ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၀၀၁) ၁-၁-၂၀၁၂ ` မင်္ဂလာရှိသော နှစ်သစ်မှာ …´
၂၀၁၁၊ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ မကွေးစာပေဟောပြောပွဲ ရဲ့ နောက်ကွယ်မှ ခံစားချက်များကိုရေးနေလို့ အမှတ်စဉ်(၀၀၁) ကို ယနေ့မှ ရေးသားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်သစ်ကူးညမှာ ပရိတ်ကြီး(၁၁) သုတ်ကိုဖွင့်ပြီး တရားနာပါတယ်။ မင်းဘူးမြို့က သစ္စာမေတ္တာဆရာတော်ဘုရားခိုင်းထားတဲ့ ဘုရားရှစ်ခိုးများကို စိတ်ပါ လက်ပါ ရင်ထဲမှာ ဘုရားတည် ရွတ်ဆိုပူဇော်ပါတယ်။၂၀၁၁ ၊ ခုနှစ်ဟောင်းက မကောင်းသော အ မင်္ဂလာများ ကုန်ဆုံးပြီး ၂၀၁၂ ခုနှစ် ကောင်းကြိုးမင်္ဂလာ အဖြာဖြာ နဲ့ ပြည့်ဝရပါလို၏ လို့ ဆုတောင်း မေတ္တာပို့လိုက်ရပါတယ်။ ၂၀၁၂ ခုနှစ် နံနက် ၁း၃၀ နာရီမှာ ရှစ်ခိုးပူဇော်ပြီးပါတယ်။ အဲဒီအချိန်မှာ မန္တလေးမှ စာရေးဆရာများကို ပြန်ပို့တဲ့ ကားနဲ့ ကျွန်တော့်သား ပြန်ရောက်လာပါတယ်။ စာပေဟောပြောပွဲပြီးသွားသော်လည်း ကျွန်တော်တို့ ကော်မတီမှာ ရှင်းလို့ လင်းလို့ ကို မပြီနိုင်ကြပါဘူး။
စာပေဟောပြောပွဲပြီး တဲ့ ၃၀-၁၂-၂၀၁၁ နေ့ တစ်နေကုန် လူရော စိတ်ပါ မအားခဲ့ရပါ။ ဟော်တယ်မှ ပြန်ကြမယ့် စာရေးဆရာတွေကို သွားပြီးနှတ်ဆက်ချိန်မရလိုက်ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ စာပေဟောပြောပွဲ MP3 အသံဖိုင် စီဒီခွေ(၃) ခွေနဲ့ တစ်ဦးခြင်းပြောကြားချက်များကို ကောက်နှတ်ရေးသား ပေးရပါတယ်။ ညနေ(၃)နာရီမှ အိမ်ကို ပြန်ရောက်ပါတယ်။ အဲဒီနေ့ ညနေ(၆) နာရီမှာ ပါရမီသွေး(ပရဟိတ)က ကိုအောင်လွင် ကျွန်တော့်ဆိုင်ကို ရောက်လာပါတယ်။ မန္တလေးသို့ စာရေးဆရာတွေကို ပြန်ပို့တဲ့ကား ယခုအချိန်ပဲ ရောက်ကြောင်း ဖုန်းသတင်းရတယ် ပြောပါတယ်။ အဲဒီညမှာ ကိုအောင်လွင်၊ ကိုနေခြည်၊ လွမ်းထား(မကွေး) တို့နဲ့ ကျွန်တော့်ဆိုင်ရှေ့မှာ စာပေဟောပြောပွဲ အကြောင်းများကို ပြန်လည်ပြောကြားကြပါတယ်။ စာပေဟောပြောပွဲ မဖြစ်တာ(၄) နှစ်ကြာပြီးမှ ယခုနှစ်မှ ပြန်လည်ကျင်းပတဲ့ ဟောပြောပွဲဖြစ်လို့ ဟိုးယခင် ယခင်နှစ်တွေကထက် (၃)ဆလောက် ပရိတ်သတ်စည်ကားနေပါတယ်။ မိန်းစပွန်စာ ပါရမီသွေး(ပရဟိတ) အဖွဲ့ကြောင့် စာပေဟောပြောပွဲက တော်တော်လေး ပြည့်စုံလှပသွားတာ ဖြစ်ပါတယ်။ သူတို့ အဖွဲက ငွေအား လူအား မော်တော်ယာဉ် နဲ့ အခြား ကိစ္စအတော်များများ ကူညီဆောင်ရွက်ပေးသွားကြပါတယ်။ စာပေဟောပြောပွဲကြီးလည်း ခြိမ့်ခြိမ့်သဲ အောင်မြင်သွားတော့ အားလုံးက ကျင်းပပေးရကျိုးနပ်ပြီး အမောတွေပြေသွားကြ ပါတယ်။ ကျွန်တော်လည်း စာရေးဆရာကြီး နှစ်ဦးက မတန် တဆ ပြောဆိုခံခဲ့ရတာကို ရင်ထဲမှ ခံစားချက်ရေးပြီး အမောပြေသွားမိပါတယ်။ ဟောပြောပွဲ မှာ တစ်ညလုံး တစ်နေကုန် ပင်ပန်းသွားလို့ ၃၁-၁၂-၂၀၁၁ နေ့က စာလုံးဝ မရေးနိုင်ခဲ့ပါ။ ၂၀၁၁ ခု၊ နှစ်သစ်ကူးည ကျော်လွန်အောင် စောင့်ရင်း ၂၀၁၂၊ ခုနှစ် မင်္ဂလာနှစ်သစ်ကိုဝင်ရောက်လာခဲ့ပါတယ်။
ယနေ့ ၁-၁-၂၀၁၂ နေ့မှာတော့ ကျွန်တော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ရန် လွှဲပေးထားတဲ့ သမီးက ငိုယိုပြီး ကျွန်တော့်ကို ပြန်အပ်နေပါတယ်။ ကျွန်တော်ကလည်း ၂၀၀၉ ခုနှစ်ကစပြီး အိမ် စီးပွားရေးကို ပြန်မလှည့်ကြည့်ခဲ့ တာပါ။ ကျွန်တော်တို့ မိသားစု စီပွားရေးကျတဲ့ကိစ္စ အသေးစိတ်ကိုတော့ အခါသင့်မှ ပြန်ရေးပါမည်။ ကျွန်တော်ဝါသနာပါတဲ့ အင်တာနက်ဆိုင်ကို သားသမီးတွေ မကြိုက်တဲ့အထဲက ဇွတ်လုပ်ခဲ့ပါတယ်။ ငွေကျပ်သိန်း(၆၀)လောက် အရှုံးစာရင်းပြသွား ခဲ့ပါတယ်။ ဂျာနယ်ကိစ္စ၊ မြို့နယ်စာနယ်ဇင်း ကိစ္စတွေကိုသာ လုပ်ကိုင်လာခဲ့ပါတယ်။ ယခုတော့ ကျွန်တော် စီးပွားရေးလုပ်ငန်းတွေကို လွှဲခဲ့စဉ်က ပေးစရာရှိတဲ့ကြွေးငွေကို သူလုပ်ကိုင်ပေးဆပ်ခဲ့ပြီး ယခု ပေးရန်ကြွေးကျန်ငွေ သိန်း(၈၇)သိန်း စာရင်းနဲ့ ကျွန်တော့်ကို အပ်နေပါတယ်။ ယခုလောလောဆယ် ငွေ(၈) သိန်းကို အရေးပေါ် ပေးစရာရှိနေပါတယ်။ ဒါကို မနက်ဖြန် ကျွန်တော်ရအောင် ရှာရပါမည်။ ယနေ့ နံနက်ပိုင်း မှာ ကျွန်တော်၊ ကျွန်တော့်ဇနီး၊ ကျွန်တော့်သားကြီး၊ ကျွန်တော့် သမီး တို့ (၄) ဦးခေါင်းခြင်းဆိုင်လို့ တိုင်ပင်ကြရပါတယ်။ ကျွန်တော်က လက်ရှိနေတဲ့ ဆိုင်းခန်း(၂)ခန်းလုံးကို ရောင်းချပြီး နေရာသစ်ကိုပြောင်းမယ်ပြောမိပါတယ်။ သူတို့ကတော့ ဆိုင်ခန်း(၁)ခန်းကိုသာ ရောင်းချပြီး ကြွေးများပြန်ဆပ်ထားရန် ပြောဆိုကြပါတယ်။ သမီးကတော့ သူ့အမျိုးသား စစ်ဆေးဆရာဝန် ဗိုလ်ကြီး တာဝန်ကျတဲ့ ကျိုင်းတုံမြို့ကို မလိုက်ရဲကြောင်း၊ သူ့ သား နဲ့ သမီး သားအမိ(၃)ယောက်ကတော့ မကွေးမြို့မှာသာ အခြေချ နေထိုင်းမယ်ပြောဆိုလာပါတယ်။ သားကြီကလည်း သူ မကွေးမှာပဲ အလုပ်ရှာပြီးလုပ်မယ်ပြောပါတယ်။ အဖေတို့ကို ပစ်ပြီး အခြားနယ်ကိုလည်း ထွက်မသွားရက်ကြောင်း ပြောဆိုလာပါတယ်။ အသက်(၆၀) ကျော်တဲ့ ကျွန်တော့်ဇနီးကလည်း သူ့ကိုသာ အပြင်အလုပ်တစ်ခု ရှာပေးရန် ပြောဆိုလာပါတယ်။ ကျွန်တော် ခေါင်းတွေမူးပြီး ချာချာလည်အောင် စဉ်းစားနေရပါတယ်။ ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ဥပုဒ်နေ့ဖြစ်တော့ ညနေ(၄) နာရီ မိုးကုတ်တရားစခမ်း က ဆရာတော်တရားပွဲ အမှီသွားခဲ့ပါတယ်။ ဆရာတော်တရားဟောတဲ့ တရားတော်ကို နာကြားရတာ ခဏတာ ဘ၀အေးချမ်းရပါတယ်။ တစ်ဘ၀တာ ငြိမ်းချမ်းအောင် တစ်စ တစ်စ တိုး၍ တိုး၍ လုပ်ရပါမည်။ ဒီနေ့ ၁၃၇၃ ခု၊ ပြာသိုလဆန်း(၈)ရက်ပါ။ မနက်ဖြန် ၁၃၇၃ ခု၊ ပြာသိုလဆန်း(၉)ရက် ရောက်မည်။ အင်း ကျွန်တော့်ရဲ့ (၅၄) နှစ်ပြည့်မယ့် မွေးနေ့ကျ ရောက်လာပါလား..။ (၅၄) နှစ်တာ ကျွန်တော်လုပ်ဆောင်ချက်များမှာ မိသားစုအတွက်လည်း ဘာကိုမျှ မယ်မယ်ရရ အေးအေးချမ်းချမ်း မထားနိုင်သေးပါ ကလား..။ ကျွန်တော်ဆိုတဲ့ အကောင် ဖခင်တာဝန် မကျေပွန်သူကြီး ဖြစ်နေပါပြီဗျာ..။
ဒီည ကိုအောင်လွင် ရောက်လာပါတယ်။ စာပေဟောပြောခွေ (မာစတာခွေ) လာပေးပါတယ်။ ကိုနေခြည် ကိုခေါ်ပါတယ်။ စာနယ်ဇင်း အမှုဆောင် အစည်းအဝေးခေါ်ယူပြီး လိုအပ်တာများကို ဆုံးဖြတ်လုပ်ကိုင်ကြမယ် စီစဉ်လိုက်ပါတယ်။ မကွေးစာနယ်ဇင်း မူရင်းရိုက်ကူးရေး ဗွီစီဒီ ခွေရဲ့ အရင် စာနယ်ဇင်းအဖွဲ့ဝင် မြန်မာပြည်ဆရာဟိန်း က ခွင့်ပြုချက်မရယူဘဲ မြို့တွင်းမှာ တစ်ခွေလျှင် ငွေကျပ်(၁၀၀၀) နဲ့ ရောင်းနေကြောင်း သတင်းလာပို့ပါတယ်။ ဒါကြောင့် စာနယ်ဇင်း အတွင်းရေးမှူး ကိုနေခြည် ခေါ်ပါတယ်။ မနက်ဖြန် နံနက် ဒီကိစ္စကို ဖြေရှင်းဖို့ အစည်းအဝေးခေါ်မယ်။ ဘဏ္ဍာရေးမှူး ဆရာတင်လင်းဇော် ကို အစည်းအဝေးလုပ်ရန် နံနက်(၈)နာရီမှာ ချိန်းလိုက်ပါတယ်။ ဒီည တတိယ ကိစ္စမှာ သတင်းထောက်ကြီး မကွေးဝင်းမောင် နဲ့ ရွာသစ်ကျေးရွာ ဆရာတော်ဘုရားပါလာပါတယ်။ မနက်ဖြန် ၂-၁-၂၀၁၂ နေ့ မှာ မန္တလေးက စာရေးဆရာ ဦးဘုန်း(ဓာတု)၊ ဇော်ခိုင်ဦး၊ ဆရာ ဦးဆွေ(ဒဿနိက) တို့ သုံးဦး ဟောပြောကြမှာ ဖြစ်ပါတယ်။ နေ့ပွဲကို ရွာသစ်ဘုန်းကြီးကျောင်းဝန်းထဲမှာ ဟောပြောကြမယ်။ ညပွဲက ညောင်ကန်ရွာ ထဲမှာ ဟောပြောကြမှာပါ။ ပွဲမိန့်ကို ကြိုတင်ပြီး တင်ထားသော်လည်း ယနေ့ညအထိ သက်ဆိုင်ရာမှ တရားဝင်းပွဲမိန့် မကျသေးပါ။ ဒါပေမယ့် သတင်းထောက်ကြီး မကွေးဝင်းမောင် ပြောကြားချက်အရ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင် က မှာလိုက်ပါတယ်။ မကွေးစာနယ်ဇင်း မှ တာဝန်ရှိသူ တစ်ဦးဦးကိုခေါ်သွားပြီးလုပ်ပါ ဟု ပြောဆိုပါတယ်။ ဒါကြောင့် ကိုနေခြည် (သို့) ကျွန်တော် လိုက်ခဲ့ပါလို့ ခေါ်နေပါတယ်။ ကိုနေခြည် က မြို့နယ်အုပ်ချုပ်ရေးက စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးလိုက်ပါ ပြုလုပ်ပါ..ဆိုတဲ့ စာယူလာခဲ့ရင် လိုက်ပေးမယ် ပြန်ပြောလိုက်ရပါတယ်။ ဒါနဲ့ သူတို့အဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ကို ပြန်သွားပြီး လက်မှတ်တောင်းမယ်ဆိုပြီး ပြန်သွားပါတော့တယ်..။ အဲ အကြာမှီ စာနယ်ဇင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့် သားက ကျွန်တော်ထံ ဖုန်းဆက်မေးပါတယ်။ ညောင်ကန်ရွာ စာပေဟောပြောပွဲ ပွဲမိန့် တကယ်ကျပြီလား၊ အဖေ့ကို လာခေါ်နေပါတယ် အဲဒါ ဦးလေးဆီကို ဖုန်းဆက်မေးရပါတယ် လို့ ပြောဆိုမေးမြန်းနေပါတယ်။ ကျွန်တော်က အဖြစ်မှန်များကို ပြန်ပြောရပါတယ်။
ဒီညတော့ (၂၉-၁၂-၂၀၁၁) နေ့ည စာပေဟောပြောပွဲ မာစတာခွေကို အိမ်က ကွန်ပျူတာနဲ့ ကူးနေပါတယ်။ ကွန်ပျူတာ နိမ့်နေတော့ နောက်တစ်နေ့ (၁)နာရီထိုးလို့ကို မပြီးတော့ပါ။ ဟောပြောခွေက (၂)ခွေဆိုတော့ ခွေ(A) ကိုသာ ကူးယူနိုင်လိုက်ပါတယ်။ ကျန်တဲ့ (B) ခွေကိုတော့ နံနက်လင်းမှ ကူးယူပါတော့မည်..။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂-၁-၂၀၁၂ ၊ နံနက်(၁)နာရီ။
0 comments:
Post a Comment