ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၃၈-၂၀၁၂) ၂၆-၂-၂၀၁၂ `သတင်းသမားရဲ့ မီဒီယာ ဂရုဏာ မီဒီယာ ရောဂါ´
ယနေ့ နံနက် မကွေးမြို့ကို ရောက်လာတဲ့ လျှပ်တစ်ပြက်ဂျာနယ်မှာ (ဆိပ်ဖြူမြို့နယ် ရေလယ်ကျွန်းကျေးရွာ မြေနုကျွန်း ကွင်းအမှတ် ၁၁၁၈ ပြဿနာ) သတင်းပါလာတယ်။ ချောက်မြို့နယ် ပြန်/ဆက် ဦးစီးမှူးထံဖုန်းဆက်ပြောပါတယ်။ မရပါ။ တော်တော်ကြာတော့ ဆိပ်ဖြူမြို့နယ်က မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးထံမှ ဖုန်းခေါ်ပါတယ်။ သူ မကွေးကိုရောက်နေပါကြောင်း၊ မနက်ဖြန်(၂၇-၂-၂၀၁၂)နေ့ စမယ့် မကွေးတိုင်းဒေသကြီးအစိုးရ လွှတ်တော် သို့လာတက် ကြောင်းပြောပါတယ်။ အတော်ပဲ သူရှင်းလင်းထားတဲ့ မြေယာမှုကိစ္စ သတင်းပါတာကို ပြောပြလိုက်ပါတယ်။ လျှပ်တစ်ပြက် သတင်းဂျာနယ်တစ်ဆောင် ဦးမြင့်စိုးကို ဆိုင်က၀ယ်ပြီး လက်ဆောင်ပေးလိုက်ပါတယ်။ ဆိပ်ဖြူမြို့က ဧရာဝတီတံတားအောက်မှ လယ်ယာမြေများ ပြန်လည်ရလိုမှု သတင်းက မပါသေးပါ။ မော်နီတာ သတင်းဂျာနယ်မှာ ပါမည်ထင်ကြောင်းပြောပြထားရပါတယ်။ အဲဒီ သတင်းကိစ္စ ဂျာနယ်မှာ သေချာပေါက်တင်စေချင်လို့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ ဖုန်းဆက်ထားရပါတယ်။ ဒီသတင်းက ခိုင်လုံကြောင်း၊ မနက်ဖြန်စတော့မယ့် မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ ဒီကိစ္စမေးခွန်းများတင်ထားပါကြောင်း၊ ဒါကြောင့် သူတို့က သတင်းမီဒီယာကို အားကိုးမိပါကြောင်း အယ်ဒီတာချုပ်နာလည်အောင် ဖုန်းနဲ့ပြောကြားရပါတယ်။ ဦးမြတ်ခိုင် ကတော့ ထုံးစံအတိုင်း ပြန်ကြည့်လိုက်ပါဦးမည် တဲ့။ ကျွန်တော့်သတင်းများ လျှပ်တစ်ပြက်/ မော်နီတာမှာ တင်ပေးထားတာ အများကြီးပါ။ ဒါပေမယ့် သတင်းတွေက အနည်းငယ်သာ ပါနေပါသေးတယ်။ သတင်းများကို သုံးပေးပါလို့လဲ မပြောရဲပါ။ သတင်းကို လုပ်စားသူ အဖြစ်လည်း အထင်မခံနိုင်ပါ။ သတင်းနဲ့ ပတ်သက်ပြီး ဒီသတင်းကိုမရေးပါဘူး၊ ဒီသတင်းကို ရေးလိုက်ရမလားဆိုပြီး မည်သူဆီကမှ အပေးအယူလုပ်ပြီး တံစိုးလက်ဆောင် လုံးဝမယူခဲ့ဘူးပါ။ မှန်ကန်တဲ့ဘက်မှ အများအတွက် မီဒီယာစိတ်ဓာတ် ကို လက်ကိုင်ထားသူ ဖြစ်ပါတယ်။
ဒီကိစ္စကို စာရေးနေစဉ် စစ်ကိုင်းဆွမ်းလောင်းအသင်း၊ မေတ္တာရှင်ဖောင်ထရေးရှင်း က ဆရာတော် ဦးကောဝိဒ ကားနဲ့ ကြွလာပါတယ်။ မေတ္တာရှင်ဆရာတော်ဘုရား လှူဒါန်းထားတဲ့ အ၀ိစိရေတွင်း ရေကန် အပြီးသတ်ရန် မြို့သစ်မြို့နယ်ထဲက ရုံးတော်ကျေးရွာသို့ လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ကျွန်တော့်ကို သတင်းယူဖို့ ဆရာတော်က ခေါ်ပါတယ်။ ကျွန်တော်က မလိုက်နိုင်ပါ။ သူ့ကလည်း မနက်ဖြန် တနင်္လာနေ့ နံနက် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းပွဲအမီ ပြန်ရမည်ပြောပါတယ်။ ကျွန်တော့်ကို မကွေးသို့ ပြန်ပို့ပေးနေရရင် ဘယ်မှီ ပါ့မလဲ။ ဒါကြောင့် ကျွန်တော်မလိုက်ဖြစ်တော့ပါ။ ဒါပေမယ့် ကျွန်တော် က ဆရာတော်ဦးကောဝိဒ ကို အရင်တုန်းကကြိုတင် အကူအညီတောင်းပြီး မျက်စေ့ခွဲစိတ်လှူဒါန်းနိုင်ဖို့ လျှောက်တင်ထားတဲ့ ကိစ္စကို ထပ်၍တောင်းဆိုပါတယ်။ အဲဒီခွဲမယ့်သူ ကဗျာဆရာ နှင်းဦး(မင်းဘူး) ဖြစ်ပါတယ်။ အဲဒီကိစ္စ လျှောက်တင်တော့ ယခု တစ်ပါတည်းခေါ်သွားမည် ပြောပါတယ်။ ဒါနဲ့ ကျွန်တော့်ဆိုင်ကယ်လေးနဲ့ နှင်းဦး(မင်းဘူး) နေထိုင်တဲ့ မင်းဘူးမြို့ ကံရေရွာသို့ နှင်းဦး(မင်းဘူး)ကိုသွားခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ နှင်းဦး(မင်းဘူး) တို့ မကွေးကိုရောက်လာတော့ ဆရာတော်ဦးကောဝိဒ ကားက မရှိတော့ပါဘူး။ အချိန်မစောင့်နိုင်လို့ မန္တလေးသို့ အမြန်ယဉ်ခရီးသည်တင်ဘစ်ကားနဲ့ နှင်းဦး(မင်းဘူး)ကို လိုက်လာဖို့ မှာခဲ့ပါတယ်။ လမ်းစရိတ်အတွက် ငွေ(၁၀၀၀၀)တစ်သောင်းပေးထားခဲ့ပါတယ်။ ကျွန်တော်လည်း နှင်းဦး(မင်းဘူး) မန္တလေးသွားရန် ရွှေမန်းသူကား ကို လက်မှတ်ဖြတ်ပေးလိုက်ပါတယ်။ ကားခ(၅၅၀၀ိ) ငါးထောင်ငါးရာကျပ် ကျပါတယ်။ ကျန်ငွေ(၄၅၀၀) ကိုလည်း သူ့ကိုပေးလိုက်ပါတယ်။ ညနေစာ ထမင်းကိုလည်း အိမ်မှ ကျွေးလိုက်ပါတယ်။ ပုဆိုးတစ်ကွင်း အသစ်တစ်ထည်ကိုလည်း လက်ဆောင်ပေးလိုက်ပါတယ်။
စာပေသမားအချင်းချင်း ယခုလို ကိုယ့်အရေး၊ကိုယ့်စီးပွားရေးမပြေလည်ကြတာကို အသာထားပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းကြတာကို သိစေရအောင် နှင်းဦး(မင်းဘူး) ကို ဒီနေ့ညနေ(၄)နာရီကျင်းပတဲ့ ရှိတ်စာပေ၀ိုင်းသို့ တက်ခိုင်းလိုက်ပါတယ်။ အတော်ပဲ အဲဒီစာပေ၀ိုင်းကို အိမ်က စက်ဘီလေးနဲ့ သွားရန် မှာနေတုန်းမှာ ဆရာကြီး မကွေးဝင်းမြင့်ကား ရောက်လာပါတယ်။ အဲဒီကားပေါ်မှာ ဧည့်သည် ခေတ္တရာမန်းသန်းမြင့်လဲ ပါလာပါတယ်။ ဆရာ မကွေးဝင်းမြင့်အိမ်က ဆရာကြီးကို မော်တော်ဆိုင်ကယ်ရဲ့နောက်မှာ တင်ပြီး ဟိုကခေါ် ဒီကခေါ်တာကို မကြိုက်ကြောင်း ဆရာကြီးရဲ့ ဇနီးနဲ့ သမီး တို့က ကျွန်တော့်အိမ်သို့ ဖုန်းဆက်ပြီး အသိပေးတားမြစ်ထားပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော့်က ဘယ်သူ့ကိုမှ မပြောရက်ပါ။ ပြောလိုက်မိရင် ကျွန်တော်ကိုယ်တိုင်း မတက်ရောက် မသွားတော့တဲ့ ရှိတ် စာပေ၀ိုင်းလေးကို ပျက်အောင်လုပ်တယ်လို့ အထင်ခံရပါမည်။ ဒါကြောင့်မပြောပါ။ ကျွန်တော် ဂျာနယ်တစ်ဆောင်ရဲ့ စာပေ၀ိုင်းကို ဘာကြောင့်မတက်သလဲ နှင်းဦး(မင်းဘူး)ကမေးပါတယ်။ (၁) အဲဒီ ဂျာနယ်ကို (၁)နှစ်တိတိ အိမ်မှာရုံးခွဲဖွင့်ပေးထားတယ်၊ စာမူကိစ္စအီးမေးလ်ပို့ စာမူခထုတ်ပေးတဲ့ကိစ္စ အားလုံးကိုတာဝန်ခံပေးတယ်၊ ဂျာနယ်စောင်ရေ တက်အောင် ကိုယ်တိုင်ဆိုင်ပေါက်စေ့သို့ သွားရောက်ဖြန့်ချိပေးထားတယ်၊ ဒါကြောင့် တစ်နှစ်တင်းတင်းပြည့်ပြီးလို့ ရှိတ်ဂျာနယ်ရုံးချုပ်ကို ထောက်ပံ့ငွေ(၅၀၀၀၀)ငါးသောင်းပေးပါရန် တောင်းခံခဲ့ပါတယ်။ အဲဒီ ဂျာနယ်တိုက်က မပေးနိုင်၍ ဆက်မလုပ်တော့ပါ။ (၂) ကျွန်တော့်ကို သတင်းတာဝန်ခံ အဖြစ် ဂျာနယ်မှာ ဖော်ပြပေးထားပြီး ကျွှန်တော့်ကလောင်အမည်အား ပြန်လည်ဖြုတ်သွားတဲ့ အတွက် အဲဒီ ဂျာနယ်နဲ့ ပတ်သက်လို့ ဘာတာဝန်မှ မရှိတော့ဟု ခံယူထားပါတယ်။ ( ၃) အယ်ဒီတာချုပ်ပြော စကားအရ `ကျွန်တော်က ကိုလံဘတ်လိုလူစား နယ်မြေအသစ် လူသစ်ကိုသာ ရှာလိုပါ တယ်´ဆိုသောစကားများ ကြောင့် ကျွန်တော်ကလည်း အဲဒီ ဂျာနယ်၊နဲ့ သူ့စာပေ၀ိုင်းကို ကင်းအောင်နေပါတယ် ဟု ပြန်လည်ဖြေရှင်းပေးလိုက် မိပါတယ်။ ဒါပေမယ့် မျက်နှာလွှဲ ခဲပစ်တော့မလုပ်ပါ။ ဖြန့်ချိရေးများကို လိုက်လံအပ်ပေး ထားပါတယ်။ အလျင်းသင့်ရင် စာမူများကို အီးမေးလ်ပေးပို့ပေးနေပါသေးတယ်။ အီးမေးလ်ပို့ခ အနည်းငယ်ရပါတယ်။ ဖြန့်ချိခ ဆိုင်ကယ်ဆီဖိုးရပါတယ်။ ရငွေများနဲ့ ထွက်ငွေများမှာ မကာမိတော့ပါဘူး။ ကျွန်တော့်မှာ ဟိုဂျာနယ်က ထောက်ပံ့ကြေးပေးနိုးနိုး ဒီဂျာနယ်ကထောက် ပံ့ကြေးပေးနိုးနိုးနဲ့ ADSL အင်တာနက်လိုင်းအတွက် နှစ်စဉ်ကြေး(၅၀၀၀၀) ငါးသောင်းကျပ်၊ လစဉ်ကြေး (၃၀၀၀၀) သုံးသောင်းကျပ် များကို ကြာလာတော့ မပေးနိုင်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်မှ ADSL လိုင်းစတင်တပ်ဆင် တုန်းက သွင်းငွေ(၁၅၅၀၀၀၀) တစ်သိန်းငါးသောင်းခွဲရယ်၊ တပ်ဆင်ခ(၁၀၀၀၀၀) တစ်သိန်းကျပ်၊ စုစုပေါင်း(၁၆သိန်းခွဲ) ကျပါတယ်။ မသုံးချင်လို့ သက်ဆိုင်ရာကို ပြန်အပ်ရင် သွင်းထားငွေများ ပြန်မရဘူးလို့ သိရပါတယ်။ ဒါကြောင့် ပြန်မအပ်ဘဲ လစဉ်ကြေး၊ နှစ်စဉ်ကြေး ကျခံနိုင်တဲ့ ဌာနတစ်ခုက ဆရာဖြစ်သူ အရာရှိတစ်ယောက်ရဲ့ အိမ်သို့ တောင်းတောင်းပန်ပန် ခခယယ ဖြင့် ADSL လိုင်းကို နေရာပြောင်းရွှေ့ပေးထား ရပါတယ်ခင်ဗျာ..။ နေ့စဉ်သုံးနေကြ အင်တာနက်လိုင်းမရှိလိုက်တော့ နေ့ည သန်းခေါင်ကျော် အချိန်မရွေး အခင်မင်ဆုံး အနီးကပ်ဆုံး တိုးတိုးဖော် တိုင်ပင်ဖော် ထာဝရ မိတ်ဆွေကြီး ကွယ်လွန်သွားသလိုမျိုးခံစား နေရပါပြီ..။ သြော် ကိုယ့်ထမင်းကိုစား အခမဲ့ကူလီထမ်းတတ်နေတဲ့ မီဒီယာရောဂါ…။ ဒါပေမယ့် သတင်းသမားဆိုတာ အများအကျိုးအတွက် ကိုယ်လုပ်ချင်ရာ လုပ်နေရရင် ကြေနပ်နေသူ ကျွန်တော်ပါခင်ဗျာ..။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment