ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၈၀-၄-၂၀၁၂) ၁၀-၄-၂၀၁၂ `သတင်းထောက်ကို ခြိမ်းခြောက်ခံရခြင်း´
နံနက်စောစောအိပ်ယာထတယ်။ ဆိုင်ဖွင့်တယ်။ နံနက်ပိုင်း ကိုမင်းနိုင်ထံကို သတင်းကိစ္စသွားယူနေပါတယ်။ တစ်မနက်လုံးအချိန်ကုန်သွားတယ်။ ဆည်မြောင်းစက်မှုတိုင်း(၃)ရုံးသို့သွားတယ်။ သတင်းစာထည့်သောကိစ္စအား ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းထံ ပြန်လည်သတင်းပို့တယ်။ နေ့လည်(၁၂)နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အိမ်ကိုပြန်ရောက်တယ်ဆိုတာနဲ့ ၀န်ထမ်းကလေးမလေး မဉ္စူဝင်းကွန့်က ဦးဆီကို ဖုန်းလာကြောင်း၊ ဖုန်းနံပါတ်(၂၈၀၅၂) ကဆက်တာပါ။ ရွှေလမ်းငွေလမ်းကြည် ဘလော့ဂါကို တိုင်စာ(၂)စောင် ရောက်နေကြောင်း၊ စောလှနွယ် ဆိုသူ နာမည်နဲ့တိုင်ထားကြောင်း၊ မကွေးဝင်းမြင့်နဲ့လည်း ခင်သလား။ အထက်က စစ်ဆေးလိမ့်မည်။ ထူးခြားရင် ဖုန်းပြန်ဆက်ပါမည်။ လို့ ဖုန်းဆက်ပြောကြားသွားကြောင်း သတင်းကြားရပါတယ်။ ဖုန်းဆက်သူ ဘယ်သူဆိုတာကိုတော့ မပြောဆိုဘူးလို့သိရပါတယ်။
ဖုန်းဆက်တဲ့ကိစ္စကို ကျွန်တော်သားကလည်း ပြန်ပြောတယ်။ ကျွန်တော့်ဇနီးကလည်း စိတ်ပူနေကြောင်းသိရပါတယ်။ ကျွန်တော်လည်း သတင်ထောက်ဆိုပေမယ့် အကြောက်တရားလောကထဲမှာ နှစ်ပေါင်း(၅၀)ကျော်ဖြတ်သန်းလာခဲ့ရတာဆို တော့ နည်းနည်းတော့ ကြောက်သွားမိတာ အမှန်ပါ။ဒီနေ့က မြန်မာပို့စ်သတင်းဂျာနယ်မှာက ကျွန်တော်ရေးသားတဲ့ သတင်းက (၆)ပုဒ်တောင်ပါလာတယ်။ ထိပ်ဆုံးက သတင်းခေါင်းကြီးမှာလည်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ မကွေးမြို့နယ်လူထုအတွက် မြေယာသိမ်းထားတဲ့ ကိစ္စတွေကို အဓိကထားပြီးဆောင်ရွက်ပေးမည် သတင်းကပါလာတယ်။ ကျွန်တော့်ကို NLD ပါတီဝင်၊ အစိုးရကို မကောင်းပြောနေသူဟု တိုင်စာတွင်ဖော်ပြထားကြောင်း ကိုလည်း ဖုန်းဆက်စဉ်က ပြောကြားသိဟု သိလိုက်ရပါတယ်။ NLD ပါတီဝင် မဟုတ်သော်လည်း လက်ရှိ မကွေးတိုင်းဒေသအစိုးရအပေါ် အားနည်းချက် သတင်းများကို ဖိုက်တာအဖြစ် သတင်းများကို ဆက်တိုက် ဖော်ပြနေတာပါ။ ဒါကြောင့် အစိုးရအဖွဲ့က ကျွန်တ်ာကို ခေါ်ယူစစ်ဆေးတော့်မယ်လို့ သိရတော့ နည်းနည်းတော့ ကြောက်စိတ်ဝင်လာမိပါတယ်။ ဒါပေမယ့် သတင်းသမားဆိုတာ အများအတွက် အမှန်တရားဖက်ကလိုက်ရေးတာဆိုတော့ ပါးကိုက်ရင် နားကိုပြန်ကိုက်မယ်။ ငါးပိချက်နဲ့ ၀က်သားချက် လဲနိုင်ရင် လဲကြစမ်းဆိုတဲ့ မာနပြန်ဝင်လာမိပါတယ်။ ဒါပေမယ့် အဲဒီနေ့က နံနက်၊ ည ထမင်း မစားနိုင်လိုက်ပါ။ ပုတီးစိတ်တာကို သံဗ္ဗုဒ္ဓေဂါထာကိုသာ စိတ်မိနေတယ်။ သတင်းသမားဆိုတာ ထောင်နှတ်ခမ်းပေါ်မှာ လမ်းလျှောက်နေရတာပါကလား လို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ခေတ်ပြောင်းလာနေပါပြီ။ သတင်းမီဒီယာခေတ်ဆိုတော့ သတင်းသမားကို ထိရင် တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံးက ၀ိုင်းအုံလာကြမှာပါ လို့ အားပြန်တင်းမိပါတယ်။
နေ့လည် (၂)နာရီထိုးမှာ ကျွန်တော့်ဆီကို လာနေကြ သတင်းသမား ကာကူး(ခ) စောလှနွယ်အိမ်ကို ပြေးပါတယ်။ သူက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးနေ၀င်းကို ပိုင်တယ်၊ ခင်တယ်လို့ဆိုထားတာကို။ ဒါကြောင့် ကာကူးတို့ လင်မယားအိပ်နေတာကို အိပ်ယာက နိုးပြီး မကွေးတိုင်ဒေသကြီးအစိုးရရုံးသို့ ကားကူးကို လွှတ်လိုက်ရပါတယ်။ ညနေကျတော့ ကာကူးပြန်လာပါတယ်။ ဟုတ်တယ် ရွှေလမ်းငွေလမ်းဝင်းကြည်(ခ) ၀ိုင်းကြည်အောင် ဆိုသူကို တိုင်စာ နှစ်ဆောင်ရောက်နေကြောင်း၊ NLD ပါတီဝင် ဟုတ်သလားဟု သူ့ကို အတွင်းရေးမှူးက မေးနေကြောင်း၊ ကားကူး မှ ပြန်ပြောပြနေပြန်ပါတယ်။ အတွင်းရေးမှူးဆိုသူမှ သူ့ကို ကော်ဖီ မှုန့်နဲ့ ကောင်းကောင်း ဧည့်ခံကျွေးမွေး လိုက်ကြောင်းကိုလည်း ထည့်ပြောသွားပြန်တယ်။ ကျွန်တော့်ကို မကြာခင်မှာ ခေါ်ယူစစ်ဆေးလိမ့်မယ် ဆိုတာက ပါသေး။ လက်ရှိ အစိုးရက နောက်(၄)နှစ်ကြီးတောင် ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်တဲ့အတွက် အစိုးရ မကောင်းတဲ့ ဖိုက်တာ သတင်တွေကိုရှောင်ပြီးရေးသားဖို့ ကာကူး(ခ) စောလှနွယ် သတင်းသမားကြီးမှ ကျွန်တော့်ကို နားချနေပြန်ပါတယ်။ အင်း သူ ပြောလေ ကိုယ်က ကြောက်လာလေ ဖြစ်နေတာတော့ အမှန်ပါ။ အဲဒီည အိပ်လို့ မရတော့ပါဗျာ..။
0 comments:
Post a Comment