ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၇၀-၂၀၁၂) ၃၁-၃-၂၀၁၂ `ယဉ်ကျေးလိမ္မာသင်တန်းနောက်ဆုံးရက် နှတ်ဆက်တဲ့နေ့´
နံနက်ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းနောက်ဆုံးရက်နေ့ ဟောပြောဖို့သွားတယ်။ ဒီနေ့တော့ ကလေးတွေနဲ့ နှတ်ဆက်စကား ပြောပြီး ၁၉၉၇ ခုနှစ်က ရွှေပေါ်ကျွန်း ဓမ္မပဒေသာစာစောင်မှာ ကျွန်တော်ရေးသားခဲ့တဲ့ (ငြိမ်းအေးမှုဆီသို့) ဆောင်းပါးထဲက အကြောင်းကိုပြောပါတယ်။ ဆရာတင်လင်းဇော်တို့ ဇနီးမောင်နှံရောက်လာတယ်။ ဆရာတင်လင်းဇော် ကလည်း နှတ်ဆက်ချိန် တစ်ချိန်ဝင်ပေးပါတယ်။ အဲဒီနေ့က ကလေးတွေကို မှုန့်ဟင်းခါးကျွေးပါတယ်။ ကျွန်တော်လည်း အစားလွန်သွားတယ်။ တော်တော်ကောင်းတဲ့ မှုန့်ဟင်းခါးဖြစ်ပါတယ်။ အစားများသွားတော့ အိမ်ရောက်ရောက်ချင်း ဆရာ မကွေးဝင်းမြင့်ဖော်ထားတဲ့ သွေးကျဆေး(၄)ပြား စားရပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းက အပြန်မှာ ဆရာတင်လင်းဇော် တို့နဲ့ ပန်းရစ်တောင်ပေါ်မှာ ကိန်းဝတ်စံပယ်တော်မှုတဲ့ သီဟိုဠ်မှ ပင့်ဆောင်လာသော စွယ်တော်ကို ဖူးကြပါတယ်။ ပန်းရစ်တောင် ဆရာတော်လေးမှ ဒီ စွယ်တော်ပင့်ဆောင်လာတဲ့ သမိုင်းအကျဉ်းရေးသားထားတဲ့ စာအုပ်ကိုပြပါတယ်။ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းယူလာပါတယ်။ စွယ်တော်ဓာတ်ပုံများကို ဆရာတော်မှ လက်ဆောင်ပေးလိုက်ပါသေးတယ်။ ယခု ကိစ္စမှာ ဆရာတင်လင်းဇော်ရဲ့ ရန်ကုန် မိတ်ဆွေတစ်ဦးက သီဟိုဠ်ပြည်မှ မြန်မာပြည်ရှိ စွယ်တော်များ စာအုပ်ရေးသားဖို့ မကွေးမှ သိဟိုဠ်စွယ်တော်အကြောင်းကို လှမ်းတောင်းလို့ လာရောက်သတင်းယူပေးခြင်းဖြစ်ပါတယ်။ ပန်းရစ်တောင်ပေါ်မှာ တော်တော်အချိန်ကြာပါတယ်။ ထူးထူးဆန်းဆန်း ကြောင်ကလေး မဖြူဆိုသူကို တွေ့မြင်ခဲ့ရပါတယ်။ မဖြူလေးရဲ့ ထူးခြားချက်ကတော့ မျက်လုံး နှစ်လုံးက တစ်ဘက်က အ၀ါ၊ ကျန်တစ်ဘက်က အပြာ ဖြစ်နေပါတယ်။ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်လာပါတယ်။ အဲဒီကနေ အိမ်ပြန်တယ်။
အိမ်ရောက်တာနဲ့ မကွေးမြို့တော်ခန်းမမှာ ကျင်ပနေတဲ့ နီဘန်း ကုမ္ပဏီဈေးရောင်းပွဲတော်ကို တန်းသွားကြပါတယ်။ မော်တော်ကား (၃)စီး ကံစမ်းမဲပေးမယ့် နာရီနန်တော်ဆိုင်ကိုဝင်ပါတယ်။ သိလိုတာများကို အင်တာဗျူးခဲ့တယ်။ နောက် ကွန်ကရစ်အုပ်စက် အရောင်းဆိုင်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့် ၀င်ရောက်ကြည့်ရှုပြီး သိလိုတာများ ကို အင်တာဗျူရပြန်ပါတယ်။ ဂျာနယ်ဆိုင်တစ်ဆိုင်ကတော့ ဂျာနယ်များ(၄၀၀၀ိ)ဖိုးဝယ်ရင် ဗလာမပါ ကံစမ်းမဲ ပေးတယ် ဆိုပြန်တယ်။ အင်း ဂျာနယ်တစ်စောင်(၄၀၀/၅၀၀)ကျပ်ရောင်းနေတဲ့ ခေတ်မှာ သူတို့ဂျာနယ်ကို ငွေလေးထောင်ဖိုးဝယ်မှ ပေးမယ်ဆိုတော့ တော်တော်စဉ်းစားစရာပါ။ သူတို့ဂျာနယ်အမည်ကိုတော့ မဖော်ပြတော့ပါဘူး။ ခန်းမကနေ ဆိုင်ပြန်ရောက်ရောက်ချင်း ယနေ့ထွက်တဲ့ ဂျနယ်များကိုဖတ်တယ်။ နံနက်စောစောအိပ်ယာထခဲ့တဲ့ ရက်တွေကများလာ လို့ထင်ပါတယ်။ အိပ်ချင်စိတ် ပြင်းထန်လာတယ်။ အိပ်ပစ်လိုက်တယ်။ အိပ်ချိန် နှစ်နာရီကျော်ကျော်ကြာသွားတယ် ထင်ပါတယ်။ အိပ်ယာထတော့ လျှပ်စစ်မီးက ပြန်လာနေတယ်။ ဒါကြောင့် နေ့စဉ်ရေးနေကြ ဆောင်းပါးအခန်းဆက်ကို ဆက်ရေးရပါတယ်။ မနေ့က မရေးဖြစ်တဲ့ အကြွေးစာကို ယနေ့ပေါင်းပြီး ရေးလိုက်ရပါတယ်။ သတင်းကတော့ ဘာသတင်းမှ ထူးထူးခြားခြားမဖြစ်ပါ။ မနက်ဖြန်ရွေးချယ်ပွဲအတွက် ပါတီတွေတက်ကြွစွာ မကွေးမြို့ထဲမှာ လှည့်လည်နေကြပါတယ်။
`မကွေးမြို့နယ်တွင်းမှာ ပါတီ(၃) ပါတီ အပြိုင်အဆိုင်စည်းရုံးနေကြပြီ´
မတ်လ(၃၀)။ ။
မကွေးမြို့နယ်အတွင်းမှာ ယှဉ်ပြိုင်ကြမည့်ပါတီများ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်များမှာ (၁) ပြည်ခိုင်ဖြိုးပါတီ မှ ဦးအောင်သိန်းကျော်။ (၂) NLD ပါတီမှ ဦးမြင့်သိန်း။ (၃) တ.စ.ည ပါတီမှ ဦးလှမြင့်။ (၄) NDF ပါတီမှ ဦးကျော်စိန်ဟန် တို့ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်စာရင်းအရ သိရသည်။ မကွေးမြို့နယ် အတွင်းမှာ ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅)၊ ဆန္ဒပြုခန်း(၆၂၂)၊ မဲပုံးပေါင်း(၂၆၅) ရှိပြီး (၂၄-၃-၂၀၁၂) နေ့ထိစာရင်းအရ မဲဆန္ဒရှင်ဦးရေ (၁၇၉၃၅၈) စာရင်းပြထား၍ တိုး/လျော့ (+) ၂၇၃၉ ဟု ဖော်ပြထားသည်။ ဆန္ဒမဲစာအုပ်(၃၉၆၈)၊ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိပ်(၂၉၇၆၀) ထုတ်ပေးထားကြောင်း ၂၀၁၂၊ မတ်လ(၂၆)ရက်နေ့၊မကွေးမြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက်ခဲ့စဉ် စစ်ဆေး ရှင်းလင်းပွဲမှ သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းမှာ ၂၀၁၂၊ ဧပြီလ(၁)ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးချယ် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြ၍ ကိုယ့်ပါတီ အောင်နိုင်ရေးကိုကြိုးစားပြီး ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် တစ်အိမ်တက်ဆင်း မဲပေးရန်အတွက် မတ်လ(၂၃)ရက်နေ့ကစပြီး မတ်လ(၃၀)ရက်နေ့အထိ စည်းရုံးရေးဆင်း နေကြကြောင်း မြင်တွေ့ရသည်။ လှည့်လည် စည်းရုံးရေးဆင်းနေကြသော ပါတီများမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တို့သည် အင်အားများ အသုံးပြု၍ တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဝေငှနေကြောင်း မြင်တွေ့ရသည်။ `အချို့ပါတီတွေက မစားရ ၀ခမန်း ဟုတ်လည်းမဟုတ်ဘဲနဲ့ ပြောနေကြတယ်ဗျာ..´ဟု အသက်(၆၅)အရွယ်လူကြီးတစ်ဦးကဆို၏။ `အချို့ပါတီကလဲ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဆိုသလို အင်အားတွေက ပြလွန်း အားကြီးနေပါတယ်တော်..´ဟု အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦးကဆိုပြန်သည်။ `အချို့ပါတီကတော့ ဆင်းကြံ ကြံနေကြတယ်ဗျို့´ ဟု အသက်(၆၀) အရွယ်ရှိ တောနယ်မှ တောင်သူဦးကြီးတစ်ယောက်က ပြော၍ သတင်းရယူခဲ့သည်။
0 comments:
Post a Comment