ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၅၁-၂၀၁၂) ၁၂-၃-၂၀၁၂ `စာပေဟောပြောက အပြန်ခရီး´
နံနက်(၅)နာရီ အိပ်ယာထတယ်။ ဦးခင်မောင်သန်းတို့ အိမ်မှ နံနက်ထမင်းကြမ်းကျွေးတယ်။ နံနက်(၈း၃၀)နာရီမှာ စမ်းကြီးရွာကပြန်ထွက်တယ်။ သစ်ယာကောက်ရွာ တာလမ်းကို နံနက်(၉)နာရီမှာရောက်တယ်။ ကိုတင်လင်းဇော် ဆိုင်ကယ်နောက်က စီးပြီးပြန်လာတယ်။ မနေ့က အသွားမှာ ဆိုင်ကယ်လဲလို့ ဦးခင်မောင်သန်းသားက ဆိုင်ကယ်နဲ့ တာလမ်းထိ လိုက်ပို့ပေးပါတယ်။ ဆရာတင်လင်းဇော်ကလည်း နံနက်(၉)နာရီ သင်တန်းရှိလို့ထင်ပါတယ်။ သစ်ရာကောက် လမ်းခွဲကနေ မကွေးမြို့ကို တစ်နာရီပဲ မောင်းတယ်။ နောက်ကလိုက်လာတဲ့ ကျွှန်တော် ကြောက်စိတ်တွေဝင်နေမိတယ်။
မကွေးမြို့ထဲ ဆိုင်အထိ ဆရာတင်လင်းဇော်က လိုက်ပို့ပါတယ်။ မနေ့က စာပေဟောပြောပွဲ လက်ဆောင် သော့တံဆိပ် ပုဆိုးပြာ(၂) ထည်ကို ခွဲယူကြတယ်။ စမ်းကြီးရွာက ဆိုင်ကယ်ဓာတ်ဆီကို အသွား အပြန်ထည့်ပေးလိုက်ပါတယ်။ ဆိုင်ရောက်တာနဲ့ ဂျုတီဝင်ပြီး ဈေးရောင်းပါတယ်။ မနေ့ကနဲ့ ယနေ့စာရေးရန် အကြွေးတင်နေတာကို ပြန်ပြီးရေးမိပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံအထက်တန်းစာမေးပွဲကြီး စတင်စစ်တဲ့ နေ့ပါ။ (၁၀-၃-၂၀၁၂) နေ့ ပွဲတက်ခဲ့တဲ့ ICT ပြပွဲ သတင်းရေးတယ်။
မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ
၂၀၁၂ ခု၊ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ (၃)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှ ည(၉)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမတွင် ကျင်းပကြောင်းသိရ၏။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကွန်ပျူတာပညာရှင်များအသင်း နှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း တို့အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကွန်ပျူတာအသင်းများဖွဲ့စည်းခဲ့ပြီး ယခုကျင်းပသော ICT 2012 EXPO MAGWAY အိုင်တီ ပစ္စည်းများဈေးရောင်းပွဲတော်သည် ပထမဆုံးအကြိမ်အဖြစ် ကျင်းပကြသည်။ ကွန်ပျူတာ လက်တော့ပ်များနှင့် အိုင်တီ ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းပေါင်း (၂၀)ခန့်ပါဝင်ကြောင်း မြင်တွေ့ရ၏။ မိန်းစပွန်ဆာများမှာ MYANMAR KAIDO CO., LTD နှင့် အမေထွားပဲဆီသန့်စက်ရုံ တို့ဖြစ်ကြောင်းသိရသည်။ ယင်း ပြပွဲအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီးများအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေး ကြောင်း သတင်းရရှိခဲ့ပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment