အမှတ်(၁၁-၂၀၁၂) ၁၈-၁-၂၀၁၂ ` အ၀ စားတဲ့ ဆက်သွယ်ရေးဌာန´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁-၂၀၁၂) ၁၈-၁-၂၀၁၂ ` အ၀ စားတဲ့ ဆက်သွယ်ရေးဌာန´ ယနေ့ နံနက်လင်းတာနဲ့ ပရိတ် ပဌာန်းကို အရင်ဆုံး မရွတ်ဆိုနိုင်ပါ။ ညကသတင်း မျှော်ရမယ်။ ကချင် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စသတင်း၊ ရွှေည၀ါဆရာတော်ဘုရားရဲ့ သတင်း စတာတွေကို စောင့်ကြည့်လိုပါတယ်။ ဒါပေမယ့် ယနေ့ အင်တာနက်ကို မဖွင့်နိုင်ပါ။ ကျွန်တော် ရောင်းလိုတဲ့ အင်တာနက် ADSL လိုင်းကိစ္စ တစ်နေကုန် လုပ်နေရပါတယ်။ ကိုမျိုးလေးဆီကိုသွားတယ်။ ဦးကျော်စိန် အိမ်ကိုသွားတယ်။ လိုအပ်တာတွေကို ယူလာပါတယ်။ မကွေးတိုင်းဒေသကြီး ဆက်သွယ်ရေးရုံးသို့ ၀င်ပါတယ်။ ADSL လိုင်း ပြောင်းရွှေ့တပ်ဆင်ရန် လိုအပ်တဲ့ စာရွက်စာတန်းများကို မေးမြန်းပါတယ်။ အပြန် အင်တာနက်လိုင်း ပြောင်းရွှေ့ရန် လျှောက်လွှာရေးတယ်။ ယခင်လုပ်ငန်းလိုင်စင် MPT ပိတ်သိမ်း တင်ထားတဲ့ ဖိုင်ဖိုတာတွေက လုံးဝပြန်ဖွင့်လို့ မရပါ။ ဒါကြောင့် ကျွန်တော့် အီးမေး သုံးခုထဲမှာ တစ်ခုချင်းကို ပြန်ရှာနေရပါတယ်။ အင်း အင်တာနက်လိုင်းက ကိုယ်လိုချင် ရချင်တုန်းကလည်း မလွယ်ဘူး။ ဈေးကလည်း ငွေကျပ်(၁၅သိန်းခွဲ) သွင်းရတယ်။ တပ်ဆင်ခက ငွေကျပ်တစ်သိန်း သွင်းရပါတယ်။ တပ်ဆင်ပေးသူ သုံးဦး ကို ပဲဆီ တစ်ပုံးဆီလည်း ပေးလိုက်ပါတယ်။ ယခု ကိုယ်က မသုံးနိုင်တာ့လို့ နေရာပြောင်းရွှေ့ချင်တော့လည်း တော်တော်ကို မလွယ်ပါလားနော်။ ဆက်သွယ်ရေးရုံးက အပြန် တစ်နေကုန် လိုအပ်သည်များကို စာရိုက်၊ မိတ္တူတွေကူး နဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။ မနက်ဖြန် မှ ဆက်သွယ်ရေး တိုင်းဒေသကြီးရုံးကို တင်ရပါမည်။ ဒါတောင် နောက်ထပ် ဘယ်နှစ်ခေါက်များ သွားရမယ် မသိသေးပါ။ နေ့လည် ကိုတင်လင်းဇော် ရောက်လာပါတယ်။ နှစ်(၃၀) အတွင်း ၀န်ထမ်းကောင်းဆု ရကြောင်း မင်္ဂလာသတင်း ပြောကြားသွားပါတယ်။ ကဗျာဆရာ မောင်မော်ကွန်း လည်း ကန်ရေရွာမှ ရောက်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူထူထောင်ခဲ့သော (ကျွန်းမကြီး ကဗျာရွတ်ပွဲ) မှာ သူမလာရောက်နိုင်ကြောင်း ပြောပါတယ်။ သူ အကြောင်းမညီညွတ်လို့ မလာရောက်နိုင်ပေမယ့် ယခု မျိုးဆက်သစ် ကဗျာဆရာလေးတွေ တောင်တွင်း၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ မင်းဘူးမြို့များမှ စုစုပေါင်း (၂၅)ယောက်လောက်တက်ရောက်တာ သိရလို့ ၀မ်းသာပါကြောင်း ပြောဆိုသွားပါတယ်။ ယနေ့ နေ့လည်မှာ စစ်ကိုင်းဆွမ်းလောင်းအသင်းက ဆရာတော်ဦးကောဝိဒ သူ့ကားနဲ့ ရောက်လာပါတယ်။ ရန်ကုန်မှ ကိုကြီးတို့ မ၀ါဝါခိုင်မင်းတို့ဆီက ပြန်လာတယ် လို့ သိရပါတယ်။ ဒယ်အိုးဆရာတော် ဥူးသုမင်္လ တရားပွဲတွေပြန်ဖွင့်ပြီလို့ သိရပါတယ်။ ယခုလ ဇန္န၀ါရီလ(၁၄)ရက်နေ့က ပြန်လည်ဖွင့်ပေးလိုက်ကြောင်း ဆရာတော် ဦးကောဝိဒ ကပြောပါတယ်။ ၀မ်းသာစရာပါ။ ရွှေည၀ါဆရာတော်ဘုရား ကိစ္စကို မနက်ဖြန် မှ ရန်ကုန်တိုင်းသံဃာ့အဖွဲ့ ကြားနာစစ်ဆေးမယ်လို့ သတင်းရပါတယ်။ ကချင် ငြိမ်းချမ်းရေးကိစ္စကလည်း ယနေ့မှ စတင်နေကြောင်း ရက်ရှည် ဆွေးနွေးရမည်လို့ ကချင်ခေါင်းဆောင် တစ်ဦးက နိုင်ငံခြားသတင်းတစ်ခုမှာ ပြောဆိုသွားသံကို ကြားလိုက်ရပါတယ်။ ညနေ ဆရာ မကွေးဝင်းမြင့်လာပါတယ်။ ထိုင်နေကြ စွဲမက်လက်ဖက်ရည်ဆိုင် မှာထိုင်ဖြစ်ကြပါတယ်။ ယနေ့ ထုတ်တဲ့ NLD ပါတီက ဒီလှိုင်း စာစောင် ဖတ်လို့ကောင်းကြောင်း ဆရာက ပြောပါတယ်။ ရောင်းလို့လည်း မလောက်ကြောင်း သိရပါတယ်။ စောင်ရေ သိန်းချီထုတ်ရတယ်လို့ ကြားသိရပါတယ်။ ဖောက်သည်ဈေး (၂၅၀ိ)၊ ဆိုင်တင်ရောင်းဈေး(၃၀၀ိ)၊ လက်ပွှေ့သမားရောင်း(၄၀၀ိ) လို့ ကြားသိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး မှ အင်တာနက်လိုင်း ADSL အကြောင်းပြောချင်ပါတယ်။ ကျွန်တော်(၂၀၀၈)ခုနှစ်မှာ စတင်တပ်ဆင်တုန်းက ADSL လိုင်းအတွက် (၁၅သိန်းခွဲ) ငွေသွင်းရပါတယ်။နှစ်စဉ်ကြေးက(၅၀၀၀၀ိ)။ လစဉ်ကြေးက အနည်းဆုံး(၃၀၀၀၀ိ) မှ တစ်သိန်းကျော်အထိပါ။ တပ်ဆင်ခက (တစ်သိန်း) သွင်းရပါတယ်။ မြန်မာအင်ဖိုတက် ကုမ္ပဏီမှ ထုတ်ပေးတဲ့ PAC လိုင်စင်ကြေးက (၃သိန်းခြောက်သောင်း) နဲ့ လစဉ်ကြေးက 256 =၃၀၀၀၀ိ မှ ၀မ်းဂစ်ဆိုရင်(တစ်သိန်း)ဆောင်ရပါတယ်။ဆက်သွယ်ရေးကတစ်မျိုးတောင်း MPT ခေါ် မြန်မာအင်ဖိုတက် ကုမ္ပဏီ( ကြံခိုင်ရေးပါတီပိုင်) ကတစ်မျိုးဆောင်ခိုင်းလိုက်နဲ့ အသုံးပြုလိုသူတွေ၊ ဆိုင်ဖွင့်လိုသူတွေ တောင်းသလောက် ပေးဆောင်ကြရပါတယ်။ ယခု အစိုးရပြောင်းလဲ သွားတော့ ဆိုင်ဖွင့်ခွင့် PAC လိုင်စင်ကို မြန်မာ့ဆက်သွယ်ရေးက ပြန်ကိုင်ပါတယ်။ အင်တာနက်လိုင်း ADSL ဈေးက ယခု (၇သိန်းခွဲ) ငွေသွင်းရပါတယ်။ တပ်ဆင်ခက (ငါးသောင်း) ပေးရပါတယ်။ အဲ အင်တာနက်ဆိုင်ဖွင့်လိုသူများအတွက် လိုင်စင်ကြေးမှာ ဈေးတက်လာပါတယ်။ လိုင်စင်ကြေး ကို ယခင်က(၃သိန်းခြောက်သောင်း) ကို ယခု (၈သိန်းခွဲ) လို့ ကြားသိရပါတယ်။ နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေကို ယခင်လိုယူမလား ထပ်ပြီး တက်မလား မစုံစမ်းရသေးပါဘူး။ အင်တာနက် ကော်နရှင်လိုင်းကလည်း ယခင်လိုပါဘဲ။ အင်တာနက်ဆိုင်တွေမှာ အင်တာနက်တစ်မျိုးတည်းကို အားမကိုးရဲပါ။ ဂိမ်း ဆိုင်နဲ့ တွဲထောင်မှာသာ အဆင်ပြေကြပါတယ်။ သုံးတဲ့သူတွေ အဆင်ပြေတာကိုပြောတာပါ။ ဆိုင်ရှင်တွေကတော့ အင်တာနက်ဆိုင် (၁၀)ဆိုင်ဖွင့်ရင် (၂)ဆိုင်လောက်ကသာ အဆင်ပြောကြတာကို တွေ့မြင်နေရပါတယ်။ အခြား မြို့နယ်လုပ်ငန်းလိုင်စင်ကြေး၊ စည်ပင်သာယာ လုပ်ငန်းလိုင်စင်၊ စည်ပင်သာယာ ဆိုင်းဘုတ်ခွန်၊ အမြတ်ခွန်ရုံးမှ ၀င်ငွေခွန် စတဲ့ အခွန်အခတွေကိုလည်း နှစ်စဉ်ဆောင်နေကြရပါသေးတယ်။ ဒါကြောင့် ကျွန်တော် ကိုယ်ပိုင်သုံးတဲ့ ဒီ ADSL လိုင်းလေးကို စားရိတ်ကာအောင်ဆို အင်တာနက်ဆိုင်ထောင်လိုက်တာ ခွက်ခွက်ကို လှန်ပြီး ရှုံးသွားပါတယ်။ အခြေ အနေ မကောင်းလို့ မြန်မြန် ပြန်ဖြုတ်လိုက်ရပါတယ်။ သိန်း(၆၀) လောက် ရှုံးသွားပါတယ်။ ယခုတော့ စာရေးဆရာ၊ သတင်းထောက်လုပ်ငန်းကလည်း ၀င်ငွေက မကောင်းတော့ ADSL လိုင်းအတွက် နှစ်စဉ်ကြေး လစဉ်ကြေးကို ဆောင်ရတာ ပင်ပမ်းလာတော့ ရသလောက်နဲ့သာ မိတ်ဆွေတစ်ဦးထံသို့ ပြောင်းရွှေ့ပေးပြီး ရောင်းရပါတော့မည်။ (၁၅သိန်းခွဲ) ပေးပြီတပ်ခဲ့ရတဲ့ အင်တာနက် ADSL လိုင်းကို ယခု(၅သိန်း) နဲ့ ရောင်းရပါတော့မည်။ ၀ယ်မည့်သူကိုလည်း အောက်ကျ နောက်ကျ စပ်ရပါတယ်။ ဆက်သွယ်ရေးရုံးကလည်း ဘယ်နှစ်ခေါက်လောက် သွားရမည် မသိသေးပါ။ ဆက်သွယ်ရေးကိုသာ ADSL လိုင်းကို ပြန်အပ်ရင်လည်း ငွေ(၁၅သိန်းခွဲ) ကတော့ အဆုံးဘဲ လို့ သိရပါတယ်။ အင်း ကျွန်တော့်ဘ၀မှာ အသက်ကြီးမှ စီးပွားရေးကလည်းကျ၊ အိုင်တီ ပညာကို သင်လာခဲ့မိပြီး အင်တာနက် ရောဂါထခဲ့တာ ယခုတော့ လစဉ်ကြေးကိုတောင် မဆောင်နိုင်လို့ ရသလောက်နဲ့သာ ရောင်းရတဲ့ ကိန်းဆိုက်နေပါပြီဗျို့….။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အမှတ်(၁၁-၂၀၁၂) ၁၈-၁-၂၀၁၂ ` အ၀ စားတဲ့ ဆက်သွယ်ရေးဌာန´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan အမှတ်(၁၁-၂၀၁၂) ၁၈-၁-၂၀၁၂ ` အ၀ စားတဲ့ ဆက်သွယ်ရေးဌာန´
 

1 comments:

Anonymous said... | March 13, 2013 at 2:28 AM

ဆိုင်ဖွင့်ဖို့ စိတ်တော့ဝင်စားပါရဲ့ ဒါပေမယ့် နယ်မှာဆိုတော့ အခုအထက်က ရင်ဖွင့်တဲ့အတိုင်းဆို မလွယ်ပါဘူးဗျာ မြန်မာနိုင်ငံလဲ ဘယ်တော့မှ ...............