ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၅၀-၂၀၁၂) ၁၁-၃-၂၀၁၂ `စမ်းကြီးကျေးရွာ စာပေဟောပြောပွဲ´
နံနက်(၅)နာရီ အိပ်ယာထတယ်။ ဘုရားဝတ်တက်စဉ်အတိုင်း ပြီးအောင်လုပ်တယ်။ ဆိုင်ဖွင့်တယ်။ နံနက်(၇)နာရီခွဲအ ရောက် ဆရာတင်လင်းဇော်ထံသွားတယ်။ ဆရာတင်လင်းဇော်ရဲ့ ဆိုင်ကယ်နဲ့ စမ်းကြီးရွာကို ထွက်ခဲ့တယ်။ စမ်းကြီးရွာကို သွားတဲ့ကိစ္စ ဆရာမြေလတ်မင်းလွင်ကဖိတ်လို့ စာပေဟောပြောပွဲ ဟောပြောဖို့သွားကြတာဖြစ်တယ်။ သစ်ရာကောက် မရောက်ခင် တောလမ်းသို့ မိနစ်(၃၀)ခန့်ဝင်ရပါတယ်။ လမ်းမှာ သဲတောတစ်ခုရောက်တော့ ဆိုင်ကယ်ဘေးထိုးကျပြီး လဲတယ်။ ဆရာတင်လင်းဇော်က ဒူးထောက်ကျတယ်။ ကျွန်တော်ကတော့ ဆိုင်ကယ်နဲ့ အတူလဲသွားတော့ ညာဘက် ချေသလုံးသားမှာ ဆိုင်ကယ်အိပ်ဇော်ပူကပ်မိသွားပါတယ်။ စက္ကန့်ပိုင်းအချိန်လေးသာ ခံလိုက်ရပါတယ်။ အနည်းငယ်တော့ အနာရခဲ့ပါတယ်။ ရွာကိုရောက်တော့ ဆရာမြေလတ်မင်းလွင် က အကြိုခိုင်းတဲ့ ဆိုင်ကယ်သမားနဲ့ လွဲသွားကြောင်း သိရပါတယ်။ စမ်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်သွားရောက် ကြိုထားကြောင်း သိရတယ်။ နံနက်(၉)နာရီခွဲမှာ စမ်းကြီးရွာကို ရောက်ပါတယ်။ နံနက်ပိုင်း ဦးခင်မောင်သန်းအိမ်မှာ ရေနွေးသောက် စကားပြောဖြစ်ကြပါတယ်။ နံနက်စာ/ ညစာထမင်းကို စမ်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဖိုးဇော်အိမ်မှာ ဧည့်ခဲ့ပါတယ်။
နေ့လယ်(၂)နာရီမှာ စမ်းကြီးရွာဦးထိပ်က မူလတန်းကျောင်းထဲကို အာစရိယ ပူဇော်ပွဲ နဲ့ စာပေဟောပြောပွဲ ပူးတွဲ ကျင်းပခြင်းဖြစ်ပါတယ်။ ဒီမူလတန်းကျောင်းလေး စတင်ဖွင့်လှစ်စဉ်ကလဲ ကျွန်တော်တို့ တစ်ခေါက်ရောက်ခဲ့ဖူးတယ်။ ယခုဆိုရင် နှစ်ခေါက်တိတိ ရောက်လာခဲ့ကြပါတယ်။ သူတို့ အာစရိယပူဇော်ပွဲကလေးမှာ တော်တော်စိတ်ဝင်စားဖွယ်ကောင်း တယ်။ မူလတန်းကျေင်းကလေး မဖွင့်ခင်က ယခု စစ်မှုထမ်းဟောင်း ဆရာကြီးမှ စတင်သင်ကြားလာကြောင်း ကြားသိရပါတယ်။ မူလတန်းကျောင်းလေးပွင့်လာတော့ ဒီ စေတနာဝမ်းထမ်းဆရာကြီးက အနားယူခဲ့ပါတယ်။ အစိုးရခန့် ဆရာ ဆရာမ နှစ်ဦး တာဝန်ယူထားကြတယ်။ ယခု ကျောင်းဆရာလေး နှစ်ဦးကိုပင် ယနေ့ အပူဇော်ခံ ဆရာကြီးက စာသင်ကြားခဲ့တဲ့ တပြည့်များဖြစ်ကြောင်း သိရတယ်။ အခမ်းအနား အစီအစဉ်ဖတ်တဲ့ ဆရာမလေးက အပူဇော်ခံဆရာကြီး မှ အမှာစကားပြောကြားပေးတဲ့ ဆရာကြီးမှာ ၀မ်းသာ အဲလဲ ပီတိဖြစ်ပြီး မျက်ရည်များ ထွေစီးကျနေတာကို မြင်လိုက်ရပါတယ်။ ဆရာကြီးရဲ့ ရင်ထဲမှာ ဆိုနစ် ၀မ်းသာနေတော့ ဆရာကြီး တော်တော်နဲ့ စကားမပြောနိုင်ဖြစ်နေတာကို မြင်လိုက်ရတယ်။ ဆရာရော တပြည့်တွေပါ မျက်ရည်တွေကိုယ်စီကျနေကြတယ်။ ပိုပြီးဆိုးတာက ဆရာကြီးစကားပြောပြီးပြန်တော့ တပြည့်များကိုယ်စား စကားပြောတဲ့ ဆရာလေးတစ်ဦးတက်လာပါတယ်။ သူကလည်း မျက်ရည်လယ်တွဲနဲ့ စကားတွေကို ဆိုနစ်ပြီး ၀မ်းနည်းကျေကွဲစွာ သူရေးသားခဲ့တဲ့ စာကလေးကို ဖတ်ကြားပြရင်း ကျလာတဲ့ မျက်ရည်များကို သုတ်ပြီး ပြောဆိုနေပါတယ်။
အာစရိယပူဇော်ပွဲပြီးတော့ စာပေဟောပြောပွဲကိုစတင်ပါတယ်။ ရှေ့ထွက်မင်းသား ဆရာတင်လင်းဇော်က စာထဲက ပြောစရာအကြောင်းအရာ(၆) မျိုးကို (၄၅) မိနစ်ခန့် ပြောဆိုသွားပါတယ်။ ဆရာတင်လင်းဇော် ပြီးတော့ အလယ်လူ မင်းသားကြီး သူ့ရွာ သူ့ဇာတ်ကို ပိုင်နိုင်စွာ ဆောင်ရွက်တဲ့ ဆရာ မြေလတ်မင်းလွင် က ဟောပါတယ်။ သူက (၁)နာရီးကြာ ဟောပြောသွားပါတယ်။ ထမင်းချက်ချိန်ကို ရောက်သွားပါတယ်။ နောက်ဆုံးပိတ် အိပ်နဲ့လွယ် ဟောပြောသူကတော့ ကျွန်တော်အလှည့်ကို ရောက်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ စာပေထဲက စာစကားများ အကြောင်းပြောပါတယ်။ ညနေ (၅)နရီခွဲမှ ပွဲပြီးပါတယ်။ ပြောကောင်းကောင်းနဲ့ ပြောလိုက်တာ (၁း၂၀)နာရီလောက် အချိန်ကြာသွားတယ်။
ညပွဲအတွက် မြင်းစိုင်းကျေးရွာမှာ ချိတ်ဆက်ထားပါတယ်။ ဒါပေမယ့်လာ မခေါ်ဖြစ်ပါ။ ဒီည ဘောလုံးပွဲ ကောင်းတယ်လေ..။ ကျန်းမာ ချမ်းသာကြပါစေ..။
0 comments:
Post a Comment