မြွေထက်အဆိပ်ပြင်းသော တိတ်တဆိတ်လူသတ်ဂိုဏ်း






မြွေထက်အဆိပ်ပြင်းသော တိတ်တဆိတ်လူသတ်ဂိုဏ်း

(၃၀-၁၀-၂၀၀၉)နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြထားသောသတင်းဖြစ်ပါသည်။

ဤသတင်းကို တာဝန်သိလုပ်သားပြည်သူတစ်ဦးမှ သတင်းပေးဖော်ထုတ်နိုင်ခဲ့ပါသည်။
မသိနားမလည်သော တောသူတောင်သား လူအများ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ မြွေကိုက်လို့မသေ မြွေဆေးအတုနဲ့ ကုသခံကြရ၍ ငွေများ များစွာကုန်ကျပြီး အသက်ပေးသွားကြရလေပြီ....။
kk


(၃၀-၁၀-၂၀၀၉)နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြထားသောသတင်းဖြစ်ပါသည်။






ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၁၈)ရက်နေ့ ကူးယူတင်ပြပေးပါသည်။
READMORE
 

ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….


ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

ကိုဖိုးသားလေး မေးလ်ပေးပို့လိုက်တဲ့ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရား(၂၉၂)ပုဒ်ကို ဒေါင်းလုပ်ဆွဲယူလိုက်ပါတယ်။ မသေခင် ဆရာတော်ဘုရားရဲ့တရားတွေကိုနာကြား နေပါ တယ်။ ဓမ္မက ပေးလိုက်တဲ့ အကြောင်းအသိတရားတွေက မကျင့်သေးမီမှာကို လက်တွေ့ အကျိုးထူးတွေရနေပါပြီ…။ ဆက်လက်ပြီး ၀ိပသနာကို ကျင့်မယ်ဆိုရင်ဖြင့်…..။ ယခုနည်းနည်း လေးတရားနာပြီး တရားထိုင်ကြည့်နေတာကိုပင် စိတ်ဓာတ်တွေ ထူးထူးခြားခြား နူးညံ့သိပ်မွေ့ သွားတာကို လက်တွေ့ခံစားလိုက်ရပါတယ်..။ ကိုယ်ရည်သွေးပြောဆိုခြင်းမဟုတ်ပါခင်ဗျာ..။

ကျွန်တော်ဟာ အလွန်ဒေါသကြီးသူတစ်ယောက်ပါ။ စာပေနှင့်စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုမှာ ဒုတိယခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ပါတယ်။ စာပေနဲ့ပတ်သက်ရင် ဘာမဆိုငွေကြေး ကအစ မမျှော်မြင်ဘဲ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ပေးခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ စာရေး ဆရာအဖွဲ့ဝင်ဖြစ်အောင်၊ စာအုပ်ထုတ်ချင်နေသူကို စာအုပ်ထုတ်ဖြစ်အောင် ကူညီပေး ခဲ့ပါတယ်။

တစ်နေ့မှာ..ကျွန်တော် အကူညီပေးခဲ့တဲ့ စာရေးဆရာတစ်ဦး(ရဲအုပ်)ကို သတင်းတစ်ပုဒ်အား ကျွနှ်တော်နှင့်အဆက်အသွယ်ရှိတဲ့ဂျာနယ်တိုက်သို့ အခမဲ့မေးလ်ပို့ကူညီဆောင်ရွက်ပေးလိုက် ပါတယ်..။သူက အသစ်ဆိုတော့ ကျွန်တော့်ဂျာနယ်တိုက်သို့ မိတ်ဆက်ပေးလိုက်တဲ့ စာတို လေးကို အောက်ကရေးလိုက်ပြီး ကျွန်တော့်ကလောင်အမည်ကို အောက်ဆုံးက ရေးပြီးပို့ လိုက်မိပါတယ်..။ သတင်းရဲ့ အဆုံးမှာတော့ သူ့ကလောင်အမည်ကို ထင်ထင်ရှားရှား (အနက်ရောင်)ဖြင့် စာရေးသူရုံးလိပ်စာပါတပ်ပေးထားပါတယ်..။(အဲဒီ သတင်းဟာ သူရေးတဲ့ သတင်းမဟုတ်ပါ..။သတင်းရေးသူမှာ စာနယ်ဇင်းအတွင်းရေးမှူး ရေးတာဖြစ်ပါတယ်။ သတင်း ရေးသားသူအတွင်းရေးမှူးနဲ့ တရားခံက အိမ်နီးခြင်းဖြစ်နေလို့ စာရေးဆရာ(ရဲအုပ်)နာမည် ခံစေပြီးပို့ပေးတာဖြစ်ပါတယ်။သတင်းမေးလ်ပို့စဉ်အချိန်မှာ စာနယ်ဇင်းအတွင်းရေးမှူး ကိုယ် တိုင်ယူလာတဲ့ စီဒီချပ်ကို ကော်ပီယူပြီး ပို့လိုက်တာပါ။)

ဂျာနယ်ထွက်လာတဲ့နေ့မှာ အဲဒီသတင်းက စာမျက်နှာတစ်မျက်နှာအပြည့် ခန်းခန်းနားနား ဖော်ပြ ပါလာပါတယ်။ အောက်က သတင်းရေးသူ ကလောင်အမည်မပါဘဲ မေးလ်ပို့ပေးတဲ့ ကျွန်တော့်ကလောင်(ရွှေလမ်းငွေလမ်းဝင်းကြည်) ဆိုပြီးပါလာခဲ့ပါတယ်။ ကျွန်တော်က ကြိုတင်မသိလိုက်ပါဘူး။

ကျွန်တော့်အလုပ်ခန်းအတွင်းသို့ အဲဒီစာရေးဆရာ(ရဲအုပ်) နှင့် စာနယ်ဇင်း အတွင်းရေးမှူး တို့ နှစ်ဦး ၀င်လာပါတယ်။ အမည်ခံ စာရေးဆရာ(ရဲအုပ်) က သူ့ရဲ့ကလောင်အမည်မပါဘဲ ကျွန်တော့်နာမည်ပါလာလို့ ဒေါသူပုန်ထပြီး ရိုင်းစိုင်းစွာ၊ ပြင်းထန်စွာ၊ ပေါက်ကွဲပြောဆို သွားပါတယ်။ ငမဲ၊ငဆနဲ့ စိမ်ခေါ်စကားများကိုလဲ ပြောပါတယ်။ ယင်းသတင်းဂျာနယ်ကို တစ်ဘက်ကကိုင်၍ ကျန်တစ်ဘက်က လက်ညှိးငေါက်ငေါက်ထိုးပြီးပြောဆို ကြိမ်းမောင်းနေ ပါတယ်..။ ရဲအုပ်တစ်ဦးက တရားခံတစ်ယောက်ကို ရိုက်တော့၊ထိုးတော့မဲ့ပုံနဲ့ အော်ဟစ်ပြော ဆိုနေပါတယ်..။

ဒေါသအလွန်ကြီးတတ်သော ကျွန်တော်သည်တရားဓမ္မများကိုနာကြား ကျင့်ကြံထားတဲ့ကျေးဇူး များကြောင့် စိတ်ဆိုးခြင်းမရှိခဲ့ပါ။ ပြုံးရယ်ခါဖြင့် သူ့ကို စိတ်မဆိုးအောင် အကြိမ်ကြိမ်အခါခါ တောင်းပန်နေခဲ့ပါတယ်။ ကျွန်တော်က ရိုးရိုးသားသားကူညီပေးခဲ့တာဖြစ်ကြောင်း ဒီကိစ္စမှာ ဂျာနယ်တိုက်က မှားတာဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတောင်းပန်ခဲ့ပါတယ်။ သူကပြင်းထန်းစွာပေါက်ကွဲနေသော်လည်း ကျွန်တော်က ရယ်ရယ်မောမောပြောဆိုနေမိ ပါတယ်။

““ခင်ဗျားက ဘာဒုဥက္ကဌ လဲ၊ ဘာလူကြီးလဲ၊ ခင်ဗျားတို့စာနယ်ဇင်းက ဒီလိုပဲ ကျော်၊ဖြတ်၊ ကျော်ခုတ်နေကြတာပဲလား?။သူများကိုသာ လုပ်လို့ရမယ်..ကျုပ်ကိုဒီလိုလုပ်လို့ မရဘူးမှတ်ပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ပြသနာတက်လာခဲ့ရင်တော့ ခင်ဗျားရှင်းဖို့သာ ပြင်ထားလိုက်ပေတော့ ကျုပ်အကြောင်းသိစေရမယ်..”””

ကျွန်တော်က နေပါအုံးဗျာ သတင်းပို့ထားတဲ့ အီးမေးလ်ဖိုင်ကိုမှန်ကန်ကြောင်း ပြန်ဖွင့်ပြ ပါရစေ..။ဂျာနယ်တိုက်ကိုလဲ နောက်တစ်ပတ်မှာ ကလောင်နာမည်မှားနေကြောင်း ရှင်းလင်း ချက်ထည့်ပေးပါရန် အီးမေးလ်ပို့ပေးပါ့မယ်..။ ဘယ်လိုပဲပြော၍ တောင်းပန်သော်လည်း မရပါ။ သူနှင့်အတူပါလာသော ဤသတင်းကိုရေးသားပေးသူ အတွင်းရေးမှူးကို ဇွတ်ဆွဲခေါ်သွား ပါတယ်။

ဂျာနယ်တိုက်က သူတို့မှားသွားကြောင်း ဖုန်းဆက်တောင်းပန်သော်လဲ စာရေးဆရာ(ရဲအုပ်)က မကြေနပ်နိုင်ကြောင်း တင်းမာစွာနဲ့အကြောင်းပြန်ခဲ့ပါတယ်။ဂျာနယ်အယ်ဒီတာချုပ်ကလည်း “ကဲ ဒီလောက်မှ တောင်းပန်လို့မရတာ ရှင်းလင်းချက်ထည့်မနေတော့ပါဘူး” လို့ အပြတ်ပြောလိုက်ပါတော့တယ်။

ဒီနေ့အထိ စာရေးဆရာ(ရဲအုပ်) ကျွန်တော့်ကိုမကြေနပ်ပါ။ကျွန်တော့်ဆီကိုလုံးဝမလာတော့ပါ။ ဒါဘာကြောင့်လည်းဆိုတော့ သူကဒီသတင်းကို သူ့ကလောင်နာမည်နဲ့ပါလာတဲ့ဂျာနယ်ကို အထက်အရာရှိကိုပြပြီးမျက်နှာလုပ်၍ နေရာကောင်းတစ်ခုကိုတောင်းချင်နေကြောင်း စုံစမ်း သိရှိ လိုက်ရပါတယ်..။ သူများသားသမီးကို ကိုယ့်သားသမီးလုပ်ပြီး အခွင့်အရေးယူချင် တာပါလေ..။ ဖြစ်မှ ဖြစ်ရပလေကွယ်..။ အဲဒီအခွင့်အရေးဆုံးရှုံးသွားသော်လည်း ဒီနာမည်ကြီး အမှုသတင်းကြီးဟာ သူကစတင်ဖော်ဆောင်သူဆိုပြီး ၀န်ထမ်းကောင်းဆုရရှိရေး၊ ရာထူးတက် ရေး၊အတွက် အထက် ကို တင်ထားပါသေးသတဲ့ဗျာ..။သတင်းစတင်ပေးသူ၊နာမည်မဖော်ရဲတဲ့ တာဝန်သိသတင်းပေး သူ(အရပ်သား)ကိုတော့…..ဘာလုပ်ပေးကြမည်လဲမသိပါ..။

အင်း.. ကျွန်တော်လည်း ပုထုဇဉ်လူသားအဆင့်ပဲဆိုတော့ ဒီစာကိုရေးလိုက်မိတာကိုက ကျွန်တော့်ရင်ထဲမှ တစ်ငွေ့ငွေ့လောင်းကျွမ်းနေတဲ့ ဒေါသမီးခဲလေးများက ရဲတက်လာတာ ပါလား..။ မဖြစ်သေးပါဘူး..မဖြစ်သေးပါဘူး..။ သူ့အသံ နားထဲကကို မထွက်တော့ပါဘူး..။ သူ့ရဲ့ရိုင်းပြတဲ့အမူအယာတွေကိုလဲ မျက်စေ့ထဲကကို မထွက်တော့ပါဘူး…ဆိုတဲ့ မြင်စိတ်၊ ကြားစိတ်၊နံစိတ်၊စားစိတ်၊ ယားနာကောင်းစိတ်၊ ပြန်လည်တွေးတောစိတ်တွေကို ဖြစ်ပျက်ရှုနိုင် အောင်.. တရားနာလက်စ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ဝိပသနာတရာတော်များအား ဆက်လက်နာကြားပေရပါဦးမည်….။

တရားစစ်၊တရားမှန် သစ္စာတရားတွေကို နာကြားနေရယုံနဲ့ကို ရုပ်တွေ၊စိတ်တွေက နူးညံ့ ကြည်လင်လာပါတယ်။ လောကုတ္တရာတရားဘာဝနာများကိုပွားနေချိန်မှာ.. ဘာမှမလိုချင်၊ မလုပ် ချင်တော့ပါကလား…..။ သစ္စာတရားနာကြားထားတဲ့အသိတွေကိုသာ ဆက်လက် ကျင့်လိုက်ရ ရင်ဖြင့်…….

“ဆရာ.ဆရာ..စာနယ်ဇင်းရွေးချယ်ပွဲနီးလာပြီလေ..။ ဆရာအရွေးခံအုံးမှားလား..?။”

““ဟေး..ဘယ့်နဲ့မေးနေရတာလဲကွာ..၊ငါ့နာမည်စာရင်းကို ထိပ်ဆုံးကသာ ထားလိုက်ပါတော့ ကွာ…။ ဟဲဟဲ.. တရားထိုင်နေချိန်သာ ဘာမှ မလိုချင်၊မလုပ်ချင်တာပါ..။ လောကီရေးရာ စာနယ်ဇင်းအဖွဲ့မှာတော့ …..သေတစ်ဖန် အသက်တစ်ဆုံး..ဥက္ကဌ နေရာကိုဆက်လက် တာဝန်ယူထားပါရစေကွယ်..””


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၁၃)ရက်၊ည(၁၂းဝ)နာရီရေးပါသည်။
READMORE
 

*ငါ့မျက်ရည်တွေ ဘယ်ကိုရောက်- အရှင်သာဓိန*



အလင်းသစ် http://alinnthit.net/
ဘလော့မှကူးယူဖော်ပြပါသည်။

*ငါ့မျက်ရည်တွေ ဘယ်ကိုရောက်- အရှင်သာဓိန*
02. 12. 2009- ညနေ 8:30 ခွဲအချိန် (အိန္ဒိယစံတော်ချိန်)
အင်တာနက်ကနေ လာပြီး အကြောင်းကြားတယ်၊ ရွာက အဖေ မြန်မာ စံတော်ချိန် ညနေ ခြောက်နာရီခွဲ လောက်မှာ ဆုံးသွားပြီတဲ့…

ရင်ထဲက ဘာတစ်ခုမှ ပေါ်မလာပါလား၊ ၀မ်းနည်းရမယ် ထင်တယ်၊ ဟုတ်တယ် ၀မ်းနည်းရမယ့် အလုပ်၊ ၀မ်းနည်းရမယ့် အဖြစ်ပေပဲ၊ ငါ ၀မ်းမနည်းခဲ့ဘူး၊ ဘာဖြစ်ပါလိမ့်၊ သဘာဝကိုများ ဆန့်ကျင်မိ တာလား၊ အဖေ့ကို မချစ်ခဲ့လို့လား၊ အဖေ့ကို မုန်းဘူးလို့လား၊ အဖေ့ကို မချစ်တော့တာလား၊ မဟုတ်ဘူးတဲ့၊ အဖေ့ကို ချစ်တာပေါ့၊ ငါက ပုထုဇဉ်ပဲဟာ၊ အမေ့ကိုလည်း ချစ်နေတာပဲ၊ ပုထုဇဉ်လေ၊ အချစ်အမုန်းတွေ နှလုံးသားမှာ ပြုန်းတီးသွားခဲ့ပြီမှ မဟုတ်သေးတာ၊ အဖေ့ကိုလည်း ချစ်တယ်၊ အမေ့ကိုလည်း ချစ်တယ်၊ ညီအစ်ကို မောင်နှမတွေ ကိုလည်း ချစ်သေးတာပဲ၊ အဖေ-သေတာကို ဘာလို့ ၀မ်းနည်းပူဆွေး မျက်ရည်သွေးတွေ မကျဘဲ ရင်မှာလောင်မြိုက် မဖြစ်ရတာပါလိမ့် ဆိုပြီး စဉ်းစားမိတယ်၊ ညအိပ်ရာ ၀င်ခဲ့တော့လည်း ၀မ်းနည်းစိတ်ကို ရှာနေမိတယ်၊ ချက်ချင်းမို့ ငါ့မျက်ရည်တွေ မလာတာ ဖြစ်လိမ့်မယ်၊ တစ်စိမ့်စိမ့်တော့ မျက်ရည်တွေ မိုးလို ရွာချကြလိမ့် မယ်ပေါ့၊ ဟင့်အင်း… တကယ်ပဲ မျက်ရည်က မကျခဲ့၊ ဟင့်အင်း… တကယ်ပဲ ၀မ်းနည်း ပူဆွေးမှုတွေ မဖြစ်ခဲ့၊ ဘာကြောင့်ပါလိမ့်၊ ငါ့မျက်ရည်တွေ ဘယ်ဆီ ရောက်နေကြပါလိမ့်……..
ဘ၀နောက်ကြောင်းကို ပြန်ကောက်ယူခြင်း

၁၃၂၉-ခု၊ ပြာသိုလဆုတ် (၁၂)ရက်၊ သောကြာနေ့ နံနက် လေးနာရီအချိန်- မကွေးတိုင်း၊ စလင်းမြို့နယ်ရဲ့ မြောက်ဖျားက ရွာကလေး တစ်ရွာဖြစ်တဲ့ မြေနုဆိုတဲ့ရွာမှာ အဖေ ဦးစိန်အောင်၊ အမေ ဒေါ်လှအုန်းကနေ ငါ့ကို မွေးဖွားခဲ့တယ်၊ အဲဒီအချိန်ကတော့ ငါက ငါမွေးတာကို ဘယ်သိပ၊ မှတ်မိနိုင်ပ၊ မွေးစလေးကိုး။ မှတ်မိတဲ့ အချိန်ကတော့ ငါ ရွာဦးကျောင်း ဆရာတော် ဘုရားကြီးထံမှာ စာပေတွေ သင်ကြားခဲ့နေပြီပဲ၊ ငါက စာတော်ခဲ့တယ်၊ စာကြိုးစားဖို့ ကိုလည်း ဘယ်သူကမှ မပြောဘဲနဲ့ ငါ့ဟာငါကို ကြိုးစားခဲ့တယ်၊ စာကိုလည်း အလွန်ပဲ ၀ါသနာ ပါခဲ့တယ်၊ စာသင်ရတဲ့ အလုပ်ကို ပျော်မွေ့ခဲ့တယ်၊ ဆရာတော်က ငါတပည့်လေး စာအလွန် ကြိုစားတယ်၊ သိပ်တော်တယ် ပြောရင် အလွန် ၀မ်းသာခဲ့တယ်၊ အဲဒီအချိန်က ငါ မင်္ဂလသုတ်တို့ ရှင်မဟာ သီလ၀ံသရဲ့ ဆုံးမစာတို့ကို သင်နေခဲ့ရပြီ၊ ငါ့အသက်- ရှစ်နှစ်သား အရွယ်မှာ ငါ့-ရွာမှာ စဖွင့်တဲ့ အစိုးရ မူလတန်းကျောင်းကို ပြောင်းခဲ့ရတယ်၊ အဲဒီအချိန်မှာ ငါက ကျောင်းနေရတယ် ဆိုပေသည့် အဖေနဲ့တူ လယ်ယာကို စောင့်တဲ့အလုပ်တွေ လုပ်နိုင်ခဲ့ပြီ၊ အဖေ့ကို အကူညီ ပေးနိုင်ခဲ့ပီ၊ အမေ့ကို ကူရတာကတော့ ငါ့နောက်က မွေးလာတဲ့ ညီငယ်၊ ညီမငယ်လေးတွေကို ထိန်းရင်း ကျောင်းတက်ခဲ့ရတယ်။

စာမေးပွဲဆိုတာကို ငါတို့ တောသားလေးတွေ အနေနဲ့ အဲဒီ ငါရှစ်နှစ်သား အရွယ်မှာ စတင် ထိတွေ့ခဲ့တယ်၊ အတွေ့အကြုံမရှိတဲ့ ငါတို့ပထမတန်း တစ်ခုလုံး စာမေးပွဲ ဖြေပြီးတာနဲ့ ပြန်ဖြေကြရတယ်၊ မဖြေတတ်ကြလို့တဲ့၊ ဒါပေမယ့် အဲဒီနေ့က ငါက အဖေနဲ့တူ တောလိုက်ပြီး ထင်းခုတ်သွားခဲ့တယ်၊ ဆရာတွေကို မေးကြည့်တော့ မင်းကတော့ ပြန်ဖြေဖို့ မလိုတဲ့၊ မင်းဖြေတာ အားလုံးမှန်တယ်တဲ့၊ အောင်စာရင်းတွေ ထွက်ခဲ့တော့၊ ငါက ပထမတဲ့၊ ဒီလိုပဲ ငါသုံးတန်း ရောက်တော့ ငါ့အသက်က (၁၀)နှစ်၊ ငါတော်တော်လေး မိဘကို ကူညီနိုင်နေခဲ့ပီ၊ နွားကျောင်း သွားရသည်၊ မနက်နွားကျောင်းပြီး အဖေ့ကို ကူညီရင်း၊ နေ့ခင်း- ကျောင်းတက်ရင်း ကလေးထိန်းပြီး အမေ့ကို ကူညီခဲ့ရသည်၊ စာမေးပွဲတွေ ဖြေခါနီးတိုင်း ငါက ရွာထဲကနေ စာမေးပွဲ လာဖြေသည် မဟုတ်၊ ယာခင်းထဲကနေ လာဖြေရသည်၊ အဖေနဲ့တူတူ ပြောင်းဖူးခင်း စပါးခင်း ငရုတ်ခင်း ညအိပ်စောင့်ရ သောကြောင့်၊ အတန်းတိုင်းနီးပါးကို နေ့တစ်ဝက် တက်ရသည်က များသည်၊ အဲဒီထဲက ငါ့ခါးမှာ ကျောင်းစာအုပ် တစ်အုပ် အမြဲပါခဲ့သည်၊ နွားကျောင်းရင်း စာကျက်သည်၊ ကလေးထိန်းရင်း စာကျက်သည်၊ ယာစောင့်ရင်း စာကျက်သည်၊ ဂဏန်းသင်္ချာကိုတော့ ငါတစ်ရက် တွက်ခဲ့ရင် နောက်တစ်ရက် နားနိုင်သည်၊ ငါ့ အတန်းက ကျောင်းသားတွေက နောက်တစ်နေ့ တွက်တာတောင် ငါ့ကို မှီနိုင်ခဲသည်၊ ငါ-တော်လွန်းလို့ မဟုတ်၊ ငါ ကြိုးစားလွန်းလို့သာ ဖြစ်ခဲ့သည်၊ ငါ့မှာက ကျောင်းကို သူများလို မှန်မှန်မတက်နိုင်ခဲ့၊ ငါတို့တုန်းက အင်္ဂလိပ်စာ မူလတန်းမှာ မသင်ရသေး၊ တစ်နှစ်ကို စာမေးပွဲသုံးခါ ဖြေရသည်၊ ပထမအစမ်း၊ ဒုတိယအစမ်း၊ တတိယ အစမ်းဆိုပြီးပေါ့။ ဖြေပြီးတဲ့ စာမေးပွဲတိုင်း အောင်စာရင်း ထွက်လာရင်- ငါသည် ပထမ၊ မူလတန်း ကျောင်းမှာ အတန်း လေးတန်း- ပထမတန်းကနေ စတုတ္ထတန်းထိ၊ စာမေးပွဲ ၁၂-ကြိမ်ဖြေခဲ့ရသည်၊ ဖြေတဲ့အတန်းတိုင်း ငါပထမရခဲ့သည်၊ အဖေလည်း ပြုံးခဲ့သည်၊ အမေလည်း ပျော်ခဲ့သည်။ ကျောင်းသားလေး ဘ၀ထဲက ငါက မိဘကို ငြိုငြင်မှု တစ်စုံတစ်ခုမှ မပြုခဲ့၊ ငါ့အတွက်နဲ့ မိဘ စိတ်မကွက်စေခဲ့၊ ငါသိမှီသလောက် ပေါ့လေ။

လေးတန်းအောင်တော့ ငါ့ အသက်က ၁၂-နှစ်ထဲ ရောက်ပေါ့၊ အဲဒီမှာ ငါဟာ လယ်သမား လုံးလုံး ဖြစ်နေခဲ့ပြီ၊ ငါက ယာလည်း ထွန်တတ်သည်၊ နွားကျောင်းသည့် အလုပ်ကတော့ ပထမတန်း ကျောင်းသားတည်းက လုပ်ခဲ့ရသည်၊ နွားစားဖို့ မြက်ရိတ်ရသည်၊ နွားနှစ်ရှဉ်းစာကို ငါက ရအောင် လုပ်ခဲ့သည်၊ အဖေသည် ထိုသည့်အချိန်က ထန်းပင် ငါးပင်လောက်နှင့် အချိန်ကုန်ခဲ့သည်၊ အဖေ့က ငါ့ကို ညွှန်ကြားသည်၊ ယာကို ဘယ်လိုထွန်၊ လယ်ကို ဘယ်လိုထွန်၊ နွားကိုဘယ်လိုမောင်း၊ ထွန်ကြောင်းကို ဘယ်လိုဖြောင့်အောင် မောင်း၊ စသည်ဖြင့်ပေါ့၊ ငါက ခန္ဓာကိုယ် သေးကွေးသည်၊ ဒါကြောင့် အဖေက ငါ့ခန္ဓာကိုယ် နီးပါး သစ်သားတုံး တစ်ခုကို ထွန်ပေါ် တင်လို့ရအောင် လုပ်ပေးသည်၊ ငါ တစ်ယောက်တည်းလည်း လယ်/ယာ အထွန်သွားခဲ့သည်၊ အဖေနှင့် အတူတူလည်း လယ်ထွန်ခဲ့ရသည်၊ ငါလယ်ထွန်သည့် အခါ အဖေ လယ်ကန်သင်းက ထိုင်ကြည့်နေတဲ့ အခါများ ငါ့စိတ်ထဲမှာ ပီတီလှိုင်း အဟုန်တွေ တစ်ဖွားဖွားနဲ့ပေါ့၊ သိပ်ဝမ်းသာတာပဲ၊ ငါ အဖေ့ကို ဒီလိုလည်း ကူနိုင်သည်၊ ငယ်ငယ်ထဲက ကူတာတွေကို ကူတယ်လို့ သိပ်မထင်ခဲ့ဘူး၊ အဖေထွန်ပေါ်က ဆင်းရတာကို ပိုပီး ပီတိဖြစ်ခဲ့သည်၊ အဖေက အဲဒီနှစ်ပေါ့၊ လယ်လုပ်တဲ့ နေရာမှာ အစေ့ဆန် ချသည့်အခါ ဂျောင်းဆွဲ (ထယ်ကြောင်းပေး) တဲ့အလုပ်ရယ် ထယ်ထိုးတာရယ်၊ အဲဒါလောက်ပဲ လုပ်ရတယ်၊ ကျန်တာ ငါလုပ်ခဲ့တယ်၊ မနက် လယ်ထွန်သွားပြီး နေ့ခင်းမှာ ငါနွားနှစ်ရှဉ်းနဲ့ နွားသားအမိ အပါအ၀င် နွားခြောက်ကောင်ကို နွားကျောင်း ထွက်သည်၊ နွားကျောင်းရင်း မြက်နှုတ်သည်၊ နွားကျောင်းရင်း အမေ့တွက် ထင်းခွေသည်၊ ငါက ရေတော့ မခပ်ခဲ့ရ၊ ငါ့အထက်က အစ်မ နှစ်ယောက်က ရေခပ်သည်၊ နွားစာစဉ်းသည့် အလုပ်ကိုတော့ အဖေကပဲ လုပ်သည်၊ ငါက နွားစာစဉ်းသည့် ဓားကို ကောင်းကောင်း မနိုင်ခဲ့။ ဒီလိုနဲ့ ငါ့အသက် ၁၅-နှစ် ပြည့်ခဲ့သည်၊ ၁၅-နှစ်သားမှာ ငါ သာသနာ့ဘောင်ထဲ ၀င်ပြီး ရှင်သာမဏေ ပြုခဲ့ရသည်။ အဖေနဲ့အမေက ငါတို့ ညီအစ်ကိုရဲ့ ပစ္စယာ နုဂ္ဂဟနှင့်ပေါ့၊ ရွာဦးကျောင်း ဆရာတော်ကြီးက ဥပဇ္ဈာယ် ဆရာ။
ဒုတိယဘဝ

အဲဒီကနေစ အဖေနဲ့ အမေကို ငါမကူညီနိုင်တော့၊ ဒါပေမယ့် ရွာဦးကျောင်း ဆရာတော်ကြီး အထံမှာ ဗုဒ္ဓစာပေများကို အခြေခံကစ နေ့မအား ညမနား သင်ယူခဲ့သည်၊ ငါက ပညာကို ဘယ်အချိန်မှာ ဖြစ်ဖြစ် အလိုရှိနေခဲ့သည်၊ ဆရာတော် သင်ပေးသမျှကို အရအမိ သင်သည်၊ ကျောင်းမှာရှိတဲ့ ဘယ်ကိုရင်နဲ့မဆို ငါက ပိုကြိုးစားခဲ့သည်၊ ဘယ်ကျောင်းထက် မဆို ငါကြိုးစားခဲ့သည်၊ သူများတွေ တစ်နေ့တစ်ခါ မှန်မှန် အသစ် မတက်ရောက်နိုင်တဲ့ အခါမှာ ငါက တစ်ချိန်ကို နှစ်ကြိမ်အသစ် တက်ခဲ့သည်၊ လယ်ထွန် နွားကျောင်း လုပ်နေခဲ့တဲ့ အချိန်တုန်းကလည်း စာကို အလွန်ပဲ သင်ချင်ခဲ့သည်၊ ငါဖြစ်ချင်တာက ကလေးတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာ မဖြစ်တော့လည်း ငါကတော့ မပူခဲ့ပါဘူး၊ ခု ငါ့ရဲ့ ဒုတိယဘ၀မှာ ငါဖြစ်ချင်တဲ့ ဆရာတော့ ဖြစ်တော့မယ် ဆိုပြီး ငါတအားကို ကြိုးစားခဲ့သည်။

ဒီလိုနဲ့ အခြေခံ ဗုဒ္ဓစာပေဖြစ်တဲ့ သဒ္ဒါနဲ့ သင်္ဂြိဟ်ကို ဆရာတော် စိတ်ကြိုက် သင်ပြီးတာနဲ့ ကျောက်ပန်းတောင်းမြို့ သုခ၀တီ စာသင်တိုက်ကို စာသင်သားအဖြစ်- ငါ (၁၆)နှစ်သားမှာ ရောက်ရှိခဲ့သည်၊ အဲဒီမှာလည်း ငါကြိုးစားပြီး စာသင်သည်၊ အစိုးရ အခြေပြု မူလတန်း တိုက်တွင်း စာမေးပွဲတိုင်းမှာ ပထမ (ဒါမှမဟုတ်) ဒုတိယအဆင့်နဲ့ အောင်မြင်သည်။ အစိုးရ စာမေးပွဲမှာတော့ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သည်။ အဲဒီနှစ်ပေါ့။

အဲဒီကနေ- ၁၇ နှစ်သားမှာ ရန်ကုန်က ဆရာတော် (ရွာဆရာတော်ကြီး၏ ညီဝမ်းကွဲ)က ငါစာကြိုးစား စာတော်တယ် ဆိုတာကို ကြားသိလို့ ရန်ကုန်က ဗဟန်း၊ ၀ိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်မှာ အဆင်ပြေမယ် ဆိုပြီး ရန်ကုန်ကိုခေါ်ပြီး ကျောင်းအပ်ပေး ပြန်တယ်၊ အဲဒီ တိုက်ကြီးမှာ ပဌမငယ်နဲ့ ပဌမလတ်တန်း နှစ်တန်းလုံးမှာ အပတ်စဉ် စာမေးပွဲတိုင်းနီးပါး ပဌမ၊ ပဌမ မရတဲ့ တချို့အပတ်မှာ ဒုတိယနဲ့ အောင်မြင်နေ ပြန်တယ်၊ မှတ်မှတ်ရရ ပထမငယ်တန်း တိုက်တွင်း အပတ်စဉ် စာမေးပွဲ (၂၅) ကြိမ်ဖြေဆိုရာမှာ ငါက ပထမ (၂၁)၊ ဒုတိယ (၄) ကြိမ်ရခဲ့သည်၊ အစိုးရ စာမေးပွဲ တွေမှာတော့ ကံတရားကြောင့်ဟု ပြောရမလားပဲ၊ တစ်ကြိမ်တစ်ခါမှ နံပါတ် မ၀င်ခဲ့ဘူးဘူး၊ ကြိုးစားတာ ကတော့ အဲဒီအတွက်ပါပဲ၊ ဒါပေမယ့် အောင်မြင်မှု မရခဲ့ဘူးပေါ့။ ပထမကြီး ရောက်တော့ စာပေသမား ယောင်ယောင်မို့ စာမေးပွဲ တစ်နှစ်ကျခဲ့သည်၊ သို့သော် တိုက်တွင်း အပတ်စဉ်တိုင်း မှာတော့ ပ-ဒု-တ အမြဲနီးပါး ပါပဲ၊ စာပေရေးရာမှာ ကဗျာရေး၊ ဆောင်းပါးရေးနဲ့ ဘယ်စာပေတိုက်ကမှလည်း မရွေးဘဲနဲ့ကို စာပေကို ရူးခဲ့ကာ စာမေးပွဲ ကျသည်အထိ ဖြစ်ခဲ့ရသည်။ သို့သော် ဆရာတော်များ အငြိုငြင်ဖြင့် မခံခဲ့ရ။

စာမေးပွဲတွေကို ထူးချွန်စွာ အောင်မြင်ခဲ့တော့ ဆုများလည်း အတော်အသင့် ရခဲ့သည်၊ ရသမျှ ဆုကြေးများကို အဖေနဲ့ အမေ့ကိုချည်း ပေးပို့ခဲ့သည်၊ ကိုယ်တိုင်သုံးဆိုရင် စာအုပ်လေး ဘာလေး နည်းနည်းပါးပါး ၀ယ်ခဲ့တာပဲ ရှိတယ်၊ မိဘကို ဘာဝယ်ချင်လို့ စာအုပ်ဝယ်ချင်လို့ သင်္ကန်းဝယ်ချင်လို့ တစ်ကြိမ် တစ်ခါမျှ ပူဆာခဲ့ခြင်း မရှိခဲ့၊ မိဘကလည်း အဲဒီလောက်ကိုပင် တတ်နိုင်ဘို့ သူတို့ အတော်လေး ကြိုးစားရမည် ဆိုတာကို ငါကလည်း သိထားခဲ့။ ဘယ်သူ့ကိုမှလည်း ဒါမျိုး မပူဆာခဲ့၊ မတောင်းခံခဲ့။

တောမှာ မိုးလေ၀သ မမှန်လို့ ဒုက္ခရောက်ခဲ့တိုင်း မိဘကို ငါကူညီနိုင် သလောက်ကို အဲဒီစာသင်သား သေးသေးလေး ဘ၀ထဲက ကူညီပေးခဲ့သည်။ ငါ့အသက် ၁၉-နှစ်နဲ့ ငါးလပြည့်တဲ့ နေ့မှာတော့ ငါက တတိယ ဘ၀တစ်ခုဖြစ်တဲ့ ရှင်ရဟန်းဖြစ်ကို ရောက်ရှိခဲ့သည်၊ ငါ့ကို ရဟန်းဒကာ ရဟန်းအမ ပြုလုပ်ပေးကြ တာကတော့ ရန်ကုန်မြို့၊ ကန်တော်ကလေးနေ ဦးဝင်းကြည်နဲ့ ဒေါ်အေးသီတို့ မိသားစုဖြစ်သည်။
တတိယဘဝ

1989-ခုနှစ်မှာတော့ ငါက ပထမကြီးတန်းကို ကောင်းမွန်စွာ အောင်မြင်ခဲ့သည်၊ အဲဒီအတွက်ကြောင့် အဲဒီနှစ်မှာ စတင်ဖွင့်လှစ်တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်-၀င်ခွင့်စာမေးပွဲကို ဖြေဆို အောင်မြင်လို့ ငါ အဲဒီတက္ကသိုလ် နှစ်ခု (ရန်ကုန်+မန္တလေး) ထဲက မန္တလေးမြို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ကြီးမှာ တက္ကသီလ ဓမ္မာစရိယ (ဘီ၊အေ)တန်း ပဌမနှစ်ကို စတင် သင်ကြားခဲ့ရသည်၊ ဘီအေတန်းကို ပဌမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် (ဖိုင်နယ်) ဆိုပြီး လေးနှစ်တိုင်တိုင် ဖြေဆိုခဲ့ရပြီး သာသန တက္ကသီလ ဓမ္မာစရိယ (ဘီအေ)ဘွဲ့ကို ၀ိနည်း ပိဋကတော်လာ စီဝရ၀ဂ်ကို လေ့လာခြင်း ဘွဲ့ယူစာတမ်းကို ရေးလျက် လက်ခံ ရယူခဲ့သည်။

အဆင့်မီမီ အောင်မြင်လို့ အမ်အေ- သာသန တက္ကသီလ မဟာဓမ္မာစရိယတန်းကို တစ်ဖန်ဆက်လက် သင်ခွင့် ရခဲ့ပြန်သည်၊ ပဌမနှစ်၊ ဒုတိယနှစ် စာသင်နှစ် (၂)နှစ်နှင့် စာမေးပွဲ ဖြေဆိုအောင်မြင်လျက် မြတ်ဗုဒ္ဓ၏ ခြေတော်ရာစက် (၁၀၈)ကွက်တို့ကို လေ့လာခြင်း ဘွဲ့ယူကျမ်းစာကို သုံးနှစ်ကြာ ရေးသားလျက် သာသန တက္ကသီလ မဟာဓမ္မာစရိယ (အမ်အေ)ဘွဲ့ကို လက်ခံ ရယူခဲ့ရပြန်သည်။

စာမေးပွဲတိုင်းတွင် ပဌမနှစ် စာမေးပွဲမှ အခြား ကျန်ငါးတန်းကို ပထမအဆင့်က နေချည်း အောင်မြင်ခဲ့သည်၊ အမ်အေတန်း ရေးဖြေပြီးသည်နှင့် ပိဋကတ်ဆိုင်ရာ မြန်မာစာပေ ဌာနမှာ နယဒေသက (မြန်မာစာနည်းပြ) အဖြစ် ဘွဲ့ယူကျမ်း ရေးသားပြုစုရင်း တာဝန် ထမ်းဆောင်ခဲ့ရသည်။ ငါဖြစ်ချင်ခဲ့သည့် စာသင်ဆရာ တကယ် ဖြစ်ခဲ့လေပြီ။

ပြောစရာက ငါစာမေးပွဲတွေ အောင်တိုင်း နှစ်စဉ်ပဲ ငါ့အမေက အပြုံးပန်းတွေ ဆင်မြန်းလျက် ရွာလုံးနှံ့အောင် ကြော်ငြာပြီး အပျော်တွေကို ဖြန့်ဝေနေခဲ့သည်။ အဖေကတော့ ငါ့သားကြီး ကတော့ဖြင့် လူဝတ်ကြောင်နဲ့လည်း တော်၊ ကိုရင်၊ ရဟန်းဖြစ်တော့လည်း တော်၊ လိမ်မာရေးခြား ကလည်းရှိ၊ မိဘကိုလည်း အမြဲငဲ့စောင်းကြည့်၊ လိုအပ်သလို အကူညီပေး၊ မွေးရကျိုးနပ်သည့် သားကြီးပါလားနဲ့ ရင်ထဲပီတိကို လူသိအောင် ပြနေနိုင်ခဲ့သည်။

မိခင် တက္ကသိုလ်မှာ ခြောက်နှစ်ကြာ မြန်မာစာ ဆရာအဖြစ် ထမ်းဆောင်ပြီးတဲ့နောက် 2005 ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Buddhist and Pali University ကြီးမှာ အမ်အေတန်းကို အင်္ဂလိပ် မီဒီယာဖြင့် ထပ်မံ ပညာဆည်းပူးလျက် ထိုနှစ် စာမေးပွဲကို အောင်မြင်ကာ - အမ်အေ တစ်ခု ရရှိလျက် - အမ်အေ နှစ်ခုနဲ့ အမေ့သား၊ အဖေ့သား ဖြစ်ခဲ့ပြန်သည်၊ 2006 ခုနှစ်မှာတော့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာပဲ၊ Aquinas College ကနေ အင်္ဂလိပ် ဒီပလိုမာကို အောင်မြင်ခဲ့ပြန်သည်။

အဲဒီကနေမှတဆင့် 2007-ခုနှစ် ဇူလိုင်လက စလို့ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ (မိုဘိုင်းမြို့) ဘုံဘေ တက္ကသိုလ် (University of Mumbai) ကြီးမှာ PhD ပါရဂူတန်းကို တက်ရောက်လျက် A Critical Study: Questions of the Young Boy (Kumarapanha) Based on Suttanta Pitaka and Abhidhamma Pitaka ရေးသားပြုစုနေခဲ့ကာ ယခုဆိုလျှင် ပါရဂူကျမ်းကို ရေးသားပြီးစီးလျက် ကျမ်းတင်ရက်ကို စောင့်နေရလေသည်။

စာသင်ရင်းကနေ မိမိ၏ရရှိလာသော ပညာသင် ထူးချွန်မှုကြောင့် ရရှိလာသော လာဘ် လာဘများကို တသီးတသန့် ထားရှိကာ မိဘကို ထောက်ပံ့ခဲ့သည်မှာ ယခုတိုင် မရပ်တန့်၊ နောင်လည်း ဆက်လက် ကြိုးစားပြီး မိဘကို ကူညီကျွေးမွေး နေဦးမည် ဟု သန္နိဋ္ဌာန်ချ ဆုံးဖြတ်လျက်။

ရွာက ဆရာတော် ဘုရားကြီးက မိမိကို ပညာ အခြေခံများ စတင် သင်ကြားပေးနေစဉ် ကာလ အမေက ကျောင်းသို့ ရောက်လာပြီး ခဏခဏ ပူဆာသည်၊ ကိုရင် ကိုရင့်အဖေ ဒကာကြီး အရမ်း ပင်ပန်းနေပြီ၊ ကိုရင်မရှိတော့ နွားတွေက အငယ်တွေရော နွားမ သားအမိတွေ ရောမို့ မနိုင်ဘူး၊ လူထွက်ပါတော့၊ အဖေ့ကို ကူညီပေးပါတော့ ဟု မကြာခဏ တောင်းဆိုတတ်သည်၊ ကိုရင့် ဆရာတော်ကြီး ကလည်း ထိုသည့်အခါ ငါ့တပည့် မိဘဆိုတာ လူဝတ်နဲ့တင် လုပ်ကျွေးလို့ ရတာမဟုတ်ဘူးကွ၊ ရဟန်းဘ၀၊ ကိုရင်ဘ၀ နဲ့လည်း လုပ်ကျွေးကောင်းတယ်၊ မင်းစာတွေကြိုးစား၊ စာတော်သူ စာတတ်သူ ဖြစ်အောင်လုပ်၊ အဲဒီကျရင် မင်းမိဘကို ဒီထက် ပိုထောက်ပံ့နိုင် လိမ့်မယ်တဲ့ အဲဒီစကားက ဒီနေ့တိုင်အောင်လည်း နားထဲက မထွက်ခဲ့။

ခုတော့ သားရဟန်းသည် မိဘနှစ်ပါးကို ၀တ္ထု ပစ္စည်းတို့ဖြင့်လည်း ကျေးဇူး ဆပ်နိုင်နေသည်၊ ဓမ္မနဲ့လည်း ကျေးဇူး ဆပ်နိုင်နေသည်၊ ကံအားလျော်စွာ နိုင်ငံခြား ပညာသင်ချိန် အွန်လိုင်း (အင်တာနက်)ကနေ အဝေးရောက် မြန်မာများကို တရားဟောခြင်းအမှု၊ တရားအလှူ ဓမ္မဒါနကို ပျော်ပျော်ကြီး လုပ်နေနိုင်သည်၊ ဒါလည်း မိဘကို ကျေးဇူးဆပ်ခြင်း တစ်ခုဖြစ်သည်၊ ဆရာသမားကို ကျေးဇူးဆပ်ခြင်း ဖြစ်သည်၊ ဒီအမေ ဒီအဖေတို့၏ သွေးဖြင့် တည်ဆောက်ထားသော ဒီသား ပြုပြုသမျှသော ကုသိုလ်ကောင်းမှု အစုစုသည် ဒီမိဘ နှစ်ပါးတွင် မြစ်ဖျားခံလေသည်။

စာပေတွေ လေ့လာသင်ကြား၊ ဘုရားအဆုံးမ တွေကို သိလေ၊ မိဘ ဂုဏ်ကျေးဇူးကို ပိုနားလည်လာလေနဲ့ ကိုယ့်ဘ၀ကို ကျေနပ်စွာပဲ မိဘကို အဝေးအနီး ထောက်ပံ့ လုပ်ကျွေးနေခဲ့သည်၊ အရင်ကရော ထောက်ပံ့ခဲ့သည်၊ ခုလည်း ထောက်ပံ့နေသည်၊ အမေရှိသေးသည်၊ နောင်လည်း ထောက်ပံ့ လုပ်ကျွေးနေဦးမည်၊ သို့သော် မိမိ ပညာသင်ရန် အတွက် သီးသန့် ပေးလှူဒါန်းကြသည့် ဒကာဒကာမတို့၏ ၀တ္ထုငွေကြေးတို့ ကိုကား မိမိအတွက်မှ တပါး အခြားမသုံးစွဲခဲ့။

ငယ်စဉ်ကပင် ရဟန်းဒကာ ဒကာမတို့ လှူဒါန်းသည့် ၀တ္ထုငွေကြေးတိုင်းကို မိမိ ကျောင်းစာအတွက် လိုအပ်သည့် စာအုပ်များကို သူတို့ရှေ့မှာပင် ၀ယ်ယူပြသပြီး ဟောဒီ စာအုပ်တွေကတော့ ဒကာကြီးနဲ့ ဒကာမကြီးတို့ လှူဒါန်းသည့် ငွေဖြင့် ၀ယ်ထားတာ ဖြစ်သည်၊ ဟောဒီဘက်က စာအုပ်ပုံကြီးကတော့ ကျုပ်ဟာကျုပ် တခြားက ရသည့်ငွေဖြင့် ၀ယ်တာဖြစ်သည်ဟု အမြဲပြောတတ်ခဲ့သည်။ ဒကာ ဒကာမများကို မိမိ လျှောက်လှမ်းသည့် ဘ၀ထဲမှာ စိတ်မကွက်စေလိုခဲ့။
02. 12. 2009- ညနေ 8:30 ခွဲအချိန် (အိန္ဒိယစံတော်ချိန်)

အဖေဆုံးပြီတဲ့…
ရွာက သတင်းစကား၊ အင်တာနက်ကနေ လာပြောသည်၊ လာပြောသည့် အစ်မ မျက်နှာမှာတော့ မျက်ရည်စတွေနဲ့ ပါပဲ၊ အစ်မက မပြော၊ ဘေးက ညီမက ဖတ်ပြသည် အဖေဆေး… ဆေးရုံတက် နေတဲ့၊ မိမိက သိလိုက်ပြီ၊ အဖေသတင်း ဘာကြားလည်းပေါ့၊ အဖေသေသွားပြီ မဟုတ်လားဆိုတော့- ဒီနေ့ ညနေ မြန်မာစံတော်ချိန် ခြောက်နာရီခွဲ လောက်က ဆုံးတာတဲ့…..

အော် အဖေဆုံးပြီကိုး၊ ရွာကို ဖုန်းခေါ်ရသည်၊ အဖေ မဆုံးခင်ကပင် ကြိုတင် စီစဉ်ထားသည့် အတိုင်း ရွာဦးကျောင်းက ဦးဇင်းငယ်လေးနှင့် (ဆရာတော် ဘုရားကြီးက ရန်ကုန် ရောက်နေသည်၊ မျက်စိပြရင်း၊ သွားအံပုံ လုပ်ရင်းနှင့်) တိုင်ပင် ပြောဆိုရသည်၊ လှူရေး၊ ဒါန်းရေး၊ အဖေ့အသုဘ မြေကျသည့်တိုင်၊ ရက်လည် ဆွမ်းသွပ်လုပ်ဖို့ အဆုံးပေါ့၊ တည်တည်ငြိမ်ငြိမ် ပါပဲ၊ မျက်ရည်က မရှိ၊ ငိုဖို့ကို သတိမရ။

ဘာလို့ ငိုရမှာတုန်း၊ မျက်ရည်ကရော ဘာလို့ကျရမည်ပ၊ အဲဒီ မျက်ရည်ကရော တကယ်ပဲ ကျသင့်သည်လား၊ မိဘ ဆွေမျိုးတွေ သေရင် မျက်ရည်ကျကြ ငိုကြသည်ပဲ၊ ဒါပေမယ့်… ခု ငါ့…. ငါ့ မျက်ရည်၊ ငါ့မျက်ရည်တွေ ဘယ်ကိုရောက် နေသည့်ပလေ…

မျက်ရည်တို့ကား မိဘတို့ကို လုပ်ကျွေး ပြုစုခြင်းဖြင့် ဟိုး… အစောပိုင်းထဲက ခန်းခြောက်နေခဲ့ သည်ပဲ၊ အပူဆိုတာ တွေကလည်း မိဘတို့ကို လုပ်ကျွေးခြင်းတည်း ဟူသော ခေါင်းစည်းအောက်မှာ အေးခဲသွားကြ သည်ပဲ။

အော် မပြီးဆုံးသေး… အမေရှိသေးသည်၊ အမေ့ကို စောင့်ရှောက်ရ ဦးမည်၊ အဖေ့အစားပါ နှစ်ဆတိုးပြီး အမေ့ကို လုပ်ကျွေးရပေဦးမည်… အမေကတော့ဖြင့် ကြာရှည်လေးမြင့် သားမောင်တင့်အောင် စောင့်ပါဦးအမေ၊ သားတောင်းပန်ပါသည်…..

အရှင်သာဓိန
02. 12. 2009
++++++++++++++++++++++++++++++++++++
ကိုဖိုးသား ပေးသောမေးလ်အား ပြန်လည်ဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ၊ည(၁၂)နာရီ တင်ပါသည်။
READMORE
 

ဒေါသနည်းအောင်နေနည်း"



http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ယခုတလောမှာ ဘ၀ရဲ့အဆင်မပြေမူများကြောင့် ဒေါသ၊သောကတွေဖြစ်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ယခုစာပေတရား အားဆေးတစ်ခွက်ကို သောက်လိုက်ရပါတယ်။ ရင်တွင်းက ဒေါသ၊သောကမီးတွေ အေးငြိမ်းသွားလို့ တဆင့်မျှဝေပေးလိုက်မိပါတယ်။
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


“ဒေါသနည်းအောင်နေနည်း"
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက
http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၇)ရက်၊ည(၆း၂၀)နာရီ တင်ပါသည်။
READMORE
 

စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဇနီး ရွှေရတုမင်္ဂလာပွဲ




စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဒေါ်မြင့်မြင့်မေ တို့၏
နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာပွဲ

(၂၈-၁၁-၀၉)နေ့၊ညနေ(၆)နာရီမှ ည(၈)နာရီအထိ အမှတ်(၆)၊မဲထီးလမ်း၊ဈေးလည်စိုးရပ်၊ မကွေးမြို့။ မိသားစုနေထိုင်သောတိုက် မှာကျင်းပကြပါတယ်။ ဆရာမကွေးဝင်းမြင့် ရဲ့မိတ်ဆွေ စာရေးဆရာများ၊ စာနယ်ဇင်း သတင်းထောက်များ၊ တိုင်းရင်းဆေးဆရာကြီးများ၊ ခင်မင်ရင်းနှီးကြသော မိတ်ဆွေများ၊ စုစုပေါင်းဦးရေ (၁၀၀) ဖိတ်ကြားတက်ရောက်ကြပါတယ်။

စာရေးဆရာမကွေးဝင်းမြင့်မှာ ယခင်အခါက ဆင်းဆင်းရဲရဲနှင့် စာပေလောကတွင်ကျင်လည် ရုန်းကန်ခဲ့ ရကြောင်း၊ တိုင်းရင်းဆေးလောကတွင်လဲ (တိုင်းရင်းဆေးသုတေသီ) အဖြစ်နှင့်လေ့လာ တွေ့ရှိရသော အကြောင်းအရာများကို (အုံးမှုတ်ခွက်နင်းရောဂါကင်း)စာအုပ်ကစလို့ (အမေ့ သနပ်ခါးတောင်း)စာအုပ်အထိ ဆေးဆောင်းပါး စာအုပ်များ(၁၈)အုပ်ရေးသားလာခဲ့ရကြောင်း၊ ဒီဘက် ခေတ်မှ တိုင်းရင်းဆေးဝါးများကို ထုတ်လုပ် ရောင်းချ လာခဲ့နိုင်ကြောင်း၊ မကွေးဝင်းမြင့်၏ နှစ်လုံးအားတိုးဆေး၊ ရှောက်ပေါင်းရှည်၊စတဲ့ ဆေးအမျိုး အမည် (၁၀)မျိုးခန့်တို့ကို မှတ်ပုံတင် ထုတ်လုပ်ရောင်းချနေကြောင်း၊ပြောကြား၍သိရှိရပါတယ်။

ဆရာမကွေးဝင်းမြင့်၊ ဇနီးဒေါ်မြင့်မြင့်မေတို့ရဲ့ (နှစ်ငါးဆယ်) အိမ်ထောင်သက်တန်းမှာ သားသမီး(၇) ယောက်၊ မြေး(၁၁)ယောက်၊မြစ်(၃)ယောက်၊ရှိကြောင်းသိရပါတယ်။ ဆရာ မကွေး ၀င်းမြင့်မှာ အသက်(၇၂)နှစ်အရွယ်ဖြစ်သော်လည်း လူငယ်များနှင့်အတူတက်ကြွနိုးကြားစွာ ပရဟိတ လုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်းမြင်တွေ့ရပါတယ်။ မကွေးစာနယ်ဇင်းအဖွဲ့မှာ ဥက္ကဌ တာဝန်၊ မကွေးတိုင်းရင်းဆေးဆရာအဖွဲ့တွင် အမူဆောင်တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်ပါကြောင်း သတင်းရယူခဲ့ပါတယ်။

ဆရာမကွေးဝင်းမြင့်တို့ဇနီးမောင်နှံ နှစ်(၅၀)ရွှေရတုမင်္ဂလာပွဲမှ စိန်ရတု၊ပတ္တမြားရတုမင်္ဂလာ ပွဲများအထိ လောကကောင်းကျိုးများအား ဆထက်တန်ဘိုးတိုး၍ ဆောင်ရွက်နိုင်ကြပါစေ….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၁)ရက်၊ နေ့လည်(၂း၃၀)နာရီတွင်ရေး၏။
READMORE
 

မကွေးသံဃာများအား အခမဲ့ကွန်ပျူတာသင်တန်း





မကွေးသံဃာများအား အခမဲ့ကွန်ပျူတာသင်တန်း
အမှတ်စဉ်(၁) တတိယပါတ် ပညာဒါန

(၁၂-၁၁-၀၉)နေ့မှစတင်ခဲ့သော ဤ သံဃာတော်များ အခမဲ့သင်တန်းကို (၂၆-၁၁-၀၉ မှ ၂၈-၁၁-၀၉)နေ့အထိ(၃)ရက်တွင် တစ်ရက်(၂)ချိန် တတိယပါတ် ပညာဒါန အလှူတော် ဖြစ်ပါ၏။ အလှူရှင်များမှာ မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က မှ သင်တန်းနည်းပြဆရာတော် နှင့် သင်တန်းသားသံဃာတော် များအား သွားလာသတင်းသုံး ဧည့်ခံရေးအတွက် မော်တော်ယာဉ်နှင့်အတူ ဆွမ်းကပ် လှူဒါန်း ပါသည်။ သင်တန်းခန်မအား ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစု၊ သင်တန်း နည်းပြဆရာတော်များ မန္တလေး၊ မကွေး ခရီးစရိတ်အလှူတော် ငွေ(၂၅၀၀၀၀ိ) နှစ်သိန်းခွဲ ကျပ်အား (ရွှေဒိုမိန်း)မိသားစုများမှ လှူဒါန်းကြပါသည်။

တတိယပါတ် သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီး ကျောင်းတိုက်မှ ဦးပညာဝံသ(ဓမ္မာစရိယ) ဖြစ်ပါသည်။

သင်တန်းတက်ရောက်သင်ကြားသောဆရာတော်များ

(၁) ဦးအဂ္ဂဓဇ ။ မကွေးတိုင်းသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်
မဟာဝိသုတာရာမတိုက်သစ်ကျောင်း၊ စလင်းမြို့။

(၂) ဦးမာနိတ ။ ပညာစက္ကာရာမကျောင်း၊ မကွေးမြို့။

(၃) ဦးကုသလ ။ မဟာဓမ္မိကာရာမတိုက်၊ မကွေးမြို့။

(၄) ဦးကောသလ္လ ။ ပြည်တော်သာစာသင်တိုက်၊ မကွေးမြို့။

(၅) ဦးဝါသေဋ္ဌ ။ ကန်ဦးကျောင်းတိုက်၊ မကွေးမြို့။

(၆) ဦးသီရိန္ဒ ။ စိန်ပန်းဇ၀နတိုက်သစ်ကျောင်း၊ မကွေးမြို့။

(၇) ဦးပညာဝံသ ။ စိန်ပန်းဇ၀နတိုက်သစ်ကျောင်း၊ မကွေးမြို့။

(၈) ဦးကောဝိဒ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။

(၉) ဦးပဏ္ဍ၀ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။

(၁၀) ဦးစန္ဒောဘာသ ။ မဟာဝိသုတာရာမတိုက်သစ်ကျောင်း။ မကွေးမြို့။

အထက်ပါ သင်တန်းသားသံဃာတော်အရှင်မြတ်(၁၀)ပါးတက်ရောက်သင်ကြားကြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၆)ရက်၊ညနေ(၄)နာရီရေး၏။
READMORE
 

ဖြူးဆရာတော်ဘုရားကြီးဘဒ္ဒန္တနရပတိ၏ အန္တိမဈာပနအခမ်းအနားအစီအစဉ်



ဖြူးဆရာတော်ဘုရားကြီးဘဒ္ဒန္တနရပတိ၏ အန္တိမဈာပနအခမ်းအနားအစီအစဉ်


|Vimuttisukha (၀ိမုတ္တိသုခ)

show details 5:56 AM (1 hour ago)
ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။

၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။

ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

------------------------------------------------------------------

ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြပါမည်။
၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၇)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကုသိုလ်အလှူရှင်- ကိုရဲထွဋ်+မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ။

နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၆)ရက်၊နံနက်(၇း၂၀) ကူးယူဖော်ပြပါသည်။
READMORE
 

ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ ပျံလွန်တော်မူသွားပြီ



နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် (၂၄-၁၁-၂၀၀၉)အင်္ဂါနေ့ ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။
“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။
အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၄)ရက်၊ညနေ(၆)နာရီရေးတင်ပါသည်။
READMORE
 

ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း


ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ

နိုဝင်ဘာလ (၂၂)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

ဘုန်းဘုန်းဦးအဂ္ဂဝရမိန့်မှာချက်အရ ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော မြန်မာနိုင်ငံသားများမှ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းမေးမြန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ဆက်သွယ်ရန် အခက်အခဲရှိခဲ့ပါလျှင် ထိုင်းနိုင်ငံရှိ ဖုံးနံပါတ် (+668 5113 7722)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။


ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


နိုဝင်ဘာလ (၂၁)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေရာမှ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ကြွသွားပြီဖြစ်ပါကြောင်းကို ကြေညာအပ်ပါသည်။ ဖြူးဆရာတော်ကြီး၏ သတင်းကို ဆရာတော်ဦးအဂ္ဂ၀ရနှင့် ဆက်သွယ်၍ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင့် အောက်ပါဖုံးနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးအဂ္ဂဝရ
ဖုန်း - (+95 95390417)၊

ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
(လိုင်းဖုံးနံပါတ်ကို ဦးစားပေးခေါ်ဆိုကြပါရန်)



ရောက်ရှိလာသော ကိုဖိုးသားမေးလ်အား တဆင့်ကူးယူဖော်ပြပေးလိုက်ပါသည်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၃)ရက်၊နေ့လည်(၃း၂၀)ကူးယူ၏။
READMORE
 

မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….


မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

အခန်း(၁)

“သမီးလေး မစံပယ်ကို သူတို့လက်ထဲ မအပ်ပါရစေနဲ့ ကိုထွန်းကြိုင်ရယ်..ကျမ…သေရင် သေ ပါစေတော့..”
““ခက်တာပဲ မိတင်ရယ်..မင်းကျန်းးမာရေးအတွက်ဆေးကုဖို့က ဒီတစ်လမ်းပဲ ရှိတော့တာ ကိုကွာ..””

အမေကြီးရဲ့နားထဲမှာ ဒီအသံတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်ကြားယောင် နေပါ တယ်.. လူကလေးရယ်..။အမေကြီးတို့မှာ ဒို့လင်မယားနှစ်ယောက်နဲ့ မစံပယ်ဆိုတဲ့ သမီးလေးရှိပါတယ်..။ မစံပယ်လေးက အမေကြီးတို့အိမ်ဘေးမှာနေသွားတဲ့ ကရင်မ လင်မယားကမွေးစားဖို့ နီတာရဲ ပေါက်စနကလေးအရွယ်ကပေးခဲ့တာပါ။ မစံပယ်လေး အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းထဲမှာတင် သေဆုံးသွားခဲ့တာပါ..။ ကရင်မ လင်မယားလည်း မစံပယ်လေးကိုပေးပြီး သူတို့ကရင်ပြည်နယ် ကိုပြောင်းသွားကြတယ် လေ။ ကလေးမရလို့ ကလေးရူးထနေကြတဲ့ ဒို့လင်မယားကတော့ သိပ်ကို ၀မ်းသာ ပျော်ရွင်သွားတာပေါ့ကွယ်။ မင်းတို့အဘ ကိုထွန်းကြိုင်ကဆို ဆိုက်ကားနင်းနေရင်း နံနက် စောစောတစ်ခေါက်၊ နေ့လည်ထမင်းစားပြန်ချိန်တစ်ခေါက်၊ညဆိုက်ကား သိမ်းပြန် လာရင်တစ်ခေါက်၊ တစ်နေ့ကိုသုံးခေါက် ဆိတ်ခြံကိုသွားပြီး ဆိတ်နို့တွေညှစ်ညှစ်ယူလာရ တယ်။ မစံပယ်လေး က ဆိတ်နို့နဲ့အသက်ရှင်လာရတာပါကွယ်..။ သူငယ်ငယ်ကတော့ ချစ်စနိုးနာမည် “ဆိတ်မ”လို့ခေါ်ကြ ပါတယ်။ အမေကတော့ သူအရွယ်လေးရောက်လာ တော့ရှက်မှာစိုးလို့“မစံပယ်”ဆိုတဲ့နာမည် လှလှ ကလေးကို ပေးခဲ့တာပါ။ မစံပယ်လေးအိမ်ကိုရောက်လာကထဲက အမေဈေးရောင်းမထွက်ဖြစ် တော့ဘူး။ အချိန်ရှိသရွေ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ မစံပယ်လေးရဲ့ဝေယျာဝစ္စကိစ္စတွေနဲ့ ညမိုးချုပ်ခဲ့ရတာပါ။ သူ့ကို အမေ့မျက်နှာသုပ်ပ၀ါတဘက်ကလေးနဲ့ခြုံထားပြီး ဆိတ်နို့ကို နို့ဗူးနဲ့တိုက်ခဲ့ရ တာပါ ကွယ်။ သူကလေး မကျန်းမမာဖြစ်ရင် ဒို့လင်မယားပြာပြာသလဲဖြစ်နေရပါတယ်။ ကိုထွန်းကြိုင် ဆိုရင် ဆိုက်ကားကိုမထွက်နိုင်ခဲ့ပါဘူးကွယ်..။ နေ့မအိပ်ရ၊ ညမအိပ်ရပါ။ ဆရာဝန်သွားပြ ဖို့နေနေသာသာ စားဖို့တောင် တစ်နေ့လုပ်မှစားရတဲ့ အမေတို့ဘ၀ပါ။ အိမ်နီးချင်း တွေကဆိုရင် စားစရာမရှိရတဲ့အထဲ ကလေးရူးထနေကြတယ်..။ မွေးနိုင် ကြွေးနိုင်မဲ့သူကို ပေးခိုင်းကြတာကွဲ့။ အမေကြီးက လုံးဝလက်မခံပါဘူး၊ မစံပယ်လေး အရွယ်ရောက်လာ အောင် ကိုထွန်းကြိုင်ရဲ့ဝင်ငွေနဲ့ မလောက်ခဲ့ရင် မရှိ ရှိတာကို ရောင်းချ ပေါင်နှံ မွေးလာခဲ့တာပါ..။“မိသိန်းတင်တို့က မရှိလို့ မွဲလို့သာ ငတ်ချင်ငတ်သေသွား ပါစေ..၊ မိခင်မေတ္တာကိုတော့ လုံးဝ မပျက်ကွက်စေရဘူးမှတ်ထားကြပါ၊ နောက်ကို မစံပယ်လေးကို တစ်ခြားသူပေးဖို့ လာမပြောကြပါနဲ့ဟေ့..” လို့ရန်တွေ့လွတ်ရပါတယ်။

အခန်း(၂)

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ထားခဲ့ကြလို့လား မပြောတတ်တော့ ပါဘူးကွယ်..။ မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ်။အမေကြီးနဲ့ အဘထွန်းကြိုင်တို့ အသက်(၆၀)တန်း တွေကိုရောက်နေကြပါပြီ..။ ဘ၀ ဘ၀အဆက်ဆက်က ပဌာန်းဆက် ဆိုတာကိုလဲ မယုံမရှိကြပါနဲ့…။ ဟော..ယခုကြည့်စမ်းပါ..သမီးလေး မစံပယ်က အရွယ်ရောက်လာခဲ့ပါပြီ..။ သူက အမေကြီးတို့ လင်မယားကို တစ်လှည့်လုပ်ကြွေးနေ ပါပြီ..။မစံပယ်တစ်ဦးထဲမဟုတ်တော့ပါဘူး။သူ့သား နှစ်ကောင် က တစ်နှစ်ကြီး တစ်နှစ်ငယ် ဆိုတော့ ရွယ်တူတွေပဲ ထင်မှတ်ရပါတယ်။သူတို့ညီအကိုရဲ့ တစ်မနက် ၀င်ငွေ ကိုက (၅၀၀၀ိ)ရနေပါပြီကွယ်။ သူတို့ညီအကိုငယ်ငယ်လေးက ဖေဖော်ဝါရီလ ကလေးများနေ့ ပြိုင်ပွဲတွေမှာ နှစ်တိုင်းအလှပြတာ ပထမဆု အမြဲရခဲ့ကြပါတယ်။ဟိုလူက ဆုတွေချ ၊ဒီလူကဆုတွေချနဲ့ အဖိုးကြီးကဆိုရင် ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရှာတယ်. တဲ့။ ပြီးတော့ သူကပြောနေ သေးတယ်…။
““မိတင်ရေ..မင်းစကားသာ ငါနားမထောင်ခဲ့မိပဲ..မစံပယ်လေးကိုသာ မင်းအသဲ အသန် ဖြစ်နေတုံး က ရောင်းခဲ့မိရင် ဒို့မှားသွားတာ သေချာပေါ့။ဒို့ဘ၀မှာ အတိတ်က ကုသိုလ်ကံမကောင်းခဲ့လို့ ဆင်းရဲ ခဲ့တယ်..။ အတိတ်က ကုသိုလ်ကောင်းမှု အလှူဒါန နည်းခဲ့လို့ ယခုဘ၀မှာ သားသမီးရတနာနဲ့ အခြွေရံသင်းပင်းနည်းခဲ့၊ မရခဲ့ကြတာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဘူးတယ်..။အင်း..ခုတော့လဲ ဘ၀ ဘ၀က ပဌာန်းဆက် ကြောင့်ပဲထင်ပါရဲ့ကွယ်.. ဆင်းရဲမွဲတေနေတဲ့ သားထောက်သမီးခံမရှိတဲ့ ငါတို့ လင်မယားကို… သမီး မစံပယ်တို့ နွားသားအမိသုံးကောင်က လူတွေထက်တောင်မှ မယုံကြည်နိုင် လောက်အောင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အကျွေးပြုနေ ပါပြီပကော လား…ကွယ်…””

“သြော်..ရှင်က ယခုမှ ဒီစကားကိုလာပြောနေတာ..ကျမ အမြဲပုခုံးမှာတင်ပြီး ဘုရားရှစ်ခိုးနေတဲ့ ပ၀ါတဘက်အစွန်းထဲက အထုပ်ကလေးကိုဖြည်ကြည့်စမ်း ..ဒီမှာ..ရွှေတို၊ ရွှေစကလေးတွေ လေ..။ အဲဒါ သမီးမစံပယ်ရဲ့ သားနှစ်ကောင်နဲ့ ယာခင်းတွေသွားပြီးတစ်မနက် ထွန်ယှဉ်းဌါးလိုက်လို့ ရတဲ့(၅၀၀၀ိ)ငွေတွေကို ရှင်ပေးသမျှ ရွှေတိုရွှေစတွေဝယ်စုထားတာပါ..။ ဒီသားနှစ်ကောင်ကို ရှင်ပြုရမဲ့ အရွယ် ရောက်လာရင် သမီးကြီးမစံပယ်နဲ့အတူ ရွာဦးကျောင်းဆရာတော် ထံ ရေစက်ချ အလှူ တော်ပေးရအောင်လို့ပေါ့တော်..၊နောက်ဘ၀မှာ ဒီနွားသားအမိတွေ လူပြန်ဖြစ်ကြပါစေ..။ ကျမတို့ လင်မယားကလဲ နိဗ္ဗာန်ကိုမရမီစပ်ကြား လူဘ၀မှာ လူပြန်ဖြစ်လာကြမဲ့ သမီးမစံပယ်တို့သားအမိ သုံးယောက်ရဲ့ အမိ၊အဖ တွေဖြစ်ရပါလို၏လို့ အဲဒီအလှူမှာ ဆုတောင်းပြီးရေစက်ချလိုက်မယ် ..ကိုထွန်းကြိုင်ရေ”။

မှတ်ချက်။ ။ အဘဦးထွန်းမြိုင်+အမေကြီးဒေါ်တင်သိန်းတို့၏ပြောပြသော အဖြစ်မှန်အား ရေးသားပါ၏။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊ညနေ(၄)နာရီ ရေးတင်၏
READMORE
 

မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း




မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း
အမှတ်စဉ်(၁)၊ ဒုတိယပါတ်ဆက်လက်ဖွင့်
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်

၁၉-၁၁-၀၉ မှ ၂၁-၁၁-၀၉ နေ့အထိ(၃)ရက် ဖွင့်ပါမည်။သင်တန်းချိန်များမှာ (နံနက်၇မှ၉)နာရီ၊နေ့လည်(၁မှ၃နာရီ) တစ်ရက်(၂)ချိန် ယခင်အစီအစဉ်အတိုင်း သင်ကြားပေးပါမည်။ သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသ(ဓမ္မာစရိယ) ကြွရောက်ပို့ချသင်ကြားပေးပါသည်။ တက်ရောက်သင်ကြားသော ဆရာတော်များမှာ မကွေမြို့စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါးဖြစ်၏။ သင်တန်းခန်းမ နှင့် မီးစက်မောင်းအလှူရှင်မှာ ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစုမှ ပညာဒါနပြုပါသည်။ သင်တန်းဆရာတော်(၂)ပါးအတွက် မန္တလေး၊မကွေး အသွားအပြန်ခရီးစားရိတ်အား(ရွှေဒိုမိန်း မိသားစုမှ ငွေကျပ်(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းကျပ်မတည်လှူဒါန်းထားပါသည်။ သင်တန်းနည်းပြ ဆရာတော်(၂)ပါးအား မကွေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့ ဥက္ကဌ ဦးပညာစက္က၏ ပညာစက္ကရာမကျောင်းတိုက် မှသတင်းသုံးနေထိုင်ရေးနှင့် ဆွမ်းကပ်လှူဒါန်းပါသည်။

သင်တန်းနည်းပြဆရာတော် ဦးကောဝိဒ (စစ်ကိုင်းဆွမ်းလောင်းသင်းနှင့် အခမဲ့ကွန်ပျူတာ သင်တန်းကျောင်း)ဆရာတော်မှာ စစ်ကိုင်းတိုင်း မြရတနာ(အနာကြီးရောဂါသည်များ)ရွာတွင် အ၀ီစိ ရေတွင်းတူးခြင်း၊ စတုဒီတာ ထမင်းကြွေးအလှူကိစ္စများကြောင့် မကွေးသင်တန်းသို့ မကြွလာ နိုင်ကြောင်း သိရှိရပါသည်။ တတိယပါတ် သင်တန်းသို့ လာရာက်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးကောဝိဒ မှဖုန်းဆက်၍မိန့်ကြားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊နံနက်(၈း၄၀)နာရီ ရေး၏။
READMORE
 

အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..



အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်တာနက်ဆိုင်ထောင်မိတာတော့
(သားမှားပြီ..မေမေရဲ့၊သောကတွေကြွယ်..၊ ဒေါသတွေလွယ်…) လို့သာ ဟင်္သာတကိုထွန်းရင် သီချင်းကို အော်၍သာ ..ဆိုလိုက်ချင်ပါတော့တယ်ဗျာ…။အခွန်အခတွေကတစ်နှစ်ထက်တစ်နှစ်(၂)ဆတိုးကောက်ကြပါတယ်၊လုပ်ငန်းတွေကထိုးကျနေပါတယ်။မြန်မာပြည်ရဲ့မြို့တွေနယ်တွေမှာ အင်တာနက်ဆိုင်တွေ နေ့ချင်း၊ညချင်းပေါလာတာတော့ လူငယ်တွေအတွက်ဝမ်းသာစရာပါ..။

ဟိုတစ်လောက မန်းသူလေး အွန်လိုင်းပေါ်တက်လာပါတယ်။ ပခုက္ကူမြို့မှာ အင်တာနက်(၁)နာရီသုံးခ ငွေကျပ်(၁၀၀၀ိ)တဲ့..၊VZo ကင်ပရာကိုင်လိုက်တာနဲ့ အမ၊အမ (အဲဒါကိုသုံးရင် နောက်ထပ်တစ်နာရီ(၂၀၀၀ိ)ကျပ်ထပ်ပေးရမယ်တဲ့..။) သူကပြောပါတယ်။အင်း တောင်တွင်းကြီးမြို့မှာလဲ တစ်နာရီ(၁၀၀၀ိ)ကျပ်တဲ့။ အင်တာနက်ဆိုင်ရှားသေးတဲ့မြို့တွေက ဈေးတောင်းသလောက်ရကြမှာပေါ့လေ..။

ရန်ကုန်၊မန္တလေး၊မကွေးမြို့တွေမှာတော့ ဈေးတွေကျပျက်ကုန်ပါပြီ…။ တစ်နာရီ(၅၀၀ိ)ကျပ်ကနေ..တစ်နာရီ(၄၀၀ိ-၃၀၀ိ-၂၅၀ိ-၂၀၀ိ-၁၀၀)ကျပ်အထိ ဈေးတွေဒလဟောကို ထိုးချ၊ ထိုးကျနေကြပါပြီ….။ဒါကြောင့်လဲ ဂျာနယ်တွေမှာ(လက်ရှိအသုံးပြုနေဆဲ အင်တာနက်ဆိုင် တစ်ဆိုင်လုံး ရောင်းရန်..အပိုမီးစက်(၂)လုံး၊ အဲယားကွန်း(၃)လုံး၊ပစ္စည်းစုံပါသည်၊သင့်မဲ့ဈေးနှင့်အမြန်ရောင်းလိုပါသည်..)။ စတဲ့ကြော်ငြာတွေကို ခဏ ခဏဖတ်နေရတာပါနော်..။

ကျွန်တော်တို့ မကွေးမြို့မှာ အင်တာနက်ဆိုင်(၄၀)ခန့်ရှိပါတယ်..။ဆိုင်တွေနာမည်ကိုတော့ မပြောတော့ပါဘူး။ ဆိုင်သေး၊ဆိုင်လတ်၊ ဆိုင်ကြီး(၃)မျိုးလောက်တော့ ကွဲကြပါမည်။ အင်တာနက်ဆိုင်ကို (Adsl လိုင်းမပေါ်ခင်နဲ့၊ ပေါ်ပြီးစကာလမှ စောစောစဖွင့်ခဲ့တဲ့ဆိုင်တွေကတော့ ယခုလောက်ဆို အရင်းတော့ရလောက်ကြပါပြီ..။ ၂၀၀၉ ခုမှစဖွင့်တဲ့ဆိုင်တွေကတော့ မကြာခင်မှာ(အရုပ်ပြင်း) အရင်းပြုတ်ကုန်ကြပါတော့မည်..။ အဲဒီအထဲ ကျွန်တော်ကရှေ့ဆုံးကဖြစ်ပါတယ်..။ (အခြားစီးပွားရေးတွေနဲ့တွဲဖက်ပြီး တောင့်ခံနိုင်တဲ့ဆိုင်ကြီးတွေကတော့ ကျန်နေခဲ့ကြမယ်လို့ထင်ပါတယ်..။) အင်း..အဲဒီဆိုင်ကြီးတွေက လျှပ်စစ်မီး(၂၄)နာရီ မီးလာကြတယ်လေ..။ ဘယ်ကနေ ဘယ်လိုရကြတာလဲဆိုတာကတော့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူကသိကြမှာလဲဗျာ..။ကျွန်တော်တို့ဆီမှာ.. မိုးကလဲကွက်ကြားရွာသလို..မီးကလဲကွက်ကြားလာနေကြတာ မဆန်းတော့ပါဘူးလေ..။ ဒါကြောင့် ညတိုင်း၊ညတိုင်း ဖယောင်းတိုင်မီးလေးကိုတွန်းပြီး..၊ မီးစက်ကလေးကိုမောင်းပြီး..၊ကိုလေးဖြူ သီချင်းလား..ဘာတဲ့..(အလင်းရောင်..အလင်းရောင်..အလင်းရာင်…………။)လို့လဲအော်ဟစ်မိပါတယ်…ဗျာ..။

““ဦးလေး၊ ဦးလေး..ကျမသုံးတဲ့(နံပါတ် ၁ စက်ပြီးပါပြီ..(၁၅)မိနစ်ဆိုတော့ ရော့(၅၀ိ)တဲ့..”””။

ဗျာ…ကျွန်တော်မျက်လုံးပြူးသွားပါတယ်…။

“ ဟေး..နာရီဝက်သုံးခ(၁၅၀)ကျပ်တော့ ပေးပါတူမကြီးရာ..ငါတို့မှာ နေ့ရောညပါမီးစက်မောင်း ရတာပါ ကွယ်..။ဒီဇယ်တစ်ဂါလံ(၃၀၀၀ိ)ပေးရတာပါ။ တူမကြီးတို့စားနေတဲ့ ဇီးထုတ်(၁)ထုပ်တောင်(၁၀၀ိ)တန်မရှိတော့ပါဘူး။ဇီးထုပ်တစ်ထုပ်ကို ၃၀၀-၄၀၀ိ ပေးရပါတယ်..။ ငါတို့ အင်တာနက်က ဇီးထုပ်တစ်ထုပ်လောက်တောင် တန်ဖိုးမရှိတော့ပါလားကွယ်….။“

““ ရှင်..ဦးဆိုင်ကသာ..မရတာ..ဟိုမှာ ကောင်းမွန်စူပါမားကတ်ပေါ်က ကျမတို့လို(Manber)တွေဆိုရင်..တစ်နာကို(၂၀၀ိ)ကျပ် ရပါတယ်..။ တကယ်ထဲ အဖြစ်သဲနေလိုက်တာ..အဲဒီဆိုင်ကိုပဲသွားတော့မယ်.. အင်တာနက်တွေ နက်ဝပ်ဂိမ်းတွေစက်အလုံး(၁၀၀)ကျော်ကိုရွေးပြီး ခေါင်းခေါက်သုံးလို့ရပါတယ်နော်..”””

ကျွန်တော်..ကျွန်တော်.. ခြေဖနောင့်ကို ဆောင့်ကာ ဆောင့်ကာ ပြောဆို၍ ထွက်သွားသော ကလေးမလေးကိုကြည့်ပြီး……

“ ဟောသည်မှာဗျာ…အင်တာနက် ပူပူနွေးနွေးလေး..စက်တစ်လုံးမှ ပြားသုံးဆယ်..” ဟုသာ အော်၍သာ ရောင်းလိုက်ချင်ပါတော့သတည်း…..။”

ရှိတဲ့သူတွေ..ပို၍ရှိနိုင်ကြပါစေ…..။ မွဲတဲ့သူတွေ..ဒီဘ၀က အမြန်လွတ်ကင်းနိုင်ကြပါစေ…။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ နိုဝင်ဘာလ၊(၁၆)ရက်၊ည(၈း၃၀)နာရီ ရေးပါသည်။
READMORE
 

ဖြတ်ညှပ်ကပ်သတင်းသမား တစ်ဦးကြောင့်


ဖြတ်ညှပ်ကပ် သတင်းသမား ငါးခုံးမတစ်ကောင်ကြောင့်
သတင်းလောက တစ်လှေလုံး အပုပ်မခံနိုင်ပါ…။
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၂၁)ရက်။

တစ်လောက ဈေးကွက်ဂျာနယ်မှာ ဆရာကျွန်းသားငမန်းမှရခိုင်ကဈေးကွက်သတင်းတွေကို ကော်ပီကူးချတဲ့သတင်းသမားတစ်ဦးကြောင့် အညာမြေလတ်သတင်းသမားများကို ၀ါးလုံးရှည်နဲ့ ကလော်ခံလိုက်ရပါတယ်။
ယခုလဲ ဒီပုံကိုကြည့်ပါ အဝေးကမြင်နိုင်ပါတယ်။ (မကွေးမြို့မဈေး ကမ်းနားလမ်း သင်္ဘောဆိပ်အနီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကို ပြုပြင်စဉ်) စာသားနဲ့ သတင်းဓာတ်ပုံမှားကြီးကို ဖော်ပြပေးထားပါတယ်။သတင်းအချက်အလက် ခိုင်လုံသောအကြောင်းအရာလဲ မပါပါဘူး။ သတင်းဓာတ်ပုံမှာ မကွေးကမ်းနားလမ်း လုံးဝမဟုတ်ပါ။ မကွေကမ်းနားလမ်း ရေကာတာ ကျောက်ရိုးကြီးကို (မ-ဆ-လ)ခေတ်ကတည်းက အခိုင်အမာတည်ဆောက် ခဲ့ပါတယ်။ ဧရာဝတီတံတား(မကွေး)တည်ဆောက်စဉ်ကလဲ ထပ်မံပြုပြင် အလှဆင်ထားပါတယ်။ ဘယ်သဘာဝ ဘေးအန္တရာယ်မှ ယနေ့အထိ မကျရောက် မပြိုပျက်ခဲ့ပါ။ ကျွန်တော်နှင့်တကွ စာဖတ်သူများမှာ ဒီဂျာနယ်၊ ဒီသတင်းမှား ဓာတ်ပုံကြီးကိုမြင်တွေ့လိုက်ရတာ များစွာစိတ်ထိခိုက်ကြရပါတယ်။ သာယာလှပနေတဲ့ ဆိပ်ကမ်းသာ မကွေးမြို့ရဲ့ကမ်းနားလမ်းကို ယခုလိုအနိဌာရုံ မဟုတ်မမှန်သတင်းမှားကြီး အတွက် မည်သူမှာတာဝန်ရှိပါသနည်း…။ ဒီသတင်း တစ်ပုဒ်ရေးလို့စာမူခငွေ(၃၀၀၀ိ)(၅၀၀၀)ကျပ် ရရှိရေးအတွက်ကိုသာဦးတည်ပြီး သတင်းဖြစ်အောင် ဖြတ်ညှပ်ကပ် ကော်ပီကူးချ ရေးသားနေတဲ့ သတင်းသမားများ ကို သက်ဆိုင်ရာမှ ထိရောက်စွာ ဖော်ထုတ် ရှင်းလင်းသင့်ပါပြီ…။

၂၂-၁၀-၀၉ နေ့မှာ ၎င်းသတင်းဓာတ်ပုံအတွက် နေလင်း(မကွေး) အား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး၍ကာယကံရှင်မှ မှားယွင်းစွာဖော်ပြမိပါကြောင်းဝန်ခံဂတိလက်မှတ် ရေးထိုးပေးထားရကြောင်း ကြားသိရပါတယ်ခင်ဗျာ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၄-၁၁-၂၀၀၉ ခု၊ ည(၈း၃၀)နာရီ တင်၏။
READMORE
 

မကွေးမြို့တွင် သံဃာတော်များအား အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပြီ..။




မကွေးမြို့တွင် သံဃာတော်များအား
အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပြီ..။

၁၂-၁၁-၂၀၀၉ ၊နေ့ နံနက်(၇)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့် မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင် ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅) ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင် အမှတ်စဉ်(၁)သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ယင်းသင်တန်းအား မကွေးတိုင်းသံဃာ့နာယက အဖွဲ့နှင့်တိုင်းသာသနာရေးဦးစီးမှူးရုံးမှ ဦးစီးကျင်းပဆောင်ရွက်ပေးပါသည်။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့် မန္တလေးမြို့ မြင်ဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသ တို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက် ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။ယင်းဆရာတော်နှစ်ပါးအား မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ပညာစက္ကကျောင်းတွင် ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင် တက်ရောက်ကြားကြသောဆရာတော်များမှာ မကွေးမြို့ စာသင်တိုက် အသီးသီးမှ စာချဆရာတော်များ ဖြစ်ကြောင်းသိရ၏။ ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာ အသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးမည်ဟု ကြားသိရပါသည်။ သင်တန်းကာလမှာ (၁)လဖြစ်၍ တစ်ပါတ်လျှင် ကြာသာပတေးနေ့၊ သောကြာနေ့၊ စနေနေ့(၃)ရက် ပို့ချပေးပါမည်။ သင်တန်းချိန်မှာ နံနက်(၇-၉)နာရီတစ်ချိန်၊ နေ့လည်(၁-၃)နာရီ၊ တစ်ရက်(၂)ချိန်သင်ကြားပို့ချပေးပါမည်။သင်တန်း နှစ်သုတ်သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ ယင်းသင်တန်းသို့ တက်ရောက်သင်ကြားလိုကြသော ဆရာတော်၊သီလရှင် များအား မကွေးတိုင်း သံဃာ့နာယက အဖွဲ့ထံ စုံစမ်းစာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းများသို့ ဆက်သွယ် လိုပါက ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၅၁၉၇ သို့ဆက်သွယ်နိုင်ကြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁၁-၂၀၀၉ ညနေ(၄း၃၀)နာရီ
READMORE
 

ကျွန်ုပ်တွေ့သော စိတ်သဘာဝ(၃)

ShweOoDown

ရွှေလမ်းငွေလမ်းဝင်းကြည်
(၁၁-၁၁-၀၉) ည(၉)နာရီ
READMORE
 

လွတ်လပ်တဲ့ ဘဝ

http://www.dhammayanant.com/

ဓမ္မရနံ့ ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

image hosted by ImageVenue.com


သံသရာချီတဲ့ ဒေ၀ဒတ် ရန်ငြိုးက
ရွှေခွက်မရတာက စသတဲ့…။

ကလီယိုပါထရာကြောင့်
ရောမအင်ပါယာကြီး ပျက်ဖူးတယ်…။

နယ်ပယ်သစ်ကို လိုချင်လွန်းလို့
စစ်ပွဲတွေလည်း နွှဲခဲ့ကြဖူးတယ်…။

ရွှေတွင်း ငွေတွင်း ရတနာတွင်းတွေအတွက်လည်း
သွေးစက်တွေ မြေခခဲ့ရဖူးတယ်…။

ဝတ္ထု နေရာ လူ ဆု တစ်စုံတစ်ခု
ရလိုမှု အာရုံပြုပြီး
တရား၊ မတရား နည်းကုန်ဖက်
စွမ်းအားရှိသမျှ လုယက်ပြိုင်ဆိုင်
နိုင်ပြန်တော့ ရန်တွေပွါး
ရှုံးရတော့ ဒေါသများ
ကဲ… ဘယ်မှာလဲ အကျိုးအမြတ်တရား…။

သားတစ်ရှင် ကျီးတစ်ကောင်လို ဘဝ
မလွှတ်မချင်း ထိုးဆိတ်ခံရ
လွှတ်မချရင် ဘ၀ပျက်
စုတ်..ပြတ်..သတ်..ဖွာ..ထွက်
ငါတို့ကိုယ်တိုင်ကရော
ထိုးဆိတ်နေကြတာလား…။
အထိုးဆိတ်ခံနေရတာလား…။

အရင်းစစ်တော့ တရားခံက
အာရုံလုတဲ့ လောဘ…။
အပြစ်မမြင် အစစ်ထင်ပြီး
နှစ်ခဲ့ရတာလည်း မောလှပါပြီ
(ဒီတော့…) သံသရာဆက်မယ့် အာရုံတွေ တစ်ခန်းရပ်
ဥပါဒါန်အစွဲတွေ ချဖြတ်
လောကဓံ စည်းအပြင်မှာ ထရပ်ရင်း
ဘ၀ကို လွတ်လပ်မှု ပေးကြည့်ကြစို့လေ…။

ဓမ္မရနံ့

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ နိုဝင်ဘာလ(၉)ရက်၊ ည(၁၂)နာရီ ကူးယူ၏။
READMORE
 

ယမမင်းထံ အစစ်ခံခြင်း

ယမမင်းထံ အစစ်ခံခြင်း
Posted on November 2, 2009 by စန္ဒာ
Rate This

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။


ကျမ်းကိုး ။ ။ အမတ်ကြီး ဦးပေါ်ဦး
ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

************************************************************************************

http://sandarthuriya.wordpress.com/ စန္ဒာသူရိယ ဆိုဒ်မှ....


ကိုဖိုးသား ပို့ပေးသော မေးလ်အား ထပ်ဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၄)ရက်၊ည(၇)နာရီ ကူးယူ၏။
READMORE
 

သားဆိုး မဟုတ်သော အေးရွှေ-ကေတုမတီ

ဘာသာမတူအဖေ့ထံမှ ခွဲထွက်ခဲ့ပြီး အယူမှန် သရဏဂုံအား အသက်ထက်ဆုံး သက်ဝင်ယုံကြည်ကိုးကွယ်တတ်သော စာရေးဆရာ အေးရွှေ-ကေတုမတီအား သူရေးသားသောဤစာမူဖြင့် ဂုဏ်ပြုလိုက်ရပါသည်။(ယခင် ကြိုတင်ဖော်ပြပေးထားသော အဆက်ဖြစ်ပါ၏)
Aye


ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်။





ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၄)ရက်၊ ညနေ(၃း၃၀)
READMORE
 

ခရီးသွား သတင်းသမား(၁)


(၂၅-၁၀-၀၉) နေ့က မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ရဲ့ (၂၄၉)ကြိမ် ကျပ်သိန်း(၁၀၀၀)ဆု တတိယအကြိမ် ကံထူးရှင် ဒေါ်တင်ရ (အမရပူရမြို့နယ်) ကို အပိုဆုကျပ်သိန်း(၅၀၀) ဂုဏ်ပြုပွဲကို တက်ခဲ့ပါတယ်။ မန္တလေးမြို့၊ ၂၆ လမ်း၊ စွမ်းဟော်တယ် မျက်ခင်းပြင်မှာကျင်းပကြပါတယ်။ အဖိုးတန်တဲ့ မိုယံထီဆိုင်ရဲ့ အစဉ်အလာ အတိုင်း ကြီးကြယ် ခန်းနားစွာ ကျင်းပပါတယ်။ အောင်ဘာလေထီလောကမှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် (၃) ဦးတိတိကို ဆက်ခါဆက်ခါ ဆွတ်ခူးခဲ့ပါတယ်။ (၂၄၆)ကြိမ်မှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် ဒေါ်နွဲ့နွဲ့ (ဖြူးမြို့) က ပထမအကြိမ်။ (၂၄၇)ကြိမ် မှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် ဒေါ်နော်စတယ်လာ (ကလေးဝ မြို့)က ဒုတိယအကြိမ် (၂)လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (အဲဒီလက မန္တလေးမြို့ မန္တလေးဟော်တယ် မှာကျင်းပပြီး ကံထူးရှင်များကို မြို့တွင်းသို့ လှဲ့လည်ပြသသောသတင်း တင်ပြပြီး)။

ယခု ကျပ်သိန်း(၁၀၀၀)ကံထူးရှင်ဂုဏ်ပွနှင့် အတူ ၂၀၀၉ ခုနှစ် မိုးယံ၏ အထက်မြန်မာပြည် အလှမယ်ရွေးချယ်ပွဲကြီးပါ ကျင်းပနိုင်ခဲ့ပါတယ်။ အလှမယ် မော်ဒယ်များ(၃၀)ဦးလုံးကို မိုးယံမှမိတ်ကပ်၊ ဒီဇိုင်း၊ အ၀တ်အစား၊ လက်ဝတ်ရတနာများအစုံအလင် အကုန် အကျခံ ပြင်ဆင်ပေးကြောင်း ကြားသိရပါတယ်။ အထက်မြန်မာပြည်မှ ဆန်ကာတင် အလှမယ်(၃၀) ဦးမှ (၁၀)ဦးကို ကြွရောက်လာကြတဲ့ ပရိသတ်များက မဲပေးရွေးချယ်ပေးခဲ့ကြပါတယ်။ ယခုရွေးချယ်လိုက်တဲ့(၁၀) ဦးမှာ ရန်ကုန်မြို့တွင်ဆက်လက်ကျင်းပမဲ့ မိုးယံ၏ အလှမယ်ရွေးချယ်ပွဲကြီးကို ထပ်မံ ယှဉ်ပြိုင်ကြရပါဦးမည်..။













မိုးယံ အလှမယ် စကာတင် Top (10)

Top 1 ရှိုင်းသူသူမောင်

Top 2 ယဉ်လဲ့ဖြူ

Top 3 ချမ်းမို့မို့

Top 4 ဂျာနန်

Top 5 ချစ်စုဟန်နီ

Top 6 လင်းလက်ကျော်အောင်

Top 7 ထိုက်ဆုဝင်း

Top 8 နန်းအိမ်ချယ်ရီမောင်

Top 9 ခမ်းအိအိမွန်

Top 10 သျှင်သုဝေ (ခ) သက်ထားအောင်

မိုးယံ အလှမယ် စကာတင်ရွေးချယ်ထားသောမော်ဒယ်(၁၀) ယောက် စာရင်းဖြစ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၂၈)ရက်၊ည(၁၀)နာရီတွင် ရေး၏။
READMORE
 

ဆရာတော်ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများ

http://ashinnyanadipa.blogspot.com/ အရှင်ဉာဏဒီပ (ဓမ္မရတနာ)


လယ်တီဆရာတော်ဘုရားကြီး၏
ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့ကွင်းကျောင်းဘုန်းကြီး တပည့်ဦးသူရိန္ဒကို သတိပေး ဆုံးမအပ်သော
သြ၀ါဒတေးထပ်

- မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊
- ငရဲနှင့် လူ့ရွာမှာ၊ ခုအခါ မခြား၊
- မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ ဖြစ်လား၊
- စိတ်ရတက် အညစ်ထူ၊ အပြစ်မူထွေပြား၊
- တတွေတွေ သေလို့သွားရင်လ၊ တဖွားဖွားအောက်မှာ၊
- ယမနယ် ဘုံအနှုန်း၊ အကုန်လုံး စုကြမည်သာ၊
- သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါညီလှရဲ့၊
- မှီသမျှ ဉာဏ်ကုန်မျှော်နော်၊ ရောလို့ မတော်၊
- အလိုလိုက်လို့ အငိုက်ချော်လျှင်၊
- တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။

သံဝေဂ၀တ္ထု (၈) ပါး...

- နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
- ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
- ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
- ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
- ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
- ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
- ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
- ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)

မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။
(မဟာစည်ဆရာတော်ဘုရားကြီး)

ရွှေရှိတယ် ပြောပြော၊ ငွေရှိတယ် ပြောပြော…
ပစ္စုပ္ပန်မှာ အေးချမ်းတည်ငြိမ် ရင့်ကျက်စွာနဲ့ မနေတတ်ဘူးဆိုရင်
လူ့ဘ၀ဟာ ဘာကိုမှ အဓိပ္ပာယ် မရှိပါ။
(ယောဆရာတော်)


“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုး သယ်ပိုးရမယ်” ဆိုတာက “အကုသိုလ်အလုပ် မလုပ်ဖို့” ပြောတာပါ။
“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုး သယ်ပိုးရမယ်” ဆိုတာက “ကုသိုလ်အလုပ် လုပ်ဖို့” ပြောတာပါ။
(အရှင်ဆန္ဒာဓိက)

“ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ဆောင်”
အဲဒီလို မဖြစ်စေနဲ့...
(လယ်တီဆရာတော်ဘုရားကြီး)

တဏှာခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
အ၀ိဇ္ဇာတဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
ဒကာ၊ ဒကာမတွေ ကျွန်သဘောက် ပီပီ တဏှာခိုင်းတိုင်း လုပ်နေတာပဲ။
တဏှာခိုင်းတိုင်း လုပ်နေရင် သေရင် အပါယ်ရောက်ပြီ။
တဏှာအဖော် မလုပ်ပါနဲ့။ ဉာဏ်အဖော် လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)

သူတော်ကောင်း ဆိုတာ
သူတော်အောင် ကိုယ်က ကောင်းပေးရတာပဲ။
သူတော်မှ ကိုယ်ကောင်းနိုင်မယ် ဆိုရင်
သူတော်ကောင်းအစစ် မဟုတ်နိုင်တော့ဘူး...
(ယောဆရာတော်)

ဟန်ကျအောင်...
ကိုယ့်ကိုယ်ကို ဟန်မကျတာ
ဟန်မကျမှန်းသိမှ
ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ်
ထင်နေရင်
နည်းနည်းလေးမှ
ဟန်မကျသေးဘူး။
(ဝေဘူဆရာတော်ဘုရားကြီး)


လယ်တီဆရာတော် သံဝေဂတေးထပ်...
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောက်အသစ် တကယ်ပြင်လျင်၊ ကောင်းဖို့ အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား....
(တပည့်မောင်သြဇာကို ဆုံးမသော ဆရာတော်ဘုရားကြီး၏ သံဝေဂတေးထပ်)

အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်...
အရှင်ဒေ၀ဒတ်သည် အရာရာ၌ အသာချည်း စံခဲ့သည်။ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်သည် ယခုအခါ အ၀ီစိ ငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထို့အတူ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သူ မှန်သမျှသည် အရှင်ဒေ၀ဒတ် နောက်သို့ လိုက်ကြရမည် ဖြစ်၏။
ဗုဒ္ဒသည် အရာရာ၌ အနာခံခဲ့သည်။ အနာခံခြင်း ၀ါဒကို တည်ထောင်ခဲ့သော ဗုဒ္ဓသည် ယခုအခါ နိဗ္ဗာန်သို့ ရောက်နေပြီ ဖြစ်၏။ ထို့အတူ အနာခံခြင်း ၀ါဒကို ကျင့်သုံးသူ မှန်သမျှသည် ဗုဒ္ဓနောက်သို့ လိုက်ကြရမည် ဖြစ်၏။
သစ္စာစကားဖြင့် ပြောလျှင် အသာစံခြင်းသည် “သမုဒယသစ္စာ” ခေါ် တဏှာကို သိမ်းပိုက်ထားခြင်း ဖြစ်၏။ အနာခံခြင်းသည် သမုဒယသစ္စာ ခေါ် တဏှာကို စာတွေ့မဟုတ်ဘဲ ငါတွေ့အလုပ်ဖြင့် ပယ်သတ်ခြင်း ဖြစ်၏။
ထို့ကြောင့် နိဗ္ဗာန်ကို ရယူလိုသူ မှန်သမျှ အနာခံခြင်း ၀ါဒကို ကျင့်သုံးရမည် ဖြစ်သည်...
[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]


သူများအကျိုး ပျက်စီးရာကို ဘယ်အခါမှ မပြောနှင့်၊ မလုပ်နှင့်၊ မကြံနှင့်။
ကြမ်းထမ်းသော စကားကို မဆိုနှင့်။
မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။
(မင်းကွန်းဆရာတော်ဘုရားကြီး)


တရားစစ်နည်း...
အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု မရှိလျင်
ထိုအသိသည် သညာသိ၊ စာသိ၊ ဗဟုသုတသိ။
အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု ရှိလျင်
ထိုအသိသည် ပညာသိ၊ ခန္ဓာသိ၊ ပဋိဝေဓသိ။
ဤကား သောချာသော တရားစစ်နည်းတည်း...
[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]

စေတီထိုက်သော ခန္ဓာအိမ်...
ယောဂီတို့ ကိုယ့်ရှိပြီးသား ထွက်လေ၊ ၀င်လေ လေးကိုပဲ တစ်ရူတစ်ရှိုက် နှာသီးဖျား သတိလေးကပ်ပြီး ဘုရားဂုဏ်တော်တွေ၊ တရားဂုဏ်တော်တွေ၊ သံဃာ့ဂုဏ်တော်တွေ ထုံမွှမ်းပြီး မှတ်နေကြတော့။
ယောဂီတို့ရဲ့ ခန္ဓာအိမ်ကြီးက စေတီအိမ်ကြီးလိုပဲ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေရဲ့ ပူဇော်ခြင်းငှာ ထိုက်နေတော့တယ်။
ခန္ဓာကိုယ် တစ်ခုလုံး တရားတွေနဲ့ ပြည့်နေတော့ ယောဂီတို့ရဲ့ ခန္ဓာကိုယ်ကြီးက
နံ့သာတုန်းကြီး ဖြစ်မနေဘူးလား။
အကောင်းတုန်းကြီး ဖြစ်မနေဘူးလား။
အမွန်မြတ်တုန်းကြီး ဖြစ်မနေဘူးလား။
ဒီလို ဖြစ်ဖို့ မလွယ်ဘူး။
ကြိုးစားအားထုတ်ကြ.....
(မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး)

ကျင့်ကြံအားထုတ်ရန်...
- မိမိရဲ့ ရခဲ့တဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေနဲ့ မဖြုံးလိုက်ပါနဲ့။
- ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
- ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူ ပြေးနေတော့
မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် နီးသွားပြီဆိုတာသာ ယုံလိုက်ပါ။
- ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
- ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
- အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
- အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ် ဆိုရင် အသေစောသွားရင်
ကိုယ်ကျိုးနည်းလိမ့်မယ်။
- သာသနာနဲ့ ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
- ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တမ်းဝင်ရမယ့် ဘ၀ပဲလို့
ဆုံးဖြတ်ချက်ချပြီး အလုပ်သာ လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)


ကိုယ်ကျိုးမနည်းဘူးလား...
အားမှလုပ်မယ်၊ အားမှလုပ်မယ် ဆိုပြီး
အားရက်စောင့်မယ် ဆိုလို့ရှိရင်
“ခေါင်း” ထဲ ၀င်တဲ့ နေ့ပဲ။
ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်။
မနက်ဖြန်သည် ကိုယ့်အတွက် မဟုတ်ဘူးလေ။
အနာဂါတ် ဆိုတာ မသေချာဘူးတဲ့။
ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ဆိုသလို
ညသေသွားရင် ဘယ့်နှယ်လုပ်မလဲ။
ကိုယ်ကျိုးမနည်းဘူးလား....
(အောင်ဆန်းဆရာတော်)


လူကောင်း၊ လူမိုက် ဖြစ်ရခြင်း...
လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို
လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။
ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး
ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့်
လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်.....
(ဖားအောက်ဆရာတော်)


ငါ...
“ငါ” မရှိမှ သိကြလိမ့်မယ်တဲ့။
အဲဒီ ငါကရော
ရေရေရာရာ
ဘတွေကို သိထားပြီးပြီလဲ...
(အရှင်ဆေကိန္ဒ)

ဆွဲအားနှစ်ခု စိတ်ကိုလု...
ခန္ဓာစုက မြေကျွေးရ၊ ဒုက္ခအပူ တိုးပွားစေ။
ဘောင်ကျော်လွန်က အပါယ်ကျ၊ ဒုက္ခပင်လယ်ဝေ။
သဒ္ဓါစွဲက စွမ်းအားရ၊ မုချ ချမ်းသာပေ။
တရားစုမှ ကိုယ်ပိုင်ရ၊ မုချ စိတ်အေးစေ။
ဆွဲအားနှစ်ခု စိတ်ကိုလု၊ ကောင်းမှု နိုင်ပါစေ...
(ယောဆရာတော်)


အိုဘယ့်ငါ...
ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း။
ငါသည် ငါအကြည်ညိုခံရသောငါ ဖြစ်ထိုက်သည်။
သူတစ်ပါးကို ညာဝါးလို့ ရသည်။
ငါ့ကိုယ်ငါ ညာဝါးလို့ မရ။
မည်သူမဆို မိမိကိုယ်ကို မိမိ ကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစားရမယ်...
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


အားမှသေမှာလား၊ သေမှအားမှာလား...
ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ လူတွေ မရေမတွက်နိုင်လောက်အောင် သေနေကြတာ အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ ကြားက သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင် အားတဲ့သူကိုလည်း ခေါ်မှာပါ။ မအားတဲ့သူ ကိုလည်း ခေါ်မှာပါ။
သေမင်းမှာ တပည့်မွေးပြီး လူရွေးတဲ့မူ မရှိပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက သေမင်းလာခေါ်ရင် အချိန်မရွေး လိုက်သွားရမှာပဲ ဆိုတာကို ကြိုတင်ပြီးတာ့ နှလုံးသွင်း ဆင်ခြင်ထားမယ် ဆိုရင် မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဓမ္မကို မျက်နှာလွှဲတဲ့ အဖြစ်ကို ရောက်မှာ မဟုတ်တော့ဘူး...
(အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ)


အချောကိုင်နည်း...
တရားအားထုတ်တယ်ဆိုတာ အဓိက ကတော့ ပြဿနာကို ဖြေရှင်းတာပါပဲ။ ဘယ်သူ့ပြဿနာလဲ ဆိုတော့ မိမိ ပြဿနာပါပဲ။ မိမိပြဿနာကို မိမိဖြေရှင်းမှ အေးတာကိုး။
တန်ချိန်ဖွဲ့လို့ မရနိုင်တဲ့ ဒုက္ခပြဿနာတွေ ၀ိုင်းအုံပြည့်နက်နေတဲ့ ဘ၀မှာ လေကဓံ လှိုင်းလုံးကြီးတွေ ဆူးငြောင့်ခလုပ်တွေ ဘုတွေထစ်တွေ အတိုက်အခိုက်တွေ အထိုးနှက်တွေ ဘယ်လောက်များများ နောက်ဆုံး တရားသဘောနဲ့ အချောကိုင်လိုက်နိုင်ရင် ပြီးပြေချောမော သွားကြတော့တာချည်းပါပဲ...
(ဘဒ္ဒန္တဇာဂရာဘိဝံသ - နာဂလှိုင်ဂူ)


သာသနာပြုပုဂ္ဂိုလ်ဆိုတာ...
သာသနာပြုပုဂ္ဂိုလ်ဆိုတာ
လူတွေရဲ့ ရင်ထဲကို
သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါး တည်အောင်
လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။
[အရှင်ဇ၀န-မေတ္တာရှင် (ရွှေပြည်သာ)]


ချမ်းသာချင်ရင်...
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်...
(မဟာစည်ဆရာတော်ဘုရားကြီး)



http://ashinnyanadipa.blogspot.com/ အရှင်ဉာဏဒီပ (ဓမ္မရတနာ) ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ...


လေးစားရိုသေစွာဖြင့်
ဖိုးသား

ကိုဖိုးသား ပေးပို့ထားသော မေးလ်အား ပြန်လည်ဖော်ပြလိုက်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၃၀)ရက်၊နံနက်(၈း၃၀)နာရီ ကူးယူတင်၏။
READMORE