၉-၂-၂၀၁၂ ` ဘ၀အဖြစ်မှန် ရသစာတမ်းရေးချင်ပါသည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၂၆-၂၀၁၂) ၉-၂-၂၀၁၂ ` ဘ၀အဖြစ်မှန် ရသစာတမ်းရေးချင်ပါသည်´ ၇-၂-၂၀၁၂ နေ့ည(၈)နာရီမှာ ရုပ်ရှင်အကယ်ဒမီပေးပွဲ တိုက်ရိုက်အသံလွှင့်နေပြီး ည(၈)နာရီ မြန်မာ့အသံ တယ်လီဗေးရှင်း (MR TV) သတင်းကို ကြားလိုက်ရတာ မင်္ဂလာရှိလိုက်တာဗျာ..။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ၂၀၁၂/၂၀၁၃ ဘဏ္ဍာရေးနှစ်စ ၄/၂၀၁၂ လက စပြီး ပြည့်သူ့ဝန်ထမ်းများကို လစာငွေ စားနိုင် သောက်နိုင်အောင် တိုးပေးဖို့ ပြောကြားသွား ပါတယ်။ အမျိုးသားလွှတ်တော်ကို တင်သွင်းပြောကြားပါတယ်။ အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ပါတယ်။ ဒီကိစ္စဟာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ဆန္ဒ မျှော်လင့်ချက် ဖြစ်ပါတယ်လို့လည်း ထည့်ပြောပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းမာ ချမ်းသာကြပါစေလို့ ကျွန်တော်ဆုတောင်းလိုက်မိပါတယ်။ ကျွန်တော် အသက်(၁၈) နှစ်မပြည့်ခင်က ကိုယ်ချေထောက်ပေါ်ကို ကိုယ်ရပ်ပြီး အလုပ်သမားဘ၀ကို ရောက်ခဲ့ပါ တယ်။ ရွာကနေ အလယ်တန်း(၈)တန်းအောင်လို့ ရန်ကုန်ကိုတက်လာပါတယ်။ အဖေ့အမျိုးတွေက ကျောင်းထား မယ်ဆိုလို့ တက်လာပါတယ်။ ဒါပေမယ့် အမျိုးတွေကလည်း ကူလီခေါင်း အလုပ်သမားများသာဖြစ်နေကြ ပါတယ်။ဒါကြောင့် ကျွန်တော်ကို နေ့ကျောင်းမထားနိုင်ပါဘူး။ ဒါပေမယ့် အဲဒီခေတ်က လသာအထက်တန်းကျောင်း အမှတ်(၁) စန်ထရယ် ကျောင်း မှာ လူ့ငယ်ရေးရာညကျောင်းကို ထားပေးပါတယ်။ အဲဒီအချိန်တုန်းက ကျောင်းအုပ်ကြီးမှာ ဆရာကြီး ဦးဘသောင်းတင် ဖြစ်ပါတယ်။ ကျွန်တော်နေတာက ကီလီလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်မှ ဗဟိုလ်စည်ရပ်ကွက် ပါ။ လသာ(၁) ကျောင်းက ရွှေတိဂုံဘုရားလမ်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ဆိုတော့ အိမ်ကနေ ချေလျင်လျှောက်ရ ပါတယ်။ ဘတ်စ်ကားစီးရင် အဲဒီခေတ်က ဆယ်ပြားပေးရပါတယ်။ အသွား အပြန် အပြားနှစ်ဆယ် ကျပါတယ်။ အဲဒီခေတ်က မှုန့်ဟင်းခါးလက်သုပ်တစ်ပွဲကို (၁၅) ပြားသာ ပေးရပါတယ်။ ငွေများတန်ဘိုးရှိပြီး ကျစ်လစ်တာကို ပြောချင်တာပါ။ ညမှာ ညကျောင်းတက်ပါတယ်။ နေ့မှာ ဘကြီးခင်ရွှေရဲ့ ကီလီဘောတံတားကို သွားပြီး ငှက်ပျော်တစ်ခိုင် (၅)ပြားနဲ့ တစ်ခေါက်ကို နှစ်ခိုင် ထမ်းပါတယ်။ ငှက်ပျော်ခိုင်တင်လာတဲ့ ဘောက်တူလှေတွေပေါ်ကနေ ကုန်းပေါ်ကို ထမ်းတင်ပေးရပါတယ်။ လူကြီးတွေကတော့ ပုခုံးတစ်ဘက်မှာ ငှက်ပျော်(၄)ခိုင် ဆိုတော့ ပုခုံး နှစ်ဘက်ထမ်းတာ ငှက်ပျော(၈)ခိုင် ငွေပြား(၄၀) တစ်ခေါက်ထမ်းရင် ရကြပါတယ်။ ကျွန်တော်ကတော့ တစ်ခေါက်(၁၀)ပြားဘိုးသာ ထမ်းနိုင်ပါတယ်။ ရန်ကုန် လှိုင်မြစ်က ဒီရေကျနေရင် လှေ နဲ့ ကမ်းပေါ်ကိုတက်ရတဲ့ ဘောတံတားမှာ မတ်စောက်ကြီးဖြစ်နေပါတယ်။ မိုးကရွာ လေကတိုက်နေရင် ချော်လဲမှာကို ကြောက်နေရပါသေးတယ်။ ကျွန်တော်ကတော့ သူတို့လို တစ်နေကုန် မထမ်းနိုင်ပါဘူး။ တစ်ကျပ်ခွဲဘိုး (၁၅၀) ပြားဘိုးရရင် အိမ်ကို ပြန်လာပါတယ်။ အိမ်ကိုရောက်တော့ ကျွန်တော်တို့ ဗဟိုလ်စည်ရပ်ကွက် လမ်းထောင့်တွေက ရေဘုံပိုင်မှာ ရေခပ်ဖို့ တမ်းစီးရပါတယ်။ ပေပါနှစ်လုံးပြည့်အောင် ရေခပ်ပေးရပါတယ်။ ကျွန်တော်တို့ အဒေါ်ကြီး မြတင် က သူ့လင်တင်မောင် ဘကြီး ခင်ရွှေရဲ့ ငှက်ပျော်ထမ်းအလုပ်သမား(၁၀) ယောက်ကို ထမင်းလခ ကြွေးရပါတယ်။ သူတို့က ညနေ ထမင်းစားလာကြပါတယ်။ ကျွန်တော်ခပ်ထားတဲ့ ရေများကို ချိုးကြပါတယ်။ ပြီးရင် အပြင်ကို ခဏထွက်ကြပါတယ်။ အပြင်ထွက်သွားကြတာက နည်းနည်းပါးပါး တစ်ခွက်တစ်ဖလားလောက် သောက်ကြတယ်လို့ သိရပါတယ်။ ပြန်လာရင် ထမင်းစားကြပါတယ်။ ကျွန်တော်က သူတို့အားလုံးကို ထမင်းကြွေးပြီးပြီ ဆိုမှ ငါးပိရည်တစ်ခွက် တို့စရာများ ပဲကတီပါပြုပ်နဲ့ ထမင်းစားရပါတယ်။ ထမင်းကို မြန်မြန်စားပြီး ည(၇)နာရီ ညကျောင်းချိန်မီအောင် ချေလျင်ပြေးရပါတယ်။ သုပ်သုပ် သုပ်သုပ်နဲ့ ကျောင်းချိန်မီအောင်ပြေးရင်းက ကျွန်တော်စီးလာတဲ့ ဖော့ဘိနပ်က ပြတ်သွားပါတယ်။ လွယ်အိပ်ထဲက တွယ်ချိတ်နဲ့ ထိုးပြီး ကျောင်းကို ဆက်ပြေးလာပါတယ်။ ည(၉)နာရီမှာ ညကျောင်းဆင်းပါတယ်။ အပြန်ကျ ဘိနပ်သဲကြိုးပြတ်ကို ခါးမှာထိုးပြီးပြန်လာရပါတယ်။ တွယ်ချိတ်နဲ့ ထိုးထားတဲ့ဘက် က ခိုလိုး ခုလုဖြစ်ပြီး ခြေဖ၀ါးမှာ ဘိနပ်ပေါက်ပြီး နာနေပါတယ်။ အိမ်ကိုပြန်ရောက်တော့ အောက်ထပ်က ဘကြီးဦးစံတင်သား အကိုအောင်မြင့် နဲ့ အကိုအောင်မြ တို့ အရက်မူးပြီး နေကြပါတယ်။ ကျွန်တော်ကိုခေါ်ပြီး စာကြိုးစားရန် ခေါ်ပြောပြီး အားပေးစကားပြောကြပါ တယ်။ ဒါနဲ့ ကျွန်တော်နေတဲ့ အထက်ဆုံးထပ် သွတ်မိုးနဲ့ ခေါင်းက မတ်တပ်ရပ်ရင် မလွတ်တဲ့ အထပ်ခိုပေါ်ကို တက်ပါတယ်။ မီးအားမှိန်မှိန်လေး လင်းနေတဲ့ (၄၀)၀ပ် ဖန်သီး နဲ့ စာကြည့်ရပါတယ်။ အဲဒီထပ်ခိုပေါ်မှာ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ည ညမှလာရောက်အိပ်ကြတဲ့ လင်မယားနှစ်ယောက်ကိုလည်း အိမ်ငှါးထားပါတယ်။ ယောက်ကျားက ကိုမြဦး အညာသား ကျောက်ပန်းတောင်းမြို့သားပါ။ သူက အသက်ငယ်ငယ် (၃၀)နှစ် နဲ့ မိန်မကြီးက (ပုသိမ်သူ ရွှေတွဲလဲ ငွေတွဲလဲနဲ့ ပိန်ပိန်ပါးပါး အသားမဲမဲ) ဒေါ်လှခင် အသက်ကြီးကြီး (၅၅)နှစ်လောက်ရှိပါမည်။ သူတို့ အလုပ်က အဲဒီခေတ် လမ်းဘေးမှာ ကတ္တားတစ်စင်းနဲ့ ပလပ်စတစ်အိပ်ဟောင်းများ အ၀ယ်ဒိုင် လို့ သိရပါတယ်။ လမ်ဘေးမှာတင် ၀ယ်တယ်။ ညနေကျ အငှါးကားတစ်စင်းနဲ့ ပလပ်စတစ်အိပ်ဟောင်းအထုပ်ကြီးများကို ပလပ်စတစ်စက်ရုံသို့ သွားရောက်ရောင်းချ စားသောက် လုပ်ကိုင်ကြတယ်လို့ သူတို့ကပြောပြပါတယ်။ သူတို့ လင်မယားက ညစာကို အပြင်ကနေ ၀ာ်လာပါတယ်။ ယောက်ကျားအတွက် အရက်ပုလင်းနဲ့ အမြည်းလည်း ပါလာတယ်။ အသက်အရွယ်ချင်းက အတော်ကွာခြားနေတော့ မိန်းမကြီးက မောင်လေးလောက် လင်လေးကို အရက်ငှဲ့ပေးတယ်။ တီတီတာတာ နဲ့ ပလီပလာ ချွဲနေတယ်။ နွဲ့နေပါတယ်။ ယောက်ကျားဖြစ်သူက အရှိန်လေးရလာတော့ မိန်းမကြီးကို ဇက်ကြောအဆွဲခိုင်းပါတယ်။ ပြီးတော့ တစ်ကိုယ်လုံးအား အနိပ့်ခိုင်း ပြန်ပါတယ်။ သောက်လိုက်စားလိုက် ရယ်လိုက် မောလိုက် နဲ့ မကြားဝန့် မနာသာ ပလီပလာ တီတီတာတာတွေကို အပြန်အလှန် ပြောဆိုနေကြပြန်ပါတယ်။ အချိန်လေး တော်တော်ညဉ်းနက်လာတော့ သူတို့လင်မယား ရန်သပ်ကြပြန်ပါ တယ်။ ဒေါနဲ့မောနဲ့ တစ်ယောက်ကို တစ်ယောက် တိုးတိုးတိတ်တိတ် ဆိတ်လိုက် ဆွဲလိုက်နဲ့ တော်တော်ကြာ သူတို့နှစ်ယောက်တွဲပြီး နဖမ်းလုံး သတ်ကြပါတယ်။ အဲဒီအချိန်မှာ ထပ်ခိုမှာ သူတို့လင်မယားရဲ့ အိပ်ယာပေါ်က ကြပ်ခိုးအလိမ်းလိမ်းတက်နေတဲ့ နှစ်ယောက်အိပ် ပိတ်ချင်တောင်ကြီးလည်း အောက်သို့ကြသွားပါတော့တယ်..။။ အဲဒီအချိန်မှာဘဲ တစ်ဘက်ခေါင်းရင်းခန်းက ကက်စက်ကို အကြယ်ကြီးထပြီးဖွင့်လိုက်ပါတယ်။`အိပ်၍ မပျော်သောညတွေ လွန်မြောက်ပါစေကွယ်..။ အိပ်၍ မပျော်သောညတွေ လွန်မြောက်ပါစေကွယ်..´ တဲ့ဗျာ..။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၉-၂-၂၀၁၂ ` ဘ၀အဖြစ်မှန် ရသစာတမ်းရေးချင်ပါသည်´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၉-၂-၂၀၁၂ ` ဘ၀အဖြစ်မှန် ရသစာတမ်းရေးချင်ပါသည်´
 

0 comments: