အသက် ၇၅ နှစ်အထက် သတင်းစာဆရာကြီး (၁၁)ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပ

The Mandalay News Journal
အသက် ၇၅ နှစ်အထက် သတင်းစာဆရာကြီး (၁၁)ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပမည်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏ ဒုတိယအကြိမ်မြောက် အသက် ၇၅ နှစ်အထက် သတင်းစာဆရာကြီး ၁၁ ဦးအား ပူဇော်ကန်တော့ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တ​လေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်းနှင့် ၆၉ လမ်းကြား ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ Mandalay Community Center တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)မှလည်း နှစ်စဉ်ကျင်းပသကဲ့သို့ မန္တလေးမြို့ခံ သက်ကြီးဝါကြီး သတင်းစာဆရာကြီးများကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပထမအကြိမ်မြောက် စတင်ကျင်းပခဲ့ကြောင်း အဆိုပါအသင်းမှ ဥက္ကဌ ဦးဘဦးက ပြောသည်။
“စာပေပညာနဲ့ လူထုကို အသိပညာပေးခဲ့ကြတဲ့ ဆရာကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို မျိုးဆက်သစ်လူငယ်သတင်း သမားတွေ သိရှိအတုယူနိုင်ဖို့နဲ့ တစ်နှစ်တစ်ခါဆရာကြီးတွေကို တစ်စုတစ်ဝေးထဲ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့ သြ၀ါဒ တွေကို ခံယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်ပါတယ်။” ဟု ၎င်းကဆက်လက် ပြောပြသည်။
ကန်တော့ခံဆရာကြီးများအနေဖြင့် အသက် ၉၃ နှစ်ရှိ ဦးကျော်သိန်း(အရီးတောင်း)၊ အသက် ၈၅ နှစ်ရှိ ဦးညီပု(မျိုးညီညီမော်)၊ အသက် ၈၄နှစ်ရှိ ဦးကျော်မြင့်(ကျော်ကျော်-ဥက္ကံ)၊ အသက် ၈၃ နှစ်ရှိ ဦးသစ်လွင်(မောင်သစ်လွင်-လူထု)၊ အသက် ၈၂ နှစ်ရှိ ရွှေမန်းရွှေနွယ်ရီ(ခေါင်ဘုရားတော်)၊ အသက ၈၂ နှစ်ရှိ ဦးတင်လှ (ရွှေသင်း-ယုလွင်)၊ အသက် ၈၁ နှစ်ရှိ ဦးကျော်သန်း၊ အသက် ၈၀ နှစ်ရှိ ဦးရွှေ(ရွှေရိုး-မန္တလေး)၊ အသက် ၈၀ နှစ်ရှိ ဦးကျော်သိန်း(ကျော်သိန်း-ကြေးမုံ)၊ အသက် ၇၈ နှစ်ရှိ ဦးထွန်းရှိန် (နတ်မောက်ထွန်းရှိန်)နှင့် အသက် ၇၈ နှစ်ရှိ ဦးရာစိုး(ရာစိုး-လူမှု)တို့ဖြစ်ကြောင်း သိရသည်။
MKK

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: