ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၂၁-၂၀၁၂) ၂၉-၁-၂၀၁၂ `ပင်စင်စား တစ်ဦးရဲ့ အမြဲနုပျိုနေသောဘ၀´
ကျွန်တော် ၂၈-၁-၂၀၁၂ နေ့ နံနက် (၈း၃၀)နာရီမှာ တောင်ငူမြို့မှ နေပြည်တော်သို့ ခရီးဆက်ထွက်ခဲ့ပါတယ်။ နေပြည်တော်ကို နေ့(၁၂း၃၀) မှ ရောက်ပါတယ်။ ကျွန်တော်စီးလာတဲ့ကားလိုင်းက တော်ဝင် ပါ။ တောင်ငူမြို့က နေပြည်တော်သို့ အမြန်လမ်းမကြီးက မောင်းတာမဟုတ်ပါ။ အမြန်လမ်းမပေါ်က မောင်းရင် တောင်ငူ နဲ့ နေပြည်တော်ကို (၂)နာရီခန့်နဲ့ရောက်ပါတယ်။ လာတုန်းက ဒေါက်တာမြသောင်းရဲ့ ကားလေး မောင်းနှင်ချိန်ကိုမှတ်သားမိလိုက်ပါတယ်။ ယခု တော်ဝင် လိုင်းကားက ရန်ကုန် မန္တလေး နဂိုအဝေးပြေးလမ်းဟောင်းပေါ်မှ မောင်းလာတာပါ။ ဒါမှလည်း ခရီးသည်များ ရပါမည်။ ဒါပေမယ့် အဲဒီနေ့က ခရီးသည်လည်း မရ၊ ကားကလည်း ဖြေးဖြေး မှန်မှန် မောင်းလာပါတယ်။ ဒါကြောင့် နေပြည်တော် ဘောဂ၀တီ အဝေးပြေးကားကွင်းထဲသို့ နေ့လည် (၁၂း၃၀) မှဝင်ပါတယ်။
ကားဂိတ်ကို ရောက်တာနဲ့ မနေ့ကကြိုတင်ဖုန်းဆက်ထားသူ ဦးစိုးလွင် ကလာကြိုနေပါတယ်။ ဦးစိုးလွင်က ကျွန်တော်တို့ စက်မှုတိုင်း(၃) လက်ထောက်ညွှန်ကြားမှူးရုံး ငွေစာရင်းကိုင်(၃)ရာထူးနဲ့ မကွေးမှာ လုပ်သွားသူပါ။ အသက်(၆၀)ပြည့် ပင်စင်ယူသွားသူပါ။ ပင်စင်ယူပြီး သူ့ဇာတိ မိထ္ထီလာမြို့ကို ပြန်သွားပါတယ်။ သူ့မှာ လူပျိုကြီးဘ၀နဲ့ ပင်စင်ယူလိုက်သူဖြစ်ပါတယ်။ မိဘတွေကလည်း သူ ပင်စင်ယူခါနည်းမှ ကွယ်လွန်သွားကြကြောင်းသိရပါတယ်။ သူတို့ အမျိုးက လူပျိုးကြီး အပျိုကြီးမျိုးတွေပါ။ ယခုလည်း သူ့ညီမ ကျောင်းဆရာမ အပျိုကြီးရယ်၊ အကိုလူပျိုကြီးရယ် တို့ နဲ့ မိထ္ထိလာအိမ်မှာ နေကြပါတယ်။ ဦးစိုးလွင် က အသက်ကြီးလို့ ပင်စင်ယူသွားသော်လည်း စိတ်ဓါတ်မကျပါ။ သူ့ အိမ်မှာ (၆)လပြည့်အောင် မနေဘဲ နေပြည်တော်က မက်မြန်မာကုမ္ပဏီ မှာ ၀န်ထမ်းပြန်လုပ်ပါတယ်။ လစာကောင်းကောင်းရတယ်။ ထမင်းဘိုးပေးတယ်။ ဒါကြောင့် လူပျိုကြီး ဦးစိုးလွင်က ကုမ္ပဏီမှ ကိုးပေပတ်လည်အခန်းကျဉ်းလေးထဲမှာ နေပါတယ်။ ကုတင်တစ်လုံးချထားပါတယ်။ ဧည့်သည်လာရင် သူက ကုတင်ပေါ်ကဆင်းပြီးအိပ်ပါတယ်။ ကုတင်ပေါ်ကို ဧည့်သည်ကို နေရာပေးပြီး အိပ်ခိုင်းပါတယ်။ ကျနော်က သူ့ထက်အသက်ငယ်သူဖြစ်ပါတယ်။ အဲဒါကို သူ့က ကုတင်ဘေးမှ ထမင်းစားတဲ့ နေရာလေးမှာ ကွေးကွေးလေး သူကအိပ်ပြီး ကျနော့်ကို ကုတင်ပေါ်ထား အိပ်ပါတယ်။ ကုတင်ရဲ့ ခြေရင်း ကွက်လပ်ကလေးမှာ မီးဖို၊ စားအိုး စားခွက်၊ ဟင်းချက်စရာအမယ်စုံ အထုပ်ကလေးများ၊ အရက်ပုလင်းခွန် အမျိုးစုံ များကို ဆိုင်းဝိုင်းထဲမှ ဆိုင်းဆရာက ဗုံးကလေးများအား ပတ်စီထားသလို နေရာချထားပါတယ်။ သူက ကျနော်တို့ ဆည်မြောင်းလိုင်းခန်းမှာလည်း ဒီလိုသာ နေသွားသူပါ။ ဆည်မြောင်းရုံး မိသားစုလိုင်းခန်းထဲမှ မိန်မကြောက်ရသူ အေအီး၊ အက်အေအီး၊ နဲ့ စက်ပြင်အလုပ်သမားတွေက သူ့ အခန်းကိုလာပြီး အရက်သောက်ကြပါတယ်။ ခွက်ပုန်းခုတ်ကြတယ် ဆိုပါတော့။ ဒါပေမယ့် ဦးစိုးလွင် ၀ိုင်းဖွဲ့သောက်တတ်သူမဟုတ်ပါဘူး။ သူက စည်းကမ်းရှိရှိနဲ့ အရက်တစ်စိတ်လောက် (ဘီးအီး) ကို တစ်နေကုန် နည်းနည်း ထည့်သောက်တတ်သူပါ။ အရက်နည်းနည်းသောက်တယ်။ အစားအသောက်ကို ဖွယ်ဖွယ်ရာရာ ကောင်းကောင်းလေးချက်စားတတ်သူဖြစ်ပါတယ်။ ကျနော်တို့ မကွေးဆည်မြောင်း စက်မှုတိုင်း(၃) သူနေစဉ်ကထဲက သူ့အိမ်မှာ စားလိုက် အိပ်လိုက် စာရေးလိုက်၊ စာဖတ်လိုက်နဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ သူကတော့ အရက်တစ်ခွက် ခွက်ကပ်ကလေးကို အေးအေးဆေးဆေးနဲ့ အချိန်ဆွဲသောက်နေပါတယ်။ ဒီဂျစ်တယ် ရေဒီယိုလေးကို (၂၄)နာရီလောက် သတင်းနဲ့ သီချင်းများကို ဖွင့်ပြီး နားထောင်နေသူပါ။
ဒါကြောင့် ယခုလည်း နေပြည်တော်ကို ရောက်တာနဲ့ သူ့ဘားတိုက် အခန်းကို လိုက်လာခဲ့ပါတယ်။ သူချက်တဲ့ ထမင်း ဟင်းလက်ရာကောင်းများကိုစားရပါတယ်။ အဲ ရောက်တဲ့နေ့ ညစာမှာ ကြက်သားဆီပျံချက်၊ ခရမ်းချဉ်သီး( ပန်ထွေဖျော်)၊ မုံညင်း ဟင်းချိုတစ်ခွက် နဲ့ ထမင်းစားလို့ကောင်းလိုက်တာ လွန်တောင်သွားပါတယ်။ ဆန် နှို့ဆီဗူး တစ်ပုံခွဲ ချက်ထားတာကို ကျွန်တော်တစ်ယောက်တည်း အကုန်စားလိုက်ပါတယ်။ ဦးစိုးလွင်က ဆန် နို့ဆီဗူး တစ်ဝက် ဆိုရင် ည မနက် ထမင်း နှစ်နှပ်စားတယ်လို့ သူကပြောတော့ ကျနော် တော်တော်အားနာသွားပါတယ်။ ဒါပေမယ့် နောက်တစ်ရက် နံနက်စာကျလည်း လုံးဝလျော့မစားပါဘူး။ အဲ ဒီနေ့ နံနက်စာ (ဘရိတ်ဖတ်)ကို ကြက်သား ဆီချက်ခေါက်ဆွဲ မွေးမွေးလေး လုပ်ကြေးပါတယ်။ နေ့လည်စာထမင်းအတွက် ကြက်သားနဲ့ အာလူးချက်၊ ငါးပိချက် နဲ့ ကြွေးပါတယ်။ နေ့(၁)နာရီ မှာ ဦးစိုးလွင်တို့ မက်မြန်မာ ကုမ္ပဏီ မှ ထွက်လာပါတယ်။ အပြန်နံပါတ်(၂) လိုင်းကားက နေပြည်တော် ဥပ္ပာသ သိန္တိစေတီတော်ကို ၀င်ပါတယ်။ မှတ်တမ်းတင် သတင်းဓာတ်ပုံများ ရိုက်ပါတယ်။ စံပြဈေး ကိုလည်း ၀င်ပါတယ်။ ပျဉ်မနား ရွှေညောင်ပင်မှာ ဂိတ်ဆုံးပါတယ်။ အဲဒီကနေ သပြေကုန်းဈေးကို သွားကြပါတယ်။ လိုင်းကားတစ်စင်း နဲ့ ပြောင်ပြီးစီးကြရပါတယ်။ သပြေကုန်းဈေး ကနေ နေပြည်တော် ဝေဘာဂီ အဝေးပြေးကားကွင်းသို့ လာကြပါတယ်။ အဲဒီမှာ ကျွန်တော့်မိတ်ဆွေကြီး ဦးစိုးလွင် ပြန်သွားပါတယ်။ အသက်(၆၀) ပြည့်လို့ ဆည်မြောင်းဌာန စာရင်းကိုင်းရာထူ နဲ့ ပင်စင်အနားယူသွားသော်လည်း အိမ်မှာ မနေတတ်လို့ဆိုပြီး `မက်မြန်မာ ကုမ္ပဏီမှာ ပြန်လည် အလုပ်ဝင်သူပါ။ ယခု အသက်(၆၄)နှစ်ရှိနေပါပြီ။ ကျမ်းမာရေးကလည်း ဒေါင်ဒေါင်လှမ်ကောင်းနေပါတယ်။ နေ့စဉ် နံနက်တိုင်း (၄) မိုင်လောက်ကို လမ်းလျှောက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဦးစိုးလွင်ဟာ လူအိုသွားသော်လည်း ဇရာအိုဘ၀ကို မရောက်သေးပါဘူး။ လူရော စိတ်ရော အမြဲနုပျိုသွက်လက်သူဖြစ်ပါ တယ် ခင်ဗျာ..။
0 comments:
Post a Comment