ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၈၃-၄-၂၀၁၂) ၁၃-၄-၂၀၁၂ `သင်္ကြန်အကျနေ့ ဥပုဒ်စ၍စောင့်- နှစ်ဆန်းတစ်ရက်ထိ´
မနေ့က ညနေပိုင်းမှာ မကွေးတိုင်းဒေသကြီးအစိုးရ မဟာသင်္ကြန်ဗဟိုလ်မဏ္ဍုပ်ကိုသွားတယ်။ ဖွင့်ပွဲ သတင်းယူပါတယ်။ အပြန်မှာ တိုင်းပြန်/ဆက်တိုင်းမှူးဦးဝင်းခင်ကို ပြန်လိုက်ပို့တယ်။ အပြန်မှာ ကုန်သည်ကြီးများအသင်း သင်္ကြန်မဏ္ဍုပ်က ဓာတ်လိုက်တဲ့ သတင်းကြားရပါတယ်။ ကိုနေခြည်နဲ့ ဆေးရုံကြီးကို သတင်းသွားယူပါတယ်။ လူတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရကြောင်းသိရတယ်။ ဒဏ်ရာရသူတစ်ယောက်က စကားမပြောနိုင်ပါ။ တစ်ယောက်က ပြောနိုင်လို့ သူ့ဆီက သတင်းယူလာခဲ့ပါတယ်။ ဆေးရုံပေါ်မှာ ကိုနေခြည်ပျောက်သွားပါတယ်။ အိမ်ကိုပြန်လာခဲ့တယ်။ ညမှာ အဲဒီး ဓာတ်လိုက်သတင်းကို ရသလောက်ရေးလိုက်တယ်။ ည(၁၂)နာရီမှ အိပ်ရတယ်။ ဒါပေမယ့် ယနေ့ ခါတိုင်းအချိန်မှာ အိပ်ယာထပါတယ်။
နံနက်ပိုင်း ကုန်သည်ကြီးများအသင်းနဲ့ အမှတ်(၂)ရဲစခမ်းကို ဓာတ်လိုက်တဲ့ သတင်းအတည်ပြုချက်သွားယူပါတယ်။ (ပ)၀၂/၁၂ ပုဒ်မ၃၀၄-က/ ၃၃၇/၃၃၈ နဲ့ မီးဆင်သူကို အရေးယူထားကြောင်းသိခဲ့ရတယ်။ အပြန်မှာ ယနေ့သင်္ကြန်အကျနေ့မှ စပြီး နှစ်ဆန်းတစ်ရက်နေ့အထိ (၈)ပါးသီလခံယူရန် ဘုန်းကြီးကျောင်းများသို့သွားတယ်။ ဘုန်းကြီးကျောင်းနှစ်ကျောင်းလုံးမှာ သီလပေးမည့် ဘုန်းကြီးမရှိပါ။ ရှိတဲ့ဘုန်းကြီးကလည်း မပေးပါ။ စာတိုက်ကျောင်းတိုက်ကြီးဖြစ်နေပြီး သီလပေးတာကို ဟိုဘက်ကျောင်းသို့ပြန်လွှဲခံရပါတယ်။ ဒါနဲ့ ကျွန်တော်တို့လင်မယားနှစ်ယောက် သီလယူနေကြ ပုည၀တီကျောင်းတိုက်မှ မိုးကုတ်တရားစခမ်းပွဲကို သွားရပါတယ်။ အဲဒီကျောင်းမှ (၈)ပါးသီလခံယူလာပါတယ်။ သင်္ကြန်အကျနေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ခံယူပါမည် ဘုရားလို့ စိတ်ထဲက ဆိုပြီး သီလခံယူခဲ့ပါတယ်။ သီလယူပြီး အပြန်မှာ သတင်းနှစ်ပုဒ်ကို ရေးပါတယ်။ ညက ရေးထားတဲ့ ဓာတ်လိုက်သတင်းကို အတည်ပြုရေးပါတယ်။
`မကွေးမြို့၌ သင်္ကြန်အကြိုရက် ဖွင့်ပွဲနေ့မှာ ကုန်သည်ကြီးများသင်္ကြန်မဏ္ဍုပ်တွင်
လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ(၂)ဦးရှိ´
၁၂-၄-၂၀၁၂ နေ့၊ သင်္ကြန်အကြိုနေ့ ညနေ(၅း၃၀) မှ(၆း၂၀)နာရီအတွင်း ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်အောက်မှာ ကြည့်ရှုသူ ပရိတ်သတ်များကို ဓာတ်လိုက်ကြောင်း သတင်းရရှိသည်။ ``ဇာတ်ခုံစင်မြင့်အား ကာရံထားတဲ့ သံဆူးကြိုးခွေ များမှ လျှပ်စစ်ဓာတ်အားဝင်ရောက်ပြီး ကျွန်တော်နဲ့ လူအများကို ဓာတ်လိုက်နေကြောင်း၊ ဓာတ်လိုက်လို့ မီးပိတ်ပေးပါ..လို့ ကျွန်တော်တို့် အောက်မှ ပရိတ်သတ်များက အော်နေကြသော်လည်း စင်ပေါ်မှ သီးချင်းတစ်ပုဒ်ပြီးဆုံးမှသာ မီးပိတ်ပေးပါတယ်ဗျာ..။ အဲဒီအချိန် မှာ ကျွန်တော်ဘေးက ခပ်၀၀လူကြီးကို ဓာတ်လိုက်နေတာ မြင်ရတယ်။ အဲဒီ လူကြီးက လဲကျသွားပါတာကို မြင်လိုက်ရပါတယ်။ ကျွန်တော်ကတော့ အဲဒီ သံဆူးကြိုးနဲ့ ညှိပြီး ဓာတ်လိုက်နေပါတယ်။ဟု ဓာတ်လိုက် ခံရသူ မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုပြည့်ဖြိုးအောင် (အသက်၃၉ နှစ်)က ဆေးရုံပေါ်တွင် ပြောဆိုပါသည်။
လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသူမှာ ကိုစန်းလင်း၊ အသက်(၄၇)နှစ်၊ အဘ-ဦးညွှန့်ဝင်း၊ ၂၅လမ်း၊ ရန်ပယ်ရပ်ကွက်နေသူဖြစ်ကြောင်းသိရ၏။ မကွေးမြို့မှ ဆန်ကုန်သည်တစ်ဦး၏ ယောက်ဖတော်စပ်သူ ဖြစ်ကြောင်းသိရ သည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ဓာတ်လိုက်၍ ဒဏ်ရာရရှိသူများဖြစ်ကြသည့် မကွေးမြို့ မြင်သာရပ်ကွက်မှ ကိုပြည့်ဖြိုးအောင် နှင့် မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုထွေးမောင်မောင် တို့မှာ ဆေးဝါးကုသမှုခံယူနေကြောင်း သတင်းရရှိခဲ့သည်။ ကိုထွေးမောင်မောင်မှာ ၁၂-၄-၂၀၁၂ နေ့ ည(၈/၉)နာရီခန့်အထိ သတိမရသေးပါ။ အဖော်လည်းမပါပါ။ လူးလိပ့်စွာဖြင့် ခံစား၍ ငြီးညူနေတာကို မြင်တွေ့ခဲ့ရပါသည်။ ၎င်း အချိန်တွင် သေဆုံးသူနှင့် ဓာတ်လိုက်သော လူနာ(၂)ဦးတို့ကို မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းမှ လူငယ်များ လာရောက်၍ ဆေးဝါးနှင့် လိုအပ်သည်များအား ၀ိုင်းဝန်းကူညီပေးနေကြကြောင်း မြင်တွေ့ ခဲ့ပါသည်။
မကွေးမြို့၊ ရန်ပယ်ရပ်ကွက်၊ သုခိတာလမ်းမှ ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်တွင် ဓာတ်လိုက်၍ သေဆုံးသော ဖြစ်စဉ်မှာ ယင်းမဏ္ဍုပ်ကို လျှပ်စစ်မီးတတ်ဆင်ပေးသူ မကွေးမြို့၊ မြင်သာရပ်ကွက်နေ ကိုအောင်ကျော်မိုး (အသက်-၄၉)နှစ်၊(ဘ) ဦးအောင်သန်း၊ ဟု သိရသည်။ ၎င်းမဏ္ဍုပ်ရှေ့မှ ဆလိုက်ထိုးရန် မီးတိုင်မှ လျှပ်စစ်ဝါယာကြိုးအား သွပ်နန်းကြိုးဖြင့် ချည်နှောင်ထား၏။ ယင်းချည်ထားသော သွပ်နန်းကြိုးဖြင့်ပင် မဏ္ဍုပ်၏ ရှေ့တွင် ကာရံထားသော သံဆူးကြိုးများကိုလည်း ပူးတွဲချည်နှောင်ထားသည်။ သွပ်နန်းကြိုးဖြင့် ချည်ထားသော လျှပ်စစ်ဝါယာကြိုးမှာ တုန်ခါ ပွတ်တိုက်၍ ပေါက်ပြဲသွားပြီး လျှပ်စစ်ဓာတ်များက သွပ်နန်းကြိုးနှင့် သံဆူးကြိုးများအား စီးဆင်းသွားသည်။ ထို့ကြောင့် မဏ္ဍုပ်ရှေ့တွင် ကာရံထားသော သံဆူးကြိုးများဖြင့် ထိမိ၊ ကိုင်တွယ်မိသူများအားလုံး ဓာတ်လိုက်ခံနေကြရကြောင်း သိရသည်။ နေရာတွင် သေဆုံးသွားသူ ကိုစန်းလင်း မှာ ယင်းမဏ္ဍုပ်မှ ကြီးကြပ်သူ တစ်ဦးဖြစ်ကြောင်းသိရ၏။ လျှပ်စစ်သွယ်တန်းသူ ကိုအောင်ကျော်မိုးသည် လျှပ်စစ်မီးအား ပေါ့ဆစွာဖြင့် တတ်ဆင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သိရသည်။ ဤအမှုအား (ပ) ၀၂ /၁၂ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ ဖြင့် မကွေးမြို့ အမှတ်(၂)ရဲစခမ်းမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
`မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ´
၂၀၁၂ ခု၊ ဧပြီလ(၁၂)ရက်။ညနေ(၆)နာရီအချိန်တွင် ၁၃၇၃ ခု၊ နှစ်သစ်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို မကွေးမြို့ ဆားစေ့ရပ်ကွက် ကမ်းနားလမ်းမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုလ်မဏ္ဍုပ်တွင် စည်ကားသိုက်မြိုက်စွာ အခန်းအနားကျင်းပကြောင်း သတင်းရရှိသည်။ ယင်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေ မှ နှတ်ဆက် အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများအားလုံး နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရ၏။ ၎င်း ဖွင့်ပွဲတွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲဝင် (၁၁)ဖွဲ့၊ တစ်ပင်တိုင်အကပြိုင်ပွဲဝင်(၁၁)ဖွဲ့နှင့် အလှပြမော်တော်ယာဉ်(၈)စင်းတို့ တက်ရောက်လာကြောင်း မြင်တွေ့ရပါသည်။ မကွေးမြို့ပေါ်ရပ်ကွက်များတွင် သင်္ကြန်ဆုပေးမဏ္ဍုပ်၊ ရေပက်ခံမဏ္ဍုပ် စုစုပေါင်းမဏ္ဍုပ်(၂၄) ခု တည်ဆောက်ထားကြောင်း သတင်းရရှိခဲ့ပါသည်။
ယခု ၁၃၇၃ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်းချက်များကို ကြိုတင်အသိပေး ဖြန့်ဝေထားကြောင်း သတင်းစာအချပ်ပိုတွင် တွေ့မြင်ရပါသည်။
မြန်မာ့ယဉ်ကျေးမှုသင်္ကြန်
*အမျိုးသားယဉ်ကျေးမှုကို ထိမ်းသိမ်းပါ။
*သရုပ်ပျက်ယဉ်ကျေးမှုကို ရှောင်ကြဉ်ပါ။
*အမျိုးဂုဏ် ဇာတိဂုဏ်ကို မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ဖြင့် မြှင့်တင်ပါ။
*မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ကို သင့်ကြောင့် အကျည်းတန် မညစ်နွမ်းပါစေနှင့်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဆင်နွှဲသူများ လိုက်နာရန် တိုက်တွန်နိုးဆော်ချက်
(က) မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် ၀တ်စားဆင်ယင်မှု ပြုမူပြောဆိုမှုများ မပြုလုပ်ရန်။
(ခ) ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆုံးအမနှင့် ဖီလာဆန့်ကျဉ်သည့် အပြုအမူ ပြောဆိုမှုများ မပြုလုပ်ရန်။
(ဂ) အချင်းချင်း ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေသည့် ကြမ်းတမ်းသည့် ရေကစားမှုများ အပြုလုပ်ရန်။
(ဃ) တိုင်းရင်းသားစည်းလုံးညီညွန်မှုကို ပျက်ပြားစေပြီး ဆူပူမှုကိုဖြစ်စေနိုင်သည့် လှုံ့ဆော်ဖန်တီး ပြုလုပ် ပြောဆိုကြိုးပမ်းမှုများကို မပြုလုပ်ရန်။
ရေခဲထုပ်၊ ရေပူဗောင်း၊ ဆပ်ပြာရည်၊ ဂတ်စ်ဘူးဖြင့် ကစားက
(၁)။ လက်ဝယ်တွေ့ရှိသူ ထောင်(၁)နှစ်။
(၂)။ ကစားသူ ထောင်(၃)နှစ်။
(၃)။ ထုတ်လုပ်ရောင်းချသူ ထောင်(၅)နှင့်နှင့် ပစ္စည်းကိုသိမ်း။
သတိ
သင်္ကြန်ကာလအတွင်း အရက် ဘီယာများအား မော်တော်ယဉ်များဖြင့် လှည့်လည်ရောင်းချခြင်း။ ရေကစားမဏ္ဍုပ်အနီးနှင့် အခြားနေရာများတွင် တရားမ၀င် ရောင်းချခြင်းများ မပြုလုပ်ရန်တားမြစ်သည်။
သတိပြုရန်
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ကာလ မကွေးတိုင်းဒေသကြီးအတွင်း ယဉ်မောင်းသူများ လိုက်နာရန်။
(၁) မူးယစ်သောက်စား ယာဉ်မမောင်းရ။
(၂) အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မမောင်ရ၊ လုမမောင်းရ။
(၃) မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ။
(၄) ယာဉ်နံပါတ်ပြား မပါရှိဘဲ မမောင်းရ။
(၅) ယာဉ်နံပါတ်အတုများ၊ အခြားနံပါတ်များ တပ်ဆင်ခြင်းလုံးဝ မပြုလုပ်ရ။
(၆) ယာဉ်အား ရွံ့ကာ ဒူးကာနှင့် ဘေးတံခါးများ နောက်ဖုံးများဖြုတ်၍ ပုံစံဖျက်မောင်းနှင်းခြင်း မပြုရ။
(၇) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(၀ှီးတက်) မပါဘဲ မမောင်းရ။
(၈) ဖျက်သိမ်းထားသော ယာဉ်အို၊ ယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များ မမောင်းရ။
(၉) အလှပြပြိုင်ပွဲဝင်ယာဉ်များမှ အပ နိုင်ငံတော်အလံနှင့် နိုင်ငံတကာအလံများ၊ အဖွဲ့အစည်းများ၏ အမှတ်တံဆိပ်နှင့် အလံများ ယာဉ်တွင်တပ်ဆင်မောင်းနှင့်ခြင်း မပြုရ။
(၁၀) ယာဉ်အား မူလပုံစံဖျက်၍ သရုပ်ပျက်မောင်းနှင်ခြင်း( ဥပမာ- အိတ်ဇော်ဖြုတ်၍) မောင်းနှင်ခြင်းတွေ့ရှိပါက မောင်းသူနှင့် ပြုပြင်ပေးသူကိုပါ အရေးယူသွားမည်။
(ခ) သင်္ကြန်ကာလအတွင်း အရက်သေစာ သောက်စားမူးယစ် ယာဉ်မောင်းသူများအား အရေးယူဆောင်ရွက်သွားရန်။
(ဂ) ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုများအား ဓာတ်ပုံမှတ်တမ်းရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်။
မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်လုံခြုံရေးဆပ်ကော်မတီ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့
အထက်ပါ စည်းကမ်းချက်များအား သင်္ကြန်မတိုင်မှီကာလ ကြိုတင်ပြီး သတင်းစာတွင် ထိရောက်စွာ ကြော်ငြာထား၍ ယခင်နှစ်များထက် မကွေးသင်္ကြန် ပိုမို အေးချမ်းပျော်ရွင်ကြကြောင်း သတင်းရရှိပါသည်။ အိတ်ဇောဖြုတ် မော်တော်ကား ဆိုင်ကယ်များ မမြင်တွေ့ရကြောင်း အထူးသတင်းရရှိပါ၏။
0 comments:
Post a Comment