၇-၂-၂၀၁၂ `ထ ထမနဲ တပို့တွဲ ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၂၅-၂၀၁၂) ၇-၂-၂၀၁၂ `ထ ထမနဲ တပို့တွဲ ´ မနေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမအကြိမ် ထမနဲထိုးပြိုင်ပွဲ သို့ရောက်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အသင်းပေါင်း (၄၅)သင်းယှဉ်ပြိုင်ကြပါတယ်။ ဒီပြိုင်ပွဲကို နိုင်ငံခြားသား ခရီးသည်များလည်း လာရောက်ကြည့်ရှုကြတာကိုတွေ့မြင်ရပါ တယ်။ ပထမဆု ငွေ(၅၀၀၀၀ိ) ကို မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အသင်းက ရပါတယ်။ ဒုတိယဆု ငွေ(၄၀၀၀၀ိ) ကို မကွေးတိုင်းဒေသကြီး ပညာရေးဌာန အသင်းက ရပါတယ်။ တတိယဆု ငွေ(၃၀၀၀၀ိ) ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ရရှိပါတယ်။ မကွေးတိုင်းဒေသကြီး ပြန်/ဆက် ဦးစီးမှူး ဦးဝင်းခင် က ဖိတ်ကြားတဲ့ပွဲ ဖြစ်ပါတယ်။ ညနေပိုင်းမှာ ဆရာ မကွေးဝင်းမြင့်လာပါတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ စာပေ၀ိုင်းက ဆက်ဝင်လာကြတာပါ။ ည ပိုင်းမှာတော့ ကျွန်တော့်သားကြီး က အရက်မူးပြီး အိပ်နေပါတယ်။ သူ့ကို အိပ်ယာက နိုးပြီး ပြင်းပြင်းထန်ထန် ဆုံးမရပါတော့တယ်။ နောက်ဆုံး အရက်သောကနေရင် အိမ်မှာ မနေဖို့အထိ ပြောဆိုလိုက်ရပါတယ်။ အိမ်က ဈေးဆိုင်တွေက ရောင်းအားတွေကကျ၊ စီးပွားရေးက အဆင်မပြေရတဲ့ အထဲ သားကြီးက အရက်ပြန်သောက်နေ တော့ တော်တော်စိတ်ဆင်းရဲမိပါတယ်။ အသက်လည်း (၃၂) နှစ်ရောက်နေပြီ သူ့ကိုယ့်သူသာ ဆုံးမမှ ရပါတော့မည်။ အဖေရော အမေပါ ဆုံးမလို့ ရမည်မထင်တော့ပါဘူး။ ဒါကြောင့် သူနာလောက်မယ့် စကားတွေနဲ့ ပြောဆိုလိုက်မိပါတယ်။ ` မြသလွန်စေတီတော်အား ပူဇော်သော မကွေးတိုင်းဒေသကြီး အစိုးရသစ်၏ ပထမအကြိမ် ထမနဲ ထိုး ပြိုင်ပွဲ´ မကွေး၊ ဖေဖော်ဝါရီလ(၇)ရက်။ ၆-၂-၂၀၁၂ ၊ ၁၃၇၃ ခုနှစ် တပို့တွဲလဆန်း(၁၄)ရက် နေ့ ညနေ(၄)နာရီမှာ မကွေးမြို့ မြသလွန်ဘုရားပွဲတော် ကွင်းပြင်တွင် မကွေးတိုင်းဒေသကြီးအစိုးရသစ် ၏ ပထမအကြိမ် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲ ကျင်းပသည်။ အသင်းပေါင်း (၄၅)သင်းပြိုင်ပွဲဝင်ကြပါသည်။ ယင်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အံ့ဇော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အတွင်းရေးမှူးဦးနေ၀င်း နှင့် မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် တို့ သုံးဦး ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပါသည်။ ဤပွဲကို ထူးထူးခြားခြား နိုင်ငံခြားသား ဧည့်သည်များအဖွဲ့လိုက် လာရောက် လေ့လာကြည့်ရှု အားပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ယူကြပါသည်။ မြန်မာ့ရိုးရာ အစားအစာ ထမနဲထိုးပြိုင်ပွဲဝင် အသင်း တစ်သင်းလျှင် ကောက်ညင်းဆန်(၄) ပြီ၊ ဆီ၊ ဆား၊ အုန်းသီးဆံ နှင့် နှမ်း၊ ဂျင်း စသည့် ပစ္စည်းအစုံ အား အညီအမျှ ကို ပြိုင်ပွဲ မစခင် (၂)နာရီအချိန်ကြိုတင်၍ ထုတ်ပေးထားကြောင်း မြင်တွေ့ရ ပါသည်။ ယင်းပစ္စည်းအစုံအား တစ်သင်းလျှင် ငွေကျပ်(၂၀၀၀၀ိ) နှစ်သောင်းကျပ်ဘိုး ကို ပြိုင်ပွဲကော်မတီမှ အကုန်ကျခံ၍ ကျင်းပကြောင်း သိရ၏။ ဒယ်အိုး၊ ထင်း နှင့် ထမနဲထိုးယောင်းမကြီးများ စသည့် လိုအပ်သော ပစ္စည်းများကို ယှဉ်ပြိုင်မည့် အသင်းများမှ တပါတည်းယူလာကြရပါသည်။ ပြိုင်ပွဲဝင် တစ်သင်းလျှင် ထမနဲထိုးရန်လူ (၇)ဦးစီဖြင့် ယှဉ်ပြိုင်ကြပါသည်။ ညနေ(၄)နာရီအချိန်တွင် ဒိုင်လူကြီးအဖွဲ့မှ ခရာမှုတ်၍ စတင်ပါသည်။ ဒိုင်ချုပ်နှင့်အတူ ဒိုင်အဖွဲ့ စုစုပေါင်း(၁၅)ဦး၊ ထမနဲထိုးနေကြသော ဒယ်အိုးများတွင်လည်း အနီးကပ်ကြီးကြပ်ဒိုင် အဖွဲ့တစ်ဖွဲ့ချင်းအား တစ်ယောက်နှုန်း ဖြင့် (၄၅)ဦး နေရာချထားကြောင်း မြင်တွေ့ရပါသည်။ ပြိုင်ပွဲအချိန်အား (၄၅) မိနစ်သတ်မှတ်ထားပါသည်။ ထမနဲထိုးသော အချိန်အား စောစောပြီးရန် အမြန်ပြိုင်ပွဲကျင်းပခြင်း၊ မဟုတ်ဟုသိရပါသည်။ သို့သော် နောက်ကျမှပြီးသောအဖွဲ့များကို မိနစ်အလိုက် အမှတ်များကို လျှော့ပေးပါသည်။ ပြိုင်ပွဲအား ဒိုင်အဖွဲ့မှ စတင်ချိန်မှစ၍ မိနစ်(၂၅)၊ မိနစ်(၃၅)၊ မိနစ် (၄၀)၊ မိနစ်(၄၅) အချိန်များအား ကြေငြာပေးကြပါသည်။ ပြိုင်ပွဲ(၄၅)သင်းမှ လာရောက်အပ်နှံကြသော ထမနဲ ပွဲများမှာ တစ်သင်းလျှင် ဘုရားပွဲ(၁)ပွဲ၊ ယှဉ်ပြိုင်ပွဲ(၁)ပွဲ၊ ဧည့်သည်များအတွက်(၁)ပွဲ စုစုပေါင်း(၃) ပွဲ အပ်နှံကြရပါ၏။ ပြိုင်ပွဲဝင် ကြွေပုဂံပြားများ၏ အောက်ဘက် ဖင်တွင် ကုတ်နံပါတ်များဖြင့် မှတ်သားထားခြင်းကို မြင်တွေ့ရပါသည်။ ပြိုင်ပွဲဝင်(၄၅) ပုဂံများထဲမှ ဒိုင်(၁၅)ဦးက မြည်းစားပြီး ဒိုင်တစ်ဦးလျှင် စိတ်ကြိတ်(၁)ပွဲစီအား သတ်မှတ်ပေးထားသော အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအတိုင်း ရွေးချယ်ပေးကြသည်ကို မြင်တွေ့ရပါသည်။ ဒိုင်(၁၅) ဦးမှ ရွေးချယ်ထားသော (၁၅)ပွဲကို ဒိုင်များက ထပ်မံ၍ ထမနဲ၏အရသာကိုလည်း မြည်းစားပြီး ရရှိထားသော အမှတ်စာရင်းများကို ပြန်လည်စစ်ဆေးကြပါသည်။ သတ်မှတ်ပေးထားသော စည်းကမ်းချက်များမှ ရမှတ်များ၊ အရောင်အဆင်း၊ အနံ့ အရသာတို့အား ထပ်မံစစ်ဆေးကြပြီး ဇကာတင်အဖြစ် (၅)ပွဲအား ထပ်မံ၍ ရွေးချယ်ကြပါသည်။ ယင်းဇကာတင် ရွေးချယ်ထားသောပြိုင်ပွဲဝင် ထမနဲ (၅)ပွဲမှ ဒိုင်ချုပ် နှင့် ပူးတွဲအကူဒိုင် (၂)ဦးတို့မှ ပ၊ ဒု၊ တ (၃)ပွဲကို ဖိုင်နယ်အဖြစ်ရွေးချယ် ဆုံးဖြတ်ပေးခြင်းအား မြင်တွေ့ရပါသည်။ ပထမဆုအား မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေး အမျိုးသမီးရေးရာအသင်း မှ ဆုငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း ဆွတ်ခူးရရှိပါသည်။ ဒုတိယဆုအား မကွေးတိုင်းဒေသကြီး ပညာရေးဌာနအသင်း မှ ဆုငွေကျပ်(၄၀၀၀၀ိ) လေးသောင်း ရရှိပါသည်။ တတိယဆုအား မကွေးတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်း မှ ဆုငွေကျပ်(၃၀၀၀၀ိ) သုံးသောင်း ဆွတ်ခူးကြပါသည်။ ကျန်သော အသင်း(၄၂) သင်းအား နှစ်သိမ့်ဆုအဖြစ် တစ်သင်းလျှင်(၁၀၀၀၀ိ) တစ်သောင်းကျပ်စီ ချီမြှင့်ပေးကြောင်းမြင်တွေ့ရပါသည်။ ယင်းပြိုင်ပွဲဝင်အသင်း(၄၅)သင်းတို့မှ ထမနဲပွဲများ(၄၅) ပွဲအား (၁၃၇၃ ခု တပို့တွဲလပြည့်နေ့) နံနက်အာရုံဆွမ်းတော်အဖြစ် မကွေးမြို့ မြသလွန်စေတီတော် ဘုရားကြီးအား ပူဇော်ဆက်ကပ် လှူဒါန်းကန်တော့ကြကြောင်း သိရှိရပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၇-၂-၂၀၁၂ `ထ ထမနဲ တပို့တွဲ ´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၇-၂-၂၀၁၂ `ထ ထမနဲ တပို့တွဲ ´
 

0 comments: