ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၇၆-၄-၂၀၁၂) ၆-၄-၂၀၁၂ ` သင်္ကြန်တွင်း ဂျာနယ်တွေနားမည်ဆိုသော်လည်း သတင်းတွေက နားမည်မဟုတ်´
မနေ့က ညမှာ လေးနှင့်မိုးကျတယ်။ မိုးကတော်တော်လေးများပါတယ်။ တောင်သူတစ်ချို့အတွက် ထွန်ရေးမိုးကောင်း ဖြစ်ပါတယ်။ မျိုးကြဲလို့တော့ မရလောက်သေးပါဘူး။ နံနက်ပိုင်း မြန်မာပို့စ် ဂလိုလ်ဘယ်ထွက်လာတယ်။ မကွေးဧပြီ(၁)ရက် သင်္ကြန်ကိုကျော်ခိုင်းသွားပြီ ခေါင်းစဉ်နဲ့ စိုင်းထွန်းအောင်လွင် ရေးသားထားတာကိုဖတ်ကြည့်ပါတယ်။ ရွေးကောက်ပွဲရက်မှာ မကွေးမြို့ကို ဂျာနယ်တိုက် အတော်တော်များများက လာရောက် သတင်းယူကြတယ်လို့ ကြားသိရပါတယ်။ လျှပ်တစ်ပြက်/မော်နီတာ သတင်းဂျာနယ်ကတော့ မပါကြောင်း သိရတယ်။ မင်းဘူးမှ ကိုလှဝင်း စာရေးဆရာ ကောင်းသုတ(မင်းဘူး) ရောက်လာတယ်။ မင်းဘူး အုပ်ချုပ်ရေးမှူးရုံးမှ ပျူခေတ် လက်ကောက်ပိုင်ရှင်များရဲ့ သတင်းဓာတ်ပုံ မရခဲ့ပါ။ ဒုဦးစီးမှူး ဦးမျိုးမင်းထွန်း ရွှေစက်တော်ဘုရားသို့ သွားနေလို့ မရခဲ့ပါ ဟု ဆိုပါတယ်။ ညက မိုးလေကျတာ မကွေးမြို့တွင်း အပျက်အစီးစာရင်း သတင်းယူထွက်ဖို့ တာစူနေပါတယ်။ ညက မိုးရွာ လေပြင်းကျတာ သစ်ပင်တစ်ချို့ လဲတယ်။ ကြီးကြီးမားမားအပျက်အစီး မဖြစ်ပါ။ ဆရာတင်လင်းဇော်တို့ ပညာကောလိပ်သို့သွားတယ်။ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ ကဗျာတစ်ပုဒ် မေတ္တာစမ်းရေ မဂ္ဂဇင်းမှာ ပါကြောင်း သတင်းကောင်းသွားပြောပါတယ်။ အဲဒီကနေ ကိုမင်းနိုင်ဆီကို သွားတယ်။ မနေ့က ရတဲ့ သတင်းအစအနကို စုဆောင်းရန်သွားတာပါ။ နောက်နေ့ ချိန်းထားခဲ့ရတယ်။ အပြန် ဦးကျော်စိန်အိမ် ကိုဝင်ပါတယ်။ မီးမလာ၍ အင်တာနက် သုံးလို့မရပါ။ စိန်မြင့် အင်တာနက်ဆိုင်သို့သွားပြီး သုံးရတယ်။ (၂)နာရီလောက်သုံးပါတယ်။ အင်တာနက်ဆိုင် ဒုက္ခမသေးပါ။ အွန်လိုင်းဂိန်းကစားတဲ့ လူငယ်အဖွဲ့ နဲ့ ဆိုင်တွင်းမှာ ပြည့်နေတယ်။ အော်ကြီး ဟစ်ကျယ်နဲ့ မကြားဝန့် မနာသာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုသံတွေကို ကြားနေရ ပါတယ်။ ကိုယ်သုံးချင်လို့သာ အောင့်ပြီးသုံးနေရတယ်။ နားကို ပူနေပါတယ်။ ဒါကိုကြည့်ပြီး ကျွန်တော်အင်တာနက်ဆိုင် ဖြုတ်လိုက်တာ သက်သာသွားတယ်လို့ အောင်းမေ့မိပါတယ်။ နေ့လည်(၁း၃၀)နာရီမှာ ဆိုင်ပြန်ရောက်တယ်။ ထမင်းစားပြီး အိပ်တယ်။ နေ့လည်(၃)နာရီလောက်ကို လေတွေ မိုးတွေကျလာပါတယ်။ ယနေ့လည်း မိုးရွာပါတယ်။ သိပ်တော့ မသဲပါ။
ညနေ မကွေးမြို့နယ်ပြန်/ဆက်ရုံးက ဖုန်းဆက်ပါတယ်။ မနက်ဖြန် ၇-၄-၂၀၁၂ နေ့ နံနက်(၇း၃၀)နာရီမှာ မကွေးမြို့ အထက(၁)ကျောင်း ခန်းမထဲတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲ တက်ရန်ဖိတ်ကြားပါတယ်။ (၂၅-၃-၂၀၁၂)နေ့ က မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ အထက်တန်းကျောင်း မှာကျင်းပဖို့ ပျက်သွားတဲ့ ပွဲကို ပြန်လုပ်ခြင်းဖြစ်ပါတယ်။ ဆရာတင်လင်းဇော်ထံ ဖုန်းဆက်ပြီး ထပ်မံဖိတ်ကြားပါတယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့် လာပါတယ်။ စာနယ်ဇင်း ဗဟိုလ်ကိုဖျက်သိမ်းပြီး စာရေးဆရာများအသင်း ကို မြို့နယ်များမှာ ဧပြီလ(၃၀)ရက်နေ့အတွင်း ပြန်လည်ဖွဲ့စည်းရန် စာရောက်ကြောင်းပြပါတယ်။ စာနယ်ဇင်း အမှုဆောင်အစည်းအဝေးကို (၁၀-၄-၂၀၁၂)နေ့ နေ့လည်(၁)နာရီဖိတ်ရန် စီစဉ်လိုက်ကြပါတယ်။ဆရာတင်လင်းဇော်တို့ ဇနီးမောင်နှံလည်း စွဲမက်လက်ဖက်ရည်ဆိုင်ကို ရောက်လာကြပါတယ်။ ကျွန်တော်က ဘယ်အဖွဲ့အစည်းထဲမှ မပါလိုကြောင်း ဆရာကြီး မကွေးဝင်းမြင့်ကို ပြောပါတယ်။ စာရေးဆရာအသင်းမှာ မပါချင်လဲ သတင်းစာဆရာများအသင်းမှာ ပါဝင်ရန်ပြောပါတယ်။ ဒီကိစ္စကို အမှုဆောင်အစည်းအဝေးမတိုင်ခင် အတွင်းရေးမှူး ကိုနေခြည်နဲ့ တိုင်ပင်ရပါမည်။ စာရေးဆရာများအသင်းက တစ်ခု၊ သတင်းထောက်များသမဂ္ဂကလည်း ပေါ်လာမည်။ ဘယ်အဖွဲ့အစည်းကို ၀င်ရမည်လဲဆိုတာ တော်တော်စဉ်းစားရပါမည်။
သင်္ကြန်းတွင်း သတင်းများစုထားပြီး ဂျာနယ်တွေပြန်ထွက်ရက်မှာ သတင်းများကိုဆက်တင်ရပါမည်။ သင်္ကြန်တွင်း တရားဘာဝနာ မလုပ်ဖြစ်လဲ သတင်းများကိုတော့ လိုက်နေရပါမည်။ ထူးခြားသတင်းများကို လိုချင်ပါတယ်။
0 comments:
Post a Comment