ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၆၃-၂၀၁၂) ၂၄-၃-၂၀၁၂ ` မကွေးမြို့ပေါ်က သတင်းထူးများကိုရှာ´
နံနက်စောစော သတင်းထောက် ကာကူး(ခ) စောလှနွယ်(ခ) သီဟဘုန်းမိုရ် ပြေးပြေးလွှားလွှားရောက်လာတယ်။ The Voice ဂျာနယ်မှာ ဦးဟန်မောင်ရဲ့ ဧရာဝတီရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်းသတင်းပါတာကို လာပြတယ်။ ဦးဟန်မောင်ဆီကို ဖုန်းဆက်ခိုင်းတယ်။ ပြောပေးလိုက်ပါတယ်။ မနေ့က NLD မကွေးမြို့နယ်အောင်နိုင်ရေးအဖွဲ့ မြို့ထဲလှည့်ပါတယ်။ (၂၆)ရက်နေ့ထိ ဆက်ပြီးလှည့်မယ်သိရတယ်။ ၂၇-၃-၂၀၁၂ နေ့ NLD ဥက္ကဋ္ဌ ဒေါ်စုလာရင် ဟောပြောဖို့ကွင်း ရကြောင်း ညက သတင်းရတယ်။ ကွန်ပျူတာတက္ကသိုလ်နဲ့ ကျန်းမာရေးတက္ကသိုလ်ကြား ချောက်တောမှာ ရတယ်သိရတယ်။ ဒါပေမယ့် အဲဒီနေရာကို မလုပ်ချင်ကြဘူး။ ဒါကြောင့် နေရာသစ်ရှာကြတယ်။ မြေနေရာ ကျင်းပခွင့် အလှူရှင်များက NLD အောင်နိုင်ရေးအဖွဲ့ကိုလာတွေ့တယ်။ ကန်လှကျေးရွာနဲ့ နတ်ကန်းကျေးရွာကြားက ယာခင်းများ နေရာကို ကျင်းပရန်ခွင့်ပေးတယ်လို့သိရတယ်။ ဒီနေ့ နံနက်(၉)နာရီမှာ NLD အဖွဲ့အစည်းအဝေးလုပ်ပြီး အတည်ပြုမယ် လို့သိရတယ်။ မနေ့က မကွေးမြို့ကို ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းခေါင်းဆောင် ရှင်ဂမ္မီရ ကြွလာကြောင်း သတင်းထောက် ကာကူးပြေပြမှ သိရတယ်။ အဲဒီလို သတင်းမျိုးကို သတင်းလိုက်ရမှာပါ။
ညက မိုးကောင်းမှ တူမောင်ဖိုးရှမ်းဆီက ဖုန်းဆက်တယ်။ သူတို့ကချင်ပြည်နယ်မှာ ကချင်ဘက်မှ စစ်သားစုဆောင်းရေး တွေ လုပ်နေတယ်လို့သိရတယ်။ သူ့မိန်းမဘက်မှ တစ်ယောက်ပါသွားကြောင်းပြောတယ်။ အဲဒါ အင်တာနက်မှာ သတင်းရှာပြီး ဖတ်ပေးရန် အကူအညီတောင်းပါတယ်။ ဒီနေ့ဖုန်းအကြောင်းပြန်မယ်လို့ ချိန်းထားလိုက်ပါတယ်။
နံနက်ပိုင်း ကာကူး (ခ) သီဟဘုန်းမိုရ် The Voice ဂျာနယ်မှ ဧရာဝတီရှုခင်းသာ အဆင့်မြင့်အိမ်ယာ သတင်းအတွက် ငွေလိုချင်လို့ လာတယ်။ သူက မကွေးခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ တိုင်းရုံးမှ ယူလာတဲ့ မှုခင်း သတင်းများကို ပေးပါတယ်။ ဒါကြောင့် ဒီနေ့ရေးဖြစ်ပါတယ်။ နေ့မှာ လျှပ်စစ်မီးကမလာပါ။ ညမှ မီးပြန်တယ်၊ ည သန်းခေါင်းကျော်ထိ သတင်းများကိုရေးပါတယ်။ ယနေ့ထူးခြားတာက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပတဲ့ ကံပြားကျေးရွာ တွဲဘက်(အ.ထ.က) မှာ စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက်စာအုပ်များလှူပွဲ အတွက် နေ့(၁၂)နာရီအချိန်တွင် ဖိတ်စာလာဖိတ်ပါတယ်။ အဲဒီပွဲမှာ ကျွန်တော်နဲ့ ဆရာတင်လင်းဇော် နှစ်ဦးက ဟောပွဲပေးရမှာပါ။ ဒါပေမယ့် ညနေ(၄)နာရီအချိန်မှာ မကွေးခရိုင်ပြန်/ဆက်ဦးစီးမှူးဦးသန်းဌေး က ဖုန်းဆက်ပါတယ်။ မနက်ဖြန် ဖိတ်ထားတဲ့ပွဲကို `မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေက ခွင့်မပြုဘူး၊ ပွဲပျက်ပါတယ်´လို့ ပြောကြားပါတယ်။ကိုတင်လင်းဇောထံ ဖုန်းခေါ်တာ လုံးဝမရပါ။ တော်သေး ညနေ ဆရာတင်လင်းဇော်လာလို့ ဖိတ်စာလည်းပေး၊ ပွဲပျက်ကြောင်းလည်း သတင်းပေးလိုက်ရပါတယ်။အဲဒီ အချိန်မှာဘဲ ချောက်မြို့မှ ပြန်/ဆက်ဦးစီးမှူးဦးသန့်ရှင်းမောင်က မကွေးကိုရောက်လာကြောင်း ဖုန်းဆက်တယ်။ ကားကွင်းကို သူ့အား သွားကြိုပါတယ်။ မနက်ဖြန် ပွဲ ပျက်ကြောင်းကို သူလည်းမသိပါ။ ဦးသန့်ရှင်းမောင်က ကျွန်တော်ကို ၀ထ္ထုစာအုပ် (၂၁၈) အုပ်ဖိုးရောင်းရငွေ(၈၀၀၀၀ိ) ကျပ်ပေးပါတယ်။ ရေစိုလို့ပျက်တဲ့ စာအုပ်က(၃၅)အုပ်ပါကြောင်း၊ အချို့စာအုပ်များကို လက်ဆောင်ပေးလိုက်ရလို့ ဒါဘဲ ယူပါဆိုပါတယ်။ သူ့ကို ညနေစာ ဧည့်ခံဖို့အတွက် ငွေ(၄၀၀၀)ကျပ် ပေးလိုက်ပါတယ်။ စာအုပ်ဖိုးကျန်ငွေ(ရ၆၀၀၀ိ)အား ကျွန်တော့်ဇနီးထံ ထမင်းဖိုးအပ်လိုက်ပါတယ်။ ည မီးလာလို့ သတင်းများကို ရေးဖြစ်တယ်။
`ကံမမြို့နယ်မှာ ကျောက်မှုန့်ပုံပြိုကျ၍ လူတစ်ဦးသေ´
ကံမ။ မတ်လ(၂၃)။
၂၀၁၂ ခု၊ မတ်လ(၂၃)ရက်နေ့ နေ့လယ်(၂း၅၀)နာရီအချိန်တွင် ကံမရဲစခန်းမှ တရားလို ဒုရဲအုပ် ၀င်းဇော် တာဝန်မှူးကျစဉ်မှာ လူတစ်ဦး သေဆုံး၍ ကံမဆေးရုံသို့ရောက်ရှိနေကြာင်း သတင်းရ၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ၏။ ဖြစ်စဉ်မှာ ကံမမြို့နယ် ပယ်ကျရွာ၏ အနောက်ဘက်၊ မန်းကျီးတောင်ပေါ်တွင် ကျောက်မှုန့်များကို ကားပေါ်သို့တင်နေစဉ် ကျောက်မှုန့်ပုံပြိုကျ၍ အလုပ်သမားများဖြစ်ကြသော ခင်မောင်ထွန်း အား နဖူးတွင် ပေါက်ပြဲဒါဏ်ရာတစ်ချက်ရ၏။ နောက် အလုပ်သမားတစ်ဦး မျိုးဝင်းထွန်း၊ (အောင်လံမြို့နယ်တွင်နေသူ) မှာ ကျောက်မှုန့်ပုံ ပြိုကျ၍ ပိမိပြီး ၎င်း၏ မျက်နှာညာဘက်တွင် ညိုမဲသော ဒါဏ်ရာကို တွေ့ရပြီး ၀ဲဘက် မျက်လုံးတွင်လည်း ညိုမဲသော ဒါဏ်ရာ၊ ညာဘက်ကျောပြင်တွင်လည်း ညိုမဲသော ဒါဏ်ရာ ဒါက်ချက်များဖြင့် နေရာတွင် သေဆုံးသွားကြောင်း ပြောကြား၍ စစ်ဆေးခဲ့ရသည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်အား ပြန်လည် စစ်ဆေးရန်အတွက် ကံမမြို့နယ် ရဲစခန်းတွင် သေမှု သေခင်းအမှုအမှတ် ၁/၁၂ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။
ဝိုင်းကြည်အောင်
မင်းဘူး(စကု)- ပဒါန်းကားလမ်းမပေါ်မှာ ဆိုင်ကယ်နှင့် ကားတိုက်၍ နှစ်လောင်းပြိုင်သေ´
မင်းဘူး။ မတ်လ(၂၃)။
၂၀၁၂ ခု၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၇း၃၀)နာရီအချိန်တွင် မင်းဘူး- ပဒါန်းကားလမ်းမပေါ်မှ ဇီးအိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၀/၅) အနီးရှိ မျက်ကွယ်လမ်းအကွေ့တွင် ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မိကြ၏။ ယင်း ယာဉ်တိုက်မှုတွင် ပဒါန်းမှ မင်းဘူးမြို့သို့မောင်းနှင်လာသော လိုက်ထရပ် အဖြူရောင်ကား …….၊ ယာဉ်မောင်း ချစ်ဆွေ ကူမဲမြို့၊မန္တလေးတိုင်းဒေသကြီး နှင့် မင်းဘူးမြို့မှ ပဒါန်းသို့ (တရုပ်ဖြစ် ယင်ဇင်း(၁၁၀) မော်တော်ဆိုင်ကယ်)ဖြင့် စီးလာကြသော ဦးမြသင်း၏သား အေးမြသာယာရပ်ကွက်၊ မင်းဘူးမြို့တွင်နေထိုင်ကြသူများဖြစ်ကြသည့် အောင်ဆန်းမိုး နှင့် ရန်နိုင်စိုး တို့ ညီအကို နှစ်ဦးတို့ သည် အထက်ပါ မိုင်တိုင်(၁၀/၅) အနီး အကွေ့မှာ မျက်နှာချင်းဆိုင် တိုက်မိကြကြောင်း သိရှိရ၏။ ၎င်း ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ဖြင့် စီးနှင်းလာသူ အောင်ဆန်းမိုး နှင့် ရန်နိုင်စိုး တို့ ညီအကိုနှစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။ ယင်း ယာဉ်တိုက်မှုအား တရားလိုအဖြစ် မင်းဘူး(စကု)မြို့နယ်၊ စကုရဲစခန်းမှ ဒု ရဲအုပ် သက်မျိုးကျော်၊ တာဝန်မှူး တို့မှ (ပ) ၅၁/၁၂ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်
`ပခုက္ကူ- မြိုင်- တောမကားလမ်းပေါ်မှ တရားမ၀င် သစ်ခွဲသားများဖမ်းမိ´
ပခုက္ကူ ။ မတ်လ(၂၂)။
ပခုက္ကူခရိုင်ရဲမှူး၏ ညွှန်ကြားချက်ဖြင့် ရဲအုပ် ရဲလွင်နှင့် အဖွဲ့သည် မတ်လ(၂၂)ရက်နေ့၊ ည(၈)နာရီတွင် ပခုက္ကူ- ဂန့်ဂေါလမ်းတစ်လျှောက်သို့ သတင်းအရ ရှောင်တစ်ခင်စစ်ဆေးရန်သွားရောက်ခဲ့ကြသည်။ တဲကြီးကျေးရွာ၏ အနောက်မြောက်ဘက် (၆)ဖာလုံခန့်အကွာ အရောက်တွင် မြိုင်- တောမကားလမ်း မိုင်တိုင်အမှတ်(၁၀/၀)နှင့် (၁၀/၁) အကြားမှာ လမ်းဘေးတွင်ရပ်ထားသော မိုးကာအစိမ်းရောင်ဖြင့်အုပ်ထားသည့် (၁၀)ဘီးကားတစ်စီးကို တွေ့ရ၏။ ထို ကားအား မင်္သကာသဖြင့် မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အတူ ထို(၁၀)ဘီးကားကို ၀င်ရောက်စစ်ဆေး၍ ရှာဖွှေခဲ့ကြသည်။ ကားနံပါတ်မှာ (၆က/၉…..)၊ ယာဉ်မောင်း အောင်မင်းသူ၊ ပခုက္ကူမြို့နယ်၊ ယာဉ်နောက်လိုက် နိုင်ဝင်း ထီးလင်းမြို့နယ်၊ နိုင်ကိုကို ပခုက္ကူမြို့နယ် တို့နှင့် ယာဉ်ပေါ်တွင် ပါလာသူ ဇော်လှိုင်ဦး တို့ကိုတွေ့ရှိပြီး ၎င်း ကားပေါ်တွင် တရားမ၀င် သစ်ခွဲသားမျိုးစုံ၊ ဆိုဒ်ုစုံ(၃၄၇)ချောင်း၊ (၉.၃၅၈၂)တန်၊ ကာလတန်ဘိုးငွေ( ၉၈၆၂၇၁)ကျပ် (ကိုးသိန်းရှစ်သောင်းခြောက်ထောင်နှစ်ရာခုနှစ်ဆယ်တစ်ကျပ်) တို့အား သယ်ဆောင်လာကြောင်း တွေ့ရှိ့၍ ဖမ်းဆီးခဲ့ကြ သည်။ ယင်း (၁၀)ဘီးကားအား မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းတွင် (ပ) ၂၄/၁၂ ပုဒ်မ ပပက၆(၁) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဝိုင်းကြည်အောင်
`ဘုရားဆင်းတုတော် နှင့် ရဟန္တာများအား ခိုးယူခဲ့သူ တရားခံများကို ထောင်ချလိုက်ပြီ´
ဆိပ်ဖြူ။ မတ်လ(၁၄)။
၂၀၁၂ ခု၊ မတ်လ(၁၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်တရားရုံးမှ အမှုအမှတ် ၃၄၅/၂၀၁၁ ဖြင့် လက်ခံစစ်ဆေးခဲ့သော တရားခံသုံးဦးအား ပုဒ်မ၂၉၅ (အရ)ထောင် (၁)နှစ်စီ၊ ပုဒ်မ ၃၈၀ အရ ထောင်(၃)နှစ်စီ၊ တို့ဖြင့် ပြစ်ဒါဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်းသိရှိရသည်။ အမှု ဖြစ်စဉ်မှာ ၂၀၁၀ ခု၊ အောက်တိုဘာ လ(၂၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမကျေးရွာ ရဲစခန်းပိုင်၊ ကောတုံကျေးရွာရှိ မြသီတာဘုရားဂူအတွင်းမှ သစ်သားဘုရားဆင်းတုတော်(၁)ဆူ နှင့် ပဉ္စ၀ဂ္ဂီ ရဟန္တာ သစ်သားဆင်းတုတော်(၂)ဆူတို့အား ခိုးယူခဲ့ကြသည်။ ယင်း သူခိုးသုံးဦးကို မြသီတာဘုရားအရှေ့ဘက် ပေ(၁၅၀)အကွာရှိ ကဇွန်းမချောင်းဘေးမှာ ကောတုံရွာသားများမှ ဖမ်းဆီး ရရှိကြောင်းသိရ၏။ ဖမ်းဆီရမိသော တရားခံများမှာ ဥာဏ်စိန် (၅၉)နှစ်၊ (အဘ) ဦးဘိုးပု၊ ကမ်းဖြူရွာ ချောက်မြို့နယ်၊ တင်လင်းအောင် (၃၉)နှစ်၊ (အဘ)ဦးကျော်မြ၊ ရွာသာကြီးကျေးရွာ၊ စစ်ကိုင်းမြို့နယ်၊ သိန်းလွင်(၃၀)နှစ်၊ (အဘ)ဦးအောင် သိန်း၊ ကြူတောကျေးရွာ၊ စလင်းမြို့နယ်၊ များမှ တရားခံသုံးဦးတို့ ဖြစ်ပြီး ကောတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ တရားလိုအဖြစ် တိုင်တန်းခဲ့မှုဖြစ်၏။ ယင်းအမှုအား ဆိပ်ဖြူမြို့နယ် ကဇွန်းမရဲစခန်းမှ (ပ)၆၃/၁၁ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ထိုတရားခံသုံးဦးအား အထက်ပါအတိုင်း ပြစ်ဒါဏ်များဖြင့် အမိန့်ချခဲ့ကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment