ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၅၉-၂၀၁၂) ၂၀-၃-၂၀၁၂ `ရာထူးတက်တယ် သတင်းထူးတက်တယ်´
ယနေ့နံနက်(၄)နာရီမှာ အိပ်ယာနိုးနေတယ်။ ဦးသီလဆိုင်ကို ဆေးဝယ်သူက အော်ခေါ်နေလို့ နိုးရပါတယ်။ ဒီလိုနဲ့ အိပ်ယာစောစောထဖြစ်သွားတယ်။ မနက်ပိုင်း ကာကူး(ခ)စောလှနွယ်ရောက်လာတယ်။ မြန်မာပို့စ် ပါသတင်းများကိုလာပြော တာပါ။ ဦးဟန်မောင်ရဲ့ ဧရာဝတီ ရှုခင်းသာ အိမ်ယာစီမံကိန်း သတင်းပါကြောင်း ဖုန်းဆက်ပြောလိုက်ပါတယ်။ မနေ့က လက်ကောက်သတင်းကို ဓာတ်ပုံယူရန်အတွက် မင်းဘူးသို့သွားရန်ချိန်းပါတယ်။ ဆိုင်ကိစ္စ ပြီးတာနဲ့ မင်းဘူးဘက်ကို သူနဲ့ နှစ်ယောက်သွားကြတယ်။ သစ္စာမေတ္တာဆရာတော်ထံ ထီ(၂)အုပ်ကပ်တယ်။ ငွေ(၃၀၀၀ိ) လှူတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ နှစ်ခေါက်သွားရတယ်။ ဒုတိယခေါက်မှာ တော်တော်စောင့်ရပါတယ်။ ဒု ဦးစီးမှူးလာမှ နဂါးလက်ကောက်ကြီးရဲ့ ဓာတ်ပုံများကို ရပါတယ်။ မသိရသေးတဲ့ သတင်းအချက်အလက်များကိုလည်း ထပ်မံရရှိလိုက် တယ်။ အဲဒီရုံးကအထွက်မှာ မော်တော်ဆိုင်ကယ်နောက်ဘီးပေါက်တယ်။ နောက်ဘီးကျွတ်အသစ်လဲလိုက်ရပါတယ်။ ကာကူးကို ထမင်းသုတ်ကျွေးလိုက်တယ်။ နံနက်(၁၀)နာရီသွားတယ်။ နေ့(၂)နာရီမှ ပြန်လာနိုင်ပါတယ်။ နေက တော်တော်ကို ပူနေပါတယ်။ အိမ်ကိုရောက်တာနဲ့ ကျွန်တော့်ဆည်မြောင်းရုံးက ဖုန်းဆက်ခေါ်ပါတယ်။ ရာထူးတဆင့် တိုးတယ် လို့သိရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းများကိ လက်မှတ်ထိုးပေးလိုက်ရပါတယ်။ ဆည်မြောင်းရုံးက အပြန်မှာ ဦးလေးသန်းမြအိမ်ကိုဝင်ပါတယ်။ ဦးလေးက ဆီးရောဂါနဲ့ မန္တလေးသို့ ဆေးကုသွားကြောင်းသိရ ပါတယ်။ အဲဒီကနေ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းသုသေသန တိုင်းရုံးကို ရှာပြီး သွားတယ်။ တိုင်းဦးစီးမှူးက ခရီးထွက်နေကြောင်း သိရတယ်။ ဒါပေမယ့် သူ့ရုံးမှ နဂါးရုပ်ပါ ရွှေလက်ကောက်ကြီးမှာ (ပျူခေတ်)ကဟု အတည်ပြုပြောဆိုလိုက်ပါတယ်။
မင်းဘူး(စကု)မြို့နယ်မှ မြန်မာ-တရုပ်ရေနံသဘာဝဓာတ်ငွေပိုက်လိုင်းတွင်
နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး(၁)ကွင်းတွေ့ရှိ ( ပျူခေတ် လက်ရာဟုဆို)
မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ခနဲကုန်းကျေးရွာတွင် မြန်မာ- တရုပ် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းတူးဖော်ရာမှာ ရှေးဟောင်း ရွှေလက်ကောက်ကြီးတစ်ကွင်းတွေ့ရှိကြောင်း သတင်းကြားသိရ၏။ ထို့ကြောင့် မင်းဘူး(စကု) အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် သတင်းစုံစမ်းခဲ့သည်။ ဒု ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့်တွေ့ဆုံ၍ အောက်ပါအတိုင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် မတ်လ(၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ခနဲပင်ကျေးရွာ၊ ကွင်းအမှတ်(၁၁၆၈)တွင် တရုပ်-မြန်မာရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို စက်ကြီးဖြင့်တူးဖော်သည်။ မြေစာများအား ကုလားပဲခင်းမှာစုပုံထားခဲ့၏။ ၎င်းယာခင်းမှာ ကုလားပဲခင်းနုတ်သိမ်းနေသည်။ ပိုင်ရှင် ဦးဌေးဝင်း၏ ကုလားပဲခင်းအား အလုပ်သမား လက်ခုပ်ပင်ရွာသူ မကေသဇင်ကျော် တို့မှ တံစဉ်များကိုင်ဆောင်ပြီးရောက်လာကြသည်။ ယင်း ကလေးမလေးမှ ကိုင်ထားသော တံစဉ်ဖြင့် မြေစာပုံကို ခေါက်ပြီး ဆော့ကစားနေသည်။ ယင်းသို့ခေါက်နေစဉ် ပစ္စည်းတစ်ခုအား ချိတ်ပါလာ၏။ ထိုပစ္စည်းမှာ နဂါးခေါင်းရုပ်ဖြင့် လက်ကောက်ကြီးတစ်ကွင်း ဖြစ်ကြောင်း မြင်တွေ့ရ၍ ဖခင်ဖြစ်သူထံသို့ ပြန်လာခဲ့သည်။ မင်းဘူးမြို့မှ ပန်းထိမ်ဆိုင်တစ်ဆိုင်သို့ သွားရောက်စစ်ဆေးကြည့်ရာ ရွှေလက်ကောက်ကြီးဖြစ်နေမှန်းသိရ၏။ အလေးချိန်မှာ (၁၆ကျပ်သား၊ ၆ပဲ၊ ၄ရွေးနှင့်လေးပိုင်းတစ်ပိုင်း)ရှိသည် ဟု သိရ၏။ နဂါးခေါင်းကြီးဖြင့် ရှေးဟောင်းလက်ယာ ဖြစ်နေကြောင်း ပြောဆိုသံများထွက်သွားသည်။ ယနေ့ဈေးနှင့်တွက်ကြည့်လျှင် သိန်းတစ်ရာကျော်တန်ဘိုးရှိနေကြောင်း ပြောဆိုကြ၏။ မတ်လ(၁၂)၇က်နေ့တွင် မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ရုံမှ လက်ခုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရီ နှင့်အတူ ရွှေလက်ကောက်ကြီးအား ကောက်တွေ့ထားသူ မကေသဇင်ကျော်နှင့် ဖခင်ဖြစ်သူ ဦးသိန်းလွင်တို့ အား ခေါ်ယူစုံစမ်းမေးမြန်းခဲ့ကြ၏။ ထို့အခါ ဖခင်ဦးသိန်းလွင်နှင့် ရွှေလက်ကောက်ကြီးကို ကောက်ရသူသမီး မကေသဇင်ကျော်တို့မှ ၎င်းရွှေလက်ကောက်ကြီးအား စစ်ဆေးရေးအဖွဲထံသို့ သက်များ၏ရှေ့တွင် အပ်နှံပေးခဲ့ရကြောင်းသိရှိရပါသည်။ ထို နဂါးခေါင်းရုပ် ရွှေလက်ကောက်ကြီးကို ယခုအခါ မင်းဘူးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် ချိတ်ပိတ်သေတ္တာဖြင့် အပ်နှံထားကြောင်း သိရှိရသည်။
``စောစောက ဒေတာတွေက ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒီရွှေလက်ကောက်ကြီးကို ပျူခေတ်ကလို့ ရှေးဟောင်းသုသေသနဌာနက ပြောဆိုပါတယ်။ ပိုပြီးသေချာအောင်တော့ မကွေးမြို့က ရှေးဟောင်းသုသေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးရုံးကို သွားတွေ့လိုက်ပါအုံး။ ပိုပြီးပြည့်စုံစေချင်လို့ပါ။ ကျွန်တော်ဆီကို ရှေးဟောင်းသုသေသနဌာနက ဒီမှာတွေ့ရတဲ့ နဂါးခေါင်းရုပ်ရွှေလက်ကောက်မျိုး မျိုးတူတစ်ကွင်းကို ရှမ်းပြည်နယ်မှာလည်း တွေ့ရှိဘူးတယ်ပြောပါတယ်။ အဲဒီရှမ်းပြည်ကတွေ့ထားတဲ့ ဓာတ်ပုံကိုလည်း ကျွန်တော်တို့ဆီကိုယူလာပြီး ယှဉ်ပြသွားပါတယ်။ ဒါကြောင့် ပျူခေတ်က လက်ရာဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။ ယခု ရွှေလက်ကောက်ကြီးက ပျူခေတ် စောစောပိုင်းလောက်ကဖြစ်နိုင်ပြီး ပိုပြီးရှေးကျနိုင်ကြောင်း ပြောပါတယ်။ဒီ ရွှေလက်ကောက်ကြီးနဲ့ ပတ်သက်ပြီး မင်းဘူးခရိုင်ရုံးကနေ တဆင့်ပို့ပြီး မကွေးတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ်ကို တင်ပြထားပါတယ်။ အဲဒီက တဆင့် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန ကို ဆက်လက်တင်ထားတယ်လို့ သိရပါတယ်။ အဲဒီ တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းညွှန်တဲ့အတိုင်း ချီးမြှင့်ငွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့က ဆက်လက်ဆောင်ရွက်ပေးမှာပါ။ ကောက်တွေ့တဲ့ ပိုင်ရှင်အနေနဲ့ တန်ဘိုးထက်ကို ပိုပြီးရလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တွေ့ဘူး ကြားဘူးတာက ကာလတန်ဘိုးအပြင်+လက်ရာခ နဲ့ ရှေးဟောင်းပစ္စည်း ပေါင်းမယ်ထင်ပါတယ်။ ဥပမာ ပစ္စည်းတန်ဘိုးသိန်း(၅၀) ဆိုရင် နောက်ထပ်ပေါင်းသိန်း(၂၀)လောက်နဲ့ စုစုပေါင်းသိန်း(၇၀) ပေးတယ်ဆိုတဲ့ သဘောပါ။´´ဟု ဒု ဦးစီးမှူး ဦးမျိုးမင်းထွန်းမှ ပြောဆိုပါသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုသေသန၊အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးရုံး ဦးစောလွင် (တိုင်းဦးစီးမှူး)ထံသို့ သွားရောက်ခဲ့ပါသည်။ ယင်း နဂါးခေါင်းရုပ်ရွှေလက်ကောက်ကြီးမှာ ပျူခေတ်မှ ရှေးဟောင်းလက်ရာဖြစ်ကြောင်းကို အထောက်အထားများဖြင့် အတည်ပြုချက်ထုတ်ပြန်၍ နေပြည်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ တင်ပြထားပြီးဖြစ်ပါကြောင်း အတည်ပြု ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment