``ယောချောင်းရေကြီး၍ မျောလေသမျှ ဘေးသင့်ဒုက္ခပြည်သူတွေ နေစရာအိမ်များ(အမြန်)လိုအပ်နေ´´









``ယောချောင်းရေကြီး၍ မျောလေသမျှ ဘေးသင့်ဒုက္ခပြည်သူတွေ နေစရာအိမ်များ(အမြန်)လိုအပ်နေ´´

စာရေးသူသည် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ် ယောချောင်းရေဘေးသင့်ဒုက္ခကျခံရသော ကျေးရွာများမှ အဝေးဆုံးရွာများသို့ (၃)ကြိမ် သတင်းယူရန်ရောက်ခဲ့ပါသည်။ (၂၆-၁၀-၂၀၁၁) နေ့က ပထမအကြိမ်အဖြစ် မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းဦးဆောင်၍ ပါရမီရှင်(စုံနံ့သာမြိုင်)ပရဟိတ လူငယ်အဖွဲ့နှင့် ရေဘေးသင့်ဒုက္ခသည်များ ထံသို့ ကူညီလှူဒါန်းရန် လိုက်ပါသွားခဲ့ပါသည်။ သွားရောက်ခဲ့သောရွာများမှာ အလိုတော်ပေါက်ဘုရားတည်ရှိသော ရွာမ(မြောက်)ရွာ၊ ကယ်ဆယ်ရေး စခမ်းတည်ရှိသော ရွာမ(တောင်)ရွာ တွင်ဖွင့်လှစ်ထားတဲ့ (၅)ရွာအုပ်စု အလှူခံဌာနများသို့ ရောက်ခဲ့ကြပါသည်။

မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းမှ ငွေသား(၁၅၂၈၇၀၀)ကျပ် နှင့်အ၀တ်အထည်၊ ဆန်အိတ်၊ အိုးခွက်ပစ္စည်းများ တန်ဘိုးငွေ သိန်း(၂၀)ခန့်၊ စုစုပေါင်းငွေ(၃၅)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ပါရမီရှင်(စုံနံ့သာမြိုင်) ပရဟိတလူငယ်အဖွဲ့မှ ငွေကျပ်သိန်း(၃၅)ကျော်တန်ဘိုးရှိ လှူဖွယ်ပစ္စည်းများ၊ နှစ်ဖွဲ့ပေါင်း တန်ဘိုးငွေသိန်း(၇၀) ကျော်ဘိုးရှိ ဆန်အိန်များ နှင့် အိုးခွက် ပုဂံ၊ အ၀တ်အထည်များ၊ နာမကျန်းဖြစ်သူများအတွက် ဆေးဝါးများ ပါလာကြပါသည်။ ယင်းပစ္စည်းများအား ဒိုင်နာကားကြီး(၂)စီး၊ လိုက်အိပ်ကား(၃)စီး၊ ဟိုက်လပ်ကား(၁)စီး၊ ကားငယ်(၄)စီးတို့ဖြင့် သယ်ဆောင်လှူဒါန်းခဲ့ကြပါသည်။

၂၈-၁၀-၂၀၁၁ မှ ၂၉-၁၀-၂၀၁၁ နေ့များတွင် (ဒုတိယ)အကြိမ် ပခုက္ကူမြို့ခရိုင် ပေါက်မြို့နယ်တွင်းမှ ရေဘေးသင့်ဒုက္ခရောက်နေသောရွာများသို့ သွားရောက်၍ သတင်းရယူခဲ့ပါသည်။ မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှု အသင်းနှင့် ပါရမီရှင်(စုံနံ့သာမြိုင်) ပရဟိတလူငယ်များ တို့ နှစ်ဖွဲ့စုပေါင်းသွားရောက်လှူဒါန်းကြပါသည်။ မကွေးမြို့ ဂရုဏာရှင်များအသင်းမှ ငွေကျပ်သိန်းပေါင်း(၁၂၀)ကျော် နှင့် ပါရမီရှင် ပရဟိတလူငယ်အဖွဲ့မှ (၁၅)သိန်းတန်ဘိုးရှိ ပစ္စည်းများ စုစုပေါင်းငွေကျပ်သိန်း(၁၃၅) တန်ဘိုးရှိ ငွေသားနှင့် လှူရန်ပစ္စည်းများလှူဒါန်းကြောင်း မြင်တွေ့ရပါသည်။ ယင်းနှစ်ဖွဲ့အား ကားကြီး၊ ကားငယ်(၈)စီးဖြင့် ဆရာတော်ဦးသာသန၊ ဆရာတော် ဦးကုဏ္ဍလ၊ ဆရာတော်ဦးသုန္ဒရ တို့ဦးဆောင်၍ ဂရုဏာရှင်များနာရေးကူညီမူ အသင်းသား/အသင်းသူများ၊ ဆရာဝန်၊ဆရာမများ နှင့် ပါရမီရှင် ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၅၆)ယောက်တို့ လိုက်ပါကူညီဆောင်ရွက် လှူဒါန်းကြပါသည်။ သွားရောက်ခဲ့သော ရေဘေးသင့်ရွာများမှာ ပေါက်မြို့နယ်မှ တောင်သီးချောက်ကျေးရွာ၊ ကမ်းပါးဖြူကျေးရွာ၊ ညောင်ဝန်ပေါက်ကျေးရွာ၊ ရှခွကြီးကျေးရွာ၊ ရှခွလေးကျေးရွာ၊ ကျွန်တောကျေးရွာ၊ စံဖဲကျေးရွာ၊ ရေပြာကျေးရွာ၊နှင့် သံပုရာအိုင့်ကျေးရွာများသို့ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါသည်။ အထူးအစီအစဉ်အလှူမှာ ကမ်းပါးဖြူကျေးရွာ တွင် နာမကျန်းဖြစ်နေသူ လူနာပေါင်း(၂၀)ဦး နှင့် ညောင်ဝိုင်းပေါက်ကျေးရွာတွင် လူနာပေါင်း(၂၁၇)ဦး၊ ခွဲစိတ်လူနာ(၂)ဦး၊ တို့အား ဆေးဝါးကုသ၍ ဆေးများပေးဝေလှူဒါန်းနိုင်ခဲ့ကြပါသည်။

၂၀၁၁၊ နိုဝင်ဘာ(၅-၆-၇)ရက် နေ့များတွင် ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးမှ ရေဘေးသင့်ရွာများသို့ တတိယ အကြိမ် သွားရောက်သတင်းရယူနိုင်ခဲ့ပါသည်။ ချောက်မြို့ မှ အလှူရှင် ဦးချို+ ဒေါ်မိုးမိုးကြည် တို့မိသားစု၏ ထမင်းကျွေးသော စတုဒိသာထမင်းကျွေးအလှူကြီး အား သူငယ်ချင်းအယောက်(၃၀)ကျော်တို့မှ လိုက်ပါပြီး လုပ်အားပေးကူညီကြပါသည်။ တစ်ရွာဝင် တစ်ရွာထွက်သွားရောက်ပြီး တစ်ရွာလျှင်တစ်ရက်နှုန်းဖြင့် ထမင်း၊ဟင်းအစုံဖြင့် နံက်စာ၊ နေ့လယ်စာ၊ ညစာထမင်း များအား ကိုယ်တိုင်ချက်ပြုတ်လှူးဒါန်း ကျွေးမွေးသော(တစ်ရွာလုံး မီးခိုးတိတ်) စတုဒိသာ အလှူကြီးဖြစ်ပါသည်။ သွားရောက်ခဲ့သော ရွာများမှာ ဆိပ်ဖြူမြို့နယ်မှ ဘဲကျကျေးရွာ၊ ဆားလောက်အရှေ့ရွာ၊ ဆားလောက်အနောက်ရွာ၊ သံပုရာခြံရွာများသို့ (၃)ရက် သွားရောက်နေထိုင်လုပ်ကိုင် လှူဒါန်းနိုင်ခဲ့ကြပါသည်။ တရုပ်ဖြစ်ဖောကား တစ်စီး၊ ဂျစ်ကားတစ်စီး၊ ဆတ်ကားတစ်စီး၊ စုစုပေါင်းကား(၃)စီး ဖြင့် ဆန်အိတ်များ၊ ဟင်းချက်စရာများ၊ ချက်ပြုပ်ရန်အိုးကြီးများ၊ တည်ခင်းဧည့်ခံ ကျွေးမွေးရန် ဆလုံ၊ ပုဂံ၊ ဇွန်မျိုးစုံအသေးအဖွဲမှ အစ တင်ဆောင် ယူလာခဲ့ကြပါသည်။ တစ်ရွာလုံးရှိ ရဟန်း သံဃာ၊ လူကြီး၊ လူလတ်၊ ကလေး လူငယ်များအား အရုပ်အလတ် အမြတ်မရွေး စတုဒိတာအလှူကြီးပေးလှူနေတာကို မြင်ရ၍ စာရေးသူမှာ ကြက်သီးမွေးညင်းထပြီး ၀မ်းသာပီတိ ဖြစ်ခဲ့ရ၏။ စုစုပေါင်းငွေသိန်း(၁၀၀)ခန့် အကုန်ခံ၍ လှူဒါန်းကြောင်းသိရှိရပါသည်။ ထို့ကြောင့် ရေဘေးသင့်ဒုက္ခကြောင့် ထမင်းလာရောက်၍ စားကြသော ပရိသတ်အချို့အား ရင်တွင်းခံချက်များနှင့် လိုအပ်ချက်များအား မေးမြန်းခဲ့ပါသည်။

မေး။ အဘနာမည်နဲ့ အသက် သိပါရစေ..။ ဒီစတုဒိသာထမင်းစားရတဲ့ပီတိ ကိုလည်းသိပါရစေခင်ဗျာ..။ ယခုလို ရေဘေးသင့်ဒုက္ခရောက်နေရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။ အဘတို့ရွာမှာ လူအသေအပျောက်ရှိလား။ အဘရဲ့ လိုအပ်ချက်များ ကိုလည်းပြောကြားပေးပါခင်ဗျာ..။

ဖြေ။ ။ အဘနာမည်က ဦးကျော်အေးပါ။ အသက်ကတော့(၇၉)နှစ်ပါကွယ်။ ယခုလို ဒုက္ခရောက်လို့ ငတ်မွတ်နေတုန်း လာရောက်ကျွေးမွေးတာ အတိုင်ထက်အလွန် ၀မ်းသာပါတယ်။ အဘတို့ ဆားလောက် အနောက်ရွာက အိမ်ခြေ(၇၅)လုံးရှိတာပါ။ အိမ်(၇၀)လုံးရေထဲပါသွားတယ်။ ကျန်တဲ့အိမ်(၅)လုံးကလည်း အိမ်တိုင်တွေပဲ ကျန်ပါတယ်ကွယ်။ အဘတို့ရွာက လူ(၄)ယောက်သေဆုံးသွားပါတယ်။ စိတ်မကောင်းစရာပါ။ အဘတို့ ရွာ ကို ကုန်းမြင့်အထက်သို့ ပြောင်းပေးစေလိုပါတယ်။ ယခုရေနှစ်တဲ့နေရာကိုတော့ မနေရဲတော့ပါဘူးကွယ်။ အဘတို့ ရွာကို ယောချောင်ကျပြီးစ ရေဘေးသင့်တုန်းကတော့ လမ်းတွေက လှည်းတောင်မသွားနိုင်ပါဘူး။ ယခုတော့ တပ်မတော်သားတွေရယ်၊ ရွာသူရွာသားတွေရယ်၊ မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ဘိုဒိုဇာ မြေထိုးစက်ကြီးတွေနဲ့ လမ်းတွေကို ပြင်လိုက်တယ်။ ကားလမ်းပေါက်သွားပါတယ်။ ယခင်က ကားမောင်းလို့မရတဲ့လမ်းတွေပါ။ ဒါကြောင့် ယခုလို အလှူရှင်တွေ နေ့တိုင်းလောက် လာရောက်လှူဒါန်းနိုင်ကြတာပေါ့။ အင်း.. စားစရာဆန်ကတော့ တစ်အိမ်ထောင်မှာ (၂)လစာ၊(၃)လစာလောက် ဖူလုံနေကြပါပြီ..။ အ၀တ်အထည် ဆိုရင် စောင်၊ ခြင်ထောင်ကစ ပြည့်စုံနေပါပြီ.။ စားအိုး စားခွက်ဆိုရင် ဘတို့ မမြင်ဘူးတာတွေကို သုံးနေရပါပြီ..။ ယခုလောလောဆယ် ဆောင်းတွင်းမှာ နေစရာအိမ်ကလေးတွေ အရေးတစ်ကြီးလိုအပ်နေကြပါတယ်။ ဟု အဘဦးကျော်အေး မှ ပြောကြားပါသည်။ ဘဲကျကျေးရွာများမှ ကျောင်းဆရာ ပင်စင်စား ဦးခင်မောင်သန်းအား မေးမြန်းခဲ့ပါသည်။ စားစရာပြည့်စုံ၍ ပြန်လည်ထူထောင်ပေးမည်ဆိုတဲ့ အိမ်ကလေးတွေကို အမြန်ဆောက်လုပ်ပေးစေလိုပါကြောင်း ဖြေဆိုပါ၏။ ဆားလောက် အနောက်ရွာမှ ဒေါ်ကုလားမ (မိသားစု ၁၁ ဦးရှိသူ) အားလည်း မေးမြန်းခဲ့ပါသည်။ မိသားစုစာရင်းအရေအတွက် အတိုင်း ဆန်များပေး၍ ဆန်အိတ်( ၁၀)အိတ်ခန့် စားစရာ ပြည့်စုံနေကြာင်း။ မိသားစု(၁၁)ယောက်ကြီးဖြစ်နေ၍ အခြားရွာတွင် မွေးချင်းတော်စပ်သူအိမ်မှာ နေရတာ သိပ်ပြီး အားနာနေရပါကြောင်း၊ ဒေါ်ကုလားမ၏ ခင်ပွန်းမှာလည်း အခြားနယ်ဝေးဒေသမြို့တွင် ကျောင်းဆရာတစ်ဦး ဖြစ်ကြောင်းသိရပါ၏။ ဒါကြောင့် နေစရာအိမ်ကသာ အရေးတကြီး အမြန်လိုအပ်နေပါကြောင်း၊ ဒေါ်ကုလားမ မှ ပြောဆိုသွားပါသည်။

(မှတ်ချက်။ မိသားစု(၁၁)ဦးရှိသော(မယ်တစ်ရွာ မောင်တစ်မြို့နေ) ဒေါ်ကုလားမ၏ မိသားစုအား ယခုဆောက်ပေးမည့် တန်ဘိုးနည်းအိမ်ကလေးများမှ အိမ်(၂)လုံးကို ဆောက်လုပ်၍ ခွဲတမ်းပေးသင့်ပါကြောင်း လာရောက်လှူဒါန်းကြသော အဖွဲ့သားများမှ ရယ်မောစွာဖြင့် ပြောဆိုနေကြသံများအား ကြားသိ၍ သတင်းရရှိခဲ့ပါသည်။)
READMORE
 

စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေနဲ့ စိန်တွေ၊ရွှေတွေ၊ငွေတွေ အမြန်ပြေးပြီး လာယူလှည့်..ဆိုသော









စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေနဲ့
စိန်တွေ၊ရွှေတွေ၊ငွေတွေ အမြန်ပြေးပြီး လာယူလှည့်..ဆိုသော ထူးခြားတောင်ပြိုကျ
မကွေး။ နိုဝင်ဘာ(၇)ရက်။

၂-၁၁-၂၀၁၁ နေ့ နံနက်(၃း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် (ယောချောင်း၏အရှေ့ဘက်ကမ်းဘေးရှိ) ဥယျာဉ်စုကျေးရွာအ၀င်လမ်းဘေးမှ စက္ကေမော့တောင်ကြီး ခလယ်ပိုင်း ကျောက်သားများနိမ့်ကျသွားပြီး တောင်ကြီးပြိုကျ၍ ဘေးသားနှစ်ပိုင်းသာကျန်နေခဲ့ကြောင်း၊ ထူးခြားဖြစ်စဉ် သတင်းဖြစ်နေ၍ စာရေးသူ ၇-၁၁-၂၀၁၁ နေ့၊ ညနေ(၅)နာရီအချိန်တွင် ၎င်း ဥယျာဉ်စုကျေးရွာသို့ သွားရောက်သတင်းရယူခဲ့ပါသည်။ တောင်ကြီးပြိုကျ၍ ဥယျာဉ်စုရွာဝင်လမ်းမကြီး ပိတ်ဆို့သွားပါသည်။ အစိုးရမူလတန်းကျောင်းဝိုင်းထဲမှ စာကြည့်တိုက်နှင့် ကြက်သွန်စိတစ်လုံး ပိပြားပျက်စီးသွားပါသည်။ လူနေအိမ်နှစ်လုံးလည်း အိမ်တိုင်အခြေများ ရွေ့ပြီး ယိမ်းရိုင်၍ ပျက်စီးသွားပါသည်။ ဘေးအိမ်နှစ်လုံးမှာလည်း လူများ ဆက်လက်၍ မနေ၀န့်သောကြောင့် ပြောင်းရွေ့သွားကြကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရပါသည်။ ယင်းရွာသည် ပခုက္ကူမြို့မှ ဆိပ်ဖြူမြို့သို့သွားသောကားလမ်း(၃၃)မိုင်ခန့်သွားပြီး တောလမ်း(၃)မိုင်ခန့်ဝင်သွားရပါသည်။ ပခုက္ကူမြို့၏ အနောက်တောင်ဘက် စုစုပေါင်းမိုင်(၃၆) မိုင်ကွားဝေးပါသည်။ ဥယျာဉ်စုရွာ ရွာဦးကျောင်းထိုင်ဆရာတော်ဦးအဂ္ဂ၀ံသ၊ နှင့် ယင်းရွားသားများ ဦးချစ်စမ်းမောင်၊ ဦးပြုံး၊ မောင်နန်းစန်းအောင် တို့အား တွေ့ဆုံမေးမြန်း သတင်းယူခဲ့ပါသည်။

မေး။ ။ ဆရာတော်ဘုရားရဲ့ဘွဲ့အမည်နဲ့ ကျောင်းထိုင်သက်တမ်းဘယ်နှစ်နှစ်ရှိပြီး ယခု ဆရာတော်ဘုရားရဲ့ ကျောင်းဝိုင်းဘေးအထိရောက်နေတဲ့ တောင်ကြီးပြိုတဲ့အကြောင်းစုံကို သိလိုပါ၍ တပည့်တော်လျှောက်ထား မေးမြန်းပါရစေဘုရား။

ဆရာတော်။ ။ ကျူပ်ဘွဲ့က ဦးအဂ္ဂ၀ံသပါ။ ဒီဥယျာဉ်စုရွာဦးကျောင်းက ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်အဖြစ်(၄) နှစ်ရှိပါပြီ။ ဒီတောင်ကြီးရဲ့ နာမည်က (စက္ကမော့တောင်ကြီး) လို့ခေါ်ဆိုကြပါတယ်။ကျုပ်တို့ မမွေးခင်ကထဲ တည်ရှိနေခဲ့တာပါ။ အမြင့်ပေ အတိကျတော့ မတိုင်းမီလို့ မသိပါဘူး။ ယခုမြင်နေရတဲ့ တောင်သုံးလုံးထဲမှာ ဒီတောင်ကုန်းက ပိုပြီးမြင့်ပါတယ်။ ဒီတောင်ကုန်းပေါ်ကို ကျူပ်က ဘုရားတည်မယ်ဆိုပြီး စီစဉ်အားခဲထားတာပါ။ ဒီတောင်ကြီးရဲ့ရာဇ၀င် ကတော့ ရှေးလူကြီးသူမတွေရဲ့ အပြောမှာ တော်တော်ထူးခြားခဲ့ပါတယ်။ ဒီတောင်ကြီးမှာ သိုက်ရှိတယ်၊ ဥစ္စာစောင့်တွေ ရှိကြတယ်လို့ဆိုကြပါတယ်။ ရှေးခေတ်က ဒီရွာကလူကြီးတွေက ဂတိတည်ကြည်စွာနဲ့ ဒီတောင်ကြီးပေါ်ကိုတက်ပြီး ရွှေလက်ကောက်၊ ဆွဲကြိုး၊ ရွှေဘီး စတာတွေကို ခေတ္တငှါးပြီး အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲတွေမှာ ၀တ်ဆင်အသုံးပြုနိုင်ကြတယ်ဆိုကြပါတယ်။ နောက်ပြီး ဒီ စက္ကမော့တောင်ကြီး ရဲ့ တဘောင်ကလည်း ရှေးခေတ်ကစပြီး ယခုခေတ်အထိ ဒီနယ်ကလူတိုင်းလောက် ကြားသိဘူးကြပြီး ရွတ်ဆိုနေကြပါတယ်။ ( စက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင် ငိုမနေပါနဲ့ စိန်တွေ၊ရွှေတွေ၊ ငွေတွေကို အပြေးသာလာယူလှည့်ကြပါ..) လို့လည်း တဘောင်စာ ရှိထားပါတယ်။ ဒီတောင်ကြီးက ပြိုနိုင်စရာမရှိပါဘူး။ ကမ္ဘာမြေသားကျောက်တောင်ကြီးပဲ။ အဲ ဒါပေမယ့် (၁၃၇၃ ခု တန်ဆောင်းမုန်းလဆန်း(၇)ရက်နေ့၊ နံနက်(၃း၁၅)နာရီလောက်မှာ) အဲဒီတောင်ကုန်းဘက်က မိုးမရွာ၊လေမတိုက်ဘဲ မိုးခြိမ်းသံလိုလို ၊မိုးကြိုးပစ်သံတွေ၊နွားချင်းဝှေ့နေကြတဲ့အသံတွေလိုလို ဆူညံသံတွေကိုကြားလို့ ကျုပ်အိပ်ယာက လန့်နိုးပါတယ်။ ခဏခေါင်းထောင်ကြည့်ပြီး ကျောင်းပေါ်က ကြွက်တွေပြေးသံတွေကိုလည်း ကြားနေရပါတယ်။ ဒါနဲ့ ကျုပ်နဲ့ ဒီကပ္ပိယ ဒကာလေးမောင်စိုးနိုင်နဲ့ ကျောင်းအောက်ကိုဆင်းပြီးကြည့်ပါတယ်။ လဆန်းရက် နံနက်ပိုင်းဆိုတော့လည်း လရောင်ကမှောင်နေပါတယ်။ ရွာကလူတွေကလည်း ၀ိုင်းကြည့်နေကြပါတယ်။ (ရှေးလူကြီးတွေပြောခဲ့တဲ့ တစ်ဘောင်အတိုင်း ယခုတော့ ဘာရွှေတွေ၊ စိန်တွေမှ မတွေ့ကြရပါဘူးဗျာ..။) တောင်ကြီးက ခလယ်သားကနေ အောက်ကို နိမ့်ကျသွားပါတယ်။ အဲဒီတောင်ကြီးရဲ့ဘေးသားနှစ်ဘက်ကကျန်နေခဲ့ပါတယ်။ တောင်ကြီးရဲ့အလယ်သားပြိုကျတော့ ရွာအ၀င်လမ်းမကို မြေသားတွေက ပြိုကျလာပြီး လမ်းမကြီးတစ်ခုလုံး ပိတ်သွားပါတယ်။ အဲ ယခု ဒကာကြီးမြင်နေရတဲ့ တန်းကျောင်းဝိုင်းထဲက စာကြည့်တိုက်ကို ပိပြီးပြိုပျက်သွားတယ်။ ကိုကျင်ရွှေအိမ်ရယ် မခင်သီအိမ်ရယ် မြေပိပြီးပျက်သွားပါတယ်။ မြေပြိုတာမဟုတ်ပဲ အိမ်တွေဘက်(အနောက်ဘက်)ကို တောင်ကြီးက ရွေ့လာတဲ့သဘောပါ။ ယောချောင်းရေကြီးတုံးကလဲ ချောင်းရေက ယခုတန်းကျောင်းဘေးမှ သစ်ပင်လေးထိ ရေတက်လာပါတယ်။ ဒီတောင်ခြေအောက်မှာ ရွာဝင်ကားလမ်းက ကားနှစ်တောင်မှ ရှောင်ရတဲ့ လမ်းကြယ်ကြီးရှိတာပါ။ ယခု ဒီလမ်းမကြီးတစ်ခုလုံးကို ပိတ်သွားတာပဲ။ ယခု တန်းကျောင်းဝိုင်းနဲ့ ဘုန်းကြီးကျောင်းဝိုင်းထဲကနေ ရွာဝင်လမ်းကို ဖေါက်ပေးထားရပါတယ်။ ကြက်သွန်စိတစ်လုံး (ကြက်သွန်ဂိုဒေါင်အိမ်)နဲ့ လူနေအိမ်နှစ်လုံး၊ စာကြည့်တိုက်တစ်လုံးတို့ကတော့ တောင်ပြိုလို့ ပိပြားပျက်စီးသွားပါတယ်။ လူအသေ အပျောက်မရှိပါဘူး။

မေး။ ။ ကိုချစ်စန်းမောင် ရော ဒီတောင်ကြီးပြိုတဲ့ နိမ့်ကျတဲ့ ညကအတွေ့ အကြုံလေးကို သိသမျှ ပြောပြပေးပါအုံးခင်ဗျာ..။

ကိုချစ်စန်းမောင်။ ။ ဆရာတော်ပြောသလိုပါပဲ။ ဒီစက္ကမော့တောင်ကြီးပြိုရင် အမေသေတာတောင်မငိုနဲ့ စိန်တွေ၊ ရွှေတွေ၊ငွေတွေကို အမြန်သာ လာယူလှည့်ပါ ရှေးလူကြီးတွေက ပြောထားခဲ့တာဘဲ။ ဒါပေမယ့် ယခုတော့ ဘာမှ မတွေ့ရပါဘူးဗျာ..။ ဒီတောင်ကြီး နိမ့်ကျသွားတဲ့အထဲမှာပဲ ပါသွားသလား၊ သိုက်တစ်ခုလုံးပဲ ပြောင်းသွားကြသလား မသိပါဘူး။

မေး။ ။ ဆရာကိုပြုံးရဲ့ သားနာမည်ကဘယ်လိုခေါ်ပါသလဲ။ ဒီတောင်ကြီးပြိုတာကို သိတာလေး ပြောပြပေးပါအုံး။

ကိုပြုံး။ ။ ကျွန်တော်က စစ်တပ်က တပ်ကြပ်နဲ့ ပင်စင်ယူလာတာပါ။ ဒီရွာသားပါ။ ကျွန်တော့်သားက မောင်နန်းစန်းအောင်ပါ။ တောင်ကြီး ပြိုမယ့်ညနေပိုင်းမှာ သူဒီတောင်ကုန်းထိပ်ကိုရောက်ခဲ့ကြောင်း တောင်ကြီးရဲ့ တောင်ထိပ်ပေါ်မှာ အက်ကြောင်းကွဲကြီးတွေ့လို့ ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ ကလေးပြောတာဆိုတော့ သိပ်အလေးမထားကြဘူးလေ..။ အဲ ညနေပိုင်းပြောပြီး အဲဒီနေ့ နံနက်(၃)နာရီခန့်မှာ အသံစုံးတွေကြားရပါတယ်။ ဆရာတော်ပြောသလို မိုးခြိမ်းသံလိုလို မိုးကြိုးပစ်သံလိုလို၊ ဆိုင်ကယ်တွေစက်နိုးသံလိုလို၊ တော်လဲသံတွေလိုလို ဆူးညံနေတဲ့ အသံတွေကြားရပါတယ်။ လဆန်း(၇)ရက် မနက်ဆိုတော့ မှောင်မဲနေပါတယ်။ အမှောင်ထဲကပဲ ကျွန်တော်တို့ရွာသားတွေ ၀ိုင်းကြည့်နေကြပြီး ပြေးကြ ပြေးကြဟေ့ မနေကြနဲ့လို့ ၀ိုင်းအော်ကြပါတယ်။ အဲ ကျွန်တော့်သားလေး လာပါပြီ..။ သူပါပဲ။

ဆရာတော်၊ ကိုချစ်စန်းမောင်၊ ကိုပြုံး၊ သား မောင်ချစ်စန်းမောင် နှင့် စာရေးသူကို လိုက်ပို့ပေးသူ ကိုဘိုဝင်းတို့နဲ့ ကျန်နေသေးသော တောင်ထိပ်ပေါ်ကို တက်ကြပါတယ်။ မောင်ချစ်စန်းမောင်က သူမြင်တွေ့ခဲ့ရသော ကွဲအက်ကြောင်းကြီး ကို လိုက်လံပြသပါတယ်။ မှတ်တမ်းတင် သတင်းဓာတ်ပုံများ ရိုက်ပြီး ထူးခြားဖြစ်စဉ်ကို တင်ပြပေးလိုက်ရပါတယ်။

လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ(၃) မှတ်(၆၃)၊
၂၀၁၁၊ နိုဝင်ဘာ(၁၈) မှာ ဖော်ပြထားပါသည်။
READMORE
 

ခရီးသွား လုပ်ငန်းဥက္ကဋ္ဌ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန်




ခရီးသွား လုပ်ငန်း ဥက္ကဋ္ဌ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ (MPT)၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ၎င်း စီစဉ်ကျင်းပသော ASEAN- Japan Business Meeting သတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်း သင့်သည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓာတ်ပုံပြပွဲများ၊ ပုဂံတွင် ကျင်းပမည့်အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

``ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ- ဂျပန် အကြောင်းကို မရေးခဲ့ဘူး။ အာဆီယံ နိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေး ကို စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ ကောင်းတဲ့လမ်းကြောင်းကို တစ်ဖက်သတ် မကောင်း၊ အသိအမှတ် မပြုသလို ဖြစ်နေတယ်..´´။ ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

``မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော် စိတ်ပျက်တယ်။ ပြည်ပ မီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ် ဆိုတဲ့ အိုင်ဒီယာ ရှိနေရင်တော့ အတွေး တွေ မှားနေပြီ၊ လွဲနေပြီ..´´ ဟုလည်း ၎င်းက ဆိုသည်။

ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်းက ``ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်း ရေးမှာပဲ၊ ပြောရင် ပြောတဲ့အတိုင်းရေးမှာပဲ၊ စားဖို့သောက်ဖို့ အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲ လာတယ်။ သတင်းသမား ကတော့ မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီ မှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည် ပေးရမှာပေါ့..´´။ ဟု ယင်းအခမ်းအနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။

ပြည်ပ မီဒီယာကြီးများသည် ပြောဆိုသည့် အတိုင်း ရေးသားကြ သော်လည်း ပြည်တွင်း မီဒီယာများသည် အတွေ့အကြုံနုသေးသည့် အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့မိကြောင်း ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဦးခင်ရွှေက ယင်းအခမ်းအနားတွင်ပင် ပြန်လည် ရှင်းလင်း ပြောကြားသည်။

ဦးခင်ရွှေ ထူထောင်ထားသည့် ဇေကမ္ဘာ ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်သည်။

Saturday, 19 November 2011
Written by The Voice Weekly မှ ကူးယူဖော်ပြထားပါသည်။


အထက်ပါ သတင်းကို ဖတ်ပြီး သတင်းသမားတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောဆိုလိုက်မိပါတယ်..။

ရှေးလူကြီးများ ထားခဲ့သော စကားပုံက မှန်နေပါသည်။( မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်၏) တဲ့။ လူကြီးမင်းက သတင်းသမားတွေကို စော်ကားတာပဲ။ သတင်းသမားတွေဆိုတာ ထမင်းစားဖို့၊ ချမ်းသာဖို့ သတင်းရေးနေတာ မဟုတ်ပါ။ အများပြည်သူနဲ့ တိုင်းပြည်ကောင်းစားရေးအတွက်ကိုသာ ဦးစားပေးပြီး ရေးသားနေကြတာပါ။ အကောင်းစား ဟော်တယ်ကြီးတွေမှာ သတင်းမီဒီယာသမားများကို ဖိတ်ကြားပြီး လက်ဆောင်ပေး၊ ထမင်းကောင်းကောင်းကျွေးပြီး လူကြီးမင်းတို့ စီးပွားရေးသမားကြီးတွေရဲ့ဆန္ဒအတိုင်း ရေးသားပေးမဲ့၊ အသုံးချခံမဲ့ သတင်းမီဒီယာသမားများ မဟုတ်ကြပါ။ တိုင်းပြည်ကောင်းစားအောင် ဆိုပြီး အသံကုန်ဟစ်အော်လို့ ( လူကြီးလာရင် အလံထောင်၊ အကြံအဖန်ကောင်တွေ ကောင်းတဲ့ခေတ်ပဲ..) ဆိုတဲ့ခေတ်က ကုန်လာပါပြီ..။ လူကြီးမင်းတို့ ကပ်ဖားစီးပွားရေးသမားကြီးတွေ တိုင်းပြည်အပေါ်မှာ စေတနာထားတာ ဘာကိုလိုချင်လို့ ဆိုတာ မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက အများပြည်သူတွေသိနေပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာပါ။
ဒါကြောင့် မီဒီယာကို မကူညီချင်နေပါ။ မစော်ကားကြပါနဲ့။ ခေတ်အဆက်ဆက်က ကပ်ဖားစီးပွားရေးသမားများ ဆက်လက်ရှင်သန်ကြီးပွားကောင်းစားရေးအတွက် ကျွန်တော်အပါအ၀င် မီဒီယာသမားများကို လုံးဝ(လုံးဝ) အသုံးချ မခံနိုင်ပါ။ ခေတ်အဆက်ဆက်မှာ မြန်မာပြည်ကောင်းစားရေးအတွက် (အကျိုးလိုလို့ ညောင်ရေလောင်းနေကြသူများ)ဟာ ဘယ်သူ ဘယ်ဝါ ဘာကောင်ကြီးတွေဆိုတာ မြန်မာပြည်အချိန်သမိုင်းမှာ မှတ်တမ်းတင်နေကြပါပြီ..။
သတင်းမီဒီယာသမားများမှာလဲ `ပစ္စည်းမဲ့ မာန´ ဆိုတာ ကိုယ်စီရှိတတ်ကြပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ နဲ့ ပြောဆိုနေတာ မဟုတ်ပါ။ တိုင်းပြည်ကောင်းစားရေးကို အဓိကထားပြီး တင်ပြရေးသားရခြင်းဖြစ်ပါတယ်။ ဘယ်သူက လွန်တယ်၊ ဘယ်သူက မှားတယ်၊ မှန်တယ် ဆိုတာကိုတော့ စာဖတ်သူများ ဝေဖန်သုံးသပ်ပေးတော်မူကြပါခင်ဗျာ…။
READMORE
 

မကွေးတိုင်းဒေသကြီး မကွေးမြို့ မှာ စာဆိုတော်နေ့ စာပေဟောပြောပွဲများ မဖြစ်ခဲ့တာ..(၄)နှစ်ကြာခဲ့ပါပြီ..။



`ပါရမီရှင် ပရဟိတ´ လူငယ်အဖွဲ့ မှ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ မကွေးမြို့တွင် ကျင်းပနိုင်ရန် မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့သို့ အလှူငွေဆယ်သိန်းကျော် စိုက်ထုတ်လှူဒါန်းမည်။

၂၀၁၁၊ နိုဝင်ဘာလ(၅)ရက်၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်၊ တံတားထိပ်လမ်း၊ ပါရမီရှင်ပရဟိတ ရုံးခန်းတွင် ပါရမီရှင်ပရဟိတ လူငယ်အဖွဲ့နှင့် မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့ တို့ စာပေဟောပြောပွဲ ကျင်းပနိုင်ရေးအတွက် အကြို ညှိနှိုင်းတွေ့ဆုံကြပါသည်။ ယင်းအသင်းအား ဦးဆောင်နေကြသော ဦးအောင်လွင်၊ ကိုဇော်မိုးတို့ နှစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ဦးအောင်လွင်တို့ ပါရမီရှင် ပရဟိတအသင်းလေးရဲ့ စတင်ဖြစ်ပေါ်လာပုံလေးကိုသိပါရစေ..။

ဖြေ။ ဟုတ်ကဲ့ ပါရမီရှင် ၀ါဆိုသင်္ကန်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူရေးအဖွဲ့ အမည်နဲ့ လွန်ခဲ့သော(၁၇) နှစ်က စတင်ပြီး မကွေးမြို့မှာ ကျွန်တော်တို့လူငယ်တွေ စုပေါင်းဖွဲ့စည်းခဲ့ပါတယ်။ နှစ်စဉ် ရွှေစက်တော်ဘုရားမှာ ရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ကျွန်တော်ကတော့ (၅)ကြိမ်မြောက်မှ ဒီအဖွဲ့ထဲကို ပါလာတာပါ။ တစ်နှစ်တစ်ကြိမ် အလှူလုပ်ပြီးတော့လဲ လူစုခွဲပြီး ဈေးရောင်းတဲ့သူက ဈေးရောင်း၊ ဆရာဝန်ကလဲ ဆရာဝန်အလုပ် ဆေးပြန်ကုကြပေါ့။ အဲ မကွေးမြို့တွင်းမှာ ပါရမီရှင် အဖွဲ့ကနေပြီး ပရောဂျက်(၃) ခု ပြန်ခွဲလိုက်ပါတယ်။ (၁) ၀ါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းလောင်းတယ်။ (၂) မကွေးမြို့ပေါ် မှာသွေးလိုအပ်ချက်အတွက် လှူဒါန်းကူညီရန် (ပါရမီသွေး) လှူရှင်များ စုပေါင်းဖွဲ့စည်းထားပါတယ်။ (၃) သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ကူညီဖို့အတွက်လည်း စုပေါင်းဆောင်ရွက်နေကြပါတယ်။ မကွေးမြို့နယ်တွင်းက ရွာတွေဖြစ်တဲ့ အုံးတွဲရွာ၊ ဆူးပစ်စမ်းကျေးရွာမီးဘေးကယ် ဆယ်ရေးတွေကိုလည်း ထောက်ပံ့ကူညီလှူဒါန်းလုပ်ကိုင်ခဲ့ပါတယ်။

မေး။ ဦးအောင်လွင်၊ ဦးဇော်မိုးတို့ ပါရမီရှင် ပရဟိတအဖွဲ့အနေနဲ့ ယခုဘေးဒုက္ခဖြစ်ပေါ်နေတဲ့ ပခုက္ကူခရိုင်တွင်းက ဘယ်မြို့နယ်များကို ကယ်ဆယ်ရေးတွေအတွက် ဘယ်နှစ်ခေါက်လောက် သွားရောက်ဆောင်ရွက်နိုင်ခဲ့ပါသလဲ သိပါရစေ..။

ဖြေ။ ဟုတ်ကဲ့ အစကတော့ ကျွန်တော်တို့တစ်ဖွဲ့တည်းသွားမလို့စီစဉ်ထားသော်လည်း မကွေးမြို့ ဂရုဏာရှင်များအသင်းကြီးနဲ့ ပူးပေါင်းတိုင်ပင်ပြီး ရေဘေးကယ်ဆယ်ရေးကျရောက်တဲ့ရွာတွေအထိ နှစ်ခေါက် သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။ မကွေးမြို့ ဂရုဏာရှင်နာရေးအသင်းကြီး မပေါ်ခင်ကထဲက ကျွန်တော်တို့ ပါရမီရှင် ပရဟိတအဖွဲ့က စတင် ဖွဲ့စည်းခဲ့ကြတာပါ။ မကွေးမြို့ပေါ်မှာ ဂရုဏာရှင်နာရေးအသင်းကြီး စတင်တည်ထောင်ဖွဲ့စည်း တော့မယ်ဆိုတော့ ကျွန်တော်တို့ ပါရမီရှင် လူငယ်တွေကလည်း လုပ်အားပေး အလှူခံထွက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကထဲက ကျွန်တော်တို့ ပါရမီရှင် ပရဟိတလူငယ်အဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ကိုမော်လင်းတို့၊ ကိုမော်စီတို့ နဲ့ အချို့လူငယ်အဖွဲ့တွေက မကွေးမြို့ဂရုဏာရှင်နာရေးကူညီမှု အသင်းကြီးထဲကို ပါဝင်ပြောင်းရွေ့သွား ကြတာပါ။ ဒါကြောင့် ဘယ်ကိစ္စမဆို ကျွန်တော်တို့ ပါရမီရှင်အဖွဲ့က မကွေးမြို့ဂရုဏာရှင်များ အသင်းနဲ့ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေကြရတာပါ။ ယခုလည်း တတိယအခေါက် ပခုက္ကူခရိုင်ရေဘေးဒုက္ခကယ်ဆယ်ရေး သွားဖို့စီစဉ်နေကြပါတယ်။ ပထမ ကယ်ဆယ်ရေးသွားစဉ်က ကား(၁၂)စီးပါပါတယ်။ ဆန်အိပ်(၂၀၀)ကျော်၊ အ၀တ်အထည်၊ အစားအသောက်ပစ္စည်း များနဲ့ ငွေသား(၄၅) သိန်းလှူဒါန်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ကယ်ဆယ်ရေးသွားတာကိုတော့ မကွေးမြို့ဂရုဏာရှင်များ အသင်း နဲ့ စုပေါင်း လှူဒါန်းခဲ့ပါတယ်။ အဲဒီက စာရင်းယူပြီးပေးပါ့မယ်။

မေး။ ယခု ကျွန်တော်တို့ မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့နဲ့ ပူးပေါင်းပြီး `မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်စာပေဟောပြောပွဲ ´ ကျင်းပနိုင်ရေးအတွက် ဘယ်လိုကူညီပေးမှာလဲ သိပါရစေ..။

ဖြေ။ ကျွန်တော်တို့ ပါရမီရှင် ပရဟိတအဖွဲ့အနေနဲ့ကတော့ စာပေဟောပြောပွဲကျင်းပရန်အတွက် ငွေဆယ်သိန်းခန့်အထိ ကူညီဆောင်ရွက်ပေးနိုင်ပါ့မယ်။ ကျွန်တော်တို့ ပါရမီရှင် ပရဟိတက လူငယ်လုပ်အားတွေနဲ့လဲကူညီပေးပါ့မယ်။ ဆရာတို့ မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့နဲ့ မကွေးတိုင်းဒေသကြီး ပြန်/ဆက် တို့က သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ထံ ပွဲမိန့်ခံပြီး ဦးဆောင်ပေးကြပါလို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ မကွေးမှာ ၂၀၀၇ ခုနှစ်ကထဲက စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ မဖြစ်ခဲ့ကြောင်းကိုသိရပါတယ်။ ဒါကြောင့် အစဉ်အလာမပျက် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ယခုနှစ် ၂၀၁၁ ခုနှစ်က စပြီး မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် စာဆိုတော်နေ့ စာပေဟောပြောပွဲကို မဖြစ်ဖြစ်အောင် ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုပါတယ်ခင်ဗျား..။ ဟု ဦးအောင်လွင်၊ ဦးဇော်မိုးတို့ နှစ်ဦးမှ ဖြေကြားပေးပါသည်။

မှတ်ချက်။ ။ ၂၀၁၁၊ စာဆိုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် မကွေးစာနယ်ဇင်းမှ (၁၁-၁၁-၂၀၁၁)နေ့မှာ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များထံ စီမံချက်တင်ထားကြောင်း သတင်းရရှိပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

``စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ´´



``စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ´´



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ပြည်သူတို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ သတင်းထောက်များကို တံခါဖွင့်ထားပါတယ်။ ယခုဆိုလျှင် နေပြည်တော်မှာ ပြည်ပသတင်းဌာနများဖြစ်တဲ့ ဗီအိုအေ သတင်းဌာနနှင့် ဘီဘီစီသတင်းဌာနများမှ အခြေစိုက်သတင်းထောက်များကိုပါ နေထိုင်ခွင့်ပြုပြီး သတင်းယူနိုင်ရန် သတင်းလွတ်လပ်ခွင့် များကို ဖွင့်ပေးထားတာ ကမ္ဘာသိဖြစ်ပါတယ်။

သို့သော်.. အထက်ပိုင်းအဆင့်များတွင် ပြောင်းလဲနေသော်လည်း အောက်ခြေအဆင့်များမှာ ယခင်ကအတိုင်း အချို့နေရာများမှာ ပြုပြင် ပြောင်းလဲမှု မရှိကြသေးပါ။ အရာရာကိစ္စများမှာ အကြောက်တရားများ စိုးမိုးနေကြသည် ထင်ပါတယ်။ စာရေးသူ သတင်းသွားယူစဉ်က အဖြစ်မှန် သာဓက တစ်ခုကို တင်ပြပါရစေ….။

ကျွန်တော် ၂၀၁၁၊ အောက်တိုဘာလထဲမှာ သဘာဝဘေးဒါဏ်ကျရောက်နေတဲ့ ဒေသများကို သွားရောက်သတင်းယူခဲ့ ပါတယ်။ သတင်းဓာတ်ပုံများရိုက်ပါတယ်။ တာဝန်ရှိသူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းမေးမြန်းပါတယ်။ ဘေးအန္တရာယ် ဖြစ်ပေါ်၍ ပျက်စီးနေသော ဓာတ်ပုံများကို သတင်းမှတ်တမ်းတင်နေစဉ် ကျွန်တော့်ကို တာဝန်ကျ လုံခြုံရေးရဲတပ်သား တစ်ဦး မှ အထက်အရာရှိထံ တွေ့ဆုံရန်ဆိုပြီး လာရောက်ခေါ်ပါတယ်။ လိုက်သွားခဲ့ပါတယ်။ အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းတစ်ခု ကို ရောက်သွားပါတယ်။ ကံကောင်းချင်တော့ ကယ်ဆယ်ရေးစခန်းက ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားမှာ ကျွန်တော်နှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဆရာရင်း၊ ဒကာရှင်း ဖြစ်နေပါတယ်။ ဆရာတော်မှ ကယ်ဆယ်ရေးစခန်းမှာရှိနေကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူရယ်၊ ကျွန်တော့်ကို ခေါ်လာသောရဲတပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့ရှိ ပုဂ္ဂိုလ်များကို ကျွန်တော့အား မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ထံပါလာတဲ့ နိုင်ငံသားစီစစ်ရေးကဒ်၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်ကတ် ၊ ဂျာနယ်တိုက်က သတင်းထောက် သတင်းယူရန် ဂျာနယ်တိုက်မှ ထုတ်ပေးထားသော ဓာတ်ပုံပါ လည်ဆွဲကတ် စတာတွေကို ထုတ်ပြပါတယ်။ ဒါနဲ့ ..စာရေးသူလည်း အိုကေပြီထင်လို့ ကယ်ဆယ်ရေးစခမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးကို သိလိုသော သတင်းအချက်အလက် များကို မေးမြန်းပါတယ်။ အင်း… ဟုတ်ကဲ့ ခဏနေပါအုံး။ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပါရစေ.. ဆိုပြီးထွက်သွားပါတယ်။ ကျောင်းထိုင်ဆရာတော်ကိုကပ်ပြောသွားပါတယ်။ ဆရာတော်ဧည့်သည်ကို ခေတ္တထိမ်းထားပေးပါ ဆိုပြီး မှာသွားပါတယ်။ တော်တော်လေးကြာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ပြန်လာပါတယ်။ ဆရာတော်ရဲ့ မိတ်ဆွေဧည့်သည်လည်း ဖြစ်နေတော့ ကဲ.. သိလိုတာကို မေးပါလို့ သူကဆိုပါတယ်။ ကျွန်တော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မေးမြန်းပြောဆိုပြီး နောက်ဆုံးစကားတခွန်းနဲ့ သူက ကျွန်တော့်ကို နှုတ်ပိတ်လိုက်ပြန်ပါတယ်..။ (ဆရာ.. ကျွန်တော့်မြို့နယ်အုပ်ချုပ်ရေးမှူးကမှာလိုက် ပါတယ်..။ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတွေကိုတော့ မရေးစေချင်ပါဘူး..) တဲ့။

သြော် သတင်းမီဒီယာဆိုတာ အဆိုးမြင်သမားများမဟုတ်ကြပါ။ တိုင်းပြည်တိုးတက်ချမ်းသာဖို့အရေး အဆိုး အကောင်းများ၏ အဖြစ်မှန်များကို အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြည်သူ လူထုရဲ့အသံများအား(ဂျာနယ်များမှာ) ထုတ်ဖော်ရေးသားနေသူများသာ ဖြစ်ကြပါတယ်။ ဒါမှလည်း ယခုလို ကျရောက်ခံစားနေရတဲ့ သဘာဝဘေးဒုက္ခများအတွက် အချိန်မှီ လိုအပ်သည်များကို ၀ိုင်းဝန်းကယ်ဆယ်ကူညီ လှူဒါန်းဆောင်ရွက်နိုင်ကြမည် မဟုတ်ပါလား?။ တိုင်းပြည်တိုးတက် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသော စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့သတင်းမီဒီယာများ ကို ၀ိုင်းဝန်းကူညီစေချင်ပါကြောင်း တောင်းဆိုလိုက်ရပါတယ်..။

ရွှေလမ်းငွေလမ်းဝင်းကြည်

မော်နီတာ သတင်းဂျာနယ်
အတွဲ(၁) အမှတ်(၇၇)
၂၀၁၁၊ နိုဝင်ဘာ(၆)ရက်ထုတ် တွင် ဖော်ပြထားပါသည်။
READMORE
 

မကွေးမြို့ SHADE စာပေ၀ိုင်း(၄၈) SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲတော်..။

















မကွေးမြို့ SHADE စာပေ၀ိုင်း(၄၈)
SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲတော်..။
၁၆-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၄)နာရီ အချိန်အထိ မကွေးမြို့ ဈေးလယ်စိုးရပ်၊ မဲထီးလမ်း၊ ပုည၀တီ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းဝိုင်း၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၈) ကြိမ်မြောက်ဟာ SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်တဲ့နေ့ထူး နေ့မြတ်ကြီးပါ။ စာပေ၀ိုင်းကို တက်ယောက်လာသူများကတော့၊ ဆရာကြီး မကွေးဝင်းမြင့်၊ပန်းချီမြင့်ဇော်ဦး၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီမင်းသူ၊ စာကြည့်တိုက်မှူး ဦးတင်နု၊ အတွင်းရေးမှူး ကိုကျော်ခိုင်ဝင်း၊ ဘဏ္ဍာရေးမှူး ကိုကျော်စိန်ဝင်း၊ ဆရာဦးဆွေ(ဒဿနိက)၊ ပန်ချီ ဒီဇိုင်းပညာရှင် ကိုနိုင်ဝင်း နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်စကားဝိုင်းကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပြောဆိုဆွေးနွေးကြပါတယ်။ စာပေ၀ိုင်းထုံးစံအတိုင်း ဆရာကြီး မကွေးဝင်းမြင့်က စတင်အဖွင့်ပြောဆိုပါတယ်။ ဒီတစ်ပတ် ခေါင်းစဉ်ပေးပြီး ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းကတော့ စာပေ၀ိုင်းတော်သား ကိုကျော်ခိုင်ဝင်း ကြိုတင်တောင်းဆိုထားတဲ့ ( သားတို့သိစေလိုသော အဖေတို့မေတ္တာအကြောင်း) အရာများကို ရင်ဖွင့်ခံစား ပြောဆိုဆွေးနွေးသွားကြပါတယ်။ စာကြည့်တိုက်မှူး ဦးတင်နု ကလည်း ဖခင်တစ်ဦးဖြစ်တဲ့ သူဟာ ဘ၀တစ်ပါးသို့ ကွယ်လွန်သွားခဲ့သော သူ့သားငယ်ကလေးအပေါ် ဖခင်တာဝန်မကျေခဲ့မိလို့ မျက်ရည်များစို့ပြီး ပြောဆိုနေရှာပါတယ်။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းကတော့ ၀ိုင်းတော်သားအားလုံး မျက်ရည်လေးတွေ လယ်နေကြရပါတယ်။ စာရေးသူ ကလည်း ဒီတစ်ပတ် SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပြီးရင် ဒီကဏ္ဍကို စာရေးသူအနေနဲ့ ဆက်လက်ရေးသားခြင်း မပြုတော့ပါကြောင်း၊ စာရေးသူအနေနဲ့ SHADE စာပေ၀ိုင်းအား တစ်နှစ်တိတိ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒါကြောင့် SHADE စာပေ၀ိုင်းတော်သားများအပေါ် ပြောမှား ဆိုမှား များရှိခဲ့ပါရင် ခွင့်လွှတ်ပေးကြပါရန်တောင်းပန်အပ်ပါတယ်။ စာရေးသူအနေနဲ့ SHADE ဂျာနယ်၊ ရှိတ် စာပေ၀ိုင်း အောင်မြင်တိုးတက်ရေး ကိုသာ ဦးတည်ပြောဆိုလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် SHADE ဂျာနယ်နဲ့ စာဖတ်သူများ၊ Shade စာပေ၀ိုင်းတော်သားများကို လေးလေးစားစားထပ်မံ၊ထပ်မံ၍ တောင်းပန်အပ်ပါတယ်။ SHADE စာပေ၀ိုင်းအပေါ် စေတနာထား၍ပြောဆိုရတာဖြစ်လို့ အချို့ကိစ္စလေးတွေ မှာ ပြောမှားဆိုမှားရှိပါ့မယ်။ ဂျာနယ်အတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့နေရာများမှာလည်း အထင်အမြင်လွဲပြီး မကြေနပ်စရာများ၊ အဖုအထစ်ကလေးများ ဖြစ်သွားခဲ့ပါရင် ကျွန်တော့်အပေါ် နာလည်ခွင့်လွှတ် ပေးကြပါခင်ဗျာ..။

အထူးမှတ်ချက်။ ။မကွေးမြို့တွင်(Shade ဂျာနယ်ရုံးခွဲဖွင့်၍ ဂျာနယ်ဖြန့်ချိရေးကိစ္စ၊ စာမူများကိစ္စ တို့အား (၁)နှစ်တိတိ အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ နတ်မောက်မြို့၊ တောင်ငူ၊ တောင်တွင်းကြီး၊ သရက်မြို့များနှင့် ငွေစာရင်းများမရှင်းရသေး၍ မျန္တလေး SHADE ဂျာနယ်ရုံးချုပ်သို့ အတွဲ(၅) အမှတ်(၃၄) မှ တွဲ(၅) အမှတ်(၄၃)ထိ ငွေစာရင်းများ မရှင်းရသေးပါကြောင်း အများသိစေအပ်ပါသည်။)Shade ဂျာနယ်ရုံးခွဲအား သတင်းတာဝန်ခံ နေခြည်(မကွေး)၏ နေအိမ်တွင် ဆက်လက်ဖွင့်ထားပါသည်။ ဖြန့်ချိရေးကိစ္စများအား ပန်းချိမြင့်ဇော်ဦး မှ တာဝန်ခံဖြန့်ချိပေးပါသည်။ ဂျာနယ် မှ လိပ်စာများအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ သူတို့နှစ်ဦးမှ ဦးဆောင်၍ တနင်္ဂနွေနေ့တိုင်း SHADE စာပေ၀ိုင်းကိုလည်း ဆက်လက်ဆောင်ရွက်နေကြပါသည်။

ဒီတစ်ပတ်မှာ SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲဖြစ်လို့ SHADE စာပေ၀ိုင်းတော်သားများရဲ့ ရင်ဖွင့် အမှတ်တရ စကားလေးများကို တင်ပြပေးလိုက်ပါရစေ…။

စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၄၇)




မကွေးမြို့မှ SHADE စာပေ၀ိုင်း (၄၇)
၉-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ဈေးလယ်စိုးရပ်၊ မဲထီလမ်း၊ ပုည၀တီကျောင်း အတွင်းမှ (ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၇)ကြိမ် မြောက်ပါ။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ စာကြည့်တိုက်မှူး ဦးတင်နု၊ စာကြည့်တိုက်အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း၊ စာကြည့်တိုက်ဘဏ္ဍာရေးမှူး ဦးကျော်စိန်ဝင်း၊ စာဖတ်သူ ကိုငြိမ်းချမ်းအောင်၊ ပန်းချီမင်းသူ၊ ပန်းချီမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်သော စာပေမိတ်ဆွေများခင်ဗျား..၊ ပုည၀တီကျောင်းတိုက် ပရ၀ဏ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ (ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်)မှာ အမှာစကားစတင်ပြောကြားရလို့ ကျေးဇူးတင်ရှိပါတယ်။ ကြွရောက်လာတဲ့ စာပေမိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေလို့ ပထမ ဆုတောင်း မေတ္တာပို့သ ပါတယ်။ ဒီနေ့ Shade စာပေ၀ိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ယခင်အပတ်ကတည်းကကြိုတင်တောင်းဆို ထားတဲ့ ဖခင်ဂုဏ်ရည် ကိုဆွေးနွေးမှာဖြစ်ပါတယ်။ ဖခင်ရဲ့ဂုဏ် အဖေ့ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော့် ရှုထောင့်အမြင်မှ ဆွေးနွေးမှာပါ။ ဖခင်ရဲ့ဂုဏ်ဆိုတဲ့ စကားကလေးကြားလိုက်ရတော့ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က စာရေးဆရာ ရုပ်ရှင်မင်းသား ကိုသုမောင်ရေးသားခဲ့တဲ့ (အဖေကြီးတီးတဲ့ ရွှေကြေးစည်) ဆိုတဲ့ ၀ထ္ထုတိုလေးကို သတိရမိပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ အဲဒီဝထ္ထုကလေးကိုဖတ်လိုက်ရပါတယ်။ အဲဒီအချိန်မှာ တောရော၊ မြို့ပါ ခေတ်စားနေတဲ့ သီချင်းကတော့ ရွှေကြေးစည် ဆိုတဲ့ ဆုတောင်းမေတ္တာပို့ ဓါတ်ပြားသီချင်းပါပဲ။ ယခုလို သီတင်း ၀ါလကျွတ်တဲ့အချိန် မကွေးမြသလွန်ဘုရားပွဲတော်မှာ ရွှေမန်းတင်မောင် ဇာတ်အဖွဲ့ လာရောက်ကပြလေ့ရှိပါတယ်။ ဘုရားအလောင်တော် ရွဲကုန်သည်ဇာတ်များ ကပြအသုံးတော်ခံသွားတာ ကောင်းပေ့ဗျာ ။ တောရော မြို့ပါ ၀က်ဝက်ကွဲ အားပေးကြတယ်။
သို့သော်လည်း ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ဟာ မကွေးတိုင်း၊ မင်းလှမြို့နယ် လက်ပံရွာ မဟာပိန္နဲဘုရားပွဲတော်မှာ ဇာတ်ကရင်း ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ ရွှေမန်းတင်မောင် ကွယ်လွန်သွားသော်လည်း ရွှေမန်းသဘင်ဇာတ် ကို သူ့သားများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ညွှန့်ဝင်း၊ ဆန်းဝင်း၊ ၀င်းဗိုလ်၊ ချမ်းသာတို့က ဆက်လက်ထိမ်းသိမ်းလာခဲ့ကြပါတယ်။ အဲဒီခေတ်မှာ ရုပ်ရှင်မင်းသား ညွှန်ဝင်းက (ဗန်တိုလူလေးနဲ့ သူဇာ)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ပါတယ်။ မြန်မာတစ်ပြည်လုံးမှာ အောင်မြင်ကျော်ကြားပါတယ်။ တစ်နေ့မှာ ဒီဇာတ်ကားအဆက် ဒုတိယပိုင်း ဇာတ်ကားရိုက်ဖို့ ကိုညွှန့်ဝင်း နဲ့ ရုပ်ရှင်အဖွဲ့သားတွေ တောရွာ တစ်ရွာကို ရောက်လာကြပါတယ်။ အဲဒီကျေးရွာက လူငယ်တွေ လူကြီးတွေ တစ်အုပ်တစ်မကြီးနဲ့ လာရောက်ကြည့်ရှု အားပေးကြပါတယ်။ ရုပ်ရှင်မင်းသား ညွှန့်ဝင်း သွားလေရာ နောက်ကိုလိုက်ပြီး ကြည့်ကြပါတယ်။ အဲဒီအချိန်မှာ ရွာထဲက အဘွားအိုကြီးတစ်ဦးကလည်း တောင်ဝှေးလေးထောက်ပြီး ရုပ်ရှင်မင်းသား ညွှန့်ဝင်း အနားကိုရောက်လာပါတယ်။ အသက်(၇၀)ကျော်ရှိတဲ့ အဘွားအိုဟာ ညွှန့်ဝင်းရဲ့ လက်မောင်းသားလေးကို တုန်ချိချိနဲ့ လှမ်းကိုင်လိုက်ပါသတဲ့..။ ရုပ်ရှင်မင်းသား ညွှန့်ဝင်းကလည်း အဘွားအိုကို လေးလေးစားစားနဲ့ စကားပြန်ဆိုလိုက်ပါတယ်။ ``အမေ..ကျွန်တော် ညွှန့်ဝင်း ပါ..။´´ လို့ပြောလိုက်တော့..၊ အဘွားအိုက သူ့နဖူးပေါ်မှာ နေရောင်ကျနေတာကို လက်ကလေးနဲ့ ကာတဲ့ပြီး…( ညွှန့်ဝင်း ဆိုတာငါမသိပါဘူးဟယ်..။ ကိုတင်မောင်သားလေး ဆိုလို့လာကြည့်တာပါကွယ်..)။ လို့ အဘွားအိုက ပြောလိုက်သတဲ့။ ကြည့်စမ်း အဖေ့ရဲ့ဂုဏ်။ သားထိအောင်ကို ထင်ဟပ်နေပါတော့တယ်..။ အဲဒါ ဖခင်ရဲ့ဂုဏ်ရည်ပါပဲခင်ဗျား..။ ဟု ဆရာ မကွေးဝင်းမြင့် က ပြောဆို သွားခဲ့ပါတယ်။
ကိုကျော်ခိုင်ဝင်း ကတော့ ဒီလိုဆိုလာပါတယ်။ မကွေးသတင်းများများပါစေချင်ပါကြောင်း။ ယနေ့ခေတ်ဟာ သတင်းခေတ်ပါ။ ဒါကြောင့် သတင်းကိုသာဖတ်ချင်နေကြပါတယ်။ စာနယ်ဇင်းစတုထ္ထမဏ္ဍိုင်ဆိုတာ တကယ်ဖြစ်ပြီလား စတဲ့ အကြောင်းတွေကို အကျယ်တ၀င့် စိတ်ပါဝင်စားစွာ အားပါးတရပြောဆိုဆွေနွေးသွားပါတယ်။ ပန်းချီမင်းသူ ကလည်း ဒီလိုဆိုပါတယ်။ ဆရာမင်းအုပ်စိုးရဲ့ သရပါမဂ္ဂဇင်းထဲက (ချိုပြံး သီချင်းဆိုမယ်…) ဆိုတဲ့အကြောင်း ယနေ့ခေတ် တိုးတက်နေတဲ့ သီချင်းစာသားစာလုံးလေးတွေ ပေါ်လာတာတွေ သံစဉ်တွေကို လိုတိုး ပိုလျှော့ လုပ်လို့ရနေတဲ့ (ကွန်ပျူတာခေတ်)အကြောင်းကို အကျယ်တ၀င့် ပြောဆိုသွားပါတယ်။ ဆရာဇော်မင်းကြည်ကလည်း စာပေ၀ိုင်းမှာ သတ်မှတ်ထားတဲ့အတိုင်း ကိုယ်ပြောချင်တာတွေနဲ့ တိုက်ဆိုင်တဲ့စာအုပ်ကိုရှာပြီးဖတ်မှတ်ပြီးပြောဆိုပါကြောင်း။ ဆရာကြီး မကွေးဝင်းမြင့်ကစပြီး ၀ိုင်းတော်သားတွေအားလုံးက ပြောလေ့ပြောထရှိတဲ့အကြောင်းတွေကို ကိုဇော်မင်းကြည်မှ သုံးသပ် ဝေဖန် ပြောဆိုသွားပါတယ်။ ကိုကျော်စိန်ဝင်းကလည်း SHADE ဂျာနယ်ထဲက ရှိတ်စာပေ၀ိုင်းမှာ ဆရာကြီး မကွေးဝင်းမြင့်ပြောကြားခဲ့တဲ့ (အလွန်သည်းခံတတ် ဘုန်းတော်ကြီးတစ်ပါး) အကြောင်းကို သဘောကျ နှစ်ချိုက်မိပါကြောင်း၊ ပတ်ဝန်ကျင်တစ်လောကလုံးမှ လူသားတွေရဲ့ ဒေါသ၊ သောက၊ မောဟ၊ ပရိဝေဒ တွေကို (သြော်..ဟုတ်လား..?။) ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ကျော်လွှားအနိုင်ယူသွားတာကို သင်ခန်းစာယူမိလိုက်ပါကြောင်း ကို ပြောဆိုသွားပါတယ်။ ဆရာနေခြည် ကတော့ ရှိတ်စာပေ၀ိုင်း ကို အခြေအနေနဲ့ အချိန်အခါကြည့်ပြီး သက်ဆိုးရှည်စေရန် ထိမ်းထိမ်းသိမ်းသိမ်း ပြုလုပ်လာခဲ့ရပါကြောင်း၊ မကွေးစာနယ်ဇင်းလောကမှာ ဂျာနယ်လစ်တွေထဲက သတင်းနဲ့ပတ်သက်ရင် သက်ဆိုင်ရာ (လူကြီး)ပုဂ္ဂိုလ်တစ်ဦးက မမှန်မကန်အထက်စီးကနေပြီး ကျွန်တော်တို့အား အရေးယူပါတယ်။ ဒီကိစ္စကို ကျွန်တော်တစ်ဦး တည်း ပြတ်ပြတ်သားသား မှန်ကန်တဲ့လမ်းကြောင်းနဲ့ ရင်ဆိုင်ခဲ့ဘူးပါကြောင်း၊ အဲဒီအချိန်က ကျွန်တော်နဲ့အတူ ပြဿနာတက်ရာမှာ ဖြေရှင်းဖို့ပါလာတဲ့ သတင်းထောက်ကြီးဆိုသူတစ်ဦးဟာ ပြဿနာကို ရဲဝင့်စွာနဲ့ မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါကြောင်း ဆရာနေခြည်က ပြောဆို ဆွေးနွေးသွားပါတယ်။ ရသ အနေနဲ့ကတော့ ၂၀၁၀ ခု အတွေးအမြင် မဂ္ဂဇင်းထဲက ဆရာမိုးဟိန်း (ခ) သားဂျာနယ်ကျော် ရေးသားထားတဲ့ ကဗျာလေးကို မဟေသီမဂ္ဂဇင်းမှာ ထပ်မံဖော်ပြထားတာကို ဖတ်လိုက်ရပါတယ်။ ဒီဆရာ မိုးဟိန်း(ခ) သားဂျာနယ်ကျော်ဟာ(၂၀၁၀၊ စက်တင်ဘာလ(၂၃)ရက် နေ့မှာ) ကွယ်လွန်သွားခဲ့ပါပြီ.။ ဆရာကြီးဟာ နိုင်ငံခြားမှာ ဘွဲ့ယူပြီး ခေတ်ပညာတတ်တစ်ယောက်ပါ။ စာပေလောကမှာလည်း ထင်ရှားကျော်ကြားခဲ့သူတစ်ဦးပါ။ လူမှုရေးပရဟိတလုပ်ငန်းတွေနဲ့ ဘာသာရေး၊သာသနာရေး ဘက်မှာလည်း မသေခင်မှာ အတော်ကျင့်ကြံ အားထုတ်ခဲ့သူ နာမည်ကျော်တစ်ဦးဆိုတာ အများသိကြပါတယ်။ ဆရာသားဂျာနယ်ကျော်က မသေခင်ကာလမှာ မရဏဆိုတဲ့ သေခြင်းတရားကို ကြိုတင်ပြီးရဲရဲဝင့်ဝင့်ရင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ မသေမီက သူရေးသွားခဲ့တဲ့ ကဗျာလေး ခေါင်းစဉ်ကတော့ (မှာပါရစေ..) တဲ့။ နံပါတ်(၁)၊(၂)လို့ခွဲထားပါတယ်။
( ၁။ ကိုယ်သေရင်မငိုနဲ့၊ ပါးမှာမျက်ရည်စိုမှာပေါ့။ သပိတ်မသွတ်နဲ့၊ လွတ်ပြီးသား ကျွတ်ပြီးသား။ ထမင်းမထုတ်နဲ့၊ သိုးစာ ပုပ်စာ ဖြုံးတီးစာ။ အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ ကိုယ်မစွဲ၊ အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်လာမယ့်အစားမဟုတ်ဘူး။ ရက်လည် နှစ်လည် ဘာကိုမှ မလည်နဲ့၊ သံသယာကြီးမှာ လည်ခဲ့ပေပြီ…။)
( ၂။ ကိုယ်သေရင်မငိုနဲ့၊ ကြိုကြိုပြီး သေထားတယ်။ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ် အသေရင်းထားလို့ မရဏမင်းဆီ ပျော်ပျော်သွားမှာပါ။ ပြီးတော့ ပြောပါရစေ၊ သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေ ဆက်လုပ်ဖို့ ဟောဒီချစ်ရတဲ့ မိခင်ကမ္ဘာမြေကို ပြန်လာခဲ့မယ် မုချ။ ဒီတော့ ကိုယ်သေရင်မငိုနဲ့၊ ပြုံးစမ်းပါ ဖြေသာစမ်းပါ၊ လူသာရှုံးတာ ကျန်တာမရှုံးဘူး။ မှာခဲ့ပြီ…ပြောခဲ့ပြီနော်….။)
ဒီ(မှာခဲ့ပါရစေ..) ကဗျာလေးကို ဆရာသားဂျာနယ်ကျော်က သူ့သေရင် ဝေငှပါရန် အသေအချာမှာကြားထားခဲ့လို့ ဆရာရဲ့ အသုဘ မှာ မိသားစုမှ လက်ကမ်းဖြန့်ဝေသွားပါကြောင်း ၊ ဆရာနေခြည် က မျက်ရည်ဝဲစွာနဲ့ ဖတ်ကြားပြောဆိုသွားခဲ့ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၆)






မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၆)
၂-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁)နာရီမှ ညနေ(၃း၃၀) အချိန် အထိ မကွေးမြို့၊ ဈေးလယ်စိုးရပ်၊ မဲထီးလမ်း၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းကို ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက် ကော်မတီက သဘောကျလို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါကြောင့် ယခု SHADE စာပေ၀ိုင်း(၄၆)ကြိမ်မြောက်မှ စတင်ပြီး လာရောက်ပေါင်းဆုံဖြစ်ကြပါတယ်။ ယခင်တစ်ပါတ်က တင်ပြပြီးဖြစ်တဲ့ ဒီ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်ကို ငွေလုံးငွေရင်း (၄)သိန်းကျပ်နဲ့ စာအုပ်ပေါင်း(၆၀၀) ကျော်နဲ့မတည်ပြီး လှူဒါန်းခဲ့သူမှာ ဦးခင်မောင်သက်(အနော်ရထာ စိုက်ပျိုးရေးကုမ္ပဏီ မိသားစု) ဖြစ်ပါတယ်။ စာကြည့်တိုက်ရဲ့ နေရာအဆောက်အဦး နဲ့ ပိဋိကတ်(၃)ပုံစာအုပ်တစ်စုံအား စာကြည့်တိုက်တည်ရှိရာ ပုည၀တီ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ဦးစီးပဌာန မိုးကုတ်ဝိပဿနာ နယ်လှည့်ဓမ္မကထိကဆရာတော် ဦးဇတိလ တို့(၂)ပါးက စတင်တည်ထောင်လာခဲ့ပါတယ်။ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ပထမ အလှူရှင်ဦးခင်မောင်သက်မှာ လည်း သာသနာ့ဘောင်သို့ဝင်ရောက် သွားကြောင်းသိရပါတယ်။ ဤဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်သက်တန်းကတော့ ယခုဆိုလျှင် (၄)နှစ်ကာလထဲမှာ ရောက်လာပါပြီ..။ ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ ဧည့်သည်တော်များကတော့ မန္တလေးက ခေတ္တရာမန်းသန်းမြင့်၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက် ဥက္ကဋ္ဌ ဦးဟုတ်ခင်၊ အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း၊ စာကြည့်တိုက်မှူး ဦးတင်နု၊ အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးကျော်စိန်ဝင်း၊ ကိုစည်သူ၊ ကိုထွန်းထွန်း တို့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာ မြင့်ဇော်ဦး တို့နဲ့ စာရေးသူ ဖြစ်ကြပါတယ်။
စာကြည့်တိုက်၏ ပဌာန ဆရာတော် ဦးဇတိလ ကလည်း စာပေ၀ိုင်းကို ကြွရောက်လာပါတယ်။ ဆရာတော်က စာပေ၀ိုင်းမှာ မိန့်ဆိုသြ၀ါဒ စကားများချီးမြင့်ပေးပါတယ်။ စာရေးဆရာများ၊ ပန်းချီပညာရှင်များ၊ အခြားသောအနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ စာဖတ်ဝါသနာရှင်များ နဲ့ စာကြည့်တိုက်ဟာ တစ်သားတည်း လိုက်ဖက်သင့်ကြပါတယ်။ ဒါကြောင့် ယနေ့ SHADE စာပေ၀ိုင်းကို ဦးဇင်းတို့ရဲ့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်ကြီးအား တိုးတက်လာအောင် အဓွန့်ရှည်အောင် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ နဲ့ အတူ အပ်နှံလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် SHADE စာပေ၀ိုင်းကို တနင်္ဂနွေနေ့တိုင်း အပတ်စဉ် ဒီစာကြည့်တိုက်မှာ လာရောက် ပေါင်းဆုံ ၀ိုင်းဖွဲ့ပြီး ပြောဆိုစေချင်ပါတယ်။ ယခုလို တွေ့ရ ဆုံရတာ ၀မ်းသာပါတယ်။ ဒီလို SHADE စာပေစကားဝိုင်းလေးတစ်ခုကြောင့် တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် တွေ့နိုင်ကြ ဆုံနိုင်ကြရတာပါ။ ယခုလို အမြဲတန်း တွေ့ကြ ဆုံကြရတော့ အမြင်လည်း ရင်းနှီးလာမယ်။အကြားအမြင်တွေလည်း များလာမယ်။ လူတွေချင်းသာ ရင်းနှီးကြတာမဟုတ်ဘဲ တစ်ယောက်ဆီမှာ ရှိတဲ့အသိဥာဏ်တွေကလည်း ပေါင်းဆုံရင်းနှီးလာကြမယ်။ ပွင့်ပွင့်လင်းလင်း ရင်းနှီးကြပြီး ချစ်ခင်စွာပြောဆိုဆွေးနွေးတိုင်ပင် လာနိုင်ကြပါတယ်။ အထူးပြောချင်တာကတော့ ဗုဒ္ဓရှင်တော်ဘုရားဟောကြားထားတဲ့ အထဲမှ သဘောကျနှစ်ချိုက်တဲ့ တရားတွေကို ပြောဆိုချင်ပါတယ်။ ရှင်တော်ဘုရာက အကျိုးရှိမယ့်အလုပ်တွေလုပ်တာကို ကြိုက်တယ်။ စာပေလိုပြောရရင် တော့ အဌ ကုသလ။ အဌ ဆိုတာက အကျိုးစီးပွား၊ ကုသလဆိုတာက လုပ်ငန်းပါ။ အဲဒီတော့ အကျိုးရှိတဲ့အလုပ်တွေကိုလုပ် တာရယ်၊ အကျိုးရှိမယ့်နေရာတွေကိုသွားတာရယ်၊ အကျိုးရှိတဲ့စကားတွေကို ပြောတာရယ်တွေပေါ့။ အကျိုးရှိမယ့် စကားဆိုတာတွေက နံပါတ်(၁) ကိုယ့်မိသားစု အကျိုးရှိရမယ်။ နံပါတ်(၂) ကိုယ့်လူမျိုးရေးတွေ အကျိုးရှိရမယ်။ နံပါတ်(၃) ကိုယ့်သာသနာတော်ကြီး တစ်ရပ်လုံးအကျိုးရှိရမယ်။ အဲလို စကားမျိုးတွေ အလုပ်မျိုးတွေ၊ နေရာမျိုးတွေ အဲဒီမှာကို အားလုံး ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေက ရှေ့ဆောင်ပြီး မိသားစုတွေရဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ်နဲ့ ပြောလည်းပြောစေ ချင်ပါတယ်။ လုပ်လည်းလုပ်စေချင်ပါတယ်။ သွားလည်းသွားစေချင်ပါတယ်။ နောက်ပြီးတော့ ကိုယ့်မိသားတစ်စုလုံးသိမ်ဖျင်း မသွားအောင်၊ ကိုယ့်လူမျိုးရေးရာကြီးတစ်ခုလုံး သိမ်ဖျင်းမသွားအောင်၊ ငါဘယ်လို ဆောင်ရွက်ရမည်လည်းဆိုတဲ့ အဌ ကုသလ အလုပ်တွေကို လုပ်ပေးချင်ပါတယ်။ နံပါတ်(၃) ကိုယ့်သာသနာတော်ကြီးလည်း တိမ်ကောမသွားအောင် သာသနာရေး ဘာသာရေးနဲ့ ပါတ်သက်လာရင်လည်း အလွန်ကို အကျိုးရှိလာအောင် လုပ်လိုက်မယ်၊ ကိုင်လိုက်မယ်၊ ပြောဆိုလိုက်မယ်၊ ဆိုတဲ့ မြင့်မြတ်တဲ့ စိတ် စေတနာတွေကိုလည်း အမြဲထားစေချင်ပါတယ်။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုဟာတွေကို မကြိုက်သလဲဆိုရင်တော့ `အနထ္ထ ကုသလ´ ဆိုတာကို မကြိုက်ပါဘူး။ အနထ္ထ ဆိုတာက အကျိုးမဲ့တာ။ ကုသလ ဆိုတာက လုပ်ငန်းပါဘဲ။ လောကထဲမှာ ဒကာကြီးတို့ ဒီနေ့ စကားတွေ ဆွေးနွေးကြတယ်ပေါ့။ နောင်လည်း ဆွေးနွေးကြအုံးမယ်ပေါ့..၊ ငါပြောတဲ့ စကားလုံးလေးဟာ SHADE စာပေ၀ိုင်းတစ်ခုလုံးကို ဘယ်လောက်အထိ အကျိုးပြုစေမည်လဲ၊ သို့တည်းမဟုတ် ဒို့လူမျိုးတွေအတွက်ရော.. ဘယ်လောက်အကျိုးကျေးဇူးများ မှာလဲ၊ ဒါမဟုတ် ယခု SHADE စာပေ၀ိုင်းကိုလာတဲ့သူတွေ အတွက် ပညာတွေ၊ဗဟုသုတတွေဘယ်လောက်ရကြမှာလဲ၊ ဆိုတာတွေကို တွေးတော ကြံဆပြီး သင့်တော်မယ့်စာပေတွေကို ဖတ်မှတ်ပြီးပြောဆိုစေချင်ပါတယ်။ သဘောအားဖြင့် ပြောရရင်တော့ ရိုင်းပျနေတဲ့ နှလုံးသားတွေများရှိနေရင် နှလုံးသားကိုယ်စီ ယဉ်ကျေးသွားအောင် ဒို့ဘယ်လို ၀ိုင်းဝန်းပြီး ဘယ်လိုစည်းရုံး ဆောင်ရွက် ဆွေးနွေးသွားကြမည်လဲ..။ အချိန်ကုန်ခံ ထိုင်ပြီး ပြောဆိုဆွေးနွေးကြမည်ဖြစ်သောကြောင့် ဘယ်လောက်အကျိုးရှိအောင်များ ဒို့တစ်တွေဟာ လုပ်သင့်ပါတယ်ဆိုတဲ့ကိစ္စလေးကို အလေးထားပေးဖို့ ဘုန်းကြီးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အချုပ်ပြောရရင်တော့ ဒကါကြီးတို့ ထိုက်သင့်တဲ့ စာပေတွေကို ဖတ်မှတ်လာပြီး ယခုလို SHADE စာပေ၀ိုင်းမှာ တဆင့် ပြောဆိုဆွေးနွေးနေကြတာဟာ ထိုက်သင့်တဲ့ ဗဟုသုတတွေရလိမ့်မယ်။ ရလာတဲ့ ဗဟုသုတကို အရင်းအနှီပြုပြီး စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးတွေအတွက် အကျိုးရှိကြလိမ့်မယ်လို့ ဘုန်းကြီးက ဆန္ဒပြုမျှော်လင့် လိုက်ရပါတယ်။
ဆရာကြီးမကွေးဝင်းမြင့်ကတော့ ၃၀-၉-၂၀၁၁ နေ့ထုတ် သတင်းစာမှာပါတဲ့ ကျောက်ပန်းတောင်းမြို့ က (ဂျပန်မလေး ကိုအဓမ္မပြုရန်ကြံစည်ပြီး လူသတ်မှု သတင်း) ကိုခံစားပြောဆိုသွားပါတယ်။ ဒို့မြန်မာတွေ သိက္ခာကျစရာ သတင်းဟု မှတ်ချက်ချကြပါတယ်။ ပန်းချီဆရာမင်းသူ ကလည်း မိသားစု နှစ်စုရဲ့ နားလည်မှုပေးတတ်တဲ့ မိသားစု၊ အပြစ်တင်တတ်တဲ့ မိသားစု နှစ်စု အကြောင်း(ဆရာဦးဖိုးကျား ရေးတဲ့ဝထ္ထု)ကို ပြောဆိုဆွေးနွေးသွားပါတယ်။ ဆရာနေခြည်(မကွေး) ကလည်း လူသေကောင် တစ်လောင်းနဲ့ဆိတ်သေကောင် ယှဉ်လိုက်ရင် လူသေဟာ ဆိတ်သေတစ်ကောင်လောက်မှ တန်ဘိုးမရှိတော့တဲ့အကြောင်း ၊ တောင်တွင်း၊ မကွေးကားလိုင်းက ခရီးသည်အပြည့်တင်ဆောင်လာတဲ့ ကားတစ်စင်းဟာ လမ်းမှာ ဆိတ်အုပ်တစ်အုပ်ကိုတွေ့ပြီး ကားနဲ့ ဆိတ်တစ်ကောင်ကိုတိုက်မိလို့ သေသွားပါတယ်။ ဒီဆိတ်သေကို ကားဒရိုင်ဘာက လျှော်ကြေးပေးလိုက်ပါတယ်။ ဆိတ်သေကို အသားဖျက်ပြီးရောင်းတယ်။ ကားပေါ်မှ ခရီးသည်များက ဆိတ်သားလတ်လတ်ဆတ်ဆတ်ရတယ်၊ ဈေးချိုတယ်ဆိုပြီး အလုအယက်ဝယ်ကြပါတယ်။ (၁)ပိဿာရှိတဲ့ ဆိတ်သားတွဲ သွေးသံရဲရဲတွေကို ကားတစ်စင်းလုံး ခေါင်မိုးလက်ကိုင်တန်းမှာချိတ်ဆွဲပြီး ယူလာကြပါတယ်။ နောက်တစ်နေရာ ယင်းချောင်းတံတားဂိတ်ကို ရောက်တော့ ရဲအရာရှိတစ်ဦးက ကားကိုတားပါတယ်။ ဒီလူသေကောင် အလောင်းကို အရေးကြီးလို့ ဒီကားပေါ် တင်သွားရန်ပြောတော့ ဆိတ်သားတွဲကိုဝယ်ထားတဲ့ ကားပေါ်က ခရီးသည်တွေမှာ ခါးခါးသီးသီး ၀ိုင်းပြီးညင်းဆန်ပြောဆို နေကြတဲ့ အကြောင်း( ဆရာ မကွေးဝင်းမြင့် ရေးသားခဲ့တဲ့ ၀ထ္ထုတို) ကို ပြောဆိုဆွေးနွေးသွားပါ တယ်။ (လူသေကောင် အလောင်းတစ်လောင်းဟာ စားစရာဟင်းလျာ ဆိတ်သားတွဲ တစ်တွဲလောက်တောင်မှ တန်ဘိုးမထား ကြပါ့လား ဟု SHADE စာပေ၀ိုင်းတော်သားများမှ သတိ၊သံဝေဂ ရလိုက်ကြရပါတယ်။) ပန်းချီဆရာမြင့်ဇော်ဦးကလည်း စာရေးဆရာ စိုးဥာဏ(ငဖဲ) ရေးသားတဲ့ နတ်သား၊ နတ်သမီး ဆုပြိုင်တောင်းတဲ့ ဟာသ ၀ထ္ထုလေးကို ခံစားပြောဆိုသွားပါတယ်။ ဆရာ ဇော်မင်းကြည် ကတော့ ယနေ့ SHADE စာပေ၀ိုင်းက တော်တော်ကျက်သရေ မင်္ဂလာရှိနေပါကြောင်း၊ စာပေ၀ိုင်းကို စာကြည့်တိုက်မှာ ကျင်းပရတာ အလွန်လိုက်ဖက်ညီနေပါကြောင်း၊ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ လွတ်လွတ်လပ်လပ် မပြောဆိုရပဲ နှစ်မျိုးပြောဆို နေရပါကြောင်း၊ ထိုင်ခုံများနဲ့ မဟုတ်တော့ ကြာကြာမထိုင်နိုင်ပါကြောင်း၊ ဆရာတော်များ ရှေ့မှာပြောရတော့ ရိုင်းစိုင်းတဲ့ စကားလုံးများပါလာခဲ့ရင် ခွင့်လွှတ်စေလိုပါကြောင်း တို့ကို တောင်းပန်ပြောဆိုသွားပါတယ်။ (စာကြည့်တိုက် တာဝန်ရှိသူများက နောက် SHADE စာပေ၀ိုင်းတွေမှာ စားပွဲ တန်းလျှား၊ထိုင်ခုံများနဲ့ စီစဉ်ပေးပါမည် ဖြစ်ကြောင်း တာဝန်ယူပြောဆိုပါတယ်။) စာကြည့်တိုက်ဥက္ကဋ္ဌ ဦးဟုတ်ခင် ကလည်း စာကြည့်တိုက်မှာ ယခုလို စာပေ၀ိုင်းလေး လာရောက်ကျင်းပပေးတာကို များစွာ ၀မ်းသာ အားရ ကျေးဇူးတင်ပါကြောင်း၊ ဆရာတော်ဘုရားဖိတ်ကြားထားသလို နောင် SHADE စာပေ၀ိုင်းတွေကို ကျွန်တော်တို့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှာ အမြဲကျင်းပပေးစေလိုပါကြောင်း ဖိတ်ခေါ်ပါတယ်။ စာကြည့်တိုက် အတွင်းရေးမှူး ကိုကျော်ခိုင်ဝင်း ကလည်း ဒီ SHADE စာပေ၀ိုင်း မှာ ထူးထူးခြားခြား ဖြစ်သွားအောင် ( သားတို့သိစေချင်သော အဖေတို့အကြောင်း) သို့ (ဖခင် မေတ္တာ) များကို ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်တဲ့ စာပေ ၀ထ္ထု၊ ဆောင်းပါး၊ ကဗျာ များကို ၀ိုင်းဝန်းရေးသား ဖတ်ကြားဆွေးနွေးကြစေလိုကြောင်း အကြံပြု ပြောဆိုသွားပါတယ်။ SHADE စာပေ၀ိုင်း နောက်ဆုံးအစီအစဉ်ကတော့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်အား စာရေးဆရာကိုကိုလတ်(ဆည်မြောင်း) က လှူဒါန်းတဲ့ စာအုပ်များကို အလှူရှင်ရဲ့ကိုယ်စား ဆရာကြီးမကွေးဝင်းမြင့်မှ ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ (အဖွဲ့သားမျာက SHADE စာပေ၀ိုင်း(၄၈)ကြိမ်မြောက်မှာ SHADE စာပေ၀ိုင်း(၁)နှစ်ပြည့်အမှတ်တရ အဖြစ် ပြောဆိုကြရန် သဘောတူကြပါတယ်။ SHADE စာပေ၀ိုင်း (၁) နှစ်ပြည့်အမှတ်တရကို ဂျာနယ်စာမျက်နှာ တစ်မျက်နှာမှာ စာပေ၀ိုင်းတော်သားများရဲ့ ဓာတ်ပုံ၊ အမှတ်တရ ခံစားချက် လက်မှတ်လေးများနဲ့ ဖော်ပြပေးလိုပါကြောင်း အယ်ဒီတာထံ ကြိုတင်ပြီး တောင်းခံ ပြောဆိုနေကြပါတယ်။)
စိတ် အဟာရပြည့်ဝအောင် SHADEဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

ပန်းချီမြင့်ဇော်ဦး ၏ ပြခန်းဖွင့်၍ ရောင်းချရန် ပန်းချီကားများ။













ပန်းချီကားများအား စိတ်ဝင်စား၍ ၀ယ်ယူလိုပါလျှင် ဆက်သွယ်နိုင်ပါသည်။
မကွေး ကြေးမုံပန်းချီပြခန်း ၀၆၃-၂၅၁၉၇
READMORE