ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၆၄-၂၀၁၂) ၂၅-၃-၂၀၁၂ `သတင်းသမား မဟားတရားငွေလိုချင်သူ´
ညက (၁)နာရီထိ သတင်းရေးလို့ အိပ်ယာထနောက်ကျပါတယ်။ ပဌာန်းရွတ်နေစဉ် ကိုကာကူး (ခ)သီဟဘုန်းမိုရ် ရောက်လာတယ်။ သူပေးတဲ့ သတင်းများရေးပြီးကြောင်း၊ တစ်ပုဒ်ရေးရနကျန်နေကြောင်း ပြောဆိုမိပါတယ်။ မနေ့က ဦးဟန်မောင်(ဧရာဝတီ ရှုခင်းသာ) မလာသေးဘူးလားမေးပါတယ်။ ယနေ့နံနက်မှာ သူက ဦးဟန်မောင်ဆီ ဖုန်းဆက်ထားကြောင်း ကျွန်တော့်ထံသို့ စာမူခ လာပေးမည်လို့ပြောပါတယ်။ ကိုကာကူး ကျွန်တော့်ထံမှ စောင့်နေပါတယ်။ တော်တော်ကြာတော့ မလာနိုင်လို့ ကျွန်တော့်ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့ရန် ကာကူးမှ တောင်းဆိုပါတယ်။ ကျွန်တော်က သတင်းသမား သိက္ခာကျမယ် ၊ မလိုက်နိုင်ကြောင်းပြောပါတယ်။ သူက ဆိုင်ကယ် တက်ကစီငှါးပြီး သွားမယ်ဆိုတယ်။ ဒါကြောင့် ကျွန်တော်က ဦးဟန်မောင်ထံသို့ စာရေးပေးလိုက်ရပါတယ်။ သူလည်းသွားတော့ ညက မပြီးသေးတဲ့ သတင်းတစ်ပုဒ်ကို ဆက်ရေးပါတယ်။ အားလုံးသတင်း(၅)ပုဒ်ရေးပြီးသွားတယ်။ ဒီသတင်းတွေက ကိုကာကူး မှ ပေးတဲ့သတင်းများ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရေးထားတဲ့ သတင်းတွေကို လိုအပ်ရင် အခမဲ့ အီးမေးလ်ပို့ပေးမယ်လို့ တာဝန်ယူ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် သူ့က ကိုယ့်ကို မယုံဘူးထင်ပါတယ်။ ဒါကြောင့် ဆက်၍ မပြောတော့ပါ။ ကျွန်တော်ရေးပြီးသား သတင်းများကို မြန်မာပို့စ် သတင်းဂျာနယ်တိုက်သို့ အီးမေးလ်ပို့လိုက်ပါတယ်။ မူခင်းသတင်းက ယခု ကာကူးဆီမှလို့သာ ရေးဖြစ်ပါတယ်။
တရုပ်- မြန်မာရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင်
တရုပ်အရာရှိ(Mr Huang Tong)အား ဓားထိုးခံရ
မင်းဘူး(စကု)။ မတ်လ(၁၈)။
မင်းဘူး(စကု) မြို့နယ်၊ ကုန်းသာကျေးရွာအနီးရှိ တရုပ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင် ၂၀၁၂ ခု၊ မတ်လ(၁၈)ရက်၊ ည(၁၀)နာရီအချိန်ခန့်မှာ တရုပ်အရာရှိ (Mr Huang Tong) ဆိုသူအား ဓားထိုးခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါ တရုပ်အရာရှိအသုံးပြုသော (ပါဂျရိုကား) ယာဉ်အမှတ် ၆ခ/၆၀၈၂ အား မောင်းနှင်သော ဒရိုင်ဘာ တင်စိုး သည် အရက်မူး၍ စခန်းတွင်းရှိ ယာဉ်မောင်းများ အိပ်ဆောင်တံခါး သံဇကာအား ခြေထောက်ဖြင့် ဆောင့်ကန်နေ၏။ ထိုစဉ် တရုပ်အရာရှိ (Mr Huang Tong)သည် သူ၏ စကားပြန်ကို သွားရောက်၍ တင်စိုးအား တားမြစ်ရန်စေခိုင်းခဲ့သည်။ ထိုအခါ တင်စိုးမှ အရိုးအသွား(၈) လက်မခန့်ရှိ စတီးမောင်းချဓါးဖြင့် တရုပ်အရာရှိ (Mr Huang Tong)ထံသို့ လာရောက်ပြီး ဂုတ်ပိုး၏ ၀ဲဘက်အခြမ်းကို ထိုးချလိုက်သည်။ (၂)လက်မခန့်အနက်ထိ ဓါးသွားဝင်သွား၏။ ထို့နောက် ယာဉ်မောင်း တင်စိုးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ တရုပ်အရာရှိ လူနာမှာ မင်းဘူးခရိုင်ဆေးရုံကြီးသို့ တက်ရောက်၍ ကုသပြီး ၎င်းဆေးရုံမှတဆင့် မတ်လ(၁၉)ရက်နေ့တွင် မန္တလေး အထွေထွေကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။ ထို တရုပ်အရာရှိ (Mr Huang Tong)သည် ဓါးဒါဏ်ရာကြောင့် ပေါက်သွားသောသွေးကြောကို ပြန်ပိတ်နိုင်ခဲ့ကြောင်း၊ အသက်ရှုလေပြွန်အား ထိခိုက်ခြင်းမရှိကြောင်း၊ အသက်အန္တရာယ် အား စိုးရိမ်စရာ မရှိပါကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ ဤ အမှုနှင့် ပတ်သက်၍ တရုပ်အရာရှိမှ မင်းဘူး(စကု) မြို့နယ် စကုရဲစခန်းတွင် (ပ)၂၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်းသူ ယာဉ်မောင်း တင်စိုး(၄၂)နှစ်၊ (အဘ) ဦးစံငြိမ်း၊ (ဟိန်းထက်ခန့်ကုမ္ပဏီ မန္တလေးမြို့) အား မတ်လ(၁၉)ရက်နေ့မှာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိကြောင်းသိရ၏။ တင်စိုး၏ ထွက်ဆိုချက်အရ ပိုက်လိုင်းစခန်း၏ အနောက်ဘက်(၁)မိုင်ခန့် အကွာတွင်ရှိသည့် ဖျောက်ဆိပ်ပင်အောင်၌ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ပြီး ၀ှက်ထားခဲ့သော အရိုးအသွား(၈)လက်မခန့်ရှိ စတီးမောင်းချဓါးကို လိုက်လံပြသ၍ ရဲတပ်ဖွဲ့မှ သက်သေခံအဖြစ် သိမ်းယူခဲ့သည်။ ယင်းအမှုကို သက်ဆိုင်ရာ မင်းဘူး(စကု)မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စကုရဲတပ်ဖွဲ့စခန်းမှူးနှင့် စကုရဲတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment