`မကွေးမြို့မှာ (ပထမ အကြိမ်) သတင်းမီဒီယာသင်တန်း(၅)ရက်ဖွင့်´

(၁၈-၉-၂၀၁၂) နေ့မှ (၂၂-၉-၂၀၁၂)နေ့အထိ (၅)ရက်အတွင်း နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိနေ့စဉ် မကွေးမြို့၊ ဈေးရပ်၊ ပြည်တော်သာလမ်း၊ (ရေလှိုင်း အင်တာနက်ဆိုင်၏ အရှေ့ဘက်ရှိ) တိုက်ခန်းတွင် သတင်းမီဒီယာသင်တန်း (အခမဲ့) ပို့ချသင်ကြားပေးကြောင်းသတင်းရရှိပါသည်။ အဆိုပါသင်တန်းအား သင်ကြားပို့ချ ပေးသော နည်းပြဆရာများမှာ ဆရာဦးရဲနိုင်မိုး(ရန်ကုန်) နှင့် ဆရာစိုးဝင်းငြိမ်း(ရန်ကုန်)တို့ နှစ်ဦးဖြစ်ကြောင်းသိရသည်။ တက်ရောက်ကြသောသင်တန်းသားများမှာ စုစုပေါင်း(၂၄)ဦးတက်ရောက်ကြသည်။ နတ်မောက်မြို့၊မြို့သစ်မြို့၊ ရေနံချောင်းမြို့၊ ငဖဲမြို့၊ ပဒါန်းမြို့၊ ပွင့်ဖြူမြို့၊ မင်းဘူး(စကု)မြို့ နှင့် မကွေးမြို့တို့မှ လက်ရှိရေးသားနေသော ဂျာနယ်သတင်းထောက်များ နှင့် သတင်းမီဒီယာ ပညာအား စိတ်ပါဝင်စား၍ လုပ်ကိုင်လိုကြသော သင်တန်းသား အသစ်များလည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်တန်းတွင် ဆရာဦးရဲနိုင်မိုး မှ သတင်းထောက်အခြေခံဘာသာရပ်များ ပို့ချ၍ ဆရာဦးစိုးဝင်းငြိမ်း မှ သတင်းဓာတ်ပုံပညာများကို(အခမဲ့) ပို့ချသင်ကြားပေးကြောင်းသိရသည်။ ဤသင်တန်းဖြစ်မြောက်ရေးအတွက် သတင်း ထောက် သီဟရာဇာ (ခ) `အိုလာ´(ရန်ကုန်) ဆိုသူနှင့် သူငယ်ချင်းများက စုပေါင်း၍ ကူညီဆောင်ရွက်ပေးကြောင်း၊ သင်တန်းသားများ ဖိတ်ကြား စုဆောင်းရေးအတွက် သတင်းထောက် ဦး(မကွေး) (ခ) ဦးမြင့်ဇော်ဦး နှင့် သတင်းထောက် ဦးဇော်မင်းကြည် တို့မှ ဦးဆောင်ကူညီပေးကြောင်း ဦးဆောင်စီစဉ်သူ လူငယ် အိုလာ (ခ) သီဟရာဇာ မှ ပြော၍ သတင်းရယူခဲ့ပါသည်။
READMORE
 

`ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းမှ ဘုရားဖူးအဖွဲ့များအား ကြိုဆိုနေသော မကွေးမြို့ရှိ ကြယ်သုံးပွင့်အဆင့်မီ (ထိန်ထိန်သာ) ဟိုတယ်´

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးမြို့မှတဆင့် မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် စက္ကိန်းတဲဘုရား၊ ကျောင်တော်ရာဘုရား၊ မန်းရွှေစက်တော်ဘုရား နှင့် မကွေးမြသလွန်စေတီတော် တို့အား ဖူးမျှော်နိုင်ပါသည်။ ထိုမှ နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် မိဘများ နေထိုင်ခဲ့သော ပြတိုက်အိမ်ကြီး နှင့် တောင်တွင်းကြီးမြို့ရှိ ပန်ထွာဘုရင်းမ တည်ထားခဲ့သော သမိုင်းဝင်ရှေးဟောင်း ဗိဿနိုးမြို့ဟောင်းကြီး တို့အား သွားရောက်လေ့လာနိုင်ကြမည်။ ထိုမှ အထက်မင်းလှမြို့ရှိ သမိုင်းဝင် မင်းလှခံတပ်ကြီး၊ အထက်မင်းလှမြို့နှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ဂွေးချောင်းခံတပ်ကြီးသို့လည်း သွားရောက်လေ့လာကြည့်ရှုနိုင်ကြမည်။ ဤကဲ့သို့ သမိုင်းဝင် ခရီးစဉ်များအား မကွေးမြို့မှာ နေထိုင်၍ သွားလာနိုင်အောင် ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်များနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများအတွက် မကွေးမြို့တွင် ကြယ်သုံးပွင့်အဆင့်ရှိ (ထိန်ထိန်သာ) ဟိုတယ်ကြီးအား (၉-၉-၂၀၁၂) နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ၎င်း ဟိုတယ်၏ အကျယ်အ၀န်းမှာ (၃)ဧကခန့်ရှိသည်။ မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၁၀-A)တွင် တည်ရှိပါသည်။ ၎င်းဟိုတယ်တွင် အခန်းပေါင်း(၃၂)ခန်းရှိ၍ ခေတ်မီရေကူးကန် ၊ အပန်းဖြေနားနေဆောင်များ၊စားသောက်ခန်းမ၊ မျက်ခင်းပြင်လွင်ပြင်များဖြင့် အထူးမွန်းမံထား၍ ၀န်ဆောင်မှုအပြည့်အ၀ရရှိမည်ဟု သိရသည်။ နိုင်ငံခြားသားများအတွက် အခန်းခများမှာ အခန်းအလိုက် တစ်ရက်လျှင် ဒေါ်လာ(၅၀)၊ (၆၀)၊ (၁၃၀)သတ်မှတ်ထားကြောင်း၊ အခန်းအဆင့်အမျိုးအစားအလိုက် မြန်မာငွေဖြင့် တစ်ယောက်ခန်း ကျပ်နှစ်သောင်း၊ နှစ်ယောက်ခန်းမှာ ကျပ်ငွေ နှစ်သောင်းခွဲသတ်မှတ်ထား၍ မိသားစု(၅)ယောက်ခန်း တစ်ခန်းမှာ ကျပ်ငွေခြောက်သောင်းကျပ် သတ်မှတ်ထားကြောင်း ဟိုတယ်ပိုင်ရှင် ဦးကျော်ဝင်းမှ ပြောဆိုသည်။
READMORE
 

`မကွေးတိုင်းဒေသကြီး မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမ စတင်ဖွင့်ပွဲအား (၁၉)ကြိမ်မြောက် အဆို အက အရေး အတီးပြိုင်ပွဲ နှင့် ပူးတွဲ၍ ဖွင့်ပွဲအခမ်းအနားကျင်းပ´

(၁၃-၉-၂၀၁၂)နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်းပေါ်ရှိ မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမတွင် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိပါသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမကြီးမှာ ယခင်ကတည်ရှိခဲ့သော မြို့တော်ခမ်းမအား မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဌာနမှ ငွေကျပ်သိန်းပေါင်း(၃)ထောင်ကျော် သုံးစွဲ၍ အကြီးစားအဆင့်မြင့်(ခေတ်မီ စတိတ်ခုံကြီးဖြစ်အောင် အသံလုံ၊ အအေး ခန်းမကြီး) အဖြစ် သန့်ရှင်းသပ်ရပ်စွာ ဖျော်ဖြေရေးပွဲများကျင်းပနိုင်ရန် ပြုပြင်ခဲ့ကြောင်း၊ မင်္ဂလာအခမ်းအနားများ၊ ကုမ္ပဏီများမှ မိတ်ဆက်ပွဲများ၊ စာပေ ဂီတ အနုပညာဖျော်ဖြေရေးပွဲများအား ဈေးနှုန်းအသီးသီးသတ်မှတ်၍ လက်ခံ ဆောင်ရွက်ပေးသွားမည်ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။ မင်္ဂလာအခါတော် ကျရောက်ချိန်တွင် မကွေးမြို့ အဆင့်မြင့်မြို့တော်ခမ်းမ ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ စက်ခလုပ်နိုပ့်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲအား ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းအခမ်းအနားသို့ တက်ရောက်လာသူများအား ပြိုင်ပွဲဝင် အနုပညာရှင် အဖွဲ့များမှ အနုပညာများဖြင့် အသီးသီးဖျော်ဖြေပေးကြသည်။ ၎င်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးခရိုင်(၅)ခုမှ ပြိုင်ပွဲဝင် အနုပညာရှင်များ နှင့် သတင်းမီဒီယာများ (အဆင့်မြင့်မြို့တော်ခမ်းမအတွင်း) အပြည့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
READMORE
 

ပန်းရဲ့လမ်း မကွေးရှင်းတမ်း

`ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် အလှူခံပေးသော (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ ဂယက် တွေ့ဆုံမှုရှင်းတမ်း´ စက်တင်ဘာ(၇)။ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ ရံပုံငွေဖျော်ဖြေပွဲ ရောက်ရှိကြောင်းသတင်းရရှိပါသည်။ ` ကျွန်တော်တို့အဖွဲ့ (၅-၉-၂၀၁၂)နေ့က ချောက်မြို့ကိုရောက်ပါတယ်။ ချောက်မြို့မှာ သုံးနေရာလောက် သီဆိုဖျော်ဖြေနေစဉ် သက်ဆိုင်ရာအဖွဲ့တွေက လာပြီးတားမြစ်ပါတယ်။ ဒါပေမယ့် ချောက်မြို့က လူငယ်အဖွဲ့က ဆက်လုပ်မယ်ပြောတော့ လက်မှတ်ထိုးပေးခိုင်းပါတယ်။ နောက် ဆက်ပြီး လုပ်ခဲ့ကြပါတယ်။ ချောက်မြို့မှာ သိန်း(၂၀) ခန့်ရပါတယ်။ (၆-၉-၂၀၁၂) နေ့မှာ ရေနံချောင်းမြို့ကို ကျွန်တော်တို့ရောက်ပါတယ်။ သက်ဆိုင်ရာက လာရောက် တားဆီးကြပြန် ပါတယ်။ ဒါပေမယ့် ဆက်ပြီး သီဆိုဖျော်ဖြေပြီး အလှူခံကြပါတယ်။ ရေနံချောင်းမြို့မှာ သိန်း(၂၅)ခန့်ရ ပါတယ်။ ယခု ဆရာတို့ မကွေးမှာကတော့ ယခု သီဆိုဖျော်ဖြေနေတဲ့ အထိ ဘယ်သူမှ လာရောက်တားဆီးခြင်း မရှိပါဘူး။ ကူညီဆောင်ရွက်ပေး ကြတဲ့ လူငယ်အားကလည်း တော်တော်အားရစရာကောင်းပါတယ်ခင်ဗျာ..။´ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်)အဖွဲ့ဝင် ဦးနေမျိုးမှ ပြောကြားပါသည်။ ၎င်းအဖွဲ့ နေ့လည်အချိန် မကွေးမြို့ ကုန်သည်ကြီးများအသင်း၏ရှေ့တွင် သီဆိုဖျော်ဖြေနေစဉ်၊ ၎င်းအဖွဲ့မှ တာဝန်ရှိသူများအား သက်ဆိုင်ရာမှ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံရန်ခေါ်ဆိုကြောင်း သတင်းရရှိ ပါသည်။ ယင်း သတင်းကိစ္စအား ဒီဗွီဘီသတင်းဌာနမှ ဖော်ပြထုတ်လွှင့်ထားပြီးဖြစ်ပါသည်။ မကွေးခရိုင်အတွင်းမှ ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံ၍ ရရှိထားသော အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးမှ အပ်နှံရန် တောင်းဆိုကြောင်း စသည်များကို သတင်းဖော်ပြထား၍ ၎င်းသတင်းများ အများပြည်သူများထံသို့ ပျံ့နှံ့သွားကြောင်း သတင်းရရှိပါသည်။ RFA သတင်းဌာနမှာ အထက်ပါပွဲပြီးသွားသော်လည်း ယင်းပွဲအား ဦးဆောင်၍ အကူအညီပေးခဲ့ကြသော မကွေးမြို့ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်း ဦးမောင်မောင်စိုးထံသို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များမှ လာရောက်၍ စစ်ဆေးမှုများရှိနေကြောင်း သတင်းဖော်ပြထား၍ သိရှိရပါသည်။ ၁၀-၉-၂၀၁၂ နေ့တွင် ယင်းဖျော်ဖြေရေးအလှူခံအဖွဲ့အား ကူညီပေးသူ ဦးမောင်မောင်စိုး ကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး မှ တရားလိုပြုလုပ်ပြီး မကွေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုကြောင်း သတင်းရရှိပါသည်။ ယင်း အမှုအား မကွေးမြို့နယ်တရားသူကြီးရုံးသို့ သွားရောက်စုံစမ်းခဲ့ပါသည်။ မြို့နယ်တရားရုံး၏ တာဝန်ရှိသူ တစ်ဦးမှ တရားစွဲဆိုခြင်းဟုတ်မှန်ပါကြောင်း၊ ၎င်း အမှုအား ၂၀၁၂၊ စက်တင်ဘာ(၁၇)ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ကြောင်း ပြောဆိုပါသည်။ ထို့ကြောင့် ဤ (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးထံသို့ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။ ထို တာဝန်ရှိသူမှ ပြောဆိုသောစကားများအား ကောက်နုတ်ဖော်ပြလိုက်ပါသည်။ `ဟုတ်ကဲ့ မေးပါ။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်က သတင်းသမားများအား ခေါ်ပြီး ပြန်လည်ရှင်းလင်းခိုင်းတယ် ထင်မှာစိုးလို့ ကျွန်တော့်နာမည်ကိုတော့ မဖော်ပြဖို့တောင်းပန်ပါတယ်ခင်ဗျာ..။ မေး ။ ။ `ယခု အပြင်မှာကြားနေရတဲ့သတင်းက ဦးရဲလွင်တို့အဖွဲ့ဆီကို မကွေးခရိုင်အတွင်းက ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံလို့ ရရှိထားတဲ့ အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးက အပ်နှံရမယ်လို့ တောင်းဆိုကြောင်းကြားသိရပါတယ်။ အဲဒါကို ရှင်းပြပေးစေလိုပါတယ်။´ ဖြေ။ ။ ``အဲဒီလို တောင်းဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီက ဦးသားထွေး နဲ့အဖွဲ့ကို ကျွန်တော်တို့ရုံးဧည့်ခန်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ဝင်များနဲ့ တွေ့ဆုံညှိနှိုင်းကြပါတယ်။ မကွေးခရိုင်အတွင်းမှာ အလှူခံလို့ ရရှိတဲ့ ငွေတွေကို ဦးရဲလွင်တို့ဘက်ကတစ်ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ဦးစီးမှူးတစ်ဦးတို့ နှစ်ယောက်ပေါင်းပြီး မြန့်မာ့စီးပွားရေးဘဏ်မှာ အကောင့်ဖွင့်မယ်၊ ငွေသွင်းမယ်။ ဘဏ်က ဘင်းဒြပ် လက်မှတ်ကိုယူသွားပါ။ ဧရာဝတီတိုင်းဒေသကြီး ခင်ဗျားတို့အဖွဲ့ သွားလှူတဲ့အခါမှာ ငွေထုတ်ပြီးကြိုက်သလိုလှူပေးပါ။ ဒါမှ မကွေးခရိုင်က ဘယ်၍ ဘယ်မျှလှူဒါန်းကြောင်း ပေါ်လွင်သွား မယ်။ ဒါကို သဘောတူရင် ဒီမှာတင် မီဒီယာသတင်းထောက်တွေကိုခေါ်ပြီး အခန်းအနားလုပ်ပြီး သူတို့အဖွဲ့ကို အပ်လိုက်ပါ့မယ်လို့ ကျွန်တော်ကပြောပါတယ်။ သူတို့ငွေတွေကို စာရင်းစစ်နေတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ အလှူခံလို့ရတဲ့ငွေတွေကို ကျွန်တော်တို့ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ (ဒီလိုဆိုရင် ကောင်းပါတယ်၊ ကောင်းတဲ့ကိစ္စဘဲ။ ဒါပေမယ့် ဦးရဲလွင်ကို တိုင်ပင်ပြီး နာရီဝက်ကြာရင် ကျွန်တော်တို့အကြောင်းပြန်ပါ့မယ်..)လို့ ဦးသားထွေး ဆိုသူက ပြောဆိုပြီး ပြန်သွားကြပါတယ်။ ဒါနဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံးက သူတို့ကို ရုံးကနေစောင့်နေပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ညနေ(၅)နာရီအထိ စောင့်ပေးဖို့ ကြိုတင်ပြောထားပါတယ်။ ဦးသားထွေးတို့ ပြန်သွားလို့ နာရီဝက်လည်း မလာ။ တစ်နာရီကြာလည်း မလာလို့ နောက်က စခန်းမှူးတစ်ယောက်ထည့်ပြီးလိုက်ခိုင်းရပါတယ်။ သူတို့ကိုမေးပါ။ ကျွန်တော်တို့ပြောတဲ့အစီအစဉ်ကို လုပ်မယ်၊ မလုပ်ဘူး ဆိုတာ အကြောင်းပြန်ပေးပါ။ မလုပ်ဘူးဆိုရင်လည်း ငွေစုစုပေါင်း ဘယ်လောက် ရတယ်ဆိုတာကိုသာပြောပါလို့ မှာလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကဘာမှ အကြောင်းမပြန်ဘူး။ ဒါနဲ့ ဒု ဦးစီးမှူးတစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ်ပြီး သူတို့ပွဲကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့အဖွဲ့က ခွင့်မပြုလို့ ပိတ်လည်း နောက်သုံးနေရာကျန်တာကို ဆက်ပြီးဖျော်ဖြေမယ် လို့ ပြန်ပြောပါတယ်။ ကျန်တဲ့သုံးနေရာတောင် မကပါဘူး။ တိုင်းဒေသကြီးရုံးပေါင်းစုံလမ်း နဲ့ ကမ်းနားလမ်းတစ်လျှောက် ညထိ ဖျော်ဖြေသွားတယ်။ ကျွန်တော်တို့ဆီကို ဘယ်သူ တစ်ဦးတစ်ယောက်ကမ လာရောက်ပြီး အကြောင်းမပြန်ကြပါဘူး။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကတော့ သူတို့ကို ရုံးမှာ စောင့်နေကြရတယ်ဗျာ…။ ဒါက ကျွန်တော်တို့ကို မလေးမစားလုပ်သွားတာ ဖြစ်ပါတယ်..။ဒါတင်မဟုတ်သေးဘူး ပြီးတော့ သူတို့က ဦးအောင်စတင်ပြီး အွန်လိုင်းဝက်ဆိုဒ်တွေနဲ့ နိုင်ငံခြား သတင်းဌာနတွေကနေ တစ်ဘက်သတ်သတင်းထုတ်ပြန်ပါတယ်။သူတို့ဘက်က အသံချဲ့စက်ခွင့်ပြုမိန့်မယူတာလည်း အမှန်ပါ။ ဖျော်ဖြေရေးအတွက် ပွဲမိန့်မယူတာလည်း အမှန်ပါဘဲ။ ယခု ကျွန်တော်ပြောတာတွေက အမှန်တွေပါ။ အပိုလုံးဝမပါပါဘူး။ မှတ်တမ်း မှတ်ရာတွေ တက်ရောက်သူ လက်မှတ်တွေ သတင်းဓာတ်ပုံတွေ သက်သေခံများရှိပါတယ်။´´ မေး ။ ။ ယခု ဆရာတို့မြို့နယ်အုပ်ချုပ်ရေးရုံးက (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်တို့အဖွဲ့ကို တရားစွဲတာလား။ ဘယ်သူကို ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲထားပါသလဲသိပါရစေ..။ ဖြေ ။ ။ ဒီအဖွဲ့ကို မြို့ခံက ကူညီပေးတဲ့ ဦးမောင်မောင်စိုးတစ်ယောက်တည်းကိုသာ တရားစွဲထားပါတယ်။ ၂၀၁၂ ခု ဖေဖော်ဝါရီလ(၂၄)ရက်မှာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုန်ပြန်တဲ့ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု များအတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများထဲက ဥပဒေပုဒ်မ(၁၈) နဲ့ ဥပဒေပုဒ်မ(၂၁) တို့ဖြစ်တဲ့(အသံချဲ့စက်၊ ပွဲမိန့်အသုံးပြုမှု ဆိုင်ရာ) အမှု(၂)မှု စွဲဆိုထားပါတယ်။ ၁၀-၉-၂၀၁၂ နေ့မှာ မြို့နယ်တရားရုံးမှ အမှုလက်ထားပြီး ၁၇-၉-၂၀၁၂ နေ့မှာ ပြန်လည်ချိန်းဆိုထားပါတယ်။ ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ မကွေးမြို့ ရံပုံငွေဖျော်ဖြေပွဲမှ ပြဿနာများ´

စက်တင်ဘာ(၇)။ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ ရံပုံငွေဖျော်ဖြေပွဲ ရောက်ရှိကြောင်းသတင်းရရှိပါသည်။ နံက်(၉း၃၀)မှ စတင်၍ မကွေးမြို့ မြို့မဈေးတွင် ရံပုံငွေဖျော်ဖြေပွဲကို အလှပြ ကားကြီးဖြင့်လှည့်လည် သီးဆိုတီးခပ်ကြသည်။ ၎င်း အလှပြဖျော်ဖြေသော မော်တော်ယာဉ်ခေါင်းထိပ်မှာ (မကွေးမြို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး) ဗီနိုင်းဆိုင်းဘုတ်ကြီး အားကပ်ထား၍ မော်တော်ယာဉ်၏ ဘယ်/ညာတွင် ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်) ၇-၉-၂၀၁၂ ၊ မကွေးမြို့ ဟု ဗီနိုင်းများဖြင့် ချိတ်ဆွဲပြီး အလှဆင်ထားကြောင်း မြင်တွေ့ရပါသည်။ ၎င်း ဖျော်ဖြေရေး အလှပြယာဉ်ကြီး၏ နောက်မှ ကားလေးများတွင်လည်း ထို ဗီးနိုင်းဆိုင်ဘုတ်များ ကိုယ်စီဖြင့် မော်တော်ယာဉ်များ၏ ဦးခေါင်းထိပ် တို့တွင်အလှဆင်ထားကြောင်းမြင်တွေ့ရသည်။ ဦးရဲလွင်နှင့်အဖွဲ့မှ အလှပြကားပေါ်တွင် ဖျော်ဖြေတီးခတ် သီဆိုပေးကြ၍ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် တတ်အားသမျှ အလှူငွေများကူညီပေးကြပါရန် ပြောဆိုလှုံ့ဆော်ပေးသည်။ မကွေးမြို့မဈေးကြီး နှင့် မကွေးမြို့ပေါ်မှာ အလှပြမော်တော်ယာဉ်ကြီး သွားလေရာ လမ်းတစ်လျှောက်တို့တွင် (မကွေးမြို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး) အဖွဲ့ဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ ငွေဖလားများကိုယ်စီဖြင့် အလှူခံပေး၍ ကူညီအားပေးနေကြကြောင်း မြင်တွေ့ရပါသည်။ ` ကျွန်တော်တို့အဖွဲ့ (၅-၉-၂၀၁၂)နေ့က ချောက်မြို့ကိုရောက်ပါတယ်။ ချောက်မြို့မှာ သုံးနေရာလောက် သီဆိုဖျော်ဖြေနေစဉ် သက်ဆိုင်ရာအဖွဲ့တွေက လာပြီးတားမြစ်ပါတယ်။ ဒါပေမယ့် ချောက်မြို့က လူငယ်အဖွဲ့က ဆက်လုပ်မယ်ပြောတော့ လက်မှတ်ထိုးပေးခိုင်းပါတယ်။ နောက် ဆက်ပြီး လုပ်ခဲ့ကြပါတယ်။ ချောက်မြို့မှာ သိန်း(၂၀) ခန့်ရပါတယ်။ (၆-၉-၂၀၁၂) နေ့မှာ ရေနံချောင်းမြို့ကို ကျွန်တော်တို့ရောက်ပါတယ်။ သက်ဆိုင်ရာက လာရောက် တားဆီးကြပြန် ပါတယ်။ ဒါပေမယ့် ဆက်ပြီး သီဆိုဖျော်ဖြေပြီး အလှူခံကြပါတယ်။ ရေနံချောင်းမြို့မှာ သိန်း(၂၅)ခန့်ရ ပါတယ်။ ယခု ဆရာတို့ မကွေးမှာကတော့ ယခု သီဆိုဖျော်ဖြေနေတဲ့ အထိ ဘယ်သူမှ လာရောက်တားဆီးခြင်း မရှိပါဘူး။ ကူညီဆောင်ရွက်ပေး ကြတဲ့ လူငယ်အားကလည်း တော်တော်အားရစရာကောင်းပါတယ်ခင်ဗျာ..။´ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်)အဖွဲ့ဝင် ဦးနေမျိုးမှ ပြောကြားပါသည်။ ၎င်းအဖွဲ့ နေ့လည်အချိန် မကွေးမြို့ ကုန်သည်ကြီးများအသင်း၏ရှေ့တွင် သီဆိုဖျော်ဖြေနေစဉ်၊ ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား သက်ဆိုင်ရာမှ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံရန်ခေါ်ဆိုကြောင်း သတင်းရရှိ ပါသည်။ ယင်း သတင်းကိစ္စအား ဒီဗွီဘီသတင်းဌာနမှ ဖော်ပြထုတ်လွှင့်ထားပြီးဖြစ်ပါသည်။ မကွေးခရိုင်အုပ်ချုပ်ရေးမှူးမှ အလှူခံသူများအဖွဲ့ဝင်တစ်ဦးနှင့်တွေ့၍ မကွေးခရိုင်အတွင်းမှ အလှူခံရငွေများအား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်ပူးပေါင်းလှူဒါန်းရန် ညှိနှိုင်းကြကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ မှသတင်းရရှိပါသည်။ သို့သော် ၎င်းနေ့က သီဆိုဖျော်ဖြေပွဲအား တစ်နေကုန်သည်အထိ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြကြောင်းသိရှိရ၏။ မကွေးမြို့မှ အလှူငွေပေါင်း(၂၂)သိန်း (၃)သောင်းကျော်ခန့် ရရှိကြောင်း၊ ယင်းအလှူခံငွေများအား အလှူခံပေးခဲ့သော မကွေးမြို့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့မှ ဦးရဲလွင်တို့အဖွဲ့ထံအပ်နှံလိုက်ကြောင်း သက်ဆိုင်ရာမှ စုံစမ်း၍ သတင်းရယူခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ ခွင့်ပြုချက်မရဘဲ သီဆိုဖျော်ဖြေကြ၍ အသံချဲ့စက်အသုံးပြုခြင်း လှည့်လည်အလှူခံခြင်းများကို ကူညီပေးသော ဦးမောင်မောင်စိုး(ပွင့်လင်းလူ့ဘောင်အဖွဲ့၊ မကွေးမြို့)အား (၁၀-၉-၂၀၁၂)နေ့တွင် မကွေးမြိုနယ်အုပ်ချုပ်ရေးမှူးမှ မကွေးမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး တရားစွဲဆိုထားကြောင်းသတင်းရရှိပါသည်။၊
READMORE
 

`မကွေးမြို့လယ်ခေါင်မှာ ကားအသစ်တစ်စီးမှ သုံးဘီးဆိုင်ကယ်အားတိုက်၍ ဆောက်လုပ်ဆဲ တိုက်ခန်းသစ်ထဲသို့ ၀င်သွားပြီး ယာဉ်တိုက်မှုဖြစ်´

စက်တင်ဘာလ(၆)ရက်။ နံနက်(၉)နာရီ အချိန်ခန့်တွင် မကွေးမြို့လယ် ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံအနီးမှ လမင်းထမင်းဆိုင်ရှေ့၌ သုံးဘီးယာဉ်တစ်စီး နှင့်ကားအသစ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ် ကြောင်း သတင်းရရှိပါသည်။ ပြည်တော်သာလမ်းပေါ်တွင် အရှေ့မှ အနောက်သို့မောင်းနှင်လာသောသုံးဘီးယာဉ်မောင်း ကိုသံလုံး (၁ဟ/…..) အား ဗိုလ်ချုပ်လမ်းပေါ်တွင် တောင်မှ မြောက်သို့မောင်းနှင်လာသော မကွေးမြို့ ရန်ဝေးရပ်ကွက် မဲထီးလမ်းနေ ကားအသစ် ယာဉ်မောင်း ကိုသားတိုး(အသက် ၂၆) ယာဉ်အမှတ်(၆ဃ/……..) က ပြည်တော်သာလမ်း အရှေ့ဘက်သို့ ချိုးကွေ့ရာ အရှိန်မထိမ်းနိုင်ဖြစ်၍ သုံးဘီးယာဉ် (၁ဟ/………) အားဝင်တိုက်၍ သုံးဘီးယာဉ် တုန်းလုံးလဲသွားကြောင်းသိရသည်။ မကွေးမြို့ ချမ်းမြေ့သာယာရပ်ကွက်မှ သုံးဘီးမောင်းသူ ကိုသံလုံး(အသက် ၂၆)နှင့် ခရီးသည် မကွေးမြို့ ပြည်တော်သာရွာလေးရပ်ကွက်မှ ဦးညွှန့်မြိုင်(အသက် ၇၃)၊လားရှိုးမြို့၊ ရန်တိုင်အောင်(မြောက်)နေသူ ဦးနန်းလှိုင်(အသက် ၆၉)) နှင့်လာရှိုးမြို့၊ ရန်တိုင်အောင်(မြောက်)နေသူနေ ဒေါ်သန်းရီ တို့ခရီးသည်သုံးဦးအား ဒါဏ်ရာများရရှိသွား၍ မကွေးတိုင်းဒေသကြီးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။သုံးဘီးယာဉ်အား ၀င်ရောက်တိုက်မိသော (၆ဃ/….)ကားအသစ်ယာဉ်မောင်း ကိုသားတိုး သည် သုံးဘီးယာဉ် အား ရှောင်တိမ်းလိုက်စဉ် ပြည်တော်သာလမ်း၏ မြောက်ဘက်ဘေးမှ လမင်းထမင်းဆိုင်ရှင်၏ ဆောက်လက်စ တိုက်ခန်းအသစ်အတွင်းသို့ ပြေးဝင်သွားပြီး တိုက်ခန်း၏ ခလယ်ဒေါက်တိုင်ပြုတ်ပါပျက်စီးသွားကြောင်း၊ ၎င်း မော်တော်ယာဉ်အသစ်(၆ဃ/…..)မှာလည်း ရှေ့မှန်ကွဲခြင်း၊ ကားခေါင်မိုးပေါ်တွင်လည်း အုတ်ဒေါက်တိုင်ဖြင့်ပိနေခြင်း၊ ကားရှေ့ခေါင်းများ ပျက်စီးသွားကြောင်း သိရှိရပါသည်။ ယင်း အမှုအား မကွေးမြို့ မြို့မရဲစခမ်းတွင် (ပ) ၂၂၂/၂၀၁၂ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
READMORE
 

`မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းခံရသော ကံသာကြီးကျေးရွာတောင်သူများအား လျော်ကြေးမရ၍ တောင်သူ(၁၇)ဦးမှ သက်ဆိုင်ရာသို့တိုင်ကြား´

မကွေးမြို့နယ်၊ကံသာကြီးကျေးရွာရှိ တောင်သူကြီး(၁၇)ဦး၏ ယာခင်းများတွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း ကြောင်း၊ ၎င်း ဓာတ်ငွေ့ပိုက်လိုင်းမှာ တရုပ်ပြည်သို့ ပို့ပေးမည့် ဓာတ်ငွေ့ပိုက်လိုင်းကြီးမှ ခွဲထွက်၍ မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်ရန် ရန်ကုန်မြို့ဘက်သို့ပို့ဆောင်ပေးသော ဓာတ်ငွေ့ပိုက်လိုင်းငယ်ဖြစ်ကြောင်း၊ ယင်းပိုက်လိုင်းဆက်သွယ်ခြင်း လုပ်ငန်းများကို တရုပ် စမတ်ကုမ္ပဏီမှ ဆောင်ရွက်ပေးနေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖြတ်သန်းစဉ်မှ ယနေ့အပြီးသပ်မြေဖို့ရန်အထိ (၃)လအချိန်ကာလ ကြာမြင့်သည့်အထိ ယင်းတောင်သူကြီး(၁၇)ဦးအား မည်သူကမျှ နစ်နာဆုံးရှုံးမှု လျော်ကြေးမပေး ကြောင်း၊ မင်းဘူးဘက်မှ တရုပ်ဓာတ်ငွေ့ပိုက်လိုင်းမှာ တောင်သူ ယာခင်းရှင်များအတွက် တဧက သိန်းနဲ့ချီပြီး လျော်ကြေးပေးပါကြောင်း၊ ယခု ပိုက်လိုင်းကိစ္စလျော်ကြေးမရ၍ ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးနေရကြောင်း (၆-၉-၂၀၁၂)နေ့မှာ NLD မကွေးခရိုင်ကော်မရှင် ဦးစိုးမိုးမှ ပြောဆိုသတင်းပေးပါသည်။ ``(၃-၉-၂၀၁၂)နေ့ ညနေပိုင်းမှာ ကံသာကြီးကျေးရွာ NLD ဦးကိုကိုဦးက ကျွန်တော့်ဆီကို ဖုန်းဆက်ပြောကြားပါတယ်။ ကံသာကြီးကျေးရွာ တောင်သူများက ယာမြေများအတွင်းဖြတ်သန်းခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ လျော်ကြေးမရလို့ ဆန္ဒပြကြမည်လို့ အသိပေးပါတယ်။ ကျွန်တော့်အနေနဲ့ ဆန္ဒပြခြင်းကို မပြုလုပ်ကြရန် ကျွန်တော်နဲ့ ဆရာဦးချစ်ထွေး (NLD တိုင်းကော်မရှင်) တို့လာခဲ့မယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ (၄-၉-၂၀၁၂)နေ့မှာ ကျွန်တော်နဲ့အတူ ဆရာဦးချစ်ထွေး နှင့် အဖွဲ့ဝင်စုစု ပေါင်း(၇)ဦး အဲဒီရွာကို သွားရောက်ခဲ့ပါတယ်။ တောင်သူများက ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းမှ ဘက်ဘိုး(၂)စင်းနဲ့ ယာမြေများအားတူးဖော်နေတဲ့ လုပ်ငန်းခွင် ယာခင်းထဲက စောင့်ကြိုနေကြပါတယ်။ ဓာတ်ပုံထဲကအတိုင်း သီးနှံများစိုက်ပျိုး ထားတဲ့ စိုက်ခင်းထဲကို မြေစာများ စုပုံထားတာတွေ့ရပါတယ်။ အဲဒီတောင်သူများရဲ့ ဆန္ဒကို မေးမြန်းပါတယ်။ ယခု ဓာတ်ငွေ့ပိုက်လိုင်းတူးဖော်စဉ်ကထဲက သက်ဆိုင်ရာမှ မည်သူတစ်ဦး တစ်ယောက်ကမျှ တစ်စုံတစ်ရာလာရောက် ပြောဆိုခြင်းမပြုကြပါဘူး။ အစိုးရက လျော်ကြေးပေးမယ်လို့ကြားသိရပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းဖို့ အကျယ်ပေ (၅၀)အကွာမြေများကိုသိမ်းပါတယ်။ ဒါပေမယ့် ယခု မြေစာတွေချတော့ သတ်မှတ်ထားတဲ့ မြေကိုသာအသုံး မပြုဘဲ အပြင်ယာခင်းထဲက သီးနှံပင်များအထိ မြေစာများကို ပုံထားကြပါတယ်။ ယာခင်းအလယ်မှာ မြေကျင်းကြီးတွေ တူးသွားခံရတော့ မြေကျောများပြတ်ပြီး သီးနှံတွေလည်း မဖြစ်ထွန်းတော့ပါဘူး။ ဒီကိစ္စတွေကို မခံနိုင်လွန်းလို့ မကြေနပ်လွန်းလို့ (၃-၉-၂၀၁၂)နေ့မှာ ဘက်ဘိုးပေါ်ကိုတက်ပြီး ယာခင်းရှင်များက မကြေနပ်ကြောင်း၊ သက်ဆိုင်ရာမှ မတရားမှုသာ ဖြစ်ကြောင်း တို့ကို ရွာသားများက စည်းဝေးဟောပြောကြတယ် ဆိုပါတယ်။ ကျွန်တော်တို့ရောက်သွားစဉ်မှာ လည်း တောင်သူများက သူတို့ကို လျော်ကြေးပေးမည်ဆိုလျှင်လည်း အဖြူအမဲ သဲကွဲအောင် ဆောင်ရွက်ပေးကြပါလို့ ကျွန်တော်တို့NLDအဖွဲ့ကို အကူအညီတောင်းခံနေကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဲဒီနေ့က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖုန်းဆက်ပြီး အကျိုး အကြောင်းပြောပြပါတယ်။ ရွာက တောင်သူများကို ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တောင်သူများနဲ့ ညှိနှိုင်းပြီး ကံသာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးကနေ တဆင့် စာတင်ပေးဖို့ ပြောပါတယ်။ ဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင် အိမ်ကို အဲဒီတောင်သူများကို ခေါ်ပြီး လိုအပ်ချက်များကို မေးမြန်းပါတယ်။ သူတို့က မြေယာနဲ့ သီးနှံများပျက်စီးသွားလို့ နစ်နာဆုံးရှုံးမှုအတွက် အမြန်လျော်ကြေးငွေများရချင်ကြပါတယ်။ တောင်သူများကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို (၅-၉-၂၀၁၂)နေ့က စာတင်လိုက်ကြပါတယ်ခင်ဗျာ..။´´ ဟု ဦးစိုးမိုး မှ ပြောကြားသွားပါသည်။
READMORE
 

`မကွေးမြို့နယ်NLD (၂-၉-၂၀၁၂)နေ့ ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရေး ဗဟိုမှ လက်မခံ´

(၂-၉-၂၀၁၂) နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ မကွေးမြို့နယ် NLD ရုံးအစည်းအဝေးခမ်းမ တွင် မကွေးမြို့နယ်NLD ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရန်ဆွေးနွေးကြကြောင်းသတင်းရရှိ ပါသည်။ မြို့နယ်NLD အဖွဲ့ဝင်(၁၀၀)ခန့်နှင့် ခရိုင်ညီလာခံအဖွဲ့တို့တက်ရောက်ကြောင်းသိရ၏။ ကော်မရှင်ရွေးချယ်ရေးကိစ္စ၊ မြို့နယ်အဖွဲ့ဝင်များတစ်ဦးချင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ကြသည်။ မကွေးမြို့နယ် ညီလာခံကော်မရှင် ပြန်လည်ဖွဲ့စည်းရေးကို မဖွဲ့စည်းဖြစ်တော့ကြောင်း၊ NLD အဖွဲ့ဝင် ဦးရဲတင့်မှ ဤသို့ပြောကြားသည်။ `ပြန်လည်ဖွဲ့စည်းဖို့ရန်အတွက် NLD ဗဟိုမှ လက်မခံတဲ့အတွက် မဖွဲ့စည်းကြတော့ဘူး၊ နောက်ထပ် ထပ်တိုးဖို့ရန်အတွက် လည်း ထပ်မံပြီး မတိုးချင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ကချမှတ်ထားတဲ့အတိုင်း မြို့နယ်ကော်မရှင်(၁၆) ယောက်ပဲ ထားပြီး သူတို့က ရုံးလုပ်ငန်းများကိုသာဆက်လက်လုပ်ကိုင်ကြတော့မယ်ဆိုပြီး သဘောတူကြတယ်။ အဲ နောက်ဆက်တွဲအရေးကြီးတာတစ်ခုပြောအုံမယ်။ တော်ကြာ သတင်းထောက်ကို သူတို့ကရစ်နေကြအုံးမယ်။ ယခု ခရိုင်အဖွဲ့ကနေ ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ကို မကြေနပ်ကြတဲ့အကြောင်း မြို့နယ်အဖွဲ့ကနေ NLDဗဟိုသို့စာရေးပြီး ဆက်လက်တင်ပေးသွားမယ်လို့ ပြောကြပါတယ်။´ဟု ဦးရဲတင့်မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။
READMORE
 

` NLD (ဗဟို)၏ တစ်နိုင်ငံလုံးညီလာခံကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးNLD ကော်မရှင်အဖွဲ့ ကြိုတင်ဆွေးနွေး၊ ညီလာခံကိုယ်စားလှယ်များ ရွေးချယ်မှုကို မကြေနပ်ကြဟု သိရ´

မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော်မရှင်အဖွဲ့သည် မကွေးမြို့NLD ရုံးတွင် သြဂုတ်(၂၆/၂၇)ရက်နေ့ နှစ်ရက်၊ NLD ၏ တစ်နိုင်ငံလုံးညီလာခံကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိပါသည်။ ယင်း တွေ့ဆုံဆွေးနွေးပွဲတွင် ညီလာခံကိုယ်စားလှယ်ရွေးချယ်ရေး ကော်မရှင် အဖွဲ့၏ သဘာပတိ အဖြစ်ဦးလှိုင်အေး မှဆောင်ရွက်သည်။ ထိုပွဲမှ NLD မကွေးတိုင်းဒေသကြီးကော်မရှင် ဥက္ကဋ္ဌ ဦးလှိုင်အေး(ပခုက္ကူ) ၏ အဖွင့်အမှာစကားများကို ကောက်နှုတ်ဖော်ပြပါသည်။ ``တစ်ခါတစ်လေမှ တွေ့ကြရတဲ့ ရောင်းရင်းများခင်ဗျာ..၊ကျွန်တော်ပြောစရာတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လိုရင်းကို အတိုချုပ်ပြီးပြောပါ့မယ်။ ယနေ့တွေ့ဆုံဆွေးနွေးပွဲကတော့ အဓိက တစ်နိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ညီလာခံကြီးကျင်းပနိုင်ရေးကို အဓိကထားပြီး ညှိနှိုင်းဆွေးနွေးကြရပါ့မယ်။ ညီလာခံကျင်းပရေးကို ဘယ်လိုအောင်မြင် အောင် လုပ်ကြမည်လဲ။ ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ကြမည်လဲ။ ဘယ်လိုအလေးနက်ထားပြီး တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ ကျွန်တော်တို့ ဗဟိုစည်းဝင်များလိုချင်တဲ့အတိုင်းကို လူထုရဲ့ဆန္ဒနဲ့အညီအောင်မြင်အောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒီညီလာခံကို ပေါ့ပေါ့လေးစဉ်းစားလို့မရပါဘူး။ ဒီညီလာခံက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြောင်းပြန်လှန်လိုက်တဲ့အနေ အထားပါ။ ပြည်သူ့အာဏာအစစ်ကို ဖော်ထုတ်နိုင်အောင်လို့ လုပ်တဲ့ညီလာခံပါ။ ပြည်သူ့ဆန္ဒတွေကို ဗဟိုသို့ တိုက်ရိုက်တင်ပြနိုင်ပါတယ်။ ဗဟိုကလည်း ပြည်သူ့ဆန္ဒအစစ်အမှန်တွေကိုစတင်ဖော်ထုတ်နိုင်ဖို့အတွက် လက်ခံမယ်။ ဒီညီလာခံကြီးဟာ အမျိုးသားဒီမိုကရေစီပါတီအတွက်၊ အများပြည်သူဆန္ဒများအတိုင်း ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ တိုင်းပြည်ကိုဦးဆောင်သွားမှာဖြစ်ပါတယ်။ တစ်ကယ့်ပြည်သူ့အာဏာကို ပြည်သူတွေထိုက်ထိုက်တန်တန်ရရှိခံစားနိုင်အောင် ကျင်းပတဲ့ အရေးကြီးတဲ့ ညီလာခံကြီးဖြစ်ပါတယ်။ ယခုဒီရွေးချယ်ပွဲမှာ အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီအပီပြင်ဆုံး ဖြစ်အောင်ရည်ရွယ်တဲ့ ခိုင်မာတဲ့သံဓိဌာန်နဲ့ အောင်မြင်အောင် မဆုတ်မနစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဗဟိုကို ညီလာခံကျင်းပနိုင်ရေးအတွက် အောက်ခြေကနေ ကော်မရှင်ဖွဲ့ပါဆိုလို့ ကြားခံအနေနဲ့ ဖွဲ့ပြီး ဗဟိုကိုတင်ပြပေးနေတာပါ။ ကျွန်တော်တို့အားလုံး ကွင်းဆင်းပြီးတော့ ကိုယ့်မြို့နယ်အလိုက်ဖွဲ့ပေးလိုက်ကြတာပါ။ ကျွန်တော်တို့ဖွဲ့ပေးလို့တင်ပေးတာကို ဗဟိုကပြန်ချလို့လည်း ပြန်ကျလာကြပါပြီ။ ဒီမကွေးမြို့နယ်မှာတော့ အစည်းအဝေး မခေါ်ဘဲ ဖွဲ့တယ်လို့ကြားသိရပါတယ်။ အဲဒီပြောတဲ့သူကလည်း စေတနာနဲ့ပြောတာပါ။ သူ့ကို ဒီအထဲမှာဝင်လုပ်ဖို့ခေါ်ပါ တယ်။ဒါပေမယ့် သူလည်း ဒီအထဲကိုဝင်ပြီးမလုပ်နိုင်ပါဘူး။ အဓိက ကျွန်တော်ပြောခဲ့သလို အခြေခံဒီမိုကရေစီကျကျနဲ့ လုပ်လာခဲ့ရင် ဒီလိုမျိုးတွေဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်မေတ္တာရပ်ခံချင်တာကတော့ ညီလာခံအောင်မြင်ဖို့က အဓိကထား လုပ်ပေးကြပါ။ ညီလာခံကျင်းပတော့မယ့် ဒီ(၄)လကိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် သည်းခံပေးကြပါ။ မကြေနပ်ကြလို့ မြို့နယ်၊ ခရိုင်တွေက NLDဗဟိုကို ဘယ်လိုဘဲစာတွေတင်တင် ပြောင်းလှဲပေးနိုင်စရာ လုံးဝရှိမှာ မဟုတ်ပါဘူး။ ယခုလို မကြေနပ်တာတွေကိုသာ ဖြေရှင်းပေးနေရမယ်ဆိုရင် ညီလာခံကြီးကို သတ်မှတ်တဲ့ လမှာ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဘဲ အင်မတန်အရေးကြီးတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေရွေးချယ်ပြီးတုန်းကလဲ ဗဟိုက ချမှတ်ရွေးချယ်ပေးတဲ့အတိုင်း အတည်ပါဘဲ။ မကြေနပ်ကြလို့ စာနဲ့၊ လူကိုယ်တိုင် တစ်ယောက်၊ နှစ်ယောက်၊သုံးယောက်လောက် သွားပြီး ဗဟိုကို (အခေါက်ခေါက်အခါခါ)တိုင်ကြပါတယ်။ ဒါပေမယ့် ဗဟိုက လုံးဝပြင်မပေးခဲ့ပါဘူး။ ယခု ညီလာခံကျင်းပရေးအတွက်ကိုလည်း ဒီတစ်ခုပြန်ရှင်းပြီး ရွေးချယ်နေကြရင် ညီလာခံကဖြစ်မှာကို မဟုတ်ပါဘူး။ လက်ရှိ အားလုံးကို ဗဟိုကချမှတ်ပြီး ရွေးချယ်ပေးတဲ့အတိုင်း လက်ခံဆောင်ရွက်ပေးလိုက်ကြပါ။ တစ်ခြား ဧရာဝတီတိုင်းဒေသကြီးဘက်က မြောင်းမြမြို့မှာလို ဆန္ဒပြတာမျိုးတွေမဖြစ်စေဖို့ သက်ဆိုင်ရာအဖွဲ့တွေက အဆင့်ဆင့် ထိမ်းသိမ်းပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ကိုယ့်တိုင်းဒေသကြီးရဲ့ ဂုဏ်သိက္ခာကို စောင့်ထိမ်းပေးကြပါခင်ဗျာ..။´ ဟု မကွေးတိုင်းဒေသကြီး NLDကော်မရှင်အဖွဲ့ နာယက ဦလှိုင်အေး (ပခုက္ကူ) မှ ပြောဆိုသွားပါသည်။ သို့သော် မကွေးမြို့နယ်အဖွဲ့အား ရွေးချယ်ရာတွင် NLD ညီလာခံကျင်းပရေးအတွက် အစည်းအဝေးမခေါ်ဘဲ ညီလာခံကိုယ်စားလှယ်များအား ရွေးချယ်ထား၍ မကွေးမြို့နယ်NLD အဖွဲ့ဝင်များမှ လုံးဝ မကြေနပ်ကြကြောင်း၊ ထို့ကြောင့် ယခုလာမည့် (၂-၉-၂၀၁၂) တနင်္ဂနွေနေ့တွင် ၎င်း ကော်မရှင်အဖွဲ့မှ ပြန်လည်ရွေးချယ်ပေးမည်ဟု NLD အဖွဲ့ဝင် ဦးရဲတင့်နှင့် ၈၈ မျိုးဆက်ကျောင်းသား(မြေလတ်)အဖွဲ့ ဦးသန်းထွန်းအောင်တို့မှ ပြောကြားပါသည်။
READMORE
 

`မကွေးတိုင်းဒေသကြီးမှာ သတင်းသမားဆိုသူ(၃)ဦးကို ခွင့်ပြုချက်မရဘဲ ၀င်ရောက်သတင်းယူပြီး ဓာတ်ပုံနှင့် ဗွီဒီယိုများရိုက်ကူး၍ သက်ဆိုင်ရာမှ အရေးယူ ဟုသိရ´

မကွေး သြဂုတ်(၂၆)။ သြဂုတ်(၂၄)ရက်၊ နေ့(၁၆း၃၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးအပေါ်ထပ်သို့ အမည်မသိ လူနှစ်ဦးသည် ဒီမိုကရက်တစ် မြန်မာ့အသံ(DVD)မှ ဆို၍ စာရေးအဆင့်(၁) ဦးခင်အောင်၏ အခန်းတွင်းသို့ ရုတ်တရက်ဝင်ရောက်လာကြသည် ဆို၏။ ထိုအချိန်တွင် ၎င်းအခန်းတွင်း၌ လိုင်းစာရေး(၂) ဒေါ်ဌေးဌေးမြင့်မှာ လက်နှိပ်စက်ရိုက်နေစဉ် ထိုလူနှစ်ဦးမှ Kieuna Project အစီအစဉ်ဖြင့် န၀မတန်းကျောင်းသူ၊ ကျောင်းသားများအား ဂျပန်နိုင်ငံသို့ ပို့သောအစီအစဉ်ကို သိလိုကြောင်းမေးမြန်းသည်ဟုဆိုသည်။ ယင်းအခန်းတွင်းရှိ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်ခင်စိုးဦး၊ ဒေါ်ဝါ၀ါလင်း၊ ဒေါ်ဝင်းဝင်းသန်း၊ ဒေါ်စုမွန်အောင်နှင့် ဒေါ်နေခြည်တို့မှ ``လူကြီးများ ဆွေးနွေးပွဲသွားနေကြကြောင်း၊ လ/ထ ပညာရေးမှူး (စစ်ဆေးရေးမှူး) မှ သာမန်ကိစ္စများကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ အထက်အမိန့်မရဘဲ ဌာန၏လုပ်ငန်းကိစ္စများကို ပြောပြခွင့်မရှိပါ..´´ဟု တားမြစ်ပြောဆိုကြသည်ဆို၏။ ထို့နောက် ၎င်းလူနှစ်ဦးအား ဒေါ်ဌေးဌေးမြင့်မှ လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေ၏ ရုံးခန်းသို့ပို့ဆောင်ခဲ့သည်ဆိုပါသည်။ ဦးမောင်ငွေမှ `၎င်းမှာ ဌာန၏ စည်းကမ်းအတိုင်း လုပ်ဆောင်နေသည်ဖြစ်ကြောင်း၊ အထက်အမိန့်မရဘဲ ပြောပိုင်ခွင့်မရှိကြောင်း၊ ထိုလူများကို ပြောဆိုနေသည်ဆိုသည်။ ၎င်း ပြောဆိုနေစဉ်အချိန်တွင် လူတစ်ဦးက အခန်းတွင်း ဇွတ်အတင်းဝင်ရောက်၍ ဓာတ်ပုံများနှင့် ဗွီဒီယိုများ ရိုက်နေကြောင်း ဦးမောင်ငွေမှ ဆို၏။ ထိုအခါ ဦးမောင်ငွေမှ အခန်းအပြင်သို့ ပြေး၍ထွက်သွားခဲ့သည်ဆိုသည်။ ထိုစဉ် ရုံးရှေ့၌ ၎င်းတို့စီးလာသော ကားနံပါတ် (၈ခ/ ၉၀၁၈) ဂျစ်ကား(ခဲရောင်) ပေါ်တွင် လူတစ်ဦးက ထိုင်၍စောင့်နေကြောင်း ဦးမောင်ငွေမှဆိုသည်။ ထို့နောက်ယင်းကိစ္စအား သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၉း၄၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေမှ တရားလိုပြု၍ မကွေးမြို့ အမှတ်(၁)ရဲစခမ်းသို့သွားရောက်တိုင်းတန်းအမှုဖွင့်ကြောင်း သတင်းရရှိပါသည်။ အမည်မသိသူတို့က အခန်းတွင်းတွင် ၎င်း၏ခွင့်ပြုချက်မရဘဲ ဓာတ်ပုံများ ဆက်တိုက်ရိုက်ကူးနေခြင်း၊ ခွင့်မတောင်းဘဲ ရုံးခန်းတွင်းသို့မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခြင်းနှင့် တာဝန်ဝတ္တရားထမ်းဆောင်နေသော ၀န်ထမ်းများအား လည်း တာဝန်ဝတ္တရားထမ်းဆောင်နိုင်ခြင်း မရှိအောင် တာဝန်ဝတ္တရားများအား နှောက်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ တိုင်းပညာရေးမှူးရုံးအတွင်းသို့လည်း ခွင့်ပြုချက်မရဘဲ ဇွတ်အတင်းအဓမ္မ၀င်ရောက်ကျူးကျော်ကြ၍ ၀န်ထမ်းများနှင့် ရုံးအတွင်း ဓာတ်ပုံများ၊ ဗွီဒီယိုများ ရိုက်ကူးခဲ့ကြသော အမည်မသိ ထိုလူသုံးဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေ ပြောဆိုအမှုဖွင့်ကြောင်းသိရသည်။ ထိုသတင်းသမားဆိုသူ(၃)ဦးတို့မှာ (၁) ဦးသူရသက်တင် (အသက်- ၄၂) (အဘ) ဦးသက်တင် ကံသာရပ်၊(၁၅)လမ်း၊ မကွေးမြို့။ (၂) ဦးလှိုင်လှိုင်(ခ) ၀င်းမြင့်ဦး (အဘ) ဦးစိုးမြင့်၊ တောင်တွင်းကြီးမြို့။ (၃) ဦးစိုးမြင့် တောင်တွင်းကြီးမြို့။ တို့ဖြစ်ကြောင်း သက်ဆိုင်ရာအမှုတွဲမှ စုံးစမ်းသိရှိရပါသည်။ ယင်းအမှုအား မကွေးမြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၂၀၄/၂၀၁၂ ပြစ်မှု ပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့်အမှုဖွင့်၍ ဒုရဲအုပ် မင်းသန့်ဇင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရိပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`အောက်ခြေမှ အသေးအဖွဲကိစ္စလေးတွေကို လုပ်မပေးကြလို့ သမ္မတထံသို့ စာတင်နေရပါတယ်၊ ဒီလိုမဖြစ်သင့်ပါ´

``အမှိုက်ကစ ပြဿဒ်မီးလောင် ဟု ရှေးစကားရှိပါတယ်ဗျာ။ ဒီပုံကိုကြည့်ပါ ရပ်ကွက်လမ်းကြားလေး(၁၀)ပေအကျယ်ရှိ ပါတယ်။ ဒီလမ်းကြားလေးကို ကျွန်တော့်တိုက်ဘေးက ယခုမြင်နေရတဲ့အိမ်က ဖျက်ပြီး တိုက်ဆောက်ပါတယ်။ လက်ရှိအိမ်ဝိုင်းအကျယ်အတိုင်း မဆောက်ဘဲ လမ်းမြေဘက်ကို ချဲ့ပြီး တိုက်ဆောက်ပစ်လိုက်ပါတယ်။ ဒီကိစ္စကို သူတို့တိုက်မဆောက်ခင် ယခုအိမ်ရှိစဉ်ကထဲက သက်ဆိုင်ရာရပ်ကွက်၊ မကွေးမြို့နယ်၊မကွေးခရိုင် နဲ့ မကွေးတိုင်းအေးချမ်းသာယာရေးကောင်စီ ဥက္ကဋ္ဌ အထိ အဆင့်ဆင့်သို့ ကျွန်တော်နာမည်နဲ့ လက်မှတ်ထိုးပြီး(၁-၂-၂၀၁၁)နေ့ကစတင် အသိပေးတိုင်ကြားခဲ့ပါတယ်။ နောက် ၂၀၁၁ ခုနှစ် မတ်လထဲက တစ်ခါထပ်ပြီးတိုင်ခဲ့ပါတယ်။ အကြောင်းမထူးလို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့မှာ တတိယအကြိမ် ထပ်မံတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမထူးဘဲ ယခင်က မြင်နေရတဲ့ အိမ်ကနေ ယခု တော့ တိုက်အဆောက်အဦးကြီးကို ဖြစ်သွားပါပြီ..ဗျာ။ လမ်းနယ်မြေ(၁၀)ပေအကျယ်ကနေ ယခုတော့ (၆)ပေခန့်သာရှိပါ တော့တယ်။ ရပ်ကွက်တွင်း မီးတွင်းကိစ္စဖြစ်ရင် မီးသတ်ကားလုံးဝ ၀င်မရတော့ပါဘူး။ ဒါကြောင့် ယခုတော့ ၂၀၁၂ ခုနှစ်၊ဇွန်လ(၁၅)ရက်နေ့က ထပ်ပြီး နိုင်ငံတော်သမ္မတ ထံသို့ လိပ်မူလို့ ဒီစာကိုတင်လိုက်ရပါတယ်ဗျာ…..။ ယခုလို အသေးအဖွဲကိစ္စလေးကို အောက်ခြေအဆင့်ဆင့်က မဆောင်ရွက်ကြဘဲ နာလည်မှုယူပြီးမျက်ကွယ်ပြုနေကြလို့ နိုင်ငံတော်သမ္မတထံကို တင်လိုက်ရတာ အားနာပါတယ်ဗျာ..။ ဒါကြောင့် ဒီလမ်းမြေချဲ့ယူတဲ့ကိစ္စကို ဆရာတို့ မီဒီယာတွေကနေ အများသိအောင် ကူညီပေးကြပါအုံးခင်ဗျာ…။´´ဟု မကွေးမြို့ ဆုံရပ်ကွက်၊ အမှတ်၁၄၂/က နေ ဦးအောင်မြင့်(၈/မကန(နိုင်) ၀၁၃၄၇၅) မှ ပြောဆိုသွားပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`နယ်သတင်းသမားများကို စာမဖွဲ့သော မိုးယံရွှေလမင်းထီဆိုင်ကြီး´

သြဂုတ်(၁၉)၊ ညနေ(၅)နာရီတွင် မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း၊ Center စားတော်ဆက် မှာ(၁၈၃)ကြိမ် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀)၊ သိန်း(၁၀၀၀) နှင့် သိန်း(၅၀၀) ကံထူးရှင်များအား ထိုင်းနိုင်ငံ မြဘုရားဖူးပို့ခြင်း အထူးဂုဏ်ပြုညစာစားပွဲ ကျင်းပကြောင်းသတင်းရရှိပါသည်။ သိန်း(၁၅၀၀) ကံထူးရှင်မှာ ကိုဝသန်ဦး မြို့သစ်မြို့မှ `အမေ´ဆိုသောအတိတ်ဖြင့် ထီထိုး၍ (န-၄၃၁၀၃၀)နံပါတ်ဖြင့် ဆွတ်ခူးသွားသည်။ သိန်း(၁၀၀၀) ကံထူးရှင်မှာ ဆရာတော် ဦးသုစိရတ္တ မှ (ဃ- ၈၈၇၄၁၄) နှင့် သိန်း(၅၀၀) ကံထူးရှင်မှာ ဆရာတော် ဦးဝိသုဒ္ဒိစာရ မှ (ဈ- ၇၆၄၀၈၈) တို့ဖြင့် အသီးသီးဆွတ်ခူးရရှိသွား၍ ယနေ့ပွဲအား ခန်းနားထည်ဝါစွာကျင်းပခြင်း၊ သိန်း(၁၅၀၀) ကံထူးရှင်ကြီးအား မကွေးမြို့နှင့် မင်းဘူးမြို့များတွင် အလှပြယာဉ်နှင့် ထီကား မော်တော်ယာဉ် တန်းဖြင့်အတူ ရုပ်ရှင်မင်းသား၊ မင်းသမီးများဖြင့် လှည့်လယ်ကြောင်း သတင်းရရှိပါသည်။ ယခုနှစ်စပိုင်းတွင်လည်း (၁၈၁)ကြိမ်အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀) ကံထူးရှင် (ရခိုင်ပြည်နယ်) မှ ကံထူးရှင်အမျိုးသမီးအား မကွေးမြို့ မြို့တော်ခမ်းမတွင် ခြိမ့်ခြိမ့်သဲ မြို့တွင်း၌ အလှပြကားများဖြင့် လှည့်လယ်၍ ဂုဏ်ပြုပွဲကြီးများကို ကျင်းပခဲ့ကြောင်းသိရသည်။ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင်ကြီးသည် ထိုကဲ့သို့ပွဲများအား ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများတွင် အကြိမ်ကြိမ် ကျင်းပလာခဲ့ကြောင်း ဂျာနယ်သတင်းများတွင် အမျိုးမျိုးဖော်ပြပေး၍ သိရှိခဲ့ရသည်။ ယင်းပွဲများတွင် သတင်းမီဒီယာများအား အထူး အလေးထား၍ ဖိတ်ကြားခဲ့ကြောင်းသိရ၏။ သို့သော်.. ယခုလို နယ်မြို့ကြီးများတွင်ကျင်းပပြုလုပ်သော သိန်း(၁၅၀၀) ဂုဏ်ပြုပွဲများနှင့် ကိုယ်စားလှယ်တော်ကြီးများနေ့ပွဲများတွင် နယ်မှ သတင်းသမားများကို ဖိတ်ကြားဖို့နေနေသာသာ မည်သူကိုမှ အသိမပေးဘဲ (ရန်ကုန်မြို့မှ မိမိခေါ်လိုသော ဂျာနယ်တစ်စောင်သာ) ပါရင်ပြီးရော့ဟု ကျင်းပသွားကြောင်း နယ်သတင်းသမားများမှ မကြေမနပ်စွာဖြင့် ရင်ဖွင့်ပြောဆိုသံများကြားရ၏။ `(၁၈၁)ကြိမ် သိန်း(၁၅၀၀)ကံထူးရှင် ဂုဏ်ပြုပွဲတုန်းကလုပ်ပုံကို ပြောပါအုံးမယ်ဗျာ..။ မိုးယံ မန်နေဂျာများက ကျွန်တော်တို့သတင်းသမားအချို့ကို စားတော်ဆက်တစ်ခုမှာ နံနက်ပိုင်းမှာ ဖိတ်ကြားပါတယ်။ ကျွန်တော်တို့ကို ဧည့်ခံကြွေးမွေးပါတယ်။ ထမင်း(ပုံစား) ၉၀၀ိ တန်ပါ။ လက်ဆောင်ပေးပါတယ်။ တစ်ဦးကို မိုးယံဗလာစာအုပ်(၃)အုပ်နဲ့ (၈၀ိ)တန် ဘောပင်တစ်ချောင်း၊ မိုးယံတီရှပ်( ကလေးဝတ်) တစ်ထည် တို့ကို ပေးပါတယ်။ ပြီးတော့ ဘာပြောလည်းဆိုတော့ ညနေကျင်းပမဲ့ သိန်း(၁၅၀၀) ကံထူးရှင်ပွဲကို မဖိတ်ဖြစ်လို့ ယခုလို ကြိုတင်ပြီးဧည့်ခံတာပါ။ နောက်တစ်ခု အထူး မေတ္တာရပ်ခံချင်တာက အဲဒီပွဲသတင်းကို မကွေးမြို့ပေါ်က သတင်းများ မရေးကြဖို့အတွက် အထူးမေတ္တာရပ်ခံပေး ပါခင်ဗျာ…´။ ဟု ပိန်ပိန်ပါးပါး မိုးယံထီဆိုင် မန်နေဂျာတစ်ဦးကဆိုပါသည်။ (သတင်းမရေးစေချင်သော ဒီလိုပွဲမျိုးအား တစ်ခါမျှ မကြားဘူးကြပါ။) (သတင်းမရေးဖို့ ထမင်းကြွေးသည် ဆိုကြပါသည်။) ဟု မကွေးသတင်းထောက်တစ်ဦးမှ အော်ပြောပါသည်။ (၁၈၃) ကြိမ် အောင်ဘာလေဆု သိန်း(၁၅၀၀) ဂုဏ်ပြုပွဲကြီးတွင်လည်း မကွေးမြို့မှ မည်သည့်သတင်းသမားတစ်ဦးကိုမျှ မဖိတ်ကြား၍ သတင်းထောက်တစ်ဦးက စာရေးသူအားဤ သို့ဆိုပြန်၏။ `မိုးယံရွှေလမင်းတို့ကတော့ ရန်ကုန်က (ဂျာနယ်အသစ်)တစ်ဆောင်ကို ခေါ်လာတယ်လို့သိရတယ်ဗျို့။ ဒီပွဲကို အဲဒီဂျာနယ်အသစ်မှာ (၃)မျက်နှာတောင် နေရာပေးပြီး ဖော်ပြပေးမယ်လို့ ကြားတယ်ဗျ..။ လုပ်ကြပေါ့ဗျာ..။ ရှင်ဘုရင့်ပုဆိုး ပိုးကြီးပါဘဲဗျာ..။ သူတို့ထီဆိုင်ကြီးက အောင်မြင်သွားပြီကိုး။ မိုးယံထီဆိုင်ကြီးပိုင်ရှင်က ရန်ကုန်၊ မန္တလေးက အယ်ဒီတာကြီးတွေကိုသာ အားကိုးကြတာပါ။ ကျုပ်တို့ နယ်က သတင်းသမားလေးတွေကို ဖုတ်လေတဲ့ ငပိ ရှိလေတယ်တောင် မထင်ပါဘူးဗျာ..။ စားချင်လို့ လက်ဆောင်လိုချင်လို့ ပြောတာမဟုတ်ပါဘူး။ လူရာ မသွင်းလို့ ပြောရတာပါဗျာ။ နယ်က ကျွန်တော်တို့သတင်းသမား တွေမှာလည်း လက် တွေ ကိုယ်စီရှိကြပါသည် လို့ ပြောပေးစမ်းပါဆရာရယ်..။´ ဟု စိတ်ထိခိုက်စွာဖြင့် သတင်းသမားတစ်ဦး က ဆိုပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`ကိုမင်းကိုနိုင် နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာအနောက် ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်´

သြဂုတ်(၁၅) ။ ။ နံနက်ပိုင်းမှစ၍ ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများသည် ဆင်ဖြူကျွန်းမြို့မှ ပြန်လည်ထွက်ခွါကြောင်းသတင်းရရှိသည်။ ယမန်နေ့ညတွင် ဆင်ဖြူကျွန်းမြို့မှာ ညအိပ်ရပ်နားကြောင်းသိရသည်။ ၎င်း ဆင်ဖြူကျွန်းမြို့မှာ ကိုဌေးကြွယ်၏ မိဘများနေထိုင်၍ ၎င်းတို့အဖွဲ့မှ ကိုဌေးကြွယ်၏မိခင်ကြီးမွေးနေ့ပွဲကျင်းပပေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးမှ ပြောကြားသည်။ ၎င်း တို့အဖွဲ့သည် မန္တလေးမြို့မှ မုံရွာမြို့။ မုံရွာမြို့မှ ပခုက္ကူမြို့။ ပခုက္ကူမြို့မှ စတင်၍ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ဆင်ဖြုကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ စကု၊ မင်းဘူးမြို့များမှ သြဂုတ်လ (၁၅)ရက်နေ့ည (၁၀)နာရီခန့်တွင်ရောက်ရှိလာကြသည်။ ၎င်း ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အား မကွေးမြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ(မြေလတ်)အဖွဲ့ ကသွားရောက်ကြိုဆိုခဲ့ကြကြောင်း ကိုသန်းထွန်းအောင် မှ ပြောသည်။ ` ဒီခရီးစဉ်ကို သြဂုတ်လ(၁၅)ရက်နေ့ နေ့လယ်(၂)နာရီမှ ဖုန်းဆက်လို့သိရပါတယ်။ ကျွန်တော်တို့အဖွဲ့ ကိုမင်းကိုနိုင်တို့ အဖွဲ့ကိုသွားကြိုကြပါတယ်။ ယခု ၈၈ မျိုးဆက်ကျောင်းသားများက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ မီးမီး၊ မနီလာသိန်း၊ ကိုဌေးကြွယ်နဲ့ အဖွဲ့ဝင်များ လိုက်ပါကြောင်းသိရပါတယ်။ စကုမြို့ကို ည(၇း၄၅)နာရီမှာ သူတို့အဖွဲ့ရောက် လာပါတယ်။ စကုမြို့NLD ရုံးမှာ မိနစ်(၃၀)လောက်ကြာအောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့က မိတ်ဆက်ပြောဆိုပြီး အထွေထွေကိစ္စများကို ဆွေးနွေးကြ ပါတယ်။ အဲဒီကနေ ည(၉)နာရီကျော်လောက်မှာ မင်းဘူးမြို့ကိုရောက်ကြပါတယ်။ မင်းဘူးမှာလည်း မိနစ်(၃၀)လောက်သာ ဆွေးနွေးပြောဆိုကြပါတယ်။ စကုမြို့နဲ့ မင်းဘူးမြို့မှာတော့ လာရောက်ကြိုဆိုနားထောင်ကြသူ ပရိတ်သပ် ထောင်ဂဏန်းခန့်ရှိမယ်ထင်ပါတယ်။ မကွေးမြို့ကို ည(၉း၄၅)နာရီလောက်မှာ ရောက်လာပါတယ်။ မကွေးမြို့ကိုရောက်တာနဲ့ ရွာသစ်ရပ်ကွက် (၁၅)လမ်းက ဦးမောင်မောင်စိုး (ပွင့်လင်းလူ့အဖွဲ့အစည်း) အိမ်မှာ ညစာနဲ့ ဧည့်ခံကြပါတယ်။ နောက် မကွေးမြို့နယ် NLD ရုံးမှာ တွေ့ဆုံပွဲကျင်းပကြပါတယ်။ မကွေးမြို့မှာတော့ အချိန်တော်တော်ကြာအောင် ဆွေးနွေးဖြစ်ကြ ပါတယ်။ တက်ရောက်သူ (၁၀၀)ကျော်လောက်သာရှိပါတယ်။ မကွေးမြို့မှာ အချိန်က တော်တော်ညဉ့်နက်သွားတော့ တစ်ချို့က မလုပ်ဖြစ်တော့ဘူးထင်သွားကြပါတယ်။ မကွေးမြို့ကနေ ည (၁၂း၁၅)နာရီလောက်မှာ ကိုမင်းကိုနိုင်ဦးဆောင် သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ နေပြည်တော်သို့ ဆက်လက်ထွက်ခွါသွားကြပါတယ်။ သူတို့အဓိကထားပြီးပြောသွားတာကတော့ အများပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို လိုအပ်သလိုကူညီဆောင်ရွက်သွားကြဖို့အတွက် NGO ပရဟိတလုပ်ငန်းအဖွဲ့ကလေးတွေ များများဖွဲ့ပြီး ဆောင်ရွက်ပေးကြဖို့ ပြောပါတယ်။ ကိုယ်ဒေသ အောက်ခြေမှာတင် ဆောင်ရွက်ပေးနိုင်တာများကို အောက်ခြေအဖွဲ့များက ဆောင်ရွက်ပေးကြပါ။ အောက်ခြေမှာတင် ဖြေရှင်းလို့မရတဲ့ ကိစ္စကြီးငယ်များကိုတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ဆောင်ရွက်ကြပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးထားပြီး အကောင်းဆုံးဖြစ်အောင် မိဘပြည်သူတွေအတွက် အကူအညီပေးသွားမှာပါခင်ဗျာ လို့မှာကြားသွား ပါတယ်။´ဟု ၈၈ မျိုးဆက် ကျောင်းသား များ(မြေလတ်)အဖွဲ့မှ ကိုသန်းထွန်းအောင်မှ မြန်မာပို့စ်သို့ ပြောကြားသည်။ ၀ိုင်းကြည်အောင်
READMORE
 

`အောက်တိုဘာအောင်ကြီးဖြေဆိုတဲ့ ဘာမှမပြောချင်ပါဘူးဗျာ..´

သြဂုတ်(၁၀)ရက်နေ့ တွင် ဂျာနယ်တိုက်တစ်ခုသို့ စာမူခလာထုတ်သော အောက်တိုဘာ အောင်ကြီးနှင့် ခဏတာ တွေ့ဆုံခဲ့သည်။သူ့ဘ၀ သူ့အမြင်တစ်စိတ် တစ်ပိုင်းအား သိလို၍ ဤသို့မေးမြန် ပြောဆိုဖြစ်ပါသည်။ မေး။ ။ ဆရာအောက်တိုဘာအောင်ကြီးခင်ဗျာ.. မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖွဲ့စည်းတော့မယ့် ကိစ္စနဲ့ ယနေ့(၁၀-၈-၂၀၁၂)နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့လိုက်တဲ့ကိစ္စများကို ဆရာဘယ်လို သဘောထားရှိပါသလဲ…?။ နောက် အများပြည်သူလူထုတွေ လက်ထဲရောက်အောင် ဆရာစာအုပ်တွေ ကာတွန်းတွေကို ဘယ်လိုများဆောင်ရွက်ထားပါသလဲ..? ။ ဆရာအောင်ကြီး။ ။ ပထမ မေးထားတဲ့ မေးခွန်းကိုတော့ ကျွန်တော်မဖြေချင်ပါဘူး။ ဘာကြောင့်မဖြေချင်တာလဲဆိုရင်တော့ ဘာမှကို မပြောချင်လိုပါဗျာ..။ ယခုအချိန်က ညောင်သီးလည်းစား လေသံလည်းကြည့် ဆိုတဲ့ အချိန်မျိုးပါဗျာ…။ နောက် ကျွန်တော့်မိန်းမ မလှရီကလည်း `ဘာမှ မပြောရဘူးလို့´ မှာထားလို့ပါ။ ဒုတိယ မေးခွန်းကတော့ ကျွန်တော်စာအုပ်တွေကို လူထုထဲကိုရောက်စေချင်တယ်။ ဒါကြောင့်ခပ်ပါးပါးလေး(လေးဖေါင်)နဲ့ စာအုပ်တစ်အုပ်ကို (၂၀၀ိ)ကျပ်နဲ့ ရောင်းပါတယ်။ ယခုလောလောဆယ် ထွက်ပြီး သင်္ဘောပေါ်၊ ကားပေါ်တွေမှာ အော်ပြီးရောင်းနေတဲ့စာအုပ်တွေကတော့ သုံးအုပ်ရှိပါပြီ (၁)ဗိုလ်ချုပ်စကား မိုးကြိုးသွား။ (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမြုတေ။(၃) ၀ရန်းပြေးဖြစ်ခဲ့ဘူးသည့် သခင်အောင်ဆန်း ဆိုတဲ့ စာအုပ်တွေဖြစ်ပါတယ်။ အဲဒီစာအုပ်တွေမှာ ကျွန်တော့်ကလောင်နာမည်ကတော့ ကျွန့်တော့် အမေကို ဂုဏ်ပြုတဲ့ အနေနဲ့ ( ဒေါ်အုံးကြည်သား) ဆိုတဲ့နာမည်နဲ့ ရေးထားပါတယ်။ ကာတွန်းတွေကိုတော့ အောက်တိုဘာ အောင်ကြီး ဆိုတဲ့ကလောင်နာမည်ဘဲ သုံးထားပါတယ်။နောက်ဆက်ထွက်မယ့်စာအုပ်တွေကတော့ ဗိုလ်ချုပ်မိခင် ဒေါ်စုစာအုပ်။ နောက် ငြိမ်းချမ်းရေးကာတွန်းများစာအုပ်။ ဗိုလ်အောင်ကျော်စာအုပ်က စီစစ်ရေးမှာတင်ထားပါတယ်။ လက်ရှိရေးနေတာကတော့ သခင်ကိုယ်တော်မှိုင်းကို ဆရာလွမ်းလို့ ခေါင်းစဉ်ပေးထားပါတယ်။ ပန်းတနော် ဦးသန့် အဲဒီစာအုပ်တွေကို ရေးသားနေပါတယ်။ ကျွန်တော်ရေးသားပြီးစာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ (ပြောရအုံးမယ် မလှရီရေ )စာအုပ်တွေကိုလည်း စာအုပ်လေးတွေအဖြစ် ပြန်ထုတ်ဖို့စီစဉ်နေပါတယ်။ အားလုံးကျွန်တော့်စာအုပ်တွေကို စာပေစီစစ်ရေးဌာနကို တင်ရပါတယ်။ စာအုပ်တစ်အုပ်ထွက်လာဖို့ စာပေစီစစ်ရေးမှာ အနည်းဆုံး(၆)လလောက်စောင့်ရ ပါတယ်ဗျာ.။ မေး။ ။ ဆရာအနေနဲ့ ယနေ့လူငယ်စာရေးဆရာများနဲ့ ဂျာနယ်လစ်တွေကို ဘယ်လိုများ အကြံပြုပြောဆိုချင်ပါသလဲ..?။ အောင်ကြီး။ ။ ကျွန်တော်တို့လည်း ဒီလိုဘဲဘ၀က စတင်ဖြတ်သန်းလာရတာပါဘဲ။ ကျွန်တော်တို့ခေတ်ကဆို သတင်းစာဘဲ အားကိုးနေရတာ မဂ္ဂဇင်းတွေကျတော့ ဆရာကြီးတွေရှိနေတော့တိုးလို့မရခဲ့ပါဘူးဗျာ။ ကျွန်တော်ဆိုရင် တစ်လမပြောပါနဲ့ တစ်နှစ်နေလို့ တစ်ပုံတောင် မပါတဲ့ ဘ၀က စတင်လာတာပါ။ ဒါကြောင့် ယနေ့လူငယ်တွေခေတ်က ကံကောင်းပါတယ်။ ဂျာနယ် မဂ္ဂဇင်းတွေ အများကြီးရှိနေပါပြီ။ ဒါကြောင့် ကြိုးစားကြပါ။ များများရေးပါ။ များများတွေးပါ။ အဲသူများတွေ ဘာတွေရေးနေကြသလဲဆိုတာကိုလည်း သိအောင် များများဖတ်ကြပါ။ ကိုယ်ထင်ရာကို တစ်ယောက်တည်း စာမဖတ်ဘဲ ရေးနေလို့ကတော့ မဖြစ်ပါဘူး။ ဒီအလုပ်ကို တန်ဘိုးထားပြီး အလုပ်သဘောမျိုးနဲ့ ဇယားသတ်မှတ်ပြီး လုပ်ကြပါ။ ကျွန်တော်ဆိုရင် တစ်နေ့ကို (၃)နာရီစာဖတ်တယ်။ (၃)နာရီစာရေးပါတယ်။ ဒီနေ့စိတ်မပါလို့ မရေးဘူးဆိုပြီး ပြစ်ထားလို့မရပါဘူး။ ကျွန်တော့်မှာ ဒီအလုပ်နဲ့ ထမင်းစားရတာဆိုတော့ မနက်(၉)နာရီကနေ (၁၁)နာရီအထိ ထိုင်ရေးတယ်။ ည(၈)နာရီကနေ (၁)နာရီ၊ (၂)နာရီအထိ တစ်ခါတစ်လေ မိုးလင်းသွားအောင်ထိ စာဖတ်ရပါတယ်။ စာရေးရပါတယ်။ အဲ တကုပ်ကုပ်နဲ့ စာဖတ် စာရေးနေလို့ မနက်ကျပြန်တော့် ကျမ်းမာရေးအတွက် လမ်းလျှောက်ရပါတယ်။ ကျမ်းမာရေးထိခိုက်ရင်လည်း သိကြတဲ့အတိုင်း အားလုံးက ဘရိတ်ဒါးတွေ သဇင်တွေနဲ့ တိုးကြရပါ့မယ်လေ။ မေး။ ။ ဆရာအောင်ကြီးခင်ဗျာ ဆရာဘယ်အချိန်က စတင်စာရေးတာပါလဲ၊ ဆရာမိသားစု ဘ၀အကျဉ်းလေးကို သိပါရစေ။ ဆရာအောင်ကြီး။ ။ ကျွန်တော်(၁၆)နှစ်သားက စတင်ပြီး စာရေးတယ်။ ကာတွန်းဆွဲခဲ့ပါတယ်။ ယခု အသက်(၅၁)နှစ်ရှိနေပါပြီ။ စာပေလောကသက်တန်း(၃၅)နှစ်ရှိပါပြီ။ သားသမီးတစ်ယောက်ရှိပါတယ်။ သမီးလေးအသက် (၁၃)နှစ်ပါ။ ကျွန်တော်က အသက်(၃၉)နှစ်ရှိမှ မိန်းမယူခဲ့တာပါ။ ကျွန်တော်ယူမယ့် မိန်းမကိုလည်း မယူခင်ကကြိုပြောတယ်။ `ငါ့ကိုယူရင် နင်ဆင်းရဲမယ်။ တစ်ခြားအလုပ်ကိုမလုပ်ဘူး။ ကာတွန်းရေးမယ်။ စာရေးမယ်။ သဘောကျမှ ယူနော့်လို့´ပြောပြီး ယူလာခဲ့တာပါ။ သူကလည်း ငတ်ချင်လည်းငတ် ယူမယ်၊ လက်ထပ်မယ်တဲ့။ မိန်းမမယူတော့ဘူးလို့နေခဲ့တာပါ။ ဖူးစာပေါ့ဗျာ..။ မေး။ ။ ဆရာအောင်ကြီးပြောတဲ့အထဲမှာ လက်ရှိမိန်းမလို့ကြားလိုက်ရပါတယ်။ ဒါကြောင့် အရင်ကမိန်းမ ရခဲ့ဘူးပါသလား.?။ ဆရာအောင်ကြီး။ ။ ကျွန်တော့်မိန်းမ မလှရီနဲ့ ပြဿနာတက်အောင် ပြဿနာ မရှာပါနဲ့ဗျာ…။ အရင်က မိန်းမမရှိခဲ့ပါဘူး။ လူပျိုသိုး စစ်စစ်ကြီးပါဗျာ..။ ကျွန်တော့်မိန်းမက သ၀န်တိုတယ်ဗျ။ ကျွန်တော် ယခု မိုးဟေကိုနဲ့ ဖြစ်နေတာတောင် သိပ်သဘာကျဘူးဗျ.. ဟဲဟဲ..။ အင်း… ဒါပေမယ့် နောက်ထပ်မိန်းမယူဖို့ စိတ်မကူးရဲပါဘူးဗျာ..။ ယခု ဒီဘ၀ ဒီလောက်နဲ့ကို စိတ်ကုန်နေပါပြီဗျာ…။ ဟု အောက်တိုဘာအောင်ကြီးမှ ရင်ဖွင့်ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၏ မြေယာမှုဆောင်ရွက်ချက်များ´

မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလွှတော်ကိုယ်စားလှယ် ဦးမြင့်သိန်းအား (၈-၈-၂၀၁၂) နေ့တွင် မကွေးမြို့၊ အောင်စေတနာရပ်ကွက်မှ မွန်လှိုင်မြင့် ကျူရှင်ကျောင်းသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့ပါသည်။ ၎င်း တို့မှ အများပြည်သူများသိရှိစေနိုင်သော အချက်အလက်တစ်ချို့အား ကောက်နုတ်ဖော်ပြအပ် ပါသည်။ မေး။ ။ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းခင်ဗျာ..။ ဦးမြင့်သိန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ခံပြီးစဉ်မှာ ` ကျွန်တော်က မကွေးမြို့နယ်အတွင်းမှ တောင်သူလယ်သမားများ အတွက် မြေယာအသိမ်းခံထားရသော အမှုကိစ္စများအား အဓိကထားပြီး စတင်ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တန်းရက်(၁၀၀) အတွင်းမှာ ဘာတွေကို ဘယ်လောက်အထိ ဆောင်ရွက်ခဲ့နိုင်ပြီး မဆောင်ရွက်နိုင်သေးတဲ့ မြေယာကိစ္စများကို သိပါရစေ..။ ဦးမြင့်သိန်း။ ။ ကျွန်တော်ယခု လွှတ်တော်ကိုယ်စားလှယ်သက်တန်းရက်(၁၀၀)ကျော်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ မြေယာမှုကိစ္စတွေကတော့ ပုထိုးစမ်းရွာက တောင်သူတွေရဲ့ယာမြေတွေကို တာတာ မော်တော်ကား စက်ရုံကသိမ်းထား တဲ့ကိစ္စအချို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြန်ရတာတော့မဟုတ်ပါဘူး။ သိမ်းထားတဲ့မြေယာခင်းအလွတ် ယာခင်းတွေကို စက်ရုံက တစ်ဧကငွေ(ဘယ်လောက်ဆိုပြီး)သတ်မှတ်နှုန်းနဲ့ သီးစားခချပြီး နှစ်စဉ်လုပ်နေရပါတယ်။ ယခုတော့ ၂၀၁၂ ခုနှစ်ကစပြီး ဘာသီးစားခမှ မပေးရတော့ဘဲ ကိုယ့်ယာခင်းကို ကိုယ်ပြန်လုပ်နေရပါပြီ။ မေး။ ။ နောက် ကျွန်တော်ကြားရတဲ့သတင်း ဒဟတ်ကန်ရွာနဲ့ မြင်းကင်းကျေးရွာက မြေကိစ္စတွေကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းကိုလာရောက်အကူအညီတောင်းခံထားတယ်လို့သိရပါတယ်။ အဲဒီကိစ္စလေး ကို သိပါရစေ..။ ဦးမြင့်သိန်း။ ။ မနေ့က ဒဟတ်ကန်ရွာကိုသွားခဲ့ပါတယ်။ သက်ဆိုင်ရာ လေတပ်မှ တာဝန်ရှိသူတစ်ဦးထံကိုသွားရောက်ပြီး လူမှုရေးအရအကူအညီတောင်းဆို ပြောကြားပေးခဲ့ပါတယ်။ ရွာသားတွေဖြစ်စေချင်တဲ့ ကိစ္စ(၃)ခုကို (၂)ခုညွှိနှိုင်းဆောင်ရွက် ပေးခဲ့နိုင်ပါတယ်။ ရေကိစ္စရယ်၊ နွားစားကျက်ကိစ္စရယ်တို့ကို လေတပ်က အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။ ခြံစည်းရိုးရွှေ့ခပ်ပေးဖို့ကိစ္စကတော့ မဖြစ်နိုင်ပါဘူး။ ဒီလေယာဉ်ကွင်းကြီးက အင်တာနေရှင်နယ်လေယာဉ်ကွင်း ကြီးဖြစ်ပါ တယ်။ ဒီလေယာဉ်ကွင်းကြီးလုံခြုံရေးနဲ့ လေတပ်ကို ကပ်ထားတာဖြစ်ပါတယ်။ ဒီမြေကိစ္စကိုလည်း တရားဝင်ပြောဆို ဆောင်ရွက်ပေးခဲ့တာမဟုတ်ပါဘူး။ လူမှုရေးအရ ကြားဝင်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ သူတို့လေတပ်ကလည်း ရွာသူ ရွာသားတွေကို တော်တော်ပြန်ကြည့်ပြီး လုပ်ပေးနိုင်တာတွေကို လုပ်ဆောင်ပေးကြပါတယ်။ မေး။ ။ မြင်ကင်းကျေးရွာက အိမ်ထောင်စု(၃၂)စုနဲ့ မြင်းကင်းရွာမကြီးမြေယာကိစ္စကိုလည်း သိပါရစေ..။ ဦးမြင့်သိန်း။ ။ မြင်ကင်းမြေကိစ္စကတော့ လွန်ခဲ့တဲ့ နှစ်(၅၀)လောက်က ဒီမြေနုကျွန်းပေါ်မှ အိမ်ထောင်စု(၃၂)ခုတို့ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအိမ်တွေကို ရွာမကြီးနဲ့ပြန်ပေါင်းတဲ့ကိစ္စတွေမှာ ပြဿနာဖြစ်နေကြတာပါ။ အပြန်အလှန်တိုင် နေတဲ့ကိစ္စပါ။ ဦးသိန်းမောင်ဆိုသူ ဦးဆောင်ပြီး(၂၄)ဦးလာရောက်ပြီး ကျွန်တော့်ကို အကူညီတောင်းခံနေကြပါတယ်။ ကျွန်တော်အနေနဲ့ တစ်ရွားတည်းသားချင်းတွေကို အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး အခွပ်ခိုင်းနေသလိုဖြစ်နေကြရင် မကောင်းပါဘူး။ ဒီကိစ္စကို မြေစာရင်းမှာသွားပြီး သိချင်တာကို တိကျအောင် မေးမြန်းရပါအုံးမယ်။ ဒါကြောင့် ဒီကိစ္စကို အချိန်ယူပြီးမှ လုပ်ဆောင်နိုင်ပေးနိုင်မှာဖြစ်ပါတယ်။ မေး။ ။ နောက်ပြီး မီးချောင်းရဲနယ်ဘက်မှာ ရထားလမ်းသိမ်းထားတဲ့ကိစ္စရယ်။ ပထနဂိုရွာဘက်က MPPE ဌာနမှ သိမ်းထားတဲ့ ယာမြေကိစ္စတွေကိုလည်း သိပါရစေ။ ဦးမြင့်သိန်း။ ။ ဟုတ်ကဲ့ မီးချောင်းရဲဘက်က ရထားလမ်းသိမ်းထားတဲ့ မြေယာကိစ္စတွေကိုလည်း စုံစမ်းမေးမြန်းဆဲဖြစ်ပါတယ်။ မဆောင်ရွက်နိုင်သေးပါဘူး။ နောက် MPPE ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးက သိမ်းထားခံရတဲ့ ယာမြေတွေကိုက သူတို့လုပ်ငန်းနဲ့ မိုင်တော်တော်ဝေးဝေးမှာ တည်ရှိနေပါတယ်။ ဌာနကနေပြီး အဲဒီယာမြေတွေကို နှစ်ပြတ်သီးစားချပေးပြီး လုပ်ခိုင်းနေပါတယ်။ အဲဒီဘက်က တောင်သူတွေက လူမညီကြဘူးဗျ။ ပုထိုးစမ်းဘက်က တောင်သူတွေလို သီးစားခ မပေးဘဲ ကိုယ့်ယာမြေကို ၀င်ရောက်ပြီး မလုပ်ရဲကြဘူးဖြစ်နေပါတယ်။ သူတို့က လူမညီကြတော့ အဲဒီကိစ္စကို မလုပ်နိုင်သေးပါဘူး။ မေး။ ။ နောက်တစ်ခုမေးချင်တာက အောင်ဇေယျာရပ်ကွက်တောင်ဖျားမှ ကျူးကျော်အိမ်တွေကိစ္စမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းကို အကူအညီတောင်းထားတယ်လို့သိရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုဆောင်ရွက် ထားတယ်ဆိုတာ သိပါရစေ။ ဦးမြင့်သိန်း။ ။ ဟုတ်ကဲ့ အဲဒီကိစ္စကတော့ သူတို့က အမှန်တစ်ကယ် ကျူးကျော်နေထိုင်သူများဖြစ်နေပါတယ်။ အဲဒီမိသားစုတွေကို စည်ပင်ဌာနက ဇူလိုင်လကုန်မှာ သူတို့ကို အပြီးထွက်ပေးဖို့ စာထွက်ထားပါတယ်။ အဲဒီကိစ္စကို ကျူးကျော်နေထိုင်ကြတဲ့ မရှိဆင်းရဲသား မိသားစုတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေအတွက် ငဲ့ညာပေးဖို့ တစ်နှစ်နေခွင့်ပေးပါရန် သက်ဆိုင်ရာကို မေတ္တာရပ်ခံပေးထားပါတယ်။ သူတို့ကို တစ်နှစ်နေခွင့်ပြုပေး ထားပါတယ်။ မေး။ ။ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း အနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒရှင်လုပ်သားပြည်သူတွေကို ဘာများပြောချင်ပါသလဲခင်ဗျာ…။ နောက်ပြီး ယခုတက်ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ထဲမှာ မကွေးမြို့နယ်အတွင်းက မြေယာကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာတွေများ အဆိုပြုမေးမြန်းထားပါသလဲ။ ဦးမြင့်သိန်း။ ။ အများပြည်သူတွေကို ကျွန်တော်အသိပေး တောင်းပန်ပြောကြားချင်တာကတော့ မိမိတို့တွေ့ကြုံခံစားနေရတဲ့ မြေယာကိစ္စ လူမူရေးကိစ္စတွေ တိကျခိုင်လုံတဲ့ အထောက်အထားတွေနဲ့ မှန်မှန်ကန်ကန် ရဲရဲဝန့်ဝန့် ညီညီညာညာစုပေါင်းပြီး အကြောက်တရားကင်းစွာနဲ့ ပွင့်လင်းမြင်သာအောင် ပြောဆိုပြီး ရင်ဆိုင်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေချည်း အားကိုးမနေဖို့ ပြောချင်ပါတယ်။ ဒါမှ ရှေးကဦးဆောင် တင်ပြရတဲ့ ကျွန်တော်ကိုက ဆောင်ရွက်ပေးနိုင်မှာပါ။ နောက်ဆုံးမေးထားတဲ့ လွှတ်တော်မှာတင်ပြထားတဲ့ မြေယာကိစ္စကို တော့ သီးခြား သတင်းရေးသားနိုင်အောင် အချက်အလက်ပြည့်ပြည့်စုံစုံပေးပါမယ်ခင်ဗျာ..။ ဟု မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း မှပြောကြားပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီ အောင်မြင်စွာ ဖွဲ့စည်းပြီး

ရန်ကုန်၊ သြဂုတ် (၁၁) ။ ။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီရွေးချယ်ပွဲကို ယနေ့နံနက် (၉) နာရီမှစတင်၍ ရန်ကုန်၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်ခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါရွေးချယ်တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံတ၀ှမ်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သတင်းစာဆရာများအသင်းဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းရွေးချယ်တင်မြှောက်ပွဲကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီက ဦးစီးကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအခမ်းအနားမှာ ဒီမိုကရေစီနည်းကျကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဗဟိုဦးစီးအဖွဲ့ဝင် (၅၅) ဦးကို ပထမဦးစားပေးရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် (၂၁) ရွေးချယ်ခဲ့ရာတွင် အောက်ပါပုဂ္ဂိုလ်များ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) ဥက္ကဋ္ဌ- မောင်ဝံသ ဒုတိယဥက္ကဋ္ဌ(၁) - ဦးကိုကို(စက်မှု) ဒုတိယဥက္ကဋ္ဌ(၂) - ဦးသီဟစော ဒုတိယဥက္ကဋ္ဌ(၃) - ဦးဝင်းငြိမ်း အတွင်းရေးမှူး- ဦးဖိုးနိုင်လင်း တွဲဖက်အတွင်ရေးမှူး(၁) - ဒေါက်တာမျိုးမင်းထိုက် တွဲဖက်အတွင်းရေးမှူး(၂) -ဦးကျော်စွာမင်း တွဲဖက်အတွင်းရေးမှူး(၃) - ဒေါ်မေသင်္ကြန်ဟိန် ဘဏ္ဍာရေးမှူး- ဒေါ်ဆင့်ဆင့်အောင် စာရင်းစစ်မှူး - ဦးအောင်သူမြိုင် ပြန်ကြားရေးမှူး - ဦးမြတ်ခိုင် နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ- ဦးစောလင်းအောင်၊ ဦးနေဘုန်းလတ်၊ ဒေါက်တာဇော်သန်း၊ ဦးရဲမင်းဦး၊ ဦးစိန်ဝင်း၊ ဦးဇေယျာမြတ်ခိုင်၊ ဒေါ်အိအိမြတ်၊ ဦးအောင်ရဲမောင်မောင်၊ ဦးအေးချမ်းဟိန်။ ရွေးချယ်တင်မြှောက်ရာတွင် ရရှိသည့်မဲအရေအတွက်များ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနိုင်ငံလုံးဆိုင်ရာညီလာခံရလဒ် သတင်း agency ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင်(၃)ဦး ၁။ဒေါ်မေသင်္ကြန်ဟိန် (၉၆)မဲ ၂။ဦးအောင်လှထွန်း (၉၄)မဲ ၃။ဦးအောမြိုင် (၆၉)မဲ Online ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး ၁။ ဦးနေဘုန်းလတ် (၉၈)မဲ ၂။ ဦးစိန်ဝင်း (၉၂)မဲ ၃။ ဦးအေးချမ်းဟိန်(၅၇)မဲ ရုပ်သံကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး ၁။ ဒေါ်အိအိတင် ၂။ ဒေါ်ဆင့်ဆင့်အောင် ၃။ ဦးအောင်ရဲမောင်မောင် ပုံနှိပ်မီဒီယာကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃၂)ဦး ၁။ ဦးစိုးသိန်း (မောင်ဝံသ) (၁၀၂)မဲ ၂။ ဦးကိုကို (၁၀၀)မဲ ၃။ ဦးသီဟစော (၉၀)မဲ ၄။ ဦးမြတ်ခိုင် (၈၇)မဲ ၅။ ဦးဝင်းငြိမ်း (၈၇)မဲ ၆။ ဦးကျော်စွာမင်း (၈၁)မဲ ၇။ ဦးဖိုးနိုင်လင်း (၇၈)မဲ ၈။ ဦးဇေယျာမြတ်ခိုင် (၇၆)မဲ ၉။ ဒေါက်တာဇော်သန်း (၇၄)မဲ ၁၀။ ဦးလှိုင်ဘွား (၇၂)မဲ ၁၁။ ဦးစောလင်းအောင် (၇၁)မဲ ၁၂။ ဒေါက်တာမျိုးမင်းထိုက် (၆၉)မဲ ၁၃။ ဒေါ်အိမ့်မှူးခင် (၆၃)မဲ ၁၄။ ဦးကြည်အောင် (၅၇)မဲ ၁၅။ ဒေါက်တာစိန်စိန်သိန်း (၅၇)မဲ ၁၆။ ဦးအောင်နိုင် (၅၇)မဲ ၁၇။ ဦးဇော်လင်း (ရဲရဲ-ပျဉ်းမနား) (၅၆)မဲ ၁၈။ ဒေါ်ချိုအိဇင် (၅၃)မဲ ၁၉။ ဦးထွန်းဝင်း (၄၇)မဲ ၂၀။ ဦးဘဦး (၄၇)မဲ ၂၁။ ဦးရဲမင်းဦး (၄၄)မဲ ၂၂။ ဦးမျိုးမင်းဦး (၄၄)မဲ ၂၃။ ဦးစိန်ရွှေ(၄၃)မဲ ၂၄။ ဦးအောင်မြင့် (၄၃)မဲ ၂၅။ ဦးခင်မောင်သိန်း (၄၃)မဲ ၂၆။ ဦးဘသန်းတင် (၄၂)မဲ ၂၇။ ဦးဝင်းကြည် (၄၀)မဲ ၂၈။ ဦးရန်နိုင် (၃၈)မဲ ၂၉။ ဦးမြင့်အောင် (၃၈)မဲ ၃၀။ ဦးခင်မောင်ဝင်း (၃၇)မဲ ၃၁။ ဦးမိုးကျော်မြင့် (၃၇)မဲ ၃၂။ ဦးသက်အောင်ထွန်း (၃၅)မဲ
READMORE
 

`မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံ အကြိုနေ့ ပြဿနာဂယက်များ´

သြဂုတ်(၁၀)ရက်၊ နံနက်(၄)နာရီအချိန်မှစတင်ပြီး အနယ်နယ်အရပ်ရပ် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သတင်းထောက်များ ရန်ကုန်မြို့သို့ ရောက်လာကြ သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းထောင့်မှ Orchid ဟော်တယ်မှာသတင်းပို့ကြရပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သတင်းထောက်အမှုဆောင်များ ညီလာခံကိုယ်စားလှယ်များ အားလုံးတက်ရောက်ရမည်ဟု မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ သို့သော် စာရင်းပေးသောနေရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲ အတွင်းရေးမှူးများနှင့် အမှုဆောင်အပြင် ညီလာခံ ကိုယ်စားလှယ်များသာဟု ဆိုပြန်၏။ အားခဲ၍ မဖြစ်ဖြစ်အောင်လာရောက်ခဲ့ကြသော နယ်မှ သတင်းထောက်များ အချို့မှာ လမ်းစားရိတ်ငွေ နေ့တွက်စရိတ်များ ထုတ်မပေးနိုင်ကြောင်းကြားသိရပါသည်။ ဤသို့မဖြစ်သင့် ကြပါ။ မနက်ဖြန် ညီလာခံမှာ တင်ပြစရာတစ်ခုဖြစ်နေပြန်သည်။ အရေးကြီးပြဿနာတစ်ခုမှာ ယနေ့မြန်မာသတင်းစာ နှစ်စောင်တွင် မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း သတင်းကြောင့် များစွာဂယက်ထသွားပါသည်။ ဘာကြောင့်ဆိုသော် ၎င်းညီလာခံတွင် အမည်စာရင်းမှာပါဝင်သူများ ကိုယ်တိုင် မသိလိုက်ကြဘဲ ကော်မတီတွင်ပါဝင်နေခြင်းဖြစ်သည်။ ဒီကိစ္စကို သတင်းထောက်အများစုက လုံးဝမကြေ နပ်ကြပါ။ မနက်ဖြန် မြန်မာနိုင်ငံသတင်းစာအသင်းညီလာခံတွင် အမှုဆောင်ရွေးချယ်ဖွဲ့စည်းပြီးမှ ဖွဲ့စည်းသင့် ပါကြောင်း အများကပြောဆိုနေကြပါသည်။ ယနေ့ဖွဲ့စည်းပြီးသော မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီ အောက်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း သည် စာနယ်ဇင်းကောင်စီ၏ လက်အောက်ခံအဖြစ် လုံးဝမဖြစ်နိုင်ကြောင်း မန္တလေးသတင်းထောက်များနှင့် မကွေးသတင်းထောက်များက ပြောဆိုနေကြောင်းသိရပါသည်။ တတိယ ပြဿနာတစ်မှာ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင်မှ သူ၏ မကွေးတိုင်းဒေသကြီးအတွင်းက သတင်းထောက်များအား ရွှေဘဲစားတော်ဆက်တွင် ညစာဖိတ်ခေါ်၍ ဧည့်ခံပါသည်။ ၎င်းညစာ စားပွဲတွင် မကွေးတိုင်းဒေသကြီး သတင်းထောက်အဖွဲ့မှာ မပါဝင်သော ဇက်(ပွင့်ဖြူ) ကလောင်အမည်နှင့်(ဗွီဒီယို ထရိုက်နေသူ) သတင်းထောက်က အသားလွတ်ကြီး ဆရာကြီးထလုပ်ပါသည်။ သူပြောသောစကားမှာ ( သတင်းထောက် အားလုံးသိထားဖို့က ကျုပ်က ၀န်ကြီးတွေနဲ့ လေယာဉ်စီးပြီး သတင်းယူသွားလာနေတာပါ။ ခင်ဗျားတို့ သိထားဖို့က ယခုလိုဧည့်ခံညစာစားပွဲမှာ လူကြီးများစတင်စားပြီးမှ သတင်းထောက်များ စားကြရမှာ ဖြစ်ပါတယ်။ နောင်ကို ဒီလို မဖြစ်အောင် ကျုပ်ကပြောပြတာပါ) ဟု ဆရာကြီးလုပ်ပါသည်။ ထိုအခါ ကျွန်တော်အပါအ၀င် စတင်၍ ထမင်းစားမိကြသော သတင်းထောက်များမှာ နေမထိ ထိုင်မသာ စိတ်မကောင်းစွာ ဖြစ်သွားကြပါသည်။ ၎င်းကိစ္စအား မကွေးတိုင်းဒေသကြီး သတင်းဆရာအသင်းမှ ဘဏ္ဍာရေးမှူး ဟင်္သာ(တောင်တွင်းကြီး) က စိတ်ဆိုး၍ ( ယခုလို မကွေးတိုင်း ဒေသကြီးသတင်းထောက်များကို စော်ကားမှုကြောင့်) အသားတွေတုန်ရီစွာဖြင့် သည်းမခံနိုင်၍ ပြောဆိုသူ ဇက်(ပွင့်ဖြူ) အား ကန့်ကွက်ရှုံ့ချကြောင်း ထိုနေရာတွင် ပြန်လည်ပြောဆိုခဲ့ပါသည်။ ဖြစ်မှ ဖြစ်ရပလေ..။ အလှူထမင်းတိုက်မှာ ကြားကလူက ဟောက်လွှတ်လိုက်သလို မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အမှုဆောင်များအားလုံး ခံလိုက်ရပါသည်။ ထမင်းရှင် ဒေါက်တာသက်လွင်အား များစွာအားနာကြပါသည်။ မနက်ဖြန် (၁၁-၈-၂၀၁၂)နေ့တွင် ကျင်းပမည်ဖြစ်သော မြန်မာနိုင်ငံသတင်းစာဆရာအသင်းအား စောင့်မျှော်ကြည့်ရှုကြပါကုန်လော့….။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`ချောက်မြို့နယ်တွင်းမှ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စက်ရုံတွင် မီးလောင်ပေါက်ကွဲ´

ချောက် သြဂုတ်(၂)ရက်။ ချောက်မြို့နှင့် စလေမြို့ကြားရှိ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ထားသော ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စက်ရုံအား ယနေ့ နေ့လယ်(၁)ခန့်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ကြောင်းသတင်းရရှိပါသည်။ ၎င်း စက်ရုံအား အချို့သူများက အစွန်းချွတ်ဆေးစက်ရုံ ဟုသာသိကြ၏။ ထိုစက်ရုံသည် စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်သော စက်ရုံအောက်ရှိ စက်ရုံတစ်ရုံဖြစ်ကြောင်းသိရသည်။ ထိုစက်ရုံ၏ တောင်ဘက်တွင် ကြွေသီးစက်ရုံ၊ ဆောက်လုပ်ထားသည်ဟု ပြောဆိုကြသည်။ ထို Main Unit ရှိ Oxidation Tower မှ ဟိုက်ဒရိုဂျင် ဓါထုရည်များ ယိုထွက်လာပြီး ပါဝါစစ်စတန် အဲယာတက်သွားခြင်းဟု ဆိုကြသည်။ ယင်းဓါတုရည်များအား ကွန်ပျူတာ ရီမုဖြင့်သာပိတ်လို့ရသည်ဟု ဆိုပါသည်။ ထိုစဉ် ဒိုင်းကနဲ ၀ုန်းကနဲ တုန်ခါသွားပြီး အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲမှုကြီး (၅)ခါ ဖြစ်၍ မီးလောင်မှုများဖြစ်သည်ဟု ပြောဆိုကြသည်။ စလေမြို့နှင့် ချောက်မြို့မှ လူထုများ အထိပ်တလှန့်ဖြစ် သွားကြသည်ဆို၏။ စလေမြို့တွင်လည်း ဓာတ်မြေသြဇာစက်ရုံကြီး ရှိ၏။ ချောက်မြို့တွင်လည်း မိုလာရေနံမြေ၊ ချောက်ရေနံမြေမှ ရေနံတွင်းများ၊ သဘာဝဓာတ်ငွေတွင်းများ နှင့် ချောက်မြို့တွင်း၍ ရေနံချက်စက်ရုံတည်ရှိနေကြ၍ ချောက်မြိုမှ လူများသည် ပိုမိုထိပ်လန့်စိုးရိမ်နေကြသည်ဟု ပြောဆိုသံများကြားရပါသည်။ ၎င်း မီးလောင်သောနေရာသည် ချောက်မြို့နှင့် စလေမြို့အကြားတွင်ဖြစ်၍ လူနေအိမ်ခြေရပ်ကွက်များနှင့် ဝေးသည်။ အနီးဆုံးတွင် ကျေးရွာများရှိ ကြသည်။ ၎င်းရွာများမှာ ကန်ပေါက်ရွာ၊ ရေတွင်းရွာ(ရွာသစ်)၊ နှောချောင်းရွာတို့ ကပ်လျှက်ရှိကြသည်။ စလေမြို့မှ (၃)မိုင်ခန့်နှင့် ချောက်မြို့မှ (၁၂)မိုင်ခန့်ဝေး၍ ကွေ့ပါတ်ဝင်ရသည်။ ယင်း မီးလောင်ရာသို့ ချောက်မြို့၊ စလေမြို့၊ ကျောက်ပန်းတောင်းမြို့၊ရေနံချောင်းမြို့၊ မကွေးမြို့၊ဆိပ်ဖြူမြို့ နှင့် ညောင်ဦးမြို့များမှ မီးသတ်ကားများရောက်ရှိ၍ မီးငြိမ်းသတ်ပေးကြသည်။ ချောက်မြို့မှ ဆီဘောက်ဆာပိုင်ရှင် ဦးချိုနှင့်အဖွဲ့က (၂၈၀၀)ဂါလံဆံ ရေကား(၇)စီးလာကြသည်။ မီးသတ်ရဲဘော်တစ်ဦး လက်ကိုအနည်းငယ်ထိခိုက်သည်ဟုသိရသည်။ စုစုပေါင်း(၅)ဦးသာ ဒါဏ်ရာအနည်းငယ်စီ ထိခိုက်သည်ဆို၏။ လူအသေ အပျောက်လုံးဝမရှိကြောင်း စုံစမ်းသိရှိရသည်။ ညနေပိုင်း (၅)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ကြောင်း သိရသည်။ ၊ ဤစက်ရုံကြီးအား (၂၀၀၆)ခုနှစ်တွင် တရုပ်ပညာရှင်များဖြင့် မြန်မာငွေကျပ်သန်းပေါင်း(၁၆၇)သန်းကုန်ကျသည်ဟု သက်ဆိုင်ရာသို့ စုံစမ်း၍ ကြားသိရပါသည်။ ဆုံးရှုံးမှုအတည်ပြုချက် များနှင့် မီးလောင်မှုအား တရားစွဲဆိုခြင်းများကို (၃-၈-၂၀၁၂)နေ့အထိ စုံစမ်းရရှိခြင်းမရှိသေးပါ။ သတင်းဓာတ်ပုံများ နှင့် မျက်မြင်သက်သေများအား အင်တာဗျူးသတင်းများအား ကောက်နှုတ်၍ မြန်မာပို့စ် မှတင်ပြလိုက်ရပါသည်။ ဆီဘောက်ဆာ ပိုင်ရှင် ဦးချိုမှ ဤသို့ ဆို၏။ `ကျွန်တော်က ရန်ကုန်ကပြန်ရောက်လို့ အိပ်နေတာဗျ။ နေ့(၁၂)ကျော်လောက်မှာ မီးမီးဆိုလို့ လန့်နိုးတယ်။ ယခု ကျွန်တော်နေတဲ့ အိမ်ကနေ ဟိုးမှာ မြင်နေရတဲ့ ခေါင်းတိုင်းမဲမဲကြီးက စက်ရုံပါ။ ဒါနဲ့ ဆီဘောက်ဆာတွေ ရေထည့်ပြီး ကျွန်တော်တို့ ကားတွေ(၇)စီးပြေးကြပါတယ်။ (၅)ခါလောက်ပေါက်ကွဲမှုဖြစ်တယ်ဗျ။ စက်ရုံက မျက်နှာကြက်တွေ ကွာကျတယ်။ ဒီမီးလောင်မှုကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် နဲ့ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူး ဦးတင်မင်းတို့လည်း ရောက်လာကြပါတယ်။ ချောက်မြို့က အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်ရဲတပ်ဖွဲ့များ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းငြိမ်းသတ်ကြပါတယ်ဗျာ..။ ချောက်မြို့ရေနံချက်စက်ရုံကလာပေးတဲ့ မီးသတ်ဆေးဘူး ပေပါအပြာကြီးတွေ လာပေးလို့ မီးငြိမ်းသတ်လို့ရသွားတာပါ။ ဒီလိုစက်ရုံမျိုးတွေမှာ အဲဒီလို မီးသတ်ဆေးဗူးမျိုးတွေ ကြိုတင်ဆောင်ထားပေး သင့်ပါတယ်ဗျာ..။ အဲဒီဆေးတွေသာ ကြိုရှိထားရင် ဒီလိုကြီး မီးမလောင်ဘူးထင်ပါတယ်။ ဒီလိုစက်ရုံ မီးငြိမ်းသတ်တဲ့ နည်းကိုသိတဲ့ မကွေးတိုင်းမီးသတ်တိုင်းမှူးတစ်ယောက်သာရှိ ပါတယ်။ သူခိုင်စေတဲ့ အတိုင်း ကျွန်တော်တို့ လုပ်ဆောင်ကြရပါတယ်။ ´ဟု ရေဘောက်ဆာမောင်းသူ ပိုင်ရှင် ဦးချိုမှ မြန်မာပို့စ် ကိုပြောပါသည်။ ချောက်မြို့မှ မီးသတ်တပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦးကလည်း ဤသို့ဆိုပါသည်။ ``ကျွန်တော့်လုပ်သက်(၃၅)နှစ်ရှိပါပြီ။ ဒီလိုစက်ရုံကို မီးလောင်တာ လုံးဝမရှိခဲ့ပါဘူး။ ညက သတင်းဌာနတစ်ခုမှာ ကျွန်တော်တို့ မီးသတ်ရဲဘော်တစ်ဦးထိခိုက်တယ် လို့ ပြောဆိုသွားပါတယ်။ လက်ကို နည်းနည်းလေးဘဲ ခိုင်းမိသွားတာပါ။ လူအသေ အပျောက်လုံးဝမရှိပါဘူး။ မီးလောင်တာနဲ့ ကိုချိုတို့ ရေဘောက်ဆာတွေရော ကျွန်တော်တို့ ချောက်မြို့ကမီးသတ်ကား၊ ချောက်ရေနံမြေမီးသတ်ကား၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊စလေမြို့၊ ဆိပ်ဖြူ၊ ညောင်ဦးမြို့ကမီးသတ်ကားတွေလာကြပါတယ်။ အဲ မီးသတ်နေတုန်း အတွေ့အကြုံကတော့ တော်တော်လေးကို သက်စွန့်ဆံဖြားလုပ်ကြရပါတယ်။ အောက်ကရေထုတ်မြောင်းတွေထဲကနေ မီးတောက်တွေက ပြေးလာပါတယ်။ အက်စစ်ရိုင်းတွေ ထားတဲ့ ကန်တွေနဲ့ ပေ(၂၀)လောက်သာ ကွာဝေးပါတော့တယ်။ အဲဒီ ရေထုတ်မြောင်းထဲကမီးတောက်တွေကို ရေနဲ့ ဖြန်းရင် မီးတောက်က ပိုကြီးလာပါတယ်။ ဒါနဲ့ ရေမြောင်းထဲက မီးတောက်တွေကို ရေမွှာသေးသေးလေးတွေနဲ့ ဖြန်းပြီးတားထားရပါတယ်။ နောက်တော့ မြောင်းထဲကမီးတွေကို ငြိမ်းသတ်ပြီးတားထားနိုင်လိုက်ကြပါတယ်။ အဲဒီမီးတောက် ရေမြောင်းနဲ့ အက်စစ်ရိုင်းသိုလှောင်ကန်ကြီး(၄)လုံးက ပေ(၂၀)လောက်မှာသာဝေးပါတော့တယ်။ အဲဒီကန်ရဲ့ ဟိုဘက်မှာ လည်း အက်စစ်ကန်(၂)ကန်ရှိနေပါတယ်။ အဲဒီအက်စစ်ကန်တွေပေါက်သွားရင်(၅)မိုင်ပါတ်လည်အတွင်း မပြင်းဆုံးပေါက်ကွဲ သွားနိုင်တယ်လို့ ကြားသိရပါတယ်။ အာနိသင်ကတော့ (၇)မိုင်ပါတ်လည်ထိ သက်ရောက်နိုင်တယ်လို့ ပြောသံကြားထားတော့ တော်တော်လေး စိတ်ပူပြီး ဆောင်ရွက်လိုက်ရပါတယ်ခင်ဗျာ..။ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူးရဲ့ဦးဆောင်မှုကြောင့် ညနေ(၅)နာရီလောက်မှာ မီးညွှန့်ကျိုးသွားပြီး ညနေ(၆)နာရီမှာ မီးလုံးလုံးငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။ ရေနံချောင်းမီးသတ်ကားနဲ့ ကျောက်ပန်းတောင်းမီးသတ်ကားတွေက အဆင့်မီကြတယ်။ ဓာတ်ငွေ့မီးတောက်ငြိမ်းတဲ့ ဖုံးဆေးရေတွေကို ပရက်ရှာအလိုက် စပ်ပေးနိုင်ကြပါတယ်။ ရေနံချောင်းကမီးသတ်ကားဟာ ရန်ကုန် သံလျင်မှာ မီးငြိမ်းသတ်တာကို ပထမ ရထားတဲ့ကားဖြစ်ပါတယ်။ ကျွန်တော်တို့ချောက်ရေနံမြေမှာလည်း အဲဒီလိုကားမျိုးတွေ ရှိထားသင့်ပါတယ်ခင်ဗျာ…။´ ချောက်မြို့ မီးသတ်တပ်ဖွဲ့(သံသေ) တပ်ကြပ်ကြီး ဦးဝင်းတင်မှ မြန်မာပို့စ်ကို ပြောဆိုပါသည်။ (၃-၈-၂၀၁၂) နေ့ နံနက်ပိုင်းတွင် ၎င်းမီးလောင်ပေါက်ကွဲသောစက်ရုံသို့ စက်မှုဝန်ကြီး ဦးစိုးသိမ်း နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ တို့လာရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင်

` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်အများပြည်သူများ၏ မဟာဝိဇယရံသီ/မဟာအတုလရံသီတန်ဆောင်းတော် ရေစက်ချပွဲနှင့် (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း´ သြဂုတ်(၂)ရက်။ ၀ါဆိုလပြည့်နေ့၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်ပေါ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အများပြည်သူများသည် သမိုင်းဝင် မြသလွန်စေတီတော်ရင်ပြင်တိုးချဲ့ခြင်း၊ မဟာဝိဇယ ရံသီ တန်ဆောင်းတော်၊(စေတီတောင်ဘက်) ၊ မဟာအတုလရံသီတန်ဆောင်းတော်(စေတီမြောက်ဘက်) တန်ဆောင်းတော် အသစ်များ ရေစက်ချပွဲအား မဟာဝိဇယ ရံသီတန်ဆောင်းတော်အတွင်း ကျင်းပကြောင်းသိရသည်။ ၎င်း ရေစက်ချပွဲနှင့် အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသော မင်္ဂလာ အခမ်းအနား ကျင်းပကြောင်း သိရ၏။ မကွေးမြို့မြသလွန်စေတီတော်မြတ်ကြီး၏ တောင်ဘက် မြောက်ဘက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ယခု အာရုံခံ တန်ဆောင်းများ အသစ်တည်ဆောက်ခြင်းများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြသလွန်စေတီတော် သြ၀ါဒဆရာတော်ကြီးများထံသို့ လျှေက်ထားသြ၀ါဒခံယူပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ၏ ဦးဆောင်လမ်းညွှန်ချက်အရ မြသလွန်စေတီတော်ဘုရားဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ဆောက်လုပ်ခဲ့ကြောင်းသိရသည်။ စတင်မဆောက်လုပ်မှီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယ၀န်ကြီး ဦးကျော်လွင်၊ ဦးဝင်းဖေ( ဒု ဦးဆောင်ညွှန်ကြားရေးမှူး၊) (ပြုပြင်ထိန်းသိမ်းရေး) ပုံထုတ် ခန့်မှန်း သုတေသနဦးစီးဌာနနှင့် ဗိသုကာဦးစီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများလာရောက် ကြည့်ရှုကြသည်။ ထို့နောက်အကြို အင်ဂျင်နီယာများဆောင်ရွက် ရန် (၁၉-၉-၂၀၁၁)တွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ လက်ရှိရင်ပြင်တော်ကို ကွင်းဆင်း တိုင်းတာလေ့လာ ခဲ့ကြသည်။ ထို့နောက် ပထမ အဆင့်အနေဖြင့် (၂၂-၆-၂၀၀၉)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သော အနောက်ဘက်ရင်ပြင်တော် တိုးချဲ့စဉ်က စမ်းသပ်ရရှိပြီး အချက်အလက်များပေါ်တွင် တည်ဆောက်မှု ပုံစံများကို ရေးဆွဲခဲ့ကြပါသည်။ မြေသန့်မဂ်လာ အခမ်းအနားကို (၇-၁၀-၂၀၁၀) နေ့တွင်ကျင်းပ၍ ပန္နက်တင်မဂ်လာအခမ်းအနားကို (၁၂-၁၀-၂၀၁၁)နေ့တွင်ကျင်းပခဲ့သည်။ ထို့နောက် ၎င်းလုပ်ငန်းများကို High Tech Concrete Technology Co, Ltd သို့ပေးအပ်၍ တည်ဆောက်ခဲ့ပါသည်။ ၎င်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီး၊ ခရိုင်အင်ဂျင်နီယာမှူး၊ မကွေးမြို့နယ်လက်ထောက် အင်ဂျင်နီယာနှင့် အငယ်တန်းအင်ဂျင်နေယာများမှ လုပ်ငန်းခွင်အား အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ မဟာအတုလရံသီတန်ဆောင်းတော် (စေတီမြောက်ဘက်) မှာ (၂)ထပ်ဖြစ်ပြီး အလျား (၁၀၈)ပေ၊ အနံ (၃၀)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထို တန်ဆောင်းအား ငွေကျပ်(၃၈၇၆.၈၈)သိန်းသုံးစွဲ၍ (၁၅-၁၀-၂၀၁၁) နေ့တွင်စတင်ပြီး (၃၀-၄-၂၀၁၂)နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရ၏။ မဟာဝိဇယရံသီ တန်ဆောင်းတော် (စေတီတောင်ဘက်) တန်ဆောင်းတော်မှာ (၃)ထပ်ဖြစ်၏။ အလျား(၇၂)ပေ၊ အနံ(၄၅)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထိုတန်ဆောင်းအားငွေကျပ်(၆၁၀၈.၉၁)သိန်းသုံးစွဲ၍ (၁၅-၁၁-၂၀၁၁)နေ့တွင်စတင်ပြီး (၃၁-၇-၂၀၁၂) နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရသည်။ ဤတန်ဆောင်းတော်ကြီးနှစ်ဆောင် ဆောက်လုပ်ရန်အတွက် အများပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများမှာ ငွေကျပ်(၉၉၈၅၇၉.၀၀) သိန်းပေါင်း ဖြစ်ကြောင်း ထိုအခမ်းအနားမှ မြသလွန်စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးမင်းအေးလွင် (မကွေးခရိုင်အုပ်ချုပ်ရေးမှူး) မှ ရှင်းလင်းပြောကြား၍ သိရသည်။ ယင်းအခမ်းအနားအား မြသလွန်စေတီတော်သြ၀ါဒဆရာတော်ကြီးများကြွရောက်ပြီး ပရိပ်တရားတော်များရွတ်ဖတ် ပူဇော်၍ သာဓုအနုမောဒနာခေါ်ဆိုကြသည်။ မဟာဝိဇယရံသီတန်ဆောင်တော်(အသစ်)ကြီးကို မြသလွန်စေတီတော် သြ၀ါဒဆရာတော်ဘုရားကြီးများမှ ဥက္ကဋ္ဌ သြ၀ါဒဆရာတော်ဘုရားမှ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဤ မင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသော အမှတ်(၁)လျှပ်စစ် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းနှင့် ဒုတိယ၀န်ကြီး၊ သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ ၀န်ကြီးဦးမောင်မောင်ဌေး(ဒေါက်တာမောင်မောင်ဌေး) တို့တက်ရောက်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးအဖွဲ့၊ မြသလွန်စေတီတော် ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် အလှူရှင်များ တက်ရောက်ဖွင့်လှစ်ကြ၍ တန်ဆောင်းတော်ကြီးများ၏ ကမ္ပည်းမော်ကွန်း မှတ်တမ်းအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေမှ စက်ခလုပ်နှိပ်၍ဖွင့်လှစ် ပေးသည်။ ဤနေ့ထူးနေ့မြတ် ၀ါဆိုလပြည့်နေ့တွင် မြသလွန်စေတီတော်ရင်ပြင်ပေါ်မှာ ဘုရားဖူးပရိတ်သပ်များလည်း ကြက်ပျံမကျ စည်ကားနေကြောင်း မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့မြင်သတင်းရရှိခဲ့ပါသည်။
READMORE
 

`၀ါဆိုလပြည့်နေ့မှာ မကွေးမြို့နယ်NLD ပါတီမှ သုံးနေရာခွဲ၍ (ပထမ အကြိမ်) ၀ါဆိုသက္ကန်းများကပ်လှူ´

သြဂုတ်(၂)ရက်၊ ၀ါဆိုလပြည့်နေ့၊ မကွေးမြို့၊ မြသလွန်ဘုရားအရှေ့ဘက်၊ အောင်ပုံရွာထိပ်ရှိ အတုလ၀ံသ ဘုန်းတော်ကြီးကျောင်း၊ ဦးပညာသာမိ ကျောင်းထိုင်ဆရာတော်ထံတွင် မကွေးမြို့နယ်NLD အဖွဲ့ဝင်၊ ပြည်တော်သာပါတီဝင် များမှ ၀ါဆိုသက္ကန်း ဆက်ကပ်ပွဲပြုလုပ်ကြောင်းသတင်းရရှိပါသည်။ မကွေးမြို့နယ် NLD ပါတီရုံးမှ မကွေးမြို့နယ် ကန်ပြား အနောက်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် မကွေးမြို့ ကန်သာရေကန်ကြီး အရှေ့ဘက်ရှိ ဝေယံဘုံမြင့် ဘုန်းတော်ကြီး ကျောင်းတို့တွင် ၀ါဆိုသက္ကန်းများဆက်ကပ်လှူဒါန်းကြကြောင်း သိရပါသည်။ `ကျွန်တော့်နာမည် ဦးစိန်မောင်ပါ။ အမာခံအဖွဲ့(၄/၅)ယောက်လောက်စုပေါင်းမတည် လှူဒါန်းကြတာပါ။ ကျွန်တော်တို့ ပြည်တော်သာ NLD အဖွဲ့ဝင်အင်အားက(၁၀၀)လောက်ရှိပါတယ်။ ကျွန်တော်တို့ မကွေးမြို့နယ် NLD ရုံးအဖွဲ့က စုပေါင်း လှူဒါန်းပွဲကတော့ ကန်ပြားအနောက်ရွာဘုန်းကြီးကျောင်းနဲ့ ကန်သာကန်ကြီးဘေးက ဝေယံဘုံမြင့်ဘုန်းကြီးကျောင်း တို့မှာ ၀ါဆိုသက္ကန်းကပ်ကြပါတယ်။ နေရာ(၃)နေရာမှာ ခွဲပြီးလှူဒါန်းကြပါတယ်။ ဒါ ပထမအကြိမ် ကျွန်တော်တို့NLD ပါတီက ၀ါဆိုသက္ကန်း ဆက်ကပ် လှူဒါန်းကြတာပါ။ မကွေးမြို့နယ် NLD ရုံးအဖွဲ့သားတွေကတော့ ကျွန်တော်တို့ဆီကို နံနက်(၁၀)နာရီမှာ စုပေါင်းရောက်လာကြမှာပါခင်ဗျာ..။´ဟု NLD ပြည်တော်သာပါတီဝင်တစ်ဦးမှ ပြောပါသည်။ ၀ိုင်းကြည်အောင်
READMORE