ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၄၁-၂၀၁၂) ၁-၃-၂၀၁၂ `နွေလို အဖေတစ်ဦးရဲ့ ရင်ပူလှိုင်ခတ်သံ´
ယနေ့ နံနက်(၁၀း၁၅)နာရီ မှာ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို နားထောင်ပါတယ်။ အသံဖမ်းယူထားပါတယ်။ မြန်မာနိုင်ငံတော်မှာ ဖခင်တစ်ဦးတစ်ယောက် ကနေ မိသားစုအားလုံးကို ရင်ဖွင့်နေတယ်လို့ ဆိုရပါမည်။ သမိုင်းစာမျက်နှာအသစ်မှာ မြန်မာနိုင်ငံအစိုးရအသစ်ရဲ့ ပြုပြင်ပြောင်းလှဲမှုများက ကောင်းမွန်နေပါတယ်။ သမ္မတရဲ့ မိန့်ခွန်းများကို မှတ်တမ်းတင်ထားပါတယ်။ ဆောင်းပါးများ ရေးသားဖြစ်ရင်တော့ ကိုးကားမယ်လို့ စိတ်ကူးထားပါတယ်။
နိုင်ငံတော် ကြီးပွားတိုးတက်ချမ်းသာရေးက နေပါအုံး။ ကျွန်တော့် မိသားစု (၃)ယောက် စား ၀တ် နေရေးက ဘယ်လို လုပ်ရပါ့မလဲ။ သမီးကလည်း အမွှေပြတ် တောင်းဆို ခွဲထွက်ခိုင်းပါတယ်။ ယနေ့ လစာ ထုတ်လိုက်တော့ အတိုးပေးလို့ ပိုတဲ့ငွေလေး နှစ်သောင်းကို ကျွန်တော့်ဇနီးကို အပ်လိုက်ပါတယ်။ သားကြီးကလည်း အလုပ်က မရသေးပါ။ ၀န်ထမ်းလစာတိုးဖို့ကလည်း သမ္မတမှ အဓိက ထားပြီး ပြောမသွားဘူး။ အနည်းငယ်သာ တိုးမည်ထင်ပါတယ်။ ဆီဆိုင်ရှေ့က ညောင်ပင်ကြီးကလည်း သစ်ရွက်တွေက ဝေါဝေါကြွေကျနေတယ်။ ကျွန်တော့်စိတ်တွေကလည်း သစ်ရွက်တွေနဲ့ အတူ လွှင့်ပါနေတယ်ထင်ပါတယ်။ တောရောက် တောင်ရောက်ဖြစ်နေမိပါတယ်။ ဘယ်သူ့ကိုမျှတော့ အပစ်မတင်လိုပါဘူး။ ကိုယ့်ပြုသမျှ ကိုယ်သာခံနေရတယ်လို့ဘဲ သဘောထားပါတယ်။ ကျွန်တော်တို့ ဆည်မြောင်းရုံးကလည်း ချောင်သာကို အပန်းဖြေဖို့ ယနေ့ ညနေကားထွက်သွားကြပြီ။ ကျွန်တော်ကတော့ ငွေအတွက် မလိုက်ဖြစ်ပါ။ မနက်ဖြန်မှာ စာနယ်ဇင်း အဖွဲ့ကလည်း ရွှေစက်တော်ဘုရားဖူး တစ်ညအိပ်ခရီးစဉ် ထွက်ကြပါမည်။ ကျွန်တော်ကတော့ မလိုက်လိုပါ။ အိမ်မှာ သာ အင်တာနက်လိုင်း မကောင်းတာလေးကို ဖွင့်ကြည့်လိုက်၊ စာရေးလိုက်၊ ပုတီးစိတ်နေလိုက် လုပ်နေချင်ပါတယ်။ ကျွန်တော့်ဇနီးကတော့ လူတစ်ယောက်မှ ငွေ(၃၀၀၀ိ) သုံးထောင်ဆိုတော့ ထမင်းပါကြွေးမယ်သိရတော့ ကျွန်တော့်ကို လိုက်သွားဖို့ ပြောနေပါတယ်။ သားကြီးကလည်း လိုက်သွားရန်ပြောနေပါတယ်။ ဒါပေမယ့် ကျွန်တော်က မလိုက်ချင်ပါ။ အလိုလိုမှ စားရေး နေရေးတွေးပြီး စိတ်ညစ် စိတ်ပူနေရထဲအထဲ ဘယ်လိုလုပ်ပြီး ဘုရားဖူးသွားနိုင်ပါ့မလဲဗျာ..။
မနက်က ချောက်မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးသန့်ရှင်းမောင်က ဖုန်းဆက်ခေါ်နေပါတယ်။ ချောက်မြို့နယ်ထဲက နတ်စင်ကန်ရွာ စာကြည့်တိုက်ဖွင့်ပွဲပါ။ ယခင်ကတော့ ကျွန်တော်တို့ မကွေးစာနယ်ဇင်းမှ စာရေးဆရာ သုံးဦးနဲ့ ဟောပြောကြဖို့ စီစဉ်ထားတာပါ။ ယခုတော့ ရန်ကုန်မြို့မှ စာရေးဆရာသုံးဦးတို့နဲ့ ပွဲမိန့်ခံပြီး စီစဉ်ကြပါတယ်။ ကျွန်တော်တို့ က လိုရ မယ်ရ မရှိသုံးမဲ့ အရန်ဘောလုံးသမားများလိုပါဘဲဗျာ..။ ဒါ ကျွန်တော်တို့ကို စော်ကားသလို ဖြစ်နေတာပေါ့။ ကိုနေခြည်ကဆိုရင် ကျွန်တော်တို့ကို သက်သက် အသုံးချခံလိုက်ရတာဘဲ ပြောဆိုပြီး စိတ်တိုနေပါတယ်။ ဒီကိစ္စကို ပြောရင်း ငွေတိုးလဲ ပေးရင်းဆို ကိုတင်လင်းဇော် ဆီ(ပညာရေးကောလိပ်)သို့ဝင်ပါတယ်။ ကျောင်းမှာလည်း မတွေ့၊ အိမ်ကလည်း သော့ခပ်ထားတော့ ပြန်လာခဲ့ရပါတယ်။ အိမ်ကို ပြန်ရောက်တော့ နေကလည်း နွေရာသီ တစ်ပေါင်းလ တော်တော်ပူသဗျ။ သစ်ရွက်တွေက လေထဲမှာ ချာလည် ချာလည်နဲ့ ကြွေ ကျွန်တော့်စိတ်တွေကလည်း တော်တော်ကို လေနေမိပါတယ်။
ကျွန်တော့်ရဲ့ နေ့ည မရွေး အားမနာရတဲ့ ထာဝရမိတ်ဆွေကြီး ADSL အင်တာနက်လိုင်း ကလည်းမရှိတော့ ရင်ထဲမှာ ဟာတာတာဖြစ်နေပါတယ်။ ဒါနဲ့ ဇာမနည် ဆေးကျောင်းသားစာအုပ်ဆိုင်သို့ သွားပါတယ်။ စကိုင်းနက် အင်တာနက်လိုင်း (၁)နာရီစာ အသုံးပြုရတဲ့ ကဒ် (၁၀)ခု၊ ငွေ(၃၀၀၀ိ)ဖိုးဝယ်လိုက်ပါတယ်။ ရုံးပိတ်ရက် (၃)ရက်အတွက် စိတ်ရဲ့ထွက်ပေါက် တံခါးများကို အင်တာနက်ကနေ ဖွင့်ရပါတော့မည်..။
0 comments:
Post a Comment