ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၇-၂၀၁၂) ၁၃-၁-၂၀၁၂ ` အားလုံး ချမ်းသာစေချင်ပါသည်´
ယနေ့ နံနက်လင်းတာနဲ့ အင်တာနက်ကို ဖွင့်ပါတယ်။ ယနေ့ ဘယ်သူတွေ လွတ်ငြိမ်းချမ်းသာခွင့် ရကြသလဲ စာရင်းများ သတင်းများကို ကြည့်ပါတယ်။ အဲဒီ သတင်းများကို ကျွန်တော့် ဘလော့ထဲမှာ ကော်ပီယူပြီး ဖော်ပြပါတယ်။ ၀မ်းသာကြည်နူးမိပါတယ်။ သက်ဆိုင်သူ မိသားစုများဆိုရင် ဘယ်လောက်များ ၀မ်းသာကြပါမည်လဲ..။ နိုင်ငံတော် သမ္မတကြီးကို အထူးကျေးဇူးတင်ပါတယ်။ ပြောတဲ့အတိုင်း လုပ်ပေးလိုက်တာပါ။ ဒါကြောင့် မြန်မာစကားပုံ တစ်ခုကို သတိရလိုက်မိပါတယ်။ မပြီးခင် ဗမာ မမြင်စေနဲ့ တဲ့။ မြန်မာနိုင်ငံ နဲ့ တစ်ကမ္ဘာလုံးက လိုလားနေတဲ့ ` အကျဉ်းကျနေကြတဲ့ နိုင်ငံရေးသားများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်´ ကို မျှော်လင့်နေကြတာပါ။ ဒီနေ့ကတော့ တစ်နေကုန် အချိန်ယူပြီး သတင်းများကို လှည့်ပါတ်ကြည့်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးသော စာရင်းများ၊ ဓာတ်ပုံများ ကို ကျွန်တော့်ဘလော့မှာ ယူပြီးတင်ထားပါတယ်။ ဟိုတစ်ချိန်က ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီး ဟောင်း) မိသားစု(၃)ဦးရဲ့ ဓာတ်ပုံများကို ယူပြီး တင်ထားပါတယ်။ နောက် နိုင်ငံရေးမှာ အဓိက ပါဝင်လာကြမယ့် ကိုမင်းကိုနိုင် နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ ဓာတ်ပုံများ၊ ဘလော့ဂါ နေဘုန်းလတ် ဓာတ်ပုံ စတာတွေကိုလည်း မှတ်တမ်းသဘော ယူပြီး တင်ထားပါတယ်။ ယနေ့မှ အင်တာနက်ကော်နက်ရှင်ကလည်း ကျကျနေပြန်ပါတယ်။ ညက မီးပျက်လို့ မီးစက်မောင်းပြီး အင်ဗာတာ(၂)လုံးနဲ့ အင်တာနက် သုံးလိုက်တာ ကြွသွားပါတယ်။ ညက ` နာမည်ကျော်စာရေးဆရာဆိုတာ မှန်လုံ အမြန်ယာဉ် ခရီးသည်ကားကို မစီးပါ´ သတင်းဆောင်းပါးအား မန္တလေး ဂေဇက်ဝက်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်။ လျှပ်တစ်ပြက်/ မော်နီတာ သတင်းဂျာနယ်ကို ပို့ထားတဲ့ သတင်းဆောင်းပါးပါ။ အယ်ဒီတာချုပ် ကိုမြတ်ခိုင် က မသုံးလို့ မန္တလေး ဂဇက်ဆိုဒ်မှာ တင်လိုက်ရတာပါ။ နာမည် များကို ကွက်လပ်ထားပြီးတင်ပေးပါတယ်။ မန္တလေးဂေဇက်မှ ရွာသူ ရွာသားများက နာမည် မပါလို့ ဖတ်ရတာ လည်နေကြောင်း၊ ပြောလိုတဲ့ အတိုင်း မရှင်းလင်းဘူး လို့ ကော်မန်းများတက်လာကြပါတယ်။ ဒါကြောင့် ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်။
ဒီနေ့မှာ ဈေးဆိုင်များက ဈေးရောင်းလို့ မကောင်းပါ။ လူတွေအတော်တော်များများက လွတ်ငြိမ်းချမ်းသာခွင့်ကို စိတ်ဝင်စားသူတွေ များနေပါတယ်။ ပထမ အဦးဆုံး ဆီးလာဝယ်သူကလည်း ဒီသတင်းကို စိတ်ဝင်တစ်စား ဖောက်သည်ချပြီး ပြောဆိုသွားပါတယ်။ ဈေးရောင်းမကောင်းတဲ့ အထဲမှာ အရှေ့ဘက် လားရှိုးအလှုမီနီယံ ဆိုင်က ကျောက်စက်သံကြောင့် နားတော်တော် ညီးသွားရပါတယ်။ ညနေ ဆရာ မကွေးဝင်းမြင့်လာလို့ လဖက်ရည်ဆိုင်မှာထိုင်ကြပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ထောင်မှ လွတ်လာတဲ့ သတင်းဓာတ်ပုံများ ကိုပြပါတယ်။ ရေဒီယိုက သတင်းနားထောင်ချင်လို့ ဆရာက စောစောပြန်သွားပါတယ်။
ကွန်တော်တို့ မိသားစုမှာ မနက်စောစော သံဃာတော်များ အာရုံဆွမ်းလောင်းရပါမည်။ ၁၉၉၉ ခုနှစ်ကစပြီး စတင်ဆွမ်းလောင်းလှူခဲ့ပါတယ်။ ယခု ၂၀၁၂ ခု ဆိုတော့ (၁၃)ကြိမ်မြောက်ပါ။ ပြာသိုလပြည့်ကျော်(၆)ရက်နေ့မှာ နှစ်စဉ် နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်း မှာ မကွေးမြို့ပေါ်ကျောင်းတိုက်(..) က သံဃာတော်(၁၈၀၀) အား အာရုံဆွမ်း လောင်းလှူကြရပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဆီဆိုင်ကို စောစောပိတ်လိုက်ပါတယ်။ နံနက်(၃း၃၀) မှာ အိပ်ယာစောစောထ ရမှာကြောင့်ပါ။ မနက်ဖြန် ၁၃၇၃ ခု ပြာသိုလပြည့်ကျော်(၆)ရက်၊ ၂၀၁၂ ခု ဇန္န၀ါရီလ(၁၄)ရက် နံနက်(၄)နာရီအချိန်မှ စပြီး ကျွန်တော်တို့ မိသားစု (၁၃)ကြိမ်မြောက် သံဃာ့ဒါန အာရုံဆွမ်းလောင်းလှူကြတော့မည်။ ဒါကြောင့် ကျွန်တော်တို့ မိသားစုနဲ့ ဘ၀ အဆက်ဆက်က ပတ်သက်တော်စပ်ခဲ့တဲ့ မိဘ ဆွေမျိုး၊ ဆရာသမား များ၊ လောကီစီးပွားရေးလုပ်ငန်းများအား စောင့်ရှောက်ကုန်ကြသော ၀ိဇ္ဇာ ရှစ်သောင်း ဆရာအပေါင်း၊ မိဆိုင်နတ် ဖဆိုင်နတ် အပြင်(၃၇)မင်း အတွင်း(၃၇) နတ်အပေါင်း၊ မကွေးမြို့အားပိုင်ဆိုင်စောင်ရှောက်ကုန်ကြသော နတ်အပေါင်း၊ အထူးစောင့်ရှောက်သော ဘောသော ဘောကျော် ဘီးလူးညီနောင်နှစ်ပါး တို့သည် ကျွန်တော်တို့ နှင့် မနက်ဖြန်နံနက် ဒါနပွဲသို့ ကြွရောက်ပြီး လှူဒါန်းပူဇော်ကြပါရန်ကြိုတင် ဖိတ်မာန်တက ပြုလိုက်ရပါတယ်။ လူ နတ် ဗြမ္မာ သတ္တ၀ါအပေါင်း ကျွန်တော်တို့ ရဲ့ သံဃာ့ဒါန အာရုံဆွမ်းလောင်းပွဲကြီးသို့ ကြွရောက်တော် မူကြနိုင်ပါစေကုန်သတည်း။ ကျွန်တော်တို့ နှင့် အတူဒါနပြုပြီး သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြ၍ လိုရာဆန္ဒ ဘုံဘ၀သို့ ရောက်နိုင်ကြပါစေသတည်း။
0 comments:
Post a Comment