ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၄-၅-၂၀၁၂) ၄-၅-၂၀၁၂ `မကွေးမြို့၊ မြောက်စာသင်တိုက်စာမူရေးမည်´
ရာသီဥတုက ပူတယ်။ ညကလဲ ယက်ခပ်ပြီးအိပ်ရတယ်။ စောစောအိပ်လို့ စောစောအိပ်ယာက ထပါတယ်။ ဆိုင်ဖွင့်ပြီး လျှပ်စစ်မီးက ပြတ်သွားတယ်။ လျှပ်စစ်မီးဆိုလို့ မကွေးမြို့မှာ လျှပ်စစ်မီးကို အလှည့်ကျစနစ် သတင်းရေးဖို့ မြို့နယ်မန်နေဂျာ ကို သွားမေးရအုံးမည်။ ယနေ့ ဖေးဖရိတ်သတင်းဂျာနယ်မှာတော့ အပူရှိန်ပြင်းသော်လည်း မကွေးစည်ပင်သာယာမှ ရေလုံလောက်အောင် ဖြန့်ဝေနေတယ်ဆိုတဲ့ သတင်းပါလာတယ်။ တစ်ကယ် ဟုတ် မဟုတ် မြို့ထဲ ဆင်းပြီး သတင်းယူရအုံးမည်။ ဌါနဆိုင်ရာ သတင်းများကို ဌာနက ရေးခိုင်းတဲ့အတိုင်း မရေးချင်ပါ။ အများကို အမှန်တစ်ကယ် အကျိုးပြုသလားဆိုတာ သတင်းအရင်းအမြစ် ပြည်သူတွေအသံ နားထောင်ပေးရပါမည်။ အများပြည်သူတွေရဲ့ အသံအတိုင်း သတင်းရေးမှ ကိုယ်ရေးတဲ့ သတင်းက အကျူိးရှိကြမည်ထင်ပါတယ်။ မည်သူကိုမျှဆရာလုပ်နေတာ မဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် ပြန်ပြီးဆုံးမပေးနေရပါတယ်။ ဆရာတင်လင်းဇော်က မကွေးမြို့ မြောက်စာတိုက်ကျောင်းတိုက်မှ မဂ္ဂဇင်းထုတ်ဖို့ အတွက် ကျွန်တော့်ဆီ စာမူတောင်းထားပါတယ်။ ယခု လာမယ့် တနင်္ဂနွေနေ့ နောက်ဆုးံထားပြီး ပေးရမယ် ပြောပါတယ်။ ဆောင်းပါး ရသစာတမ်းတွေက မရေးတာကြာနေပြီ။ ယခု ပြန်ရေးမယ်ဆိုတော့ မရေးတတ်ဘူးဖြစ်နေပါတယ်။ နေ့စဉ် သတင်းတွေရေးနေတာဆိုတော့ စဉ်းစား ပြီး ဘာသာရေးနဲ့ ကိုက်အောင် စာတစ်ပုဒ်ရေးသားဖို့ကို လက်နှေးနေရပါ တယ်။ သတင်းဆိုတာက သတင်းအရင်းအမြစ်ကို အခြေခံပြီး တိကျမှန်ကန်အောင် တိုရှင်း လိုရင်းရေးရတာကို အကျင့်ပါ နေပါတယ်။ စာရေးတယ်ဆိုတာကလည်း အပြေးသမားလိုပါဘဲ အမြဲတမ်း လေ့ကျင့်နေမှ အဆင်ပြေပါတယ်။ သတင်းတွေကိုသာ ငွေရရရေးအတွက် ရေးသားနေတော့ ရသ၊ သုတ ဆောင်းပါးတွေရေးဖို့အတွက် လက်နှေးနေတာပါ။ မကွေးမြို့မှာ ယဉ်ကျေးလိမ္မာသင်တန်းဆိုတာ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းမှ စတင်၍ ကျင်းပသည် သတင်းကို ရေးသားလိုက်ရပါတယ်။ ယခင် မြန်မာပို့စ် သတင်းဂျာနယ်ကို ပို့ထားတာ မသုံးဖြစ်လို့ ပြင်ဆင် ရေးသားလိုက်ရပါတယ်။
`မကွေးမြို့မှာ ယဉ်ကျေးလိမ္မာသင်တန်းများကို မဟာဓမ္မိကာရာမ(မြောက်) စာသင်တိုက် နေ့စဉ်ဆွမ်းလောင်းအသင်း မှစတင်သည်´
မကွေးမြို့တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၊ နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ နွေရာသီကျောင်းပိတ်ရက် အချိန်များမှာ နှစ်စဉ်ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ကြောင်းသိရ၏။ ယခု(၂၀၁၂)ခုအထိ (၈)နှစ်(၈)ကြိမ် မြောက် ကျင်းပလာနိုင်ခဲ့သည်။ အသက်(၅)နှစ်မှ(၁၀)နှစ်အထိ ရင်သွေးငယ်အဆင့် လူငယ်များ(၁၅၀)ဦးခန့်၊ အသက်(၁၁)နှစ်မှ အထက်တန်း၊ တက္ကသိုလ်အဆင့်ထိ အခြေခံအဆင့်လူငယ်များ(၁၃၀)ဦးခန့်တို့ကို တစ်ရက်မှာ(၂)ချိန်ခွဲ၍ (၇)ရက်တိတိ သင်တန်းပို့ချပေးနိုင်သည်။ ယဉ်ကျေးလိမ္မာသင်တန်းပို့ချပေးသော ဆရာ ဆရာမများမှာ မကွေးမြို့အတွင်းမှ ကျောင်းဆရာ ဆရာမများနှင့် အငြိမ်းစား ဆရာ ဆရာမကြီးများဖြစ်ကြောင်း သိရှိရပါသည်။ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်(မတ်)လတွင် မပျက်မကွက်ကျင်းပပေးနိုင်ခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပွဲများတွင် ဂုဏ်ပြုလက်မှတ်များနှင့် ဆုငွေများကို ထိုက်ထိုက်တန်တန်ဖြင့် ချီးမြှင့်ပေးကြောင်း သိရပါသည်။ ဆုရရှိသော စာမူများကိုလည်း အမှတ်တရစာအုပ်များ ထုတ်ဝေ၍ မေတ္တာလက်ဆောင်များပေးကြ၏။ လူငယ်လူရွယ်များ အတွက် အထူးပင်လိုအပ်သောသင်တန်းများဖြစ်ပါသည်။ သိရိလင်္ကာနိုင်ငံမှ ဓမ္မစကူး(လ်)၊ ဆန်းဒေးစကူး(လ်) အဖြစ် ဖော်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း တစ်နိုင် တစ်ပိုင်ပြုလုပ်ပေးသော ယင်းသင်တန်းများအား ကျောင်းသား ကျောင်းသူလူငယ် လူရွယ်များ မဖြစ်မနေတက်သင့်သော သင်တန်းများဖြစ်ပါသည်။ ထို့ကြောင့် မကွေးမြို့၊ မဟာဓမ္မိကရာမတိုက်အတွင်းရှိ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ ယဉ်ကျေးလိမ္မာသင်တန်းများကို အားကျ အတုယူ၍ အခြားသော ဘုန်းတော်ကြီးကျောင်းများမှလည်း အလားတူ ယဉ်ကျေးလိမ္မာသင်တန်းများကို အဆက်မပြတ် နှစ်စဉ်ဖွင့်လှစ်လာကြောင်း မြင်တွေ့ရပါသည်။ မကွေးမြို့ မြသလွန်ဘုရားကြီး၏ အရှေ့ဘက် အောင်ဓမ္မရက္ခိတ ဘုန်းတော်ကြီး ကျောင်းမှာ ကျောင်းထိုင်ဆရာတော် အရှင်ပညာဗလ ဦးစီး၍ ပထမအကြိမ်(၂၃-၃-၂၀၁၂) နေ့မှ (၃၁-၃-၂၀၁၂)နေ့အထိ ယဉ်ကျေးလိမ္မာသင်တန်းသား (၁၀၀) ကျော်အား ဆရာတော်နှင့် မကွေးမြို့ရှိ စာရေးဆရာ၊ဆရာမများမှ သင်ကြားပို့ချ၍ ၂-၄-၂၀၁၂ နေ့ ညနေ(၅)နာရီတွင် ဂုဏ်ပြုလက်မှတ်နှင့် ထိုက်တန်သောဆုငွေများချီးမြှင့်ပွဲ ကျင်းပကြောင်း သတင်းကြားသိရသည်။ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်းမပေါ်မှ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာ တွင် ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး(မကွေး)မှ ဦးဆောင်၍ (ဆဋ္ဌမအကြိမ်) ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်အခြေပျိုး သင်တန်းကို (၂-၄-၂၀၁၂) နေ့မှ (၆-၄-၂၀၁၂) နေ့အထိ သင်တန်းသား သင်တန်းသား(၁၀၀)ကျော်အား သင်ကြားပို့ချသည်။ ၎င်းသင်တန်းတွင် မန္တလေးမြို့မှ ဓမ္မကထိကဆရာတော် စာရေးဆရာ တက္ကသိုလ်တေဇာလင်းနှင့် မကွေးမြို့ရှိ စာရေးဆရာများ၊ အငြိမ်းစားကျောင်းဆရာ ဆရာမကြီးများ မှသင်ကြားပို့ချ ပေးကြောင်း သတင်းကြားသိရသည်။
မကွေးမြို့၊ ကန်သာရပ်ကွက်၊ အောင်မြေရတနာ စာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စသာရ ဦးစီး၍ (ဒုတိယအကြိမ်) ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို (၂၅-၄-၂၀၁၂) မှ (၂၉-၄-၂၀၁၂)နေ့အထိ (၅)ရက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သင်တန်းသား(၂၀၀၀) ခန့်လက်ခံသင်ကြားကြောင်းသိရသည်။ (၅/၈)တန်း ကျောင်းသူ ကျောင်းသားများကို နံနက်(၇)နာရီမှ နေ့လည်(၁၁)နာရီအထိ သင်ကြားသည်။ (၉ တန်း/တက္ကသိုလ်ကျောင်းသားများ)ကို နေ့လည်(၂)နာရီမှ ညနေ(၆း၃၀)အထိ သင်ကြားကြောင်းသိရသည်။ ၎င်း ယဉ်ကျေးလိမ္မာမျိုးဆက်သစ် ဓမ္မသင်တန်းကြီးတွင် သင်ကြားပို့ချသောဆရာတော် များနှင့် ဆရာကြီးများမှာ လေးအိမ်စု အရှင်ဝိစိတ္တသာရ ဆရာတော်ဘုရား၊ အရှင်ပညာသာမိ ဆရာတော်၊ ဓမ္မစက္က ဦးမောင်မောင် နှင့် သီလရှင်ဆရာကြီး ဒေါ်ဟေမာစာရီ တို့မှ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရ၏။ ထို့ပြင် ကျောင်းသားလူငယ်များအတွက် အကျင့်စာရိတ္တကောင်းမွန်ပြီး မျိုးချစ်ဇာတိမာန်များ နိုးကြားသွက်လက် ထက်မြက်စေရန်ဟု ရည်ရွယ်၍ (အခြားသောယဉ်ကျေးလိမ္မာ သင်တန်းများနှင့်မတူ၊ ကြီးကျယ်ခမ်းနားအောင် အပိုဆန်းသစ်တီထွင်ခြင်းဖြင့်) မန္တလေးမြို့မှ စာရေးဆရာ ဦးဘုန်း(ဓာတု)နှင့် ဆရာဇော်ခိုင်ဦးတို့မှ သီချင်းများကို ကိုယ်တိုင်သီဆိုကြပြီး ဂီတာများဖြင့် ကိုယ်တိုင် တီးခတ်သင်ကြားခြင်း၊ ရန်ကုန်မြို့မှ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ သန်းမြင့်အောင် တို့ကလည်း လူငယ်များအတွက်ယဉ်ကျေးလိမ္မာရေးကို အားဖြည့်နိုင်ရန် စာပေဟောပြောပွဲအသွင်ဖြင့် ဟောပြောသင်ကြားကြကြောင်း သတင်းရရှိခဲ့ပါသည်။
0 comments:
Post a Comment