စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေနဲ့ စိန်တွေ၊ရွှေတွေ၊ငွေတွေ အမြန်ပြေးပြီး လာယူလှည့်..ဆိုသော









စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေနဲ့
စိန်တွေ၊ရွှေတွေ၊ငွေတွေ အမြန်ပြေးပြီး လာယူလှည့်..ဆိုသော ထူးခြားတောင်ပြိုကျ
မကွေး။ နိုဝင်ဘာ(၇)ရက်။

၂-၁၁-၂၀၁၁ နေ့ နံနက်(၃း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် (ယောချောင်း၏အရှေ့ဘက်ကမ်းဘေးရှိ) ဥယျာဉ်စုကျေးရွာအ၀င်လမ်းဘေးမှ စက္ကေမော့တောင်ကြီး ခလယ်ပိုင်း ကျောက်သားများနိမ့်ကျသွားပြီး တောင်ကြီးပြိုကျ၍ ဘေးသားနှစ်ပိုင်းသာကျန်နေခဲ့ကြောင်း၊ ထူးခြားဖြစ်စဉ် သတင်းဖြစ်နေ၍ စာရေးသူ ၇-၁၁-၂၀၁၁ နေ့၊ ညနေ(၅)နာရီအချိန်တွင် ၎င်း ဥယျာဉ်စုကျေးရွာသို့ သွားရောက်သတင်းရယူခဲ့ပါသည်။ တောင်ကြီးပြိုကျ၍ ဥယျာဉ်စုရွာဝင်လမ်းမကြီး ပိတ်ဆို့သွားပါသည်။ အစိုးရမူလတန်းကျောင်းဝိုင်းထဲမှ စာကြည့်တိုက်နှင့် ကြက်သွန်စိတစ်လုံး ပိပြားပျက်စီးသွားပါသည်။ လူနေအိမ်နှစ်လုံးလည်း အိမ်တိုင်အခြေများ ရွေ့ပြီး ယိမ်းရိုင်၍ ပျက်စီးသွားပါသည်။ ဘေးအိမ်နှစ်လုံးမှာလည်း လူများ ဆက်လက်၍ မနေ၀န့်သောကြောင့် ပြောင်းရွေ့သွားကြကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရပါသည်။ ယင်းရွာသည် ပခုက္ကူမြို့မှ ဆိပ်ဖြူမြို့သို့သွားသောကားလမ်း(၃၃)မိုင်ခန့်သွားပြီး တောလမ်း(၃)မိုင်ခန့်ဝင်သွားရပါသည်။ ပခုက္ကူမြို့၏ အနောက်တောင်ဘက် စုစုပေါင်းမိုင်(၃၆) မိုင်ကွားဝေးပါသည်။ ဥယျာဉ်စုရွာ ရွာဦးကျောင်းထိုင်ဆရာတော်ဦးအဂ္ဂ၀ံသ၊ နှင့် ယင်းရွားသားများ ဦးချစ်စမ်းမောင်၊ ဦးပြုံး၊ မောင်နန်းစန်းအောင် တို့အား တွေ့ဆုံမေးမြန်း သတင်းယူခဲ့ပါသည်။

မေး။ ။ ဆရာတော်ဘုရားရဲ့ဘွဲ့အမည်နဲ့ ကျောင်းထိုင်သက်တမ်းဘယ်နှစ်နှစ်ရှိပြီး ယခု ဆရာတော်ဘုရားရဲ့ ကျောင်းဝိုင်းဘေးအထိရောက်နေတဲ့ တောင်ကြီးပြိုတဲ့အကြောင်းစုံကို သိလိုပါ၍ တပည့်တော်လျှောက်ထား မေးမြန်းပါရစေဘုရား။

ဆရာတော်။ ။ ကျူပ်ဘွဲ့က ဦးအဂ္ဂ၀ံသပါ။ ဒီဥယျာဉ်စုရွာဦးကျောင်းက ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်အဖြစ်(၄) နှစ်ရှိပါပြီ။ ဒီတောင်ကြီးရဲ့ နာမည်က (စက္ကမော့တောင်ကြီး) လို့ခေါ်ဆိုကြပါတယ်။ကျုပ်တို့ မမွေးခင်ကထဲ တည်ရှိနေခဲ့တာပါ။ အမြင့်ပေ အတိကျတော့ မတိုင်းမီလို့ မသိပါဘူး။ ယခုမြင်နေရတဲ့ တောင်သုံးလုံးထဲမှာ ဒီတောင်ကုန်းက ပိုပြီးမြင့်ပါတယ်။ ဒီတောင်ကုန်းပေါ်ကို ကျူပ်က ဘုရားတည်မယ်ဆိုပြီး စီစဉ်အားခဲထားတာပါ။ ဒီတောင်ကြီးရဲ့ရာဇ၀င် ကတော့ ရှေးလူကြီးသူမတွေရဲ့ အပြောမှာ တော်တော်ထူးခြားခဲ့ပါတယ်။ ဒီတောင်ကြီးမှာ သိုက်ရှိတယ်၊ ဥစ္စာစောင့်တွေ ရှိကြတယ်လို့ဆိုကြပါတယ်။ ရှေးခေတ်က ဒီရွာကလူကြီးတွေက ဂတိတည်ကြည်စွာနဲ့ ဒီတောင်ကြီးပေါ်ကိုတက်ပြီး ရွှေလက်ကောက်၊ ဆွဲကြိုး၊ ရွှေဘီး စတာတွေကို ခေတ္တငှါးပြီး အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲတွေမှာ ၀တ်ဆင်အသုံးပြုနိုင်ကြတယ်ဆိုကြပါတယ်။ နောက်ပြီး ဒီ စက္ကမော့တောင်ကြီး ရဲ့ တဘောင်ကလည်း ရှေးခေတ်ကစပြီး ယခုခေတ်အထိ ဒီနယ်ကလူတိုင်းလောက် ကြားသိဘူးကြပြီး ရွတ်ဆိုနေကြပါတယ်။ ( စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေပါနဲ့ စိန်တွေ၊ရွှေတွေ၊ ငွေတွေကို အပြေးသာလာယူလှည့်ကြပါ..) လို့လည်း တဘောင်စာ ရှိထားပါတယ်။ ဒီတောင်ကြီးက ပြိုနိုင်စရာမရှိပါဘူး။ ကမ္ဘာမြေသားကျောက်တောင်ကြီးပဲ။ အဲ ဒါပေမယ့် (၁၃၇၃ ခု တန်ဆောင်းမုန်းလဆန်း(၇)ရက်နေ့၊ နံနက်(၃း၁၅)နာရီလောက်မှာ) အဲဒီတောင်ကုန်းဘက်က မိုးမရွာ၊လေမတိုက်ဘဲ မိုးခြိမ်းသံလိုလို ၊မိုးကြိုးပစ်သံတွေ၊နွားချင်းဝှေ့နေကြတဲ့အသံတွေလိုလို ဆူညံသံတွေကိုကြားလို့ ကျုပ်အိပ်ယာက လန့်နိုးပါတယ်။ ခဏခေါင်းထောင်ကြည့်ပြီး ကျောင်းပေါ်က ကြွက်တွေပြေးသံတွေကိုလည်း ကြားနေရပါတယ်။ ဒါနဲ့ ကျုပ်နဲ့ ဒီကပ္ပိယ ဒကာလေးမောင်စိုးနိုင်နဲ့ ကျောင်းအောက်ကိုဆင်းပြီးကြည့်ပါတယ်။ လဆန်းရက် နံနက်ပိုင်းဆိုတော့လည်း လရောင်ကမှောင်နေပါတယ်။ ရွာကလူတွေကလည်း ၀ိုင်းကြည့်နေကြပါတယ်။ (ရှေးလူကြီးတွေပြောခဲ့တဲ့ တစ်ဘောင်အတိုင်း ယခုတော့ ဘာရွှေတွေ၊ စိန်တွေမှ မတွေ့ကြရပါဘူးဗျာ..။) တောင်ကြီးက ခလယ်သားကနေ အောက်ကို နိမ့်ကျသွားပါတယ်။ အဲဒီတောင်ကြီးရဲ့ဘေးသားနှစ်ဘက်ကကျန်နေခဲ့ပါတယ်။ တောင်ကြီးရဲ့အလယ်သားပြိုကျတော့ ရွာအ၀င်လမ်းမကို မြေသားတွေက ပြိုကျလာပြီး လမ်းမကြီးတစ်ခုလုံး ပိတ်သွားပါတယ်။ အဲ ယခု ဒကာကြီးမြင်နေရတဲ့ တန်းကျောင်းဝိုင်းထဲက စာကြည့်တိုက်ကို ပိပြီးပြိုပျက်သွားတယ်။ ကိုကျင်ရွှေအိမ်ရယ် မခင်သီအိမ်ရယ် မြေပိပြီးပျက်သွားပါတယ်။ မြေပြိုတာမဟုတ်ပဲ အိမ်တွေဘက်(အနောက်ဘက်)ကို တောင်ကြီးက ရွေ့လာတဲ့သဘောပါ။ ယောချောင်းရေကြီးတုံးကလဲ ချောင်းရေက ယခုတန်းကျောင်းဘေးမှ သစ်ပင်လေးထိ ရေတက်လာပါတယ်။ ဒီတောင်ခြေအောက်မှာ ရွာဝင်ကားလမ်းက ကားနှစ်တောင်မှ ရှောင်ရတဲ့ လမ်းကြယ်ကြီးရှိတာပါ။ ယခု ဒီလမ်းမကြီးတစ်ခုလုံးကို ပိတ်သွားတာပဲ။ ယခု တန်းကျောင်းဝိုင်းနဲ့ ဘုန်းကြီးကျောင်းဝိုင်းထဲကနေ ရွာဝင်လမ်းကို ဖေါက်ပေးထားရပါတယ်။ ကြက်သွန်စိတစ်လုံး (ကြက်သွန်ဂိုဒေါင်အိမ်)နဲ့ လူနေအိမ်နှစ်လုံး၊ စာကြည့်တိုက်တစ်လုံးတို့ကတော့ တောင်ပြိုလို့ ပိပြားပျက်စီးသွားပါတယ်။ လူအသေ အပျောက်မရှိပါဘူး။

မေး။ ။ ကိုချစ်စန်းမောင် ရော ဒီတောင်ကြီးပြိုတဲ့ နိမ့်ကျတဲ့ ညကအတွေ့ အကြုံလေးကို သိသမျှ ပြောပြပေးပါအုံးခင်ဗျာ..။

ကိုချစ်စန်းမောင်။ ။ ဆရာတော်ပြောသလိုပါပဲ။ ဒီစက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင်မငိုနဲ့ စိန်တွေ၊ ရွှေတွေ၊ငွေတွေကို အမြန်သာ လာယူလှည့်ပါ ရှေးလူကြီးတွေက ပြောထားခဲ့တာဘဲ။ ဒါပေမယ့် ယခုတော့ ဘာမှ မတွေ့ရပါဘူးဗျာ..။ ဒီတောင်ကြီး နိမ့်ကျသွားတဲ့အထဲမှာပဲ ပါသွားသလား၊ သိုက်တစ်ခုလုံးပဲ ပြောင်းသွားကြသလား မသိပါဘူး။

မေး။ ။ ဆရာကိုပြုံးရဲ့ သားနာမည်ကဘယ်လိုခေါ်ပါသလဲ။ ဒီတောင်ကြီးပြိုတာကို သိတာလေး ပြောပြပေးပါအုံး။

ကိုပြုံး။ ။ ကျွန်တော်က စစ်တပ်က တပ်ကြပ်နဲ့ ပင်စင်ယူလာတာပါ။ ဒီရွာသားပါ။ ကျွန်တော့်သားက မောင်နန်းစန်းအောင်ပါ။ တောင်ကြီး ပြိုမယ့်ညနေပိုင်းမှာ သူဒီတောင်ကုန်းထိပ်ကိုရောက်ခဲ့ကြောင်း တောင်ကြီးရဲ့ တောင်ထိပ်ပေါ်မှာ အက်ကြောင်းကွဲကြီးတွေ့လို့ ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ ကလေးပြောတာဆိုတော့ သိပ်အလေးမထားကြဘူးလေ..။ အဲ ညနေပိုင်းပြောပြီး အဲဒီနေ့ နံနက်(၃)နာရီခန့်မှာ အသံစုံးတွေကြားရပါတယ်။ ဆရာတော်ပြောသလို မိုးခြိမ်းသံလိုလို မိုးကြိုးပစ်သံလိုလို၊ ဆိုင်ကယ်တွေစက်နိုးသံလိုလို၊ တော်လဲသံတွေလိုလို ဆူးညံနေတဲ့ အသံတွေကြားရပါတယ်။ လဆန်း(၇)ရက် မနက်ဆိုတော့ မှောင်မဲနေပါတယ်။ အမှောင်ထဲကပဲ ကျွန်တော်တို့ရွာသားတွေ ၀ိုင်းကြည့်နေကြပြီး ပြေးကြ ပြေးကြဟေ့ မနေကြနဲ့လို့ ၀ိုင်းအော်ကြပါတယ်။ အဲ ကျွန်တော့်သားလေး လာပါပြီ..။ သူပါပဲ။

ဆရာတော်၊ ကိုချစ်စန်းမောင်၊ ကိုပြုံး၊ သား မောင်ချစ်စန်းမောင် နှင့် စာရေးသူကို လိုက်ပို့ပေးသူ ကိုဘိုဝင်းတို့နဲ့ ကျန်နေသေးသော တောင်ထိပ်ပေါ်ကို တက်ကြပါတယ်။ မောင်ချစ်စန်းမောင်က သူမြင်တွေ့ခဲ့ရသော ကွဲအက်ကြောင်းကြီး ကို လိုက်လံပြသပါတယ်။ မှတ်တမ်းတင် သတင်းဓာတ်ပုံများ ရိုက်ပြီး ထူးခြားဖြစ်စဉ်ကို တင်ပြပေးလိုက်ရပါတယ်။

လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ(၃) မှတ်(၆၃)၊
၂၀၁၁၊ နိုဝင်ဘာ(၁၈) မှာ ဖော်ပြထားပါသည်။
 

0 comments: