ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၆၂-၂၀၁၂) ၂၂-၃-၂၀၁၂ ` မတ်လ(၂၆/၂၇)ရက်နေ့များတွင် ဂြိုလ်သုံးလုံးတိုက်´
လနှင့်ကြာသပတေးဂြိုလ်၊ သောကြာဂြိုလ်များ၊ ဂြိုလ်သုံးလုံးတိုက်ကြ ပူးကြပါတော့မည်။ နယူးဝီခ်(စောင့်ကြည့်) ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ မတ်လ(၂၅)ရက်နေ့၊ ည(၉)နာရီမှာ အနောက်ဘက်ကို မျက်နှာမူကြည့်ရင်မြင်ရမည်။ မတ်လ (၂၆/၂၇)ရက်နေ့ နေ့လည်(၁)နာရီမှာ မွေးဖွားတဲ့ကလေးတွေ တံခိုအာဏာ ကံဇာတာများကောင်းမည်လို့ ဖတ်ရပါတယ်။ နံနက်ပိုင်းဂျနယ်ဖတ်ပြီး အင်တာနက်သတင်း၊ အီးမေးလ်ပို့၊ မီးလာတုန်း ကွန်ပျူတာဖွင့်ပြီး စာရေးရပါတယ်။ တော်ကြာနေ လျှပ်စစ်မီးကပျက်ပါတော့မည်။ မကွေးမြို့မှာ (၁၀)တန်းစာမေးပွဲ ဖြေတဲ့ရက်မှ ယနေ့အထိ မီးက မကြာခဏ ပျက် ပျက်နေပါတယ်။ ညကဆိုရင် တော်တော်နဲ့ မီးမလာပါ။ ပူကလည်းပူ အိုက်ကလည်းအိုက်နဲ့ အိပ်လို့မရဖြစ်ရပါတယ်။ ရပ်တောင်လေးခပ်ပြီး အိပ်ရပါတယ်။ ည(၁၁)နာရီကျော်မှ မီးက ပြန်လာပါတယ်။
မီးလာတုန်း အင်တာနက်ကြည့်မယ် ကိုနေခြည် သတင်းစာမူတစ်ပုဒ်ကို ရှိတ်ဂျနယ်တိုက်သို့ပိုးပေးရပါမည်။ အင်း ရှိတ်ဂျနယ် သတင်းပို့ဖို့က ဖြန့်ချိရေး ကိုမြင့်ဇော်ဦး ရှိနေတာဘဲ။ နောက်စာမူများ သူ့ကိုခိုင်းရန်ပြောရပါမည်။ ဒီမှာက အရင်လို ADSL လိုင်းကမရှိတော့ဘူးလေ။ စကိုင်းနက်လိုင်းကို နာရီနဲ့ ပို့ရတာဆိုတော့ တစ်ခါတစ်လေ အင်တာနက်လိုင်းက မကောင်းပါ။ တစ်နာရီကြာတာကို အီးမေးလ်တစ်ဆောင် မနည်းရောက်အောင် ပို့နေရပါတယ်။ အဲ ဒီကိစ္စတွေပြီးရင် ကိုနိုင်ဝင်းဆီသွားပြီး ပါဝါပွိုင့်သုံးနည်းကို တပည့်ခံသွားရပါအုံးမည်။ စာပေဟောပြောပွဲတွေမှာ ပါဝါပွိုင်းကိုသုံးပြီး စာဖတ်ပြောမယ်။ ပရော့ဂျက်တာ ပါရင် ဆလိုက်ထိုးပြပြီးပြောနိုင်အောင် တဆင့်တက်ပြီး ကြိုးစားရပါမည်။
မကွေးမြို့နယ်NLD မှ ခွပ်ဒေါင်းကြီးဖြင့် `အမေစု´ကိုစောင့်ကြိုနေ
၂၃-၃-၂၀၁၂ နေ့ နံနက်(၆)နာရီမှစ၍ မကွေးမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ (NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းကြီးနှင့်ကြယ်ဖြူပါ) အလျားပေ(၂၀)၊ အမြင့် (၈) ပေရှိ ရွှေရောင်ခွပ်ဒေါင်းရုပ်ကြီး နှင့် အလျား(၈)ပေ၊ အမြင့်(၄)ပေရှိ ခွပ်ဒေါင်းရုပ်တင်ဆောင်ထားသော ကားနှစ်စီးဖြင့်အတူ မော်တော်ယာဉ်အစီး(၁၅)စီး၊ မော်တော်ဆိုင်ကယ်များအစီး(၃၀)ခန့် သည် မကွေးမြသလွန်ဘုရားသို့သွားရောက်ပူဇော်ကြသည်။ ထိုမှ ဈေးလယ်စိုးရပ်ကွက်၊ ဆုံရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကံသာ၊ မြင်သာရပ်ကွက်၊ ရန်ပယ်ရပ်ကွက်များမှ လမ်းမကြီးများနှင့် မကွေးမြို့တွင်းသို့ NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းကြသည်။ မကွေးမြို့နယ်NLD ပါတီ မှ ကြားဖြတ်ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့် ဦးမြင့်သိန်း၏ ကိုယ်ရေးကျဉ်း ပန်းဖလက်များဝေငှခြင်း။ NLD ပါတီအောင်နိုင်ရေးသီချင်းခွေများ၊ တီရှပ်များ၊ စတေကာများ၊ ခေါင်းစည်းများ၊ NLD ပါတီတံဆပ်ပါ အလံ အမျိုးမျိုးတို့အား ရောင်းချဝေငှနေကြောင်း မြင်တွေ့ရ၏။
` ဒီ ခွပ်ဒေါင်းကြီးနဲ့အတူ ၂၇-၃-၂၀၁၂ နေ့မှာ မကွေးမြို့ကို ရောက်လာမဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ``အမေစု´´ကို လူထုအင်အားအပြည့်နဲ့ ကြိုဆိုဖို့ ကျွန်တော်တို့စီစဉ်ထားကြပါတယ်။ အမေစု မလာခင် ဒီနေ့မတ်လ(၂၃)ရက်နေ့ကနေ မတ်လ(၂၆)ရက်နေ့အထိ နေ့စဉ်၊ နေ့တိုင် မကွေးမြို့ထဲမှာ NLD ပါတီအောင်နိုင်ရေးအတွက် လှည့်နေကြမှာပါခင်ဗျာ..´ ဟု စည့်းရုံးရေးဆင်းနေတဲ့ လူငယ် ကိုအောင်လွင်မှပြောပါသည်။
၂၇-၃-၂၀၁၂ နေ့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ မရရှိသေးကြောင်း ကြားသိရ၏။ ` မမေစု လာရင် ဟောပြောဖို့နေရာကို ယနေ့အထိ သက်ဆိုင်ကအကြောင်းမပြန်သေးဘူး။ သက်ဆိုင်ရာက ဟောပြောပွဲမလုပ်ခင် (၄၈) နာရီမှ ကြိုတင်ပြောမယ်လို့ သိရတယ်။ ဒီလောက် နေရာကျယ်ကျယ် ဧရိယာကြီးကို ဒီလိုအချိန်တိုလေးအတွင်း ပြင်ဆင်ရမှာဆိုတော့ တော်တော်ဒုက္ခရောက်ကြတာပေါ့ဗျာ..။ ဘယ်နည်း ဘယ်ပုံဖြစ်ဖြစ် အဆင်ပြေအောင်တော့ ကြိုးစားသွားကြမှာ..´ ဟု လူငယ် ကိုအောင်လွင်မှ ဆက်လက်ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ည(၈)နာရီ သတင်းမှ ၂၇-၃-၂၀၁၂ နေ့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ မကွေးမြို့နှင့် သုံးမိုင်ခွဲခန့်ဝေးသော ကံလှကျေးရွာနှင့် နတ်ကန်ကျေးရွာကြားက ယာခင်းများ ကွင်းပြင်ကြီးတွင် စီစဉ်ထားကြောင်း ဦးအောင်လွင်က ပြောကြားပါသည်။ ကော်မရှင်မှ ပေးသောနေရာမှာ ကျမ်းမာရေးတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ကြားမှ ချောက်တောများကို ချပေးထားကြောင်း၊ ယင်းနေရာမှာ ကျင်းပရန် ခက်ခဲသောနေရာဖြစ်ပါတယ်။ ဒါကြောင့် ယာခင်းများ ကွင်းပြင်ကြီးကိုရွေးချယ်ကြရပါတယ်။ ယာခင်းပိုင်ရှင်များကိုယ်တိုင် NLD အောင်နိုင်ရေးအဖွဲ့သို့ လာရောက်ဆက်သွယ်လို့ ရွေးချယ်လိုက်ကြရပါတယ်။ မနက်ဖြန် ၂၄-၃-၂၀၁၂ နေ့ နံနက်(၉)နာရီမှာ အစည်းအဝေးထိုင်ပြီး အတည်ပြုကြမည်ဖြစ်ကြောင်း ကိုအောင်လွင်မှ ဆက်လက်ပြော ဆိုပါသည်။
0 comments:
Post a Comment