မကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၂၇-၂၀၁၂) ၁၀-၂-၂၀၁၂ `သတင်းထူးတွေကို အိမ်ကနေရယူခြင်း´
ဒီနေ့ နံနက်ပိုင်း ဆရာ မကွေးဝင်းမြင့် လာမယ်ဆိုလို့ ဘယ်မှ မထွက်ဖြစ်ပါ။ ဆိုင်တွင်းမှာ လမ်းလျှောက်ရင်း ပုတီး စိတ်နေမိပါတယ်။ စာရေးဖို့ကလည်း ဇန်မ၀င်လို့ အပြင်းထူနေပါတယ်။ နေ့ရွှေ့ ညရွှေ့လို့တော့ မဖြစ်ပါ။ နံနက် မရေးဖြစ်ရင် နေ့လယ် သို့မဟုတ် ညနေရောက်ရင် A4 (၂)မျက်နှာကိုတော့ နေ့စဉ်ရေးနေမိပါတယ်။ ကလောင်လက်သွေးနေတာ မဟုတ်ပါ။ ကွန်ပျူတာ လက်တော့ပ်နဲ့ လက်ကွက်မြန်အောင် လေ့ကျင့်နေတာပါဗျာ..။ ကျွန်တော့မှာ မန္တလေး ရှိတ်ဂျာနယ်၊ ရန်ကုန်က လျှပ်တစ်ပြက် ဂျာနယ်တွေက သတင်းတာဝန်ခံ ရွှေလမ်းငွေလမ်းဝင်းကြည် အမည်နဲ့ ပေါ်လိုက် ပျောက်လိုက် စာရေးဆရာ သတင်းထောက်တစ်ဦး ဆိုရင် မှန်ပါမည်။
နံနက်ပိုင်းမှာ ချောက်မြို့ ပြန်/ဆက် မြို့နယ်မှူး ဦးသန့်ရှင်းမောင် ဆီက တယ်လီဖုန်းဝင်လာပါတယ်။ တောင်သူလယ်သမားတွေဆီက မြေယာများကို ယခင်အစိုးရလက်ထက်မှာ မတရားသဖြင့် သိမ်းယူခဲ့တဲ့ ကုမ္ပဏီ မန်နေဂျာဖုန်းနံပတ်တောင်းထားတာပါ။ ဒါပေမယ့် အဲဒီလူ ဖုန်းနံပါတ်မရကြောင်း၊သတင်းယူရန် အင်တာဗျူးဖို့ ဆက်သွယ်ရန်သွားရင် လုံးဝဖြစ်မည် မထင်ပါကြောင်း ခြိမ်းခြောက် ပြောကြားနေပါတယ်။ သတင်းသမားဆိုတာ သတင်းကို မပေးချင်ဘူးဆိုရင် မရ မက အရယူတတ်ကြပါတယ်။ သတင်းထည့်ပေးပါဆိုရင်လည်း မရေးချင် မထည့်ပေးချင်ကြပါဘူး။ အင်း ဒီမြေယာ မတရားသဖြင့်ကိစ္စ ကို သတင်းရအောင်ယူမယ်။ ဂျာနယ်တစ်စောင်စောင်မှာ ပါလာအောင်ကို ထည့်ပေးမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။
နံနက်(၁၁)နာရီလောက်မှာ ချောက်မြို့က သူငယ်ချင်း မလှိုင်လှိုင် တို့ ညီအမတစ်တွေ တစ်ဆွေလုံး တစ်မျိုးလုံး ကျွန်တာ့် ထီဆိုင်ရှေ့ကို ရောက်လာကြပါတယ်။ မလှိုင်လှိုင်ရဲ့ အမျိုးသား သူငယ်ချင်း ကိုစိုးဝင်း နေမကောင်းလို့ ခေါ်မလာရကြောင်း ကြားသိရပါတယ်။ ရွှေစက်တော်ဘုရားဖူးသွားကြမယ်လို့သိရပါတယ်။ ဒီကို ကားထွက်လာခါမှ မလှိုင်လှိုင် ရဲ့ အမကြီး ဒေါ်မြင့်မြင့် ချော်လဲလို့ ခြေထောက်နာနေတာကို မြင်တွေ့ရပါတယ်။ ဒါနဲ့ ရွှေစက်တော်ကို ဆက်မသွားသေးဘဲ ကောင်းမွန်အထူးကုဆေးခန်းသို့ ဆရာဝန်ထံ အပြခိုင်းလိုက်ရပြန်ပါတယ်။ အဲဒီကနေ သူတို့ ရွှေစက်တော်ဘုရားသို့ ဆက်သွားကြတယ်ထင်ပါတယ်။ ဒုတိယခေါက် ဆိုင်သို့ ပြန်ဝင်မလာကြတော့ပါ။
သူတို့ကား မပြန်ခင် မကွေးတိုင်းဒေကြီး သင်ကြားရေးဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်း ရောက်လာပါတယ်။ ကျွန်တော့် အမေထွားဆီဆိုင်ရှေ့ မှာ ထိုင်ပြီး စကားပြောကြပါတယ်။ကျွန်တော့်ကို လမ်းကြုံလို့ ၀င်ခေါ်တဲ့ သူ့ကားနဲ့ ၂၆-၁-၂၀၁၂ နေ့မှာ တောင်ငူသို့ သွားခဲ့တုန်းက သူ့ ဟန်းဖုန်းကျပျောက်ကြောင်း ပြန်ပြောပြပါတယ်။ ကျွန်တော့်ကို သူ့ကားနဲ့ စာရေးဆရာအေးရွှေ(ကေတုမတီ) အိမ်မှာ ချပြီး သူ့အိမ်ကို ပြန်လာတယ်။ သူ့အိမ်ရောက်တော့ ကားပေါ်က အဆင်းမှာ သူ့ဟန်းဖုန်းကျပျောက်တာကို နောက်မှ သိရကြောင်း၊ သူ့ အိမ်နဲ့ နှစ်အိမ်ကျော် မှ ကောက်ရထားကြောင်း မိတ်ဆွေတစ်ယောက်ဆီမှ အိမ်က ကြိုးဖုန်းကို ဆက်ပြီးသတင်းပေးကြောင်း၊ ဒါနဲ့ မုန့်ဘိုးပေးပြီး ပြန်ရွေးယူလိုက်ရပါတယ်။ ဒီ ဟန်းဖုန်း က ယခုအကြိမ်ရောဆိုရင် လေးခါ ကျပျောက်ခဲ့ပါတယ်။ အရင် သုံးကြိမ်းတုန်းကတော့ ဘာငွေမှ မပေးရဘဲ ပြန်ရခဲ့ပါတယ်။ ယခု ကျွန်တော်တောင်ငူသား ကျွန်တော့်အိမ်နဲ့ နှစ်အိမ်ကျော်က ကောက်ရတာကို မုန့်ဘိုးပေးပြီး ရွေးယူလိုက်ရပါကြောင်း၊ ကိုယ့်မြို့ ကိုယ့်ရွာကျမှ ငွေကုန်ကြေးကျခံလိုက်ရပါတယ်လို့ သတင်းပေးပြောကြားပါတယ်။ အဲ နောက် သတင်းထူးတစ်ခုကိုလည်း ပြောပြပါတယ်။ ၇-၂-၂၀၁၂ နေ့က မကွေးတိုင်းဒေသကြီး ဆေးတက္ကသိုလ်ကျောင်း မှာ စာပေဟောပြောပွဲ လုပ်ဖြစ်ကြောင်း၊ စာရေးဆရာကြီး အောင်သင်း၊ ဒေါက်တာ အောင်ကြီး နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့ သုံးဦး ဟောပြောကြပါတယ်။ အသက်ကြီးနေတဲ့ ဆရာအောင်သင်းအား သုံးထပ်တိုက်ပေါ်သို့ ကျောင်းသားများက ၀ိုင်း၍ပွေ့ပြီးတင်ပေးပါတယ်။ ဆရာကြီးမှာ ဟောပြောပွဲကို (၁၀)မိနစ်လောက် ဟောနေတုန်း အိမ်သာတက်ချင်ပါတယ်ဆိုလို့ တွန်းလှည်းနဲ့ တက်ပေးရပါတယ်။ အိမ်သာမှ အထက် တော်တော်လေး မောနေပါတယ်။ ဆက်လက်ပြီး မဟောနိုင်တော့ပါ။ အဲဒီပွဲကို ဒေါက်တာ အောင်ကြီး နဲ့ ဆရာမ သန်းမြင့်အောင် တို့ နှစ်ဦးသာ ဟောလိုက်ရပါတယ်။ ဆရာအောင်သင်း ကို ဒေါက်တာမြသောင်းက သူ့ရဲ့ သင်ကြားရေးဆေးရုံမှာ တင်ထားပြီး တစ်ညအိပ် ဆေးကုပေးလိုက်ရကြောင်း၊ မနေ့က ၉-၂-၂၀၁၂နေ့ညနေမှာ ဆေးရုံမှ ဆင်းသွားပါကြောင်း ပြန်လည်သတင်းပေးနေပါတယ်။ (မကွေးဆေးတက္ကသိုလ်မှ မကွေးစာနယ်ဇင်းအဖွဲ့အား လုံးဝ အသိပေး ဖိတ်ကြားခြင်း မပြုကြပါ။ မကွေးတိုင်းဒေသကြီးအတွင်း စာပေဟောပြောပွဲများကို ဟောပြောခွင့် ပွဲမိန့်များအား မကွေးတိုင်း ၀န်ကြီးချုပ်မှ ပိတ်ပင့်ထားသော်လည်း ဒီပွဲကိုဖြင့် ချွင်းချက်ဖြင့် ဖွင့်ပေးထားပါသည်။)
နေ့လည် (၂)နာရီခန့်မှာ မကွေးတိုင်းဒေသကြီး ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခင် ရောက်လာပြန်ပါ တယ်။ ၈-၂-၂၀၁၂ နေ့ နံနက်ပိုင်းမှာ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် စာကြည့်တိုက် ဖွင့်ပွဲတက်ခဲ့ကြောင်း၊ အဲဒီ မှာ သတင်းထူးတစ်ပုဒ် ရလာကြောင်း၊ (၇-၂-၂၀၁၂) နေ့က ပွင့်ဖြူမြို့မှာ အိမ်သာ ဆားဗစ်ကန် (၁၅) ပေအနက်တူးပါတယ်။ ယခင် ဆားဗစ်ကန်ဟောင်းနဲ့ ကပ်ပြီးတူးပါတယ်။ ယခင် ကန်ဟောင်းဘက်မှ အညစ်အကြေးများကို ကန်သစ်ဘက်သို့ ဖောက်တူးပြီး ထည့်ကြပါတယ်။ ဆားဗစ်ကန်သစ် (၁၅) ပေအနက်ကျဉ်းထဲသို့ အလုပ်သမားတစ်ယေက်ဆင်းပြီး ဖောက်ပါတယ်။ တော်တော်နဲ့ မပေါက်ပါ။ အပေါ်မှ အိမ်သာကျင်းပိုင်ရှင်က ငုံ့ပြီးကြည့်နေပါတယ်။ အဲဒီအချိန်မှာ ကန်ထဲမှ တဘက် ဆားဗစ်ကန်ထဲက မစင်အညစ်အကြေးများမှာ ဗြန်းကနဲအသံမြည်ပြီး ပွင့်သွားပါတယ်။ အဲဒီအချိန်မှာ ကျင်းထဲက အလုပ်သမားလည်း မစင်နံ့နဲ့ အတူ မူးလဲ မေ့မြောပြီး အညစ်အကြေးများအောက်သို့ မြုပ်သွားပါတယ်။ အပေါ်က ငုံ့ပြီး ကြည့်ရှုနေသူ အိမ်ပိုင်ရှင်မှာလည်း ယင်းကြွင်းထဲကို မူးမေ့ပြီး ကျသွားပါတယ်။ တတိယလူတစ်ယောက် ဆင်းကယ်ပါတယ်။ သူလည်း ပြန်တက်မလာနိုင်ပါ။ စတုထ္ထလူတစ်ယောက်ထပ် ဆင်းပါတယ်။ သူလည်း ပေါ်မလာပါ။ ပဉ္စမလူတစ်ယောက်ထပ်မံ ဆင်းကယ်ပါတယ်။ သူလည်း ပြန်ပေါ်မလာပါ။ ဆဌမလူတစ်ယောက် ထပ်မံဆင်းပြီး ကယ်ပြန်ပါတယ်။ သူလည်း ပြန်ပေါ်မလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ဒီမစင် အနံ့တွေကြောင့် မူးမေ့ပြီး အောက်စီဂျင်တွင်းထဲမရှိကြောင်း သိကြရပါတယ်။ ဒါကြောင့် နောက်ထပ် ကယ်ဆယ်မည့်သူများ ဘယ်သူမှ မဆင်းရဲကြတော့ပါ။ ဒါပေမယ့် သံချိန်များချပြီး အောက်က လူတွေရဲ့ အင်းချည်ကို ချိတ်ဆွဲပြီး မတင်ကယ်ယူကြပါတယ်။ နောက်ဆုံးဆင်းကယ်တဲ့ ဆဌမလူ နဲ့ ပဉ္စမလူတို့ကို ပွင့်ဖြူဆေးရုံသို့ အချိန်မှီ ပို့လိုက်နိုင်ပါတယ်။ အသက် မသေကြပါ။ ကျန်သော လူ လေးယောက်မှာ လုံးဝ အသက်မရှင်နိုင်ကြတော့ပါ။ စုစုပေါင်း လူ(၆)ဦး အိမ်သာ ဆားဗစ်ကျင်းသစ်ထဲကို ကျကြတယ်။ မစင်အနံ့ အညစ်အကြေးများအနံ့များကြောင့် မူးမေ့ကြတယ်။ အဲဒီ ဆားဗစ်ကျင်းထဲမှာ အောက်စီဂျင် လေ ပြတ်တောက်သွားတာကို ခြောက်ယောက် မြောက်ဆင်းသွားပြီးမှ သိကြရပါတယ်။ နောက်ဆုံး ဆင်းပြီး ဆဌမမြောက် ကယ်သူမှာ ကောင်းမွန်စွာ သတိရ အသက်ရှင်နေပါတယ်။ ပဉ္စမမြောက် ဆင်းပြီးကယ်ဆယ်သူကတော့ သတိတော့ရနေပါတယ်။ ဦးနှောက်ထဲသို့ ဒီမကောင်းတဲ့ အနံ့ငွေ့များကြောင့် ဘာကို မှ မပြောနိုင်မဆိုနိုင် မသိရဖြစ်နေတယ်လို့ ကြားသိရပါတယ်။ သူက လေဖြတ်သလို ဖြစ်ပြီး မသန်မစွမ်းဖြစ်နေတယ်ထင်ကြောင်း ပြောဆိုနေကြပါတယ်။
သေဆုံးသွားသူ လေးယောက်ထဲမှာ ဒုတိယမြောက် ကျင်းထဲသို့ကျသွားသူမှာ အိမ်သာကျင်း ဆားဗစ်ကန်ပေါ် အ၀ကနေ အောက်သို့ ငုံ့ကြည့်ပြီး ခိုင်းစေနေသူ အိမ်ပိုင်ရှင် သူဌေးတစ်ဦးဖြစ်နေကြောင်း စိတ်မကောင်းစွာ နဲ့ မကွေးတိုင်းဒေသကြီး ပြန်/ဆက် လက်ထောက်ညွှန်ကြးရေးမှူး ဦးဝင်းခင် က ပြန်လည်ပြောဆို သတင်းပေးသွားခဲ့ပါ တယ်ခင်ဗျာ..။ ဒီသတင်းကို အတိအကျ သတင်းယူပြီး အတည်ပြုရေးသား နိုင်ဖို့ ကိုနေခြည် နဲ့တိုင်ပင်ခဲ့ပါတယ်။ လိုအပ်ရင် မနက်ဖြန် ပွင့်ဖြုမြို့သို့ ကိုယ်တိုင် သတင်းသွားရောက်ပြီး အင်တာဗျူးရပါမည်။
0 comments:
Post a Comment