ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၇၄-၄-၂၀၁၂) ၄-၄-၂၀၁၂ ` သတင်းက လာ၍ ခေါ်နေပြီ´
မနေ့က ကိုအောင်လွင်မှ ရှားပင်လှမီးဘေးဒုက္ခသည်များထံသို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း ခရီးစဉ်သတင်း အတွက် သတင်းယူရန်ဖိတ်ကြားထားပါတယ်။ ကိုနေခြည် နဲ့ အတူလိုက်သွားပါတယ်။ အဲဒီလမ်းမပေါ်က အခြား ဆက်နွယ်သတင်းများကိုလည်း သတင်းအစအန ရရှိခဲ့ပါတယ်။
`မကွေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၏
ပထမဆုံးအကြိမ် မီးဘေးဒုက္ခသည်များထံ ကူညီရေးခရီးစဉ်´
ဧပြီလ(၄)ရက်။
မကွေးမြို့နယ်မှ ၂၀၁၂ ခု၊ ဧပြီ(၁)ရက်နေ့တွင် ပြည်သူများရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း သည် ၂၀၁၂ ခု၊ မတ်လအတွင်းမှာ မီးလောင်ဆုံးရှုံးခဲ့ကြသော ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည် များထံသို့ (၄-၄-၂၀၁၂)နေ့၊ နံနက်ပိုင်းအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက် ကူညီထောက်ပံ့ပြီး အားပေးစကားပြောဆိုကြောင်း သတင်းရရှိသည်။ ယင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့်အဖွဲ့သည် မီးဘေးဒုက္ခသည် အိမ်ထောင်စု(၂၈)စုတို့အား တစ်အိမ်ထောင် လျှင် ငွေ(၁၇၀၀၀)ကျပ်နှင့် ခြုံစောင် သုံးထည်စီ လှူဒါန်းကြောင်း သိရသည်။ ဤ လှူဒါန်းပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း အား ယနေ့လှူဒါန်းပွဲကိစ္စနှင့် ယခုလောလောဆယ်တွင် မကွေးမြို့နယ် ပြည်သူလူထုအတွက် ဘာတွေကိုများ အဓိကထားပြီး ပထမဦးစားပေး ဆောင်ရွက်ပါမည်လဲ၊ ဟု မေးမြန်းခဲ့သည်။ ဦးမြင့်သိန်းမှ မကွေးမြို့နယ်တွင်းမှာ လက်ရှိဖြစ်ပေါ်နေသာ မြေယာကိစ္စ၊ ပညာရေးကိစ္စ၊ ပြီးဆုံးသွားခဲ့တဲ့ ကြားဖြတ်ရွေးချယ်ရေးမှာ မဲစာရင်းကျန်ခဲ့ရတဲ့ ပြည်သူလူထုတွေရဲ့ လူ့အခွင့်ရေးများ ဆုံးရှုံးကြလို့ ငိုကြသူများရှိတဲ့ ကိစ္စတို့ကို အောက်ပါအတိုင်း ပြောဆိုပါသည်။
` ကျွန်တော်နဂို ဒီရွာကိုမီးလောင်တယ်လို့ ကြားစဉ်ကထဲက လာရောက်လှူချင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မှီကာလ ဆိုတော့ မဲဝယ်တယ် မဲဆွယ်တယ် ဖြစ်မှာစိုးလို့ မလာခဲ့ဖြစ်ခဲ့တာပါ။ ဒါကြောင့် ယခုရွေးကောက်ပွဲပြီးပြီးခြင်း ပထဆုံး လူမှုရေးခရီးစဉ်အဖြစ် ကျွန်တော်နဲ့ တကွ ပါတီဝင်လူငယ်များ စုပေါင်းပြီး ကိုယ်တိုင်လာရောက်လှူတာပါ။ (အထက်ပါစာရင်းအတိုင်း တစ်ဦးချင်းစီအား ဦးမြင့်သိန်းမှ ကိုယ်တိုင်ပေးလှူပါသည်။) မကွေးမြို့နယ် ပြည်သူ့လူထုအတွက် စတင်လုပ်ဆောင်မှာကတော့ တောင်သူလယ်သမားအများစုအတွက် မြေယာကိစ္စတွေကို စတင်ဆောင်ရွက်ပါ့မယ်။ တောင်သူလယ်သမားတွေရဲ့မြေတွေကို ကုမ္ပဏီက သိမ်းတဲ့ကိစ္စတွေပေါ့ဗျာ..။ ဟိုးနားဆိုရင် ပုထိုးစမ်းရွာနားက တာတာ မော်တော်ကားစက်ရုံမှ သိမ်းထားခံရတဲ့ စိုက်ပျိုးမြေယာတွေ၊ နောက်လေဆိပ်တွင်းက အလဟပ်သတ်ဆုံးရှုံးနေတဲ့ စိုက်ပျိုးမြေယာကိစ္စတွေ၊ နောက် ဟိုဘက် မီးချောင်းရဲဘက်မှာလည်း မြေယာသိမ်းကိစ္စတွေကို တွေ့နေရပါတယ်။ အဲဒါတွေကို တင်ပြဆွေးနွေးရမှာပေါ့။ ခုလဲ သတင်းစာထဲမှာ လယ်ယာမြေဥပဒေတွေတော့ ထွက်လာပါပြီ။ အဲဒီ ဥပဒေနဲ့အညီ နစ်နာဆုံးရှုံးမှုတွေကို ပထမဦးစားပေးပြီး ဆောင်ရွက်သွားပါ့မယ်။ နောက်တစ်ချက်ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေပါ။ တစ်ချို့ရွာတွေမှာဆိုရင် မူလတန်းကျောင်းရှိပြီး အဆောက်အဦးမရှိတာတို့၊ ကျောင်းအဆောက် အဦးရှိပြီး ဆရာ၊ဆရာမ မရှိတာတို့ စတဲ့ကိစ္စတွေကို ပညာရေးဌာနနဲ့ ဆွေးနွေးတင်ပြသွားရမှာပေါ့။ နောက်တစ်ခုက ကြားဖြတ်ရွေးချယ်ပွဲတုန်းက မဲစာရင်းမှာ နာမည်စာရင်းမပါလို့ မဲမထည့်ရသူများရဲ့ စာရင်းများကို ပြုစုထားပါတယ်။ ကျွန်တော် ယခု မတ်လ(၆)ရက်နေ့မှာ ရန်ကုန်ကိုသွားပါ့မယ်။ ဗဟိုလ်အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းထံ တင်ပြပါ့မယ်။ ဒါကတော့ တစ်ပြည်လုံးကိစ္စလိုဖြစ်နေတာပါ။ ဒီကိစ္စက အမှန်တစ်ကယ် မဖြစ်သင့် မဖြစ်ထိုက်တဲ့ မလိုလားအပ်တဲ့ကိစ္စပါ။ ပြည်သူတွေအနေနဲ့ (၁၈)နှစ်ပြည့်ရင် နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲပေးတဲ့ နေရာမှာလည်း လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲစာရင်းတွေကလဲ မှန်ကန်ဖို့လိုပါတယ်။ နောက်ဆုံး မဲစာရင်းထဲမှာ မပါတာကို အသက်(၁၈)နှစ်ပြည့်ပြီးကြောင်း မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကို ပြနိုင်ရင် မဲရုံကော်မရှင်တွေ အနေနဲ့ မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးသင့်ကြတာပေါ့။ ခုဟာက တစ်ချို့မဲရုံကော်မရှင်တွေက မဖြောင့်မတ်ဘူးပေါ့။ အဲဒါမျိုးတွေက မလိုလားအပ်တဲ့ ပြဿနာတွေပါ။ တစ်ချို့ပြည်သူတွေဆိုရင် မဲမထည့်ရလို့ ကျွန်တော့်ကို ငိုပြီးတော့တောင် ပြောဆိုနေကြပါတယ်။ အဲဒီကိစ္စကို ကျွန်တော်လည်း တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်ငံသား တစ်ယောက်မှာ သူ့ရဲ့ရပိုင်ခွင့်အရ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမှာပါ။ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြခံဥပဒေမှာလည်း ပြထားပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါနေတဲ့ ရပိုင်ခွင့်လေးကိုတောင်မှ ဆုံးရှုံးနေရတော့ တရားဥပဒေစိုးမိုးရေးက တော်တော်နည်းပါး နေပါသေးတယ်။ ´ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ပြောကြား၍ သတင်းရယူခဲ့ ပါသည်။
`ပြည်သူတွေကိုင်တဲ့ ဖုန်းဈေးများ ကျပြီးရင်းကျနေတော့မည်လား? ၀န်ဆောင်မှုလည်း အပြည့်မရ´
မတ်လ(၂၆)ရက်နေ့မှစ၍ မကွေးမြို့တွင် (၂)သိန်းတန် GSM ဖုန်းတွေကို စတင်ရောင်းချသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကလည်း မတ်လ(၂၈)ရက်နေ့တွင် (၂)သိန်းတန် GSM ဖုန်းများ ရောင်းချကြောင်း သတင်းရရှိသည်။ `သန်း(၃၀) စီမံကိန်း ပထမနှစ်စတင်ရောင်းတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယခုဈေးနဲ့ကတော့ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းရဖို့မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ယခု (၂)သိန်းတန်ဖုန်းတွေကို ကုမ္ပဏီတွေမှ ခွဲရောင်းကြတယ်။ ထင်သလောက် မရောင်းရပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကွေးမြို့မှာ (၁-၄-၂၀၁၂) နေ့ကနေ (၃-၄-၂၀၁၂) နေ့တွေမှာ လိုင်းတွေက ပြတ်သွားလိုက် ရလိုက်နဲ့ ခဏ ခဏ ဖြစ်နေပါတယ်။ ဖုန်းဝယ်သူတွေက ဆင်းကတ်ထည့်ပြီး ဟန်းဆက်နဲ့ စမ်းပေးနေရတာဆိုတော့ စိတ်မရှည်ကြလို့ မ၀ယ်ဘဲ ပြန်ပြန်သွားကြတယ်လေ..။ အဲဒီကိစ္စကို ရောင်းခိုင်းတဲ့ကုမ္ပဏီတွေကို ပြောတော့ သူတို့ကလည်း ဆက်သွယ်ရေး ဆာဗာကို တဆင့်ပြောပေးမယ်လို့ သိရပါတယ်..။ ကျွန်တော်တို့က မြို့ခံဆိုင်ဖြစ်နေတော့ အ၀ယ်လာတဲ့ ကာစတန်မာတွေကို သိပ်မျက်နှာပူစရာကောင်းတယ်ဗျာ..။´ဟု မကွေးမြို့ခံ အရောင်းဆိုင်ပိုင်ရှင် ဦးစန်းဦးကပြောပါသည်။ ဤ ကိစ္စကို သိချင်၍ မကွေးမြို့လူကြီးမင်း ဖုန်းဆိုင်သို့သွားသည်။ လူကြီးမင်း ဖုန်းဆိုင်မှာ (၂-၄-၂၀၁၂)မှ စတင်ပိတ်၍ (၈-၄-၂၀၁၂) နေ့တွင်ပြန်လည်ဖွင့်မည် ဟု စာတမ်းကပ်ထားပါသည်။
(၁-၄-၂၀၁၂) နေ့မှ(၃-၄-၂၀၁၂) နေ့တွေမှာ ဘာကြောင့်ဖုန်းလိုင်းတွေ ပြတ်ပြတ်နေတာလဲ ဟု ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းစုံစမ်းကြည့်ပါသည်။ သူ့အနေနဲ့ ဒီကစ္စကို ဘာမှ မသိပါကြောင်း၊ မဖြေဆိုနိုင်ပါ ကြောင်း ညင်းဆို၏။ သို့သော် ကျွန်တော်က ဒီမြို့သားဆိုတော့ ဘယ်သူ့ကိုမှ မျက်နှာအပျက်မခံနိုင်ပါ။ ဒီကိစ္စကို သိချင်ရင် ယနေ့ထုတ် (၄-၄-၂၀၁၂) နေ့ထုတ် အင်ပါရာ သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၆)မှာ ဆက်သွယ်ရေးသတင်းပါကြောင်း လမ်းညွှန်ပါသည်။ ထို့ကြောင့် အင်ပါရာ သတင်းဂျာနယ် ဖတ်လိုက်သောအခါ..။ (အင်ပါရာ သတင်းဂျာနယ်ကြော်ငြာ မဟုတ်ပါ။) ယင်း ဂျာနယ်တွင် ဤသို့ဖော်ပြထားပါသည်။
`ကျွန်တော်တို့ရုံးမှာ မရှိမယ့် ရှိမဲ့နဲ့ လစာထဲက (၈)လအရစ်ကျဝယ်ယူထားသူများ ဘယ်လိုလုပ်ကြမလဲဗျာ..။´ ဟု အသက်(၅၈)နှစ်အရွယ် ၀န်ထမ်းတစ်ဦးမှ ပြောဆိုနေသံကြားခဲ့၍ သတင်းရယူခဲ့ပါသည်။
0 comments:
Post a Comment