ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၁၁-၅-၂၀၁၂)၁၁-၅-၂၀၁၂`သတင်းသမားဆိုတာ အခြားသတင်းဂျာနယ်တွေကိုလည်း ဖတ်ပေးရပါတယ်´
နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်တယ်။ ပဌာတ်ရွတ်တယ်။ နံနက်ပိုင်း မြို့နယ်ပြန်ဆက် ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော် လာတယ်။ ၇-၄-၂၀၁၂ မှ စာဖတ်ရှိန် မြှင့်တင်ရေးမှ ဓာတ်ပုံများကို လာတောင်းတယ်။ ကျွန်တော်ကလည်း ဖျက်ပြီးသွားတယ်။ ဒါကြောင်း သတင်းပို့ပေးထားတဲ့ အီးမေးလ်ထဲက ဒေါင်းလုပ်ပြန်ဆွဲယူပြီး ရသလောက်သာ ပေးလိုက်ပါတယ်။ နောက် ကိုနေခြည်လာတယ်။ ယနေ့ထွက်တဲ့ သတင်းဂျာနယ် အစုံကို အေးအေးဆေးဆေးယူပြီး ဖတ်ပါတယ်။ နေ့စဉ်ရေးနေကြ ကိုယ့်အကြောင်း သူများအကြောင်းနှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အခန်းဆက် မရေးဖြစ်တာ(၃)ရက် ကြွေးတင်နေတယ်။ ဒါကြောင့် ယနေ့ရေးရပါမည်။ ပြင်ဆင်လိုက်တယ်။ လျှပ်စစ်မီးက ဖြတ်ကနဲ ပြတ်သွားတယ်။ အင်း မကွေးမြို့ လျှပ်စစ်မီးကို ဘယ်လို အလှည့်ကျပေးသလဲ ဆိုတဲ့ အင်တာဗျူးသတင်းလိုက်ရပေဦးမည်။ သတင်းသမားဆိုတာ အများအတွက် နေရာတကာမှာ ငပွကြီးလုပ်သင့်ရင်လည်း လုပ်ရပါမည်။ မနက်ဖြန် (၁၂-၅-၂၀၁၂) ရွှေထနောင်း ကုမ္ပဏီမှ အောင်မြေကုန်းကျေးရွာ တောင်သူတွေကို ငွေထုတ်ချေးရန် သွားကြမည်လို့ ကြိုတင်ဖိတ်ကြားထားတယ်။ ကိုနေခြည် ကို လိုက်ခဲ့ရန် ခေါ်ထားပါတယ်။ သူတို့ ဖုန်းဆက်ပြီး ခေါ်ရင်တော့ လိုက်သွားပါမည်။ ယခု စာရေးနေချိန် နေ့လည်မှ လျှပ်စစ်မီးက ပြန်လာပါတယ်။ (၃)ရက်အတွက် ရေးသားဖို့ စာကြွေးများကို ချရေးသားနေပါတယ်။ ကျွန်တော်ရေးသားနေတာတွေက နေ့စဉ်ဒိုင်ယာရီမဟုတ်၊ ဆောင်းပါးမဟုတ်၊ ရသစာတမ်းမဟုတ်၊ သတင်းလည်း မဟုတ်ဆို ဖတ်ရသူများ စိတ်ပျက်သွားမှာ စိုးရိမ်မိပါတယ်။ မကြိုက်ရင်လည်း လေးစားစွာ တောင်းပန်အပ်ပါတယ်။ ကြိုးစားပြီး ဆက်လက်ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ..။
ညနေ ဆရာကြီး မကွေးဝင်းမြင့်လာတယ်။ ဈေးဆိုင်မှာ လူစောင့်မရှိလို့ လက်ဖက်ရည်ဆိုင်ကို မထိုင်နိုင်ပါ။ ညနေပိုင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အဖွဲ့ဝင်လျှောက်လွှာများကို အီးမေးပို့ပေးပါတယ်။
`အညာမြေလတ်ဒေသ မှာ မိုးဦးကျစော၍ မြေပဲတွေ နှမ်းတွေ စတင်စိုက်ပျိုး´
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင်းမှ သဖန်းဆိပ် ဧရာဝတီမြစ်ရေစီမံကိန်း ရေတင်မြောင်းဘေးရှိ ကျေးရွာများမှ တောင်သူများ၏ ယာခင်းများတွင် (၈-၅-၂၀၁၂) နေ့တွင် မိုးဦးကျစော၍ မိုးသဲပြီးရွာချကြောင်းသိရသည်။ ၎င်း နေ့နောက်ပိုင်းတွင် တောင်သူများသည် မိမိတို့ယာခင်းများတွင် ပဲ နှင့် နှမ်းသီးနှံများစတင် ကျဲချစိုက်ပျိုးကြောင်း မြင်တွေ့ရပါသည်။ ထိုယာခင်းများသည် ဧရာဝတီမြစ်ရေစီမံကိန်းမှ ရေတင်ပေးဝေနေသော မြောင်းဘေးမှာရှိနေသော်လည်း မိုးကိုသာ မျှော်၍ ရှေးအစဉ်အလာမပျက် စိုက်ပျိုးနေကြကြောင်းသိရသည်။ သက်ဆိုင်ရာ မှလည်း ၎င်းယာမြေများတွင် စပါးစိုက်ပျိုးခိုင်း ကြောင်း သိရသည်။ တောင်သူများကလည်း ကုန်ခေါင်ခေါင်ယာခင်းမှာ စပါးကို မစိုက်ရဲဘူး။(မဖြစ်နိုင်ဘူး) ဟု ဆိုကြသည်။ ဒေသခံ အသက်(၇၀)ရှိ ဘကြီး ဦးကျော်မှ ဤသို့ဆိုပါသည်။
`နိုင်ငံတော်အစိုးရက မြစ်ရေတင်စီမံကိန်းနဲ့ ရေကိုရအောင်တင်ပေးသော်လည်း ကျုပ်တို့ရွာမှ လူတွေက တန်ဘိုးရှိအောင် အသုံးမချတတ်ကြဘူး။ မြောက်အုံးသီးရသလို ခွဲမစားတတ်ဘူးဖြစ်နေတာပါဗျာ..။ သက်ဆိုင်ရာကလည်း မစိုက်ချင်တဲ့ စပါးကိုသာ စိုက်ခိုင်းနေတာ။ ဒါပေမယ့် ဒီနှစ် နွေကာလကြီးထဲမှာ မြောင်းရေအားကိုးနဲ့ နွေနှမ်းတွေကို ဧက(၇၀)ကျော်လောက် ဒီယာမြေတွေကိုငှါးပြီး စိုက်ပျိုးသွားလို့ အောင်မြင်တာကို မြင်လိုက်ရပါတယ်။ ဒီဇယ်အင်ဂျင်ပန့် တွေနဲ့ ရေစုပ်တင်ရတော့ စရိတ်ကြီးတာပေါ့။ လျှပ်စစ်မီးကို ရွာတွေနဲ့ မြောင်းဘောင်ဘေးတွေအထိ မီးပေးရင်တော့ ဒီမြောင်းရေကို အသုံးချစိုက်ပျိုးနိုင်ကြမယ် ထင်ပါတယ်။ ယခုတော့ ရေမြောင်းထဲမှာ ရေတွေဒလောဟော စီးဆင်းနေတာမြင်ရပေမယ့် မိုးကိုသာ မျှော်ပြီး စိုက်ပျိုးနေကြ တယ်ဗျာ..။ ကျုပ်တို့ဆီမှာ စိုက်စရာမြေတွေလဲ အများကြီးရှိနေပါတယ်၊ နည်းပညာတွေနဲ့ အရင်းအနှီးသာလိုအပ်နေကြပါတယ်´ ဟု ပြောဆိုနေ၍ သတင်းရယူခဲ့ပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment