘေးသင့်တုန်းကတော့ လမ်းတွေက လှည်းတောင်မသွားနိုင်ပါဘူး။ ယခုတော့ တပ်မတော်သားတွေရယ်၊ ရွာသူရွာသားတွေရယ်၊ မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ဘိုဒိုဇာ မြေထိုးစက်ကြီးတွေနဲ့ လမ်းတွေကို ပြင်လိုက်တယ်။ ကားလမ်းပေါက်သွားပါတယ်။ ယခင်က ကားမောင်းလို့မရတဲ့လမ်းတွေပါ။ ဒါကြောင့် ယခုလို အလှူရှင်တွေ နေ့တိုင်းလောက် လာရောက်လှူဒါန်းနိုင်ကြတာပေါ့။ အင်း.. စားစရာဆန်ကတော့ တစ်အိမ်ထောင်မှာ (၂)လစာ၊(၃)လစာလောက် ဖူလုံနေကြပါပြီ..။ အ၀တ်အထည် ဆိုရင် စောင်၊ ခြင်ထောင်ကစ ပြည့်စုံနေပါပြီ.။ စားအိုး စားခွက်ဆိုရင် ဘတို့ မမြင်ဘူးတာတွေကို သုံးနေရပါပြီ..။ ယခုလောလောဆယ် ဆောင်းတွင်းမှာ နေစရာအိမ်ကလေးတွေ အရေးတစ်ကြီးလိုအပ်နေကြပါတယ်။ ဟု အဘဦးကျော်အေး မှ ပြောကြားပါသည်။ ဘဲကျကျေးရွာများမှ ကျောင်းဆရာ ပင်စင်စား ဦးခင်မောင်သန်းအား မေးမြန်းခဲ့ပါသည်။ စားစရာပြည့်စုံ၍ ပြန်လည်ထူထောင်ပေးမည်ဆိုတဲ့ အိမ်ကလေးတွေကို အမြန်ဆောက်လုပ်ပေးစေလိုပါကြောင်း ဖြေဆိုပါ၏။ ဆားလောက် အနောက်ရွာမှ ဒေါ်ကုလားမ (မိသားစု ၁၁ ဦးရှိသူ) အားလည်း မေးမြန်းခဲ့ပါသည်။ မိသားစုစာရင်းအရေအတွက် အတိုင်း ဆန်များပေး၍ ဆန်အိတ်( ၁၀)အိတ်ခန့် စားစရာ ပြည့်စုံနေကြာင်း။ မိသားစု(၁၁)ယောက်ကြီးဖြစ်နေ၍ အခြားရွာတွင် မွေးချင်းတော်စပ်သူအိမ်မှာ နေရတာ သိပ်ပြီး အားနာနေရပါကြောင်း၊ ဒေါ်ကုလားမ၏ ခင်ပွန်းမှာလည်း အခြားနယ်ဝေးဒေသမြို့တွင် ကျောင်းဆရာတစ်ဦး ဖြစ်ကြောင်းသိရပါ၏။ ဒါကြောင့် နေစရာအိမ်ကသာ အရေးတကြီး အမြန်လိုအပ်နေပါကြောင်း၊ ဒေါ်ကုလားမ မှ ပြောဆိုသွားပါသည်။

(မှတ်ချက်။ မိသားစု(၁၁)ဦးရှိသော(မယ်တစ်ရွာ မောင်တစ်မြို့နေ) ဒေါ်ကုလားမ၏ မိသားစုအား ယခုဆောက်ပေးမည့် တန်ဘိုးနည်းအိမ်ကလေးများမှ အိမ်(၂)လုံးကို ဆောက်လုပ်၍ ခွဲတမ်းပေးသင့်ပါကြောင်း လာရောက်လှူဒါန်းကြသော အဖွဲ့သားများမှ ရယ်မောစွာဖြင့် ပြောဆိုနေကြသံများအား ကြားသိ၍ သတင်းရရှိခဲ့ပါသည်။)
 

0 comments: