`အများဆန္ဒကြောင့် မကွေးမြို့ ရန်ပယ်ဈေးအနီးမှ ဆိုင်ခန်းများ ကန်သာဈေးသို့ မပြောင်းရွှေ့ရတော့ပါ´
မကွေးမြို့ ရန်ပယ်ဈေးအနီးရှိ သုခိတာလမ်းနှင့် မဲထီးလမ်းမှ ဆိုင်ခန်း(၁၀၈)ခန်း အား ၂၀၁၁ ခုနှစ်တွင် ကန်သာဈေးသို့ ပြောင်းရွှေ့ရန် မကွေးမြို့နယ်စည်ပင်သာရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်း ဆိုင်ခန်းများမှာ ဤနေရာတွင် နေရာချထား၍ (၁၈)နှစ်ခန့်ကြာ ရောင်းချလုပ်ကိုင်ခဲ့သော ဆိုင်ခန်းများဟုလည်း ကြားသိရ၏။ ယခုအခါ ယင်းဆိုင်ခန်းများ၏ နောက်ဘက်စိုက်ပျိုးရေးသုသေသနခြံဝိုင်းထဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦးများ ဖြစ်ပေါ်လာသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ထိုဆိုင်ခန်းများဖြင့် မတင့်တယ်ကြောင်း သက်ဆိုင်ရာမှ မြင်တွေ့လာကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ`ဒီဆိုင်ခန်းတွေ က ယခင်ချထားစဉ်တုန်းက ဒီနေရာမှာ မြို့က မစည်ကားသေးဘူးလေ၊ ယခုအခါမှာ ဒီနေရာက မြို့လယ်ခေါင် ဖြစ်နေပြီ၊ ဆိုင်ခန်းတွေ ဆောက်ထားတာကလည်း အကျယ်အ၀န်း၊ အနိမ့်အမြင့်အညီမညာဖြစ်နေတယ်။ အမိုးအကာများက စနစ်တစ်ကျ မဖြစ်ဘူး၊ သံဖြူဆိုင်ပစ္စည်းများ၊ အဟောင်းပစ္စည်းဆိုင်များ၊ ကားဝပ်ရှော့များနဲ့ လူတွေ နေ့/ညနေထိုင်ကြတယ်။ အသံတွေဆူညံနေတယ်။ ယာဉ်အသွား အလာလမ်းတွေပိတ်ဆို့တယ်။ မီးဘေးအန္ထရာယ်လည်း စိုးရိမ်ရပါတယ်။ မြို့တော်အတွက် သန့်ရှင်းသာယာရေးအတွက် စည်ပင်သာယာ ဘိုင်လောဥပဒေအရ ဒီဆိုင်ခန်းတွေက ရန်ပယ်ဈေးနဲ့ လမ်းခြားနေတော့စီမံအုပ်ချုပ်ဖို့ အခက်အခဲဖြစ်တယ်။ နောက် စည်ပင်သာယာရေးအဖွဲ့က လမ်းဘေးမှာ ချထားတဲ့ ဆိုင်ခန်းများဟာ မြေနေရာကိုသာ အငှါးချထားပေးတာပါ။ အပိုင်ပေးထားတာမဟုတ်ပါဘူး။ အများပြည်သူများအတွက် အသွားအလာ လမ်းပိတ်ဆို့မယ်။ မီးဘေးအန္တရာယ်ပြုနိုင်မယ်ဆိုရင် စည်ပင်သာယာ(ဘိုင်လော)အရ ပြန်လည်သိမ်းခွင့်ရှိ ပါတယ်။ ဒါကြောင့် ၃၀-၄-၂၀၁၂ နေ့ သင်္ကြန်အပြီး ဆိုင်ခန်းအားလုံးကို အရွှေ့ခိုင်းရပါတယ်။ ဒီကိစ္စကို ကျွန်တော်အနေနဲ့ စည်ပင်သာယာမှ မကွေးတိုင်းဒေသကြီးနှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးအတွက်၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတစ်ဦးအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့ရတာပါ။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကြောင့်၊ အစိုးရအဖွဲ့က ရွှေ့ခိုင်းတာ မဟုတ်ပါဘူး၊ ယခုလည်း မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်မှ အများဆန္ဒနဲ့အညီ နှစ်ဦးနှစ်ဘက် ညှိနှိုင်းလုပ်ကြဖို့ လမ်းညွှန်ထားပါတယ်။ ယခုတော့ ဈေးဆိုင်ပိုင်ရှင်များနဲ့ ကျွန်တော်တို့စည်ပင်သာယာရေးအဖွဲ့ ညှိနှိုင်းလိုက်တာ အားလုံးအဆင်ပြေသွားပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။´ ဟု ဦးနေမျိုးနိုင်မှ ပြောသည်။
ယင်းကိစ္စအား ဆိုင်ခန်းပိုင်ရှင်များ၏ ကော်မတီအတွင်းရေးမှူး ဦးဆန်းဝင်းလှိုင်ထံ သွားရောက်မေးမြန်းခဲ့ပါသည်။ `ဒီကိစ္စကို ကျွန်တော်တို့ဈေးသူ ဈေးသားများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ အသနားခံစာ တင်ခဲ့ကြပါတယ်။ ၂၆-၄-၂၀၁၂ နေ့မှာ မြို့နယ်စည်ပင်ရုံးက ဆိုင်ခန်းပိုင်ရှင်အားလုံးကို အစည်းအဝေးခေါ်ပါတယ်။ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်တို့နဲ့ ဈေးဆိုင်ပိုင်ရှင်များ(၁၀၀)ကျော်တို့နဲ့ ညှိနှိုင်းဆွေးနွေးကြပါတယ်။ ကျွန်တော်တို့အားလုံးက ဒီနေရာက ဘယ်လိုမှ မဖယ်ရှားလိုကြောင်း၊ ရန်ပယ်ဈေးဆိုတာက တောဈေး၊ တစ်နေကုန်ဖွင့်လှစ်ရောင်းချစားသောက်လို့ ရပါတယ်။ သူတို့ ပြောင်းခိုင်းတဲ့ ကံသာဈေးက မြို့ဈေးပါ၊ နံနက်ပိုင်း ကနေ နေ့လည်(၁၂)နာရီဆိုရင် ဈေးကွဲသွားပြီ။ နေ့တစ်ဝက်ဈေးပါ။ ကျွန်တော်တို့လို ရွှေဆိုင်နဲ့ ယခု ဈေးဆိုင်တွေဆိုတာ တောသူ တောင်သားများကိုသာ မီခို ရောင်းချစားသောက်နေရတာပါ။ ဒါကြောင့် ကန်သာဈေးကို ပြောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး လို့ အများဆန္ဒနဲ့ တင်ပြကြတယ်။ အဲဒီတော့ စည်ပင်သာယာဘက်ကလည်း သူတို့ဖြစ်စေချင်တဲ့ စည်ပင်သာယာ စည်းကမ်းချက်များအတိုင်း ရောင်းချလုပ်ကိုင်ရမယ်လို့ တောင်းဆိုပါတယ်။ ယခု လက်ရှိဆိုင်ခန်းတွေကို မေလ(၁၀)ရက်နေ့အပြီး ဖျက်သိမ်းပေးရမယ်။ ဆိုင်ခန်းနေရာတွေကို လျှောက်လွှာတွေနဲ့ စည်ပင်သာယာရုံးကို ပြန်လည်အပ်နှံပေးရမယ်။ အဲဒီနောက် ယခုနေရာကိုဘဲ စည်ပင်သာယာက ပုံစံရေးဆွဲပေးထားတဲ့ အတိုင်း(၁၂)ခန်းတွဲများ ဆောက်လုပ်ရမယ်။ ဆောက်လုပ်တဲ့အခါ ဈေးကော်မတီက ကိုယ်ထူ ကိုယ်ထစနစ်နဲ့ (၂)လအတွင်း အပြီးဆောက်ပေးရမယ် လို့ပြောပါတယ်။ ဆိုင်ခန်းတန်ဘိုးကတော့ ဈေးကော်မတီအဖွဲ့နဲ့ ဈေးဆောက်လုပ်တဲ့ ကန်ထရိုက်တို့ ဈေးဖြတ်ပြီးရင် အတိအကျ ထွက်လာပါ့မယ်။ ယခု ဆိုင်ခန်းဆောက်လုပ်နေစဉ်မှာ ရန်ပယ်ဈေးရဲ့ မြောက်ဘက်၊ အရှေ့ဘက်နေရာတွေကို ယာယီ ဈေးဆိုင်များ ချထားပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ဒီဆိုင်ခန်းတွေက (၁၉၉၃) နှစ်ကစတင်ချထားခဲ့တာပါ။´ ဟု ဈေးကော်မတီ အတွင်းရေးမှူး ဦးဆန်းဝင်းလှိုင်မှ လျှပ်တစ်ပြက်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။
Artikel `အများဆန္ဒကြောင့် မကွေးမြို့ ရန်ပယ်ဈေးအနီးမှ ဆိုင်ခန်းများ ကန်သာဈေးသို့ မပြောင်းရွှေ့ရတော့ပါ´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 8, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `အများဆန္ဒကြောင့် မကွေးမြို့ ရန်ပယ်ဈေးအနီးမှ ဆိုင်ခန်းများ ကန်သာဈေးသို့ မပြောင်းရွှေ့ရတော့ပါ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment