ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၁၉-၅-၂၀၁၂) ၁၉-၅-၂၀၁၂ `မီဒီယာသမား လာဘ်မမျှော်ရပါ´
နံနက်စောစော(၄း၃၀)နာရီ အိပ်ယာထတယ်။ ဘုရားဝတ်တက်ကိစ္စပြီးအောင် လုပ်တယ်။ ဈေးဆိုင်ဖွင့်တယ်။ စကိုင်းနက် အင်တာနက်လိုင်းက နံနက်စောစောလည်း မကောင်း၊ နေမြင့်တော့လည်း မကောင်းပါ။ ယနေ့ထွက်တဲ့ သတင်းဂျာနယ်တွေကို ဖတ်တယ်။ မြန်မာပို့စ် ဂလိုဘယ်ထဲမှ NLD ဦးဝင်းတင် နဲ့ NDF ဦးခင်မောင်ဆွေ တို့ အင်တာဗျူးများကို ဖတ်တယ်။ လူလတ်တန်းစားတွေ ကားစီးနိုင်တော့မှာလား အင်တာဗျူး၊ တရုပ်သတင်းသမား နဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးများကို ဖတ်ဖြစ်တယ်။ ကောင်းပါတယ်။ The Voice ဂျာနယ်ဖတ်တယ်။ ရွှေထနောင်းကုမ္ပဏီ တောင်သူငွေချေးသတင်းတို ပါတယ်။ စော်လှနွယ်(ခ) ဗိုလ်ကာ (ခ) သီဟဘုန်းမိုရ်(မကွေး) ရေးတဲ့ သတင်းတိုပါ။ သူကတော့ ရွှေထနောင်ကုမ္ပဏီက သူတို့ သတင်းပါရင် ငွေတစ်သောင်းပါ စာအိပ်နဲ့ သတင်းရေးသူကို ဆုငွေပေးတယ်ပြောပါတယ်။ ကျွန်တော်ရေးသားထားတဲ့ မြန်မာပို့စ် ဂျာနယ်မှာ ဓာတ်ပုံအကြီးနဲ့ အချက်အလက်အစုံပါတဲ့ အတွဲ(၄) အမှတ်(၁၈) ဂျာနယ်ကို လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီနေ့က နံနက်စာ ထမင်းတစ်ထုပ်တော့ ကျွေးလိုက်ပါတယ်။ ငွေကတော့ မပေးပါ။ မီဒီယာသမားဆိုတာ ဘယ်သူ့အသုံးချကိုမှ မခံရပါ။ အခ ကြေးငွေယူပြီး သတင်းမရေးရပါ။ လက်ဆောင်ပစ္စည်းများကိုတောင် လက်မခံရဘူးလို့ တစ်ချို့ဂျာနယ်တိုက်ကြီးတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ စေတနာနဲ့ ဧည့်ခံကျွေးမွေးတာ၊ ဥာဏ်ပူဇော်ခ ချီးမြှင့်တာဆိုရင်တော့ လက်ခံရပါမည် လို့ ထင်မိပါတယ်။ ပေးမှ ရမှ ရေးသားဖော်ပြပေးမည်ဆိုတာကတော့ သတင်းသမား စစ်စစ်မဟုတ်တော့ပါ။
ဒီနေ့ ရွှေထနောင်းကုမ္ပဏီအဖွဲ့ မကွေးမြို့နယ် မြင်ကွန်းကျေးရွာအုပ်စု တုတ်စမ်းရွာသို့ ငွေချေးရန် သွားရောက်ထုတ်ပေးတယ်။ ကျွန်တော့်ကို လိုက်ရန် ဖိတ်ထားပါတယ်။ မနေ့ညက ဦးဝင်းရှိန်ထံသို့ မလိုက်ဖြစ်ကြောင်း ဖုန်းဆက်ပြောထားရပါတယ်။ နေက မကောင်း၊ ရာသီဥတုက တော်တော်ပူနေလို့ပါ။ မလိုက်ဖြစ်ပေမယ့် အပြန်မှာ သတင်းအချက်အလက်များနဲ့ သတင်းဓာတ်ပုံများကို ပေးရင် သတင်းရေးပေးမည်။ ကျွန်တော့်ဘလော့မှာ တင်ထားပေးမည် လို့ တာဝန်ခံထားပါတယ်။ သတင်းသမားဆိုတာ တစ်ဘက်က ဧည့်ခံ ဖိတ်ကြားတဲ့နေရာမှာ အလိုက်မသိသော်လည်း ကိုယ့်လုပ်စရာ ရေးစရာများကို ဆက်လက် ရေးသားလုပ်ဆောင်သွားရပါမည်။
0 comments:
Post a Comment