``သွေးမေတ္တာပရဟိတအသင်း ချောက်မြို့တွင် ရုံးခွဲဖွင့်လှစ်´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂)နာရီအချိန်ခန့်ထိ ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်ရှိ အလုပ်သမားအပန်းဖြေရိပ်သာ၌ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)၏ ချောက်မြို့နယ်ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ ၎င်းပွဲသို့ သွေးမေတ္တာပရဟိတအသင်း(ချောက်မြို့ရုံးခွဲ)မှ နာယကရွှေပုံတောင်တောရဆရာတော် ဘဒ္ဒ န္တ တိက္ခသာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) နာယကဆရာတော် အရှင် ဆန္ဒာဓိက(မန္တလေး)၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်၊ ချောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်၊ ရုပ်ရှင်သရုပ်ဆောင် နိုဗယ်ကျော်ကျော်၊ ချောက်မြို့ရုံးခွဲ ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များ ချောက်မြို့နယ်နိုင်ငံရေးပါတီများ (NDF), (NLD)ပါတီတို့မှ ဥက္ကဋ္ဌများ၊ လူမှုရေး အသင်းဖွဲ့များ နှင့် ချောက်မြို့ စက်မှုလက်မှုကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။ ၎င်းသွေးလှူသင်းကြီးမှ သွေးလှူခြင်းမှာ ဒုတိယ၊ သာသနာပြုလုပ်ငန်းသည် ပထမအချက် ဖြစ်ကြောင်း၊ အသင်းတွင် လူမျိုး၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပေါင်းစုံ၊ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ ဆင်းရဲ ချမ်းသာမရွေး လူမျိုးပေါင်းစုံပါဝင်ပြီး မိမိနှစ်သက်ရာ ဘာသာကို သာသနာပြုစေလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရုံးချုပ်တွင် ရုံးခွဲပေါင်း(၁၄)ခုရှိပြီး နေ့စဉ်ကလေး(၃၀)ဦးအား အရေးပေါ်သွေးလှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့တွင်နေ့စဉ်သွေးပုလင်းပေါင်း(၃၅၀)ခန့်လိုအပ်လျှက်ရှိရာ အမျိုးသားသွေးလှူ ဘဏ်မှ သွေးပုလင်း(၂၀၀)ခန့်သာ လှူဒါန်းနိုင်ပြီး ကျန်သွေးပုလင်း(၁၅၀)အား ပရဟိတအသင်းများမှ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူမှုရေးအဖွဲ့(၆၀)ခန့်စုပေါင်းကာ လူမှုရေးကွန်ရက်ဖွဲ့စည်းထား ကြောင်း၊ ချောက်မြို့တွင်းလည်း ဖွဲ့စည်းထားစေလိုကြောင်း သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်မှ ပြောကြားသည်။ ထို့နောက် ချောက်မြို့မှ မနောဖြူလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ၊ ရွှေပါရမီအခမဲ့ဆေးခန်း ဘဏ္ဍာရေးမှူး၊ YMCA ချောက်ရုံးခွဲ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ် သစ္စာအောင်လူမှုရေးအသင်း ဥက္ကဋ္ဌ၊ ချောက်မြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး၊ စလေတိုက်နယ် ကြက်ခြေနီအသင်း တို့မှ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
READMORE
 

``ရေနံစိမ်းချက်ဖိုများ မင်းလှမြို့နယ် ရေနံမရွာအနီးမှာ ဖမ်းဆီးရမိ၊ တရားခံများထွက်ပြေး´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ရေနံမကျေးရွာအနီးတွင် ရေနံစိမ်း ချက်ဖိုများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်နိုင်ဦးတို့အဖွဲ့သည် ရေနံမနယ် မြေအတွင်းရှိ ရေနံချက်ဖိုများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ရေနံမကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ရွာသာလှ ကျေးရွာလမ်းပေါက်၌ ကျော်ဇင်ထိုက်(၄၁)နှစ်၊ ရှမ်းစုရွာ၊ ပျော်ဘွယ်မြို့နယ်၏ ချက်ဖို(၁)ဖို၊ ရေနံမကျေးရွာ၏ မြောက်ဘက် (၁)မိုင်ခန့်အကွာ တောထဲတွင် ဘိုတင့်၏ ချက်ဖို(၂)ဖိုအား ဖမ်းဆီးမိကြောင်း၊ ၎င်းနေရာအနီး ချက်ဖို(၂)ဖိုအားဖမ်းဆီးရာ ပိုင်ရှင်သိန်းအောင်နှင့် ဘိုတင့်တို့မှာ ထွက်ပြေးသွား၍ နေရပ်လိပ်စာ စီစစ်ဆဲဖြစ်ကြောင်း၊ စုစုပေါင်း ရေနံစိမ်းချက်ဖို(၅)ဖိုနှင့်အတူ သက်သေခံပစ္စည်းများအား သိမ်းဆီးရမိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၈း၃၀)နာရီအချိန်တွင် ၎င်းချက်ဖိုပိုင်ရှင်များအား ရေနံမနယ်မြေရဲစခန်း၌ (ပ) ၁၂/၂၀၁၄၊ နိုင်ငံတော်စီးပွားကာကွယ်ရေးအက်ဥပဒေ ၉ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းအရ သတင်းရရှိသည်။
READMORE
 

``မင်းဘူးမြို့ မန်းရေနံမြေတွင်း၌ ရေနံစိမ်းခိုးသူအား ဖမ်းဆီးရမိ´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်း၌ ရေနံစိမ်းခိုးသူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မန်းရေနံမြေလုံခြုံရေးဌာနမှ ဒုတပ်ကြပ် ဌေးဇော်နှင့်အဖွဲ့သည် ရေနံမြေအတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရေနံတွင်းအမှတ်(၃၃)အနီးအရောက် တွင် ရေနံတွင်းဘူးပလပ်အားဖွင့်၍ တစ်လက်မပိုက်ပျော့ အရှည်(၁၃)လက်မခန့်ဖြင့် ရေနံခိုးထုတ်နေသူ တစ်ဦးကို တွေ့ရှိကြောင်း၊ ထိုသူခိုးအား ၀ိုင်းဝန်းဖမ်းဆီးရာ ၀င်းမြင့်သိန်း(၃၀)နှစ်၊ ကျပန်း၊ အောက်ကျောင်းကျေးရွာ၊ မင်းဘူးမြို့နယ်တွင်နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ရေနံစိမ်း(၄)ဂါလံစီပါသော အိတ်(၂)အိတ်ပါ ပူးတွဲ ဖမ်းဆီးရမိကြောင်း၊ ရေနံစိမ်းခိုးယူသူ ၀င်းမြင့်သိန်း အား မင်းဘူးမြို့မရဲစခန်းမှ (ပ) ၂၁/၂၀၁၄၊ ပပက ၆(၁)အရ အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်းရရှိသည်။
READMORE
 

``မန်းရွှေစက်တော်ဘုရားပွဲတွင်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့(၁)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်တွင်း လှေတင်ဈေးဆိုင် တန်းရှိ ချမ်းမြေ့အောင် မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်ခန်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သတင်းပေးချက်အရ ၎င်းဆိုင်ခန်းသို့ မန်းရွှေစက်တော်ရဲကင်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့်အဖွဲ့ သည် ၀င်ရောက်ဖမ်းဆီးရာ ဖဲလောင်းကစားနေကြသူ (၆)ဦးနှင့်အတူ ဖဲချပ်နှင့် လောင်ကစားကြေးငွေကျပ် (၆၄၅၀)တို့အား ဖမ်းဆီးရမိကြောင်း၊ ဆိုင်ခန်းပိုင်ရှင် ချမ်းမြေ့အောင်(၂၉)နှစ်၊ ရန်နိုင်ရပ်ကွက်၊ မကွေးမြို့နေသူနှင့် အတူ ရဲအောင်(၂၂)နှစ်၊ ငဖဲမြို့၊ မျိုးကို(၁၇)နှစ်၊ ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ ပေါ်ကြီး(၂၂)နှစ် ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ မိုးသူ(၂၇)နှစ်၊ ရွာဟောင်းကန်ရွာ၊ မကွေးမြို့နယ်၊ ကျော်မင်း(၂၂)နှစ် စကုမြို့တွင် နေထိုင်သူ (၆)ဦးအား ဖေဖော်ဝါရီ(၂၀)ရက် ညနေ(၅း၃၀)နာရီအချိန်တွင် စကုနယ်မြေရဲစခန်း၌ (ပ) ၁၆/၂၀၁၄၊ လောင်းကစားပြစ်မှုပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်း ရရှိသည်။
READMORE
 

မကွေးမြို့ နိုင်ငံခြားခရီးသွားများဖြင့် အနှေးယာဉ် ဆိုက်ကားနင်းသူများ အလုပ်ဖြစ်

မကွေး ဖေဖော်ဝါရီ ၂၀ မကွေးမြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများကြောင့် အနှေးယာဉ် ဆိုက်ကားနင်းသူများ အလုပ်ဖြစ်၍ ၀င်ငွေကောင်းလျက်ရှိသည်။ ယနေ့နံနက်တွင် အပျော်စီး သင်္ဘောဖြင့် သြစတေးလျနိုင်ငံမှနိုင်ငံခြားသားဧည့်သည် (၂၅)ဦး မကွေးမြို့သို့ရောက်ရှိလာပြီး အနှေးယာဉ်ဆိုက်ကားများဖြင့် မကွေးမြို့မဈေး၊ဗိုလ်ချုပ်ပန်းခြံနှင့် ပြည်တော်သာလမ်း တစ်လျှောက် လှည့်လည် လေ့လာပြီး မြသလွန်စေတီတော်မြတ်သို့ရောက်ရှိ လေ့လာခဲ့သည်။ အနှေးယာဉ် ဆိုက်ကားနင်းသူတစ်ဦးမှ သူတို့က ရန်ကုန်ကနေ မန္တလေးသွားမှာ၊မကွေး ဆိပ်ကမ်းကပ်မှာကို (၂)ရက်အလိုက အသင်းဥက္ကဌ ထံ ကြိုပြီးဖုန်းဆက်ထားတယ်၊သူတို့သွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးရတယ်၊တစ်မနက်ကို ဆိုက်ကားနင်းခ (၄၀၀၀)ကျပ်ရတယ်၊ တစ်နေကုန် ညအပါအ၀င် ဆို (၁၀၀၀၀ိ/-)ကျပ်ထိ ပေးတာလဲရှိတယ်၊အခု ပွင့်လင်ရာသီဆို နိုင်ငံခြားသားတွေ အလာများတယ်၊ ယခင်နှစ်ထက် ယခုနှစ် ပိုပြီးများလာကြတယ်၊ ဟု ပြောကြားသည်။ အဆိုပါ အနှေးယာဉ်ဆိုက်ကားနင်းသူများသည် မကွေးမြို့ပေါ်တွင် (၁၇၉)စီး ရှိပြီး နိုင်ငံခြားသားများလာရောက်ပါက အသင်းဥက္ကဌ ဦးကျော်တိုးမှ ဆိုက်ကားနင်းသူများအား တူညီဝတ်စုံဝတ်စေပြီး သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်ပါပို့ဆောင်ပေးရကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၈)နာရီမှ နံနက်(၉)နာရီအချိန်ခန့်အထိ မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် နှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် အစိုးရ၀န်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဝင်းမြတ်အေး ၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ကြောင်း သိရသည်။ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲကို ဆေးသိပ္ပံဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မြင့် နှင့် ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ၀င်းမြတ်အေး တို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ကျန်းမာရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် မှ ဆေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ့်၍ ဖွင့်လှစ်ပေးကြောင်း သတင်း ရရှိသည်။ ၎င်းခန်းမကြီးကို ၂၀၁၂၊ ဒီဇင်ဘာ(၂)စတင်၍ ပန္နက်တင်အခန်းအနားပြုလုပ်၍ Diamant City ကုမ္ပဏီ မှ (၁၅)လအတွင်း အပြီးဆောက်လုပ်ခဲ့ကြောင်း၊ အဆောက်အဦး၏ အကျယ်အ၀န်းမှာ (၁၈၀)စတုရန်းပေရှိပြီး (၂)ထပ်ပါရှိကြောင်း၊ မြေညီထပ်တွင် လူဦးရေပေါင်း(၁၃၀၀)ဦးခန့်ဆန့်သောခန်းမဖြစ်ကြောင်း၊ ပထမထပ်တွင် လူဦးရေ(၃၀၀)ဆန့် ခန်းမ နှင့်အုပ်ချုပ်ရေးရုံးများ ပါဝင်ကြောင်း၊ ၎င်းဘွဲ့နှင်းသဘင်ခန်းမကြီးအား မြန်မာငွေကျပ် သန်းပေါင်း(၁၃၆၉.၈) သန်း ကုန်ကျကြောင်း Diamant City ကုမ္ပဏီ မှ သတင်းရရှိသည်။ ၎င်း ဘွဲ့နှင်းသဘင် ခမ်းမ အသစ်တွင် ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာ မကွေးဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသား များအား အဋ္ဌမ အကြိမ်ဘွဲ့နှင်းသဘင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ `` မကွေးဆေးတက္ကသိုလ်ကြီးက မကွေးမြို့နဲ့ (၆)မိုင်လောက်ဝေးတယ်၊ ယခင်ဘွဲ့နှင်းသဘင်ကျင်းပစဉ်က အဆောက်အဦးမရှိတော့ မျက်ခင်းပြင်မှာ ကျင်းပခဲ့ရတယ်၊ ရာသီဥတု မကောင်းရင် ဒုက္ခရောက်တယ်၊ ဘွဲ့ယူတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကားနဲ့သွားကြရပါတယ်..။´´ ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦး က ပြောသည်။
READMORE
 

``(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ မကွေးမြို့တွင် ကျင်းပ´´

ဖေဖော်ဝါရီ(၂၀)ရက်နေ့ ညနေ(၅)နာရီမှ ည(၁၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ရန်ပယ်ရပ်ကွက် သုခိတာလမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကုန်သည်ကြီးများအသင်း ကုန်စည်ဒိုင်အစည်းအဝေးခမ်းမတွင် (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ နှင့် ညစာစားပွဲကို ချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ၊ မကွေး တက္ကသိုလ်များမှ ဦးစီးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းဦးလှထွန်း နှင့် မကွေးမြို့ပေါ်ရှိ ချင်းတိုင်းရင်းသားများ၊ မကွေးတက္ကသိုလ်၊ ဥပဒေရေးရာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ခင်ညို၊ ပထ၀ီဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာထွန်းမင်း နှင့် ဆရာ၊ဆရာမများ၊ ချင်းတိုင်းရင်းသား ကျောင်းသူ ကျောင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ဦးကျော်ခန့် တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားကို ချင်းတို့ဌာနေသီချင်းဖြင့် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ကြ၍ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းဦးလှထွန်း က အဖွင့်အမှာစကားပြောကြောင်း၊ ဆေးတက္ကသိုလ်(မကွေး) မှ နောက်ဆုံးနှစ် ချင်းတိုင်းရင်းသူ မအွဲရှန်စွန်နန်းကျင် က ချင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ဖတ်ကြား ပြသကြောင်း၊ ချင်းတိုင်းရင်းသား ကျောင်းသူ ကျောင်းသားထဲမှ ထူးချွန်သော ကျောင်းသူ/သား (၇)ဦး အား ဆုများအသီးသီးချီးမြှင့်ပေးကြောင်း၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင် မောင်လောဟုန်းဖေ က ကျေးဇူး တင်စကားပြောဆိုပြီး ချင်းရိုးရာအကများ၊ တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေကြောင်း သတင်းရရှိသည်။ `` ယခုလို မကွေးမြို့မှာ ချင်းအမျိုးသားနေ့ကျင်းပလာခဲ့နိုင်တာ (၂/၃နှစ်)သာရှိပါသေးတယ်။ ယခင် စစ်အစိုးရ ခေတ်က ယခုလိုပေါ်ပေါ်ထင်ထင်လုပ်ခွင့်မရရှိခဲ့ကြပါဘူး၊ ယခုတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျွန်တော်တို့ ချင်းတိုင်းရင်းသားဝန်ကြီး ကိုယ်တိုင်ကြွရောက်အားပေးလို့ များစွာကို ၀မ်းသာပြီး အထူးကျေးဇူးတင် ပါတယ်..။´´ဟု မကွေးတက္ကသိုလ် ချင်းတိုင်းရင်းသားကျောင်းသားတစ်ဦးက ပြောသည်။
READMORE
 

``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့မှ မကွေးမြို့တွင်း မီးဘေးကြိုတင်တားဆီး ကာကွယ်ရေးအတွက် လှည့်လည်စစ်ဆေး´´

ဖေဖော်ဝါရီ(၁၉)ရက်၊ နေ့(၃)နာရီမှ ညနေ(၄း၃၀)နာအချိန်အထိ မကွေးမြို့တွင်းရှိ(၁၅)ရပ်ကွက်မှ မီးသတ် ရေလှောင်ကန်များနှင့် စည်ပင်သာယာဌာနပိုင် ရေစက်များသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် အဖွဲ့တို့က မကွေးမြို့တွင်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးကြောင်း သတင်းရရှိသည်။ ၎င်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့်အတူ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်နှင့်အဖွဲ့၊ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီး အရာရှိ နှင့်အဖွဲ့တို့ပါဝင်ကြောင်း သိရသည်။ မကွေးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ မီးသတ်ကား(၇)စီး၊ အမှတ်(၂)မီးသတ်စခန်းခွဲ၌ မီးသတ်ကား (၁)စီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းထားသော(GBS) ထော်လာဂျီမီးသတ်ကား(၃)စီးရှိကြောင်း၊ မကွေးမြို့ပေါ်မှ မီးသတ်ရန် အကူရေသယ်ယာဉ်ပေါင်း(၄၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ပေါင်း(၃၉)ဦး၊ မြို့ပေါ်ရှိ အရံမီးသတ်တပ်ဖွဲ့ ၀င်များ(၅၂၅)ဦးရှိကြောင်း၊ မကွေးမြို့ပေါ်(၁၅)ရပ်ကွက်အတွင်း၌ရေဂါလံ(၂၀၀၀ မှ ၂၀၀၀၀) ဂါလံဆန့် မီးသတ်ရေလှောင်ကန်ပေါင်း (၄၇)ကန် နှင့် မီးသတ်ကားရေထည့်နိုင်ရန် စည်ပင်သာယာရေစက် ရေတိုင်(၄)ခုရှိကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း ကပြောသည်။ ``မကွေးမြို့မှာ မီးသတ်ရေတိုင်(၄)ခုထဲဆိုတော့ တော်တော်နည်းနေပါတယ်၊ သုခိတာလမ်းက စည်ပင်သာယာ ဌာန ရေစက်မှာ မီးသတ်ရေတိုင် တစ်ခုထားပေးဖို့လိုတယ်၊ မကွေးမြို့ ရန်ပယ်ဈေးမှာလည်း မီးသတ်ရေကန်များ ထပ်မံတိုးချဲ့ပြီး ပြုလုပ်ထားဖို့လိုနေ သေးတယ်..။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် က မှာကြားခဲ့ကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း က ပြောသည်။
READMORE
 

မင်းတုန်းမြို့နယ် ရပ်ကွက်လမ်းများ ကတ္တရာထပ်ပိုးလွှာခင်းပေး

မင်းတုန်း ဖေဖော်ဝါရီ ၁၉ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် စတုတ္တ(၃)လပတ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၂၈၉၅၀၀၀ိ/-)ကျပ် အကုန်အကျခံ၍ လမ်းအကျယ် (၁၂)ပေ၊ အရှည် (၃၄၀)ပေ ရှိ အမှတ်(၂)ရပ်ကွက်၊ ရုံးလမ်းအား ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လ/ထညွှန်ကြားရေးမှူး မှ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် တာဝန်ခံ အင်ဂျင် နီယာတို့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ အမှတ်(၂)ရပ်ကွက် ရုံးလမ်းသည် ယခင်က ပြည်သူများအသုံးပြုမှုများလာခြင်းနှင့် ရေတိုက်စားမှုများကြောင့် ပျက်စီးနေသဖြင့် ယခုနှစ်အတွင်း ကတ္တရာ ထပ်ပိုးလွှာခင်းပေးသဖြင့် ဒေသခံပြည်သူများနှင့် ၀န်ထမ်းများ သွားလာရလွယ်ကူ အဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။ သူရထွန်း (မကွေး) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
READMORE
 

ပြည်သူအများ စာပေရေချမ်းစင်ကို စိတ်ဝင်စားလာ

မင်းဘူး ဖေဖော်ဝါရီ ၁၈ နိုင်ငံတော်၏ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသည့် အများပြည်သူများအား ၀န်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများသည် အများပြည်သူ စုဝေးနားခိုသည့် နေရာများတွင် စာပေရေချမ်းစင်များ ထူထောင်ဖွင့်လှစ်ပေးခြင်းဖြင့် အများပြည်သူကို ၀န်ဆောင်မှုပေးနေလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့များတွင် စာပေရေချမ်းစင်(အကြီး)နှင့် စာပေရေချမ်းစင်(ငယ်)များ အောင်မြင်စွာ ဖွင့်လှစ်ပေးလျက်ရှိရာ အများပြည်သူများ အထူးစိတ်ဝင်စား လျက်ရှိသည်ကို တွေ့ရှိရသည်။ မင်းဘူးခရိုင် မင်းဘူးမြို့နယ် အဝေးပြေးကားကြီးကွင်းအတွင်း စာပေရေချမ်းစင်အကြီးကို နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ပေးထားပြီး၊ နေ့စဉ်ထုတ် သတင်းစာများအပါဝင် ၊အပတ်စဉ်ထုတ် ဂျာနယ်များ၊လစဉ်ထုတ် မဂ္ဂဇင်းများ၊ သုတ/ရသ စာအုပ်များကို အချိန်မှန် လဲလှယ် ဖြည့်ဆည်း ပေးနေသဖြင့် အဝေးပြေးကားကွင်းမှ ခရီးသွားပြည်သူများ ကားထွက်ချိန်စောင့်ဆိုင်းရင်း စာအုပ်/ စာစောင်များ ဖတ်ရှုနေရ၍ များစွာ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိသည်။ အချို့ ခရီးသွားပြည်သူများသည် ဖတ်ရှုပြီး ဂျာနယ်/စာစောင်များကိုလည်း စာပေဒါနအဖြစ် စာပေရေချမ်းစဉ်တွင် လှူဒန်းထားရှိ ခဲ့သည်။ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများအပါဝင် လူစည်းကာရာ နေရာများဖြစ်သော ဈေး ၊ဆေးရုံ၊ ငွေထုတ်ငွေချးဘဏ် နှင့် ကုန်တင်/ကုန်ချ ဆိပ်ကမ်းတို့တွင် စာပေရေချမ်းစင်(အငယ်)များ ဖွင့်လှစ်ပေးထားပြီး လစဉ် စာအုပ်စာစောင်များကို အသစ်လဲလှယ်ပေးလျက်ရှိသည်။ မင်းဘူးမြို့ မျက်စိအထူးကုဆေးရုံတွင် စာပေရေချမ်းစင်ဖွင့်လှစ်ပေးထားရာ လူနာစောင့် ပြည်သူများ ဖတ်ရှုအားပေးမှုများလာသဖြင့် တာဝန်ကျ ဆရာဝန်မှ ကုသိုလ်ဖြစ် စာပေရေချမ်းစင် (ပုံစံတူ)ပြုလုပ်၍ ဆေးရုံအပေါ်ထပ်နှင့် အောက်ထပ်ခွဲ၍ ထပ်မံတိုးပွားဖွင့်လှစ်ပေးလျက်ရှိသည်။ ကုန်တင်/ကုန်ချ ဆိပ်ကမ်းမှ အလုပ်သမားပြည်သူတစ်ဦးက ယခုလို အောက်ခြေလူထုဆီ အရောက် နိုင်ငံတော်မှ ၀န်ဆောင်မှုပေးနေတာ အရမ်းဝမ်းသာမိပါတယ်။ အားလပ်တဲ့အချိန်မှာ စာပေ ဖတ်ရှုနေရ၍ ဗဟုသုတ အသိပညာလည်းတိုးပွား ကိုယ့်အတွက်လည်း များစွာ အကျိုးရှိလို့ စီစဉ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ပါတယ် ဟု ပြောကြားသည်ကို သိရှိခဲ့ရ၍ စာအုပ်အသစ်လဲလှယ်ရန် ရောက်ရှိလာသော ကျွန်တော်ပါ ရေချမ်းစင်မှ ရေအေးလေး တစ်ခွက်သောက်လိုက်ရသည့်ပမာ ရင်မှာ အေးမြ သွားခဲ့ရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
READMORE
 

အလုပ်သမား ဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၇ မကွေးတိုင်းဒေသကြီး အလုပ်သမားဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၉း၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ဥပဒေများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန အလုပ်ရုံဦးစီးအရာရှိ ဦးစောမြင့်ဌေးမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းမှ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော အလုပ်သမား ရေးရာ ဥပဒေများ ရှင်းလင်းဆွေး နွေးပါသည်။ ထို့နောက် တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်စိုးအေးမှ ၂၀၁၂ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားရှင်းလင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်အလုပ်သမား(၂၂၆)ဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်း (၁၈) ဦး တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။ ဦးတင်ထွန်းဦး
READMORE
 

``သူရိယနေ၀န်းဂျာနယ်(၂)စောင်မှ လူထုအသံ၌ ဖော်ပြထားသော ဆိပ်ဖြူမြို့ဝင်ဂိတ်တာဝန်ခံကိစ္စ ကောင်းမွန်(မကွေး)ကုမ္ပဏီ နှင့် လုံးဝမပါတ်သက်ကြောင်း သိရ´´

ဖေဖော်ဝါရီ(၁၈)ရက်၊ နေ့(၁၀း၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်၌ ရှိသော ဆိပ်ဖြူမြို့ဝင်/ထွက် မော်တော်ကားဂိတ်သို့ သူရိယနေ၀န်းဂျာနယ်၊အတွဲ(၁)အမှတ်(၁၂)(၁၃) ဂျာနယ်(၂)စောင်မှ လူထုအသံပါ ဆိပ်ဖြူမြို့ဝင်ရှိ ကောင်းမွန်(မကွေး)ကုမ္ပဏီပိုင် ဂိတ်တာဝန်ခံမှ ပြည်သူများအပေါ်ဆဲဆို၍ မြို့ဝင် ကြေး ကောက်ခံခြင်း၊ပြည်သူပိုင်လမ်းဘေး မြေအား ခြံခတ်သိမ်းယူခြင်း ကိစ္စများကို မကွေးတိုင်းဒေသကြီး သတင်း စာဆရာအသင်း ဒုဥက္ကဋ္ဌ မကွေးလှမြင့်နှင့် အခြားဂျာနယ်ပေါင်းစုံမှ သတင်းထောက် (၁၃)ဦးတို့က ၎င်းဂိတ်သို့ သွားရောက်သတင်းယူခဲ့ကြသည်။ ၎င်းဂိတ်တာဝန်ခံ ကိုအောင်အောင် ၊ ၎င်းဂိတ်အား လေလံဆွဲယူထားသူ ဦးဝင်းလှိုင် နှင့် ၎င်းဂိတ်နေရာ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် တို့နှင့် တွေ့ဆုံခဲ့ရာ.. ``ကျွန်တော်က ဂိတ်တာဝန်ခံအောင်အောင်ပါ၊ ဂျာနယ်ထဲမှာ ရေးထားသလိုကြီး မဖြစ်ခဲ့ပါဘူး။ ကျွန်တော် က ကောင်းမွန်ကုမ္ပဏီက ၀န်ထမ်းမဟုတ်ပါဘူး။ ဒီဂိတ်ကိုလေလံဆွဲယူထားတဲ့ ဦးဝင်းလှိုင်ရဲ့ ၀န်ထမ်းပါ။ ခြံခတ်ထားတာက ဆိုင်ကယ်တွေက တာလမ်းဘေးကနေ ဆင်းဆင်းပြေးလို့ မြင်တဲ့အတိုင် ၀ါးလုံးတွေနဲ့ ယာယီ တားရတာပါ၊ ဆိုင်ကယ်တစ်စီးကို ငွေတစ်ရာမြို့ဝင်ကြေးကောက်တာပါ..။´´ ဟု ဂိတ်တာဝန်ခံအောင်အောင်က ပြောသည်။ ``ကျွန်တော်က ဒီမြို့ဝင်ဂိတ်နေရာကို နှင်းသဇင်ကုမ္ပဏီဆီကနေ လေလံဆွဲယူထားတာ (၃)နှစ်ရှိပါပြီ။ ကိုအောင်အောင် တို့အဖွဲ့ကို တဆင့်တာဝန်ပေးထားတာပါ။ ဂျာနယ်ထဲမှာ ဒီလိုပါလို့ ကိုအောင်အောင်တို့အဖွဲ့ကို အလုပ်ကရပ်နားခိုင်းပြီး လူစားလဲပေးမှာပါ။ သူတို့ပြောတဲ့ လမ်းဘေးတားထားတွေနဲ့ ဒီဂိတ်တဲကိုလည်း ပြောင်းပေးမှာပါ။ ကျွန်တော့်ဂိတ်က ကောင်းမွန်ကုမ္ပဏီနဲ့ မပါတ်သက်ပါဘူး..။´´ ဟု ဂိတ်လေလံဆွဲထားသူ ဦးဝင်းလှိုင် က ပြောသည်။ ``ကျွန်တော်က ဒီရွာသစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးပါ။ ဒီမြို့ဝင်ကားဂိတ်မှာ ဒီလိုဖြစ်တယ်ဆိုတာ လုံးဝမသိပါဘူး။ ကျွန်တော်ဆီကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်တိုင်ကြားတာမရှိခဲ့ပါဘူး။ လမ်းဘေးကျူးကျော်ကိစ္စကို ဆောက်လုပ်ရေးက စာထွက်ထားလို့ အားလုံးထံ အကြောင်းကြားထားပါတယ်။´´ ဟု ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောသည်။ ၎င်းကိစ္စအား သူရိယနေ၀န်းဂျာနယ်တွင် ရေးသားသူ(ရွှေမောင်း)ဆိုသူဟု ခန့်မှန်းခံရသူမှာ ခရီးထွက် သွားကြောင်း ဒေသခံများကပြောသည်၊ ၎င်းဂိတ်တွင်ဤကဲ့သို့ ဆဲဆိုရမ်းကားငွေကောက်ခံခြင်း မကြားမိပါကြောင်း ၎င်းဂိတ်အနီးရှိ ဒေသခံအိမ်(၅)အိမ်များက ပြောကြားကြောင်း၊ ဆိပ်ဖြူမြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမိုးကျော်သူထံသွားရာ ၀န်ကြီးခရီစဉ်လမ်းကြောင်းသို့သွားကြောင်း၊ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် နှင့် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးရှိန်မြင့်မောင် တို့သည်လည်း ကျေးရွာအုပ်စုများသို့ ဖွံ့ဖြိုးရေး အတွက်ငွေကျပ် သိန်းတစ်ထောင် ကိစ္စ ခရီထွက်သွားကြောင်း၊ ယခုကိစ္စများကို ပြောဆိုခွင့်မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအုပ် ဦးစိုးထွဋ်က ပြောသည်။ ကောင်းမွန်ကုမ္ပဏီ၏ လမ်းပိုင်းမှာ ဧရာဝတီတံတား(မကွေး)အားဖြတ်၍ မကွေး မြို့မှ မင်းဘူး - ပွင့်ဖြူလမ်း ပိုင်း ၃၄ မိုင် ၂ဖာလုံအထိသာ BOT စနစ်ဖြင့်လုပ်ပိုင်ခွင့်ယူထားကြောင်း ကောင်းမွန်ကုမ္ပဏီ(မကွေး)ကုမ္ပဏီ ဆောက်လုပ် ရေးအင်ဂျင်နီယာချုပ် ဦးအောင်ကျော်မြင့် က ပြောပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့် အမှတ် မသန-၉၂၈/၂၀၁၃။ ၂၀၁၃ သြဂုတ်လ(၂၁)ရက်နေ့စွဲ စာမိတ္တူအားပြသရှင်းလင်း သည်။ ‘ဆိပ်ဖြူမြို့နယ်လမ်းပိုင်းက ကျွန်တော်တို့ ကောင်းမွန်(မကွေး)ကုမ္ပဏီပိုင်မဟုတ်ပါဘူး။ မှားပြီးဖော်ပြတဲ့ ဂျာနယ် ကိုလည်း ပြင်ဆင်ပေးဖို့မေတ္တာရပ်ခံစာပို့မှာပါ။ မှားပြီးရေးသားတဲ့ သူကိုလည်း တရားမစွဲပါဘူး။ အဖြစ်မှန်ကို အများသိရင်ကြေနပ်ပါတယ်။”ဟု ကောင်းမွန်ကုမ္ပဏီ(မကွေး) ဆောက်လုပ် ရေးအင်ဂျင်နီယာချုပ် ဦးအောင်ကျော်မြင့် က ပြောသည်။
READMORE
 

``မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်းလင်းပွဲပြုလုပ်´´

ဖေဖော်ဝါရီ(၁၆)ရက်၊ နေ့လည်(၁း၃၀ မှ ၃း)နာရီအချိန်ခန့်အထိ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၊ သစ်ရာကောက်-ကိုးပင် ကားလမ်းဆုံရှိ ဟိဏ်းစားသောက်ဆိုင်၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်း လင်းပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီးNLD ပါတီ အလုပ်အမှုဆောင်များ၊ မြို့နယ်/ ရပ်ကျေးပါတီဝင်များ နှင့် အခြားစိတ်ပါဝင်စားသူများ(၆၀)ဦးခန့်တက်ရောက်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းအကြောင်းကို NLD တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ ခရိုင်အတွင်းရေးမှူး ဦးရဲတင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုးမိုးနှင့်ပါတီအဖွဲ့ဝင်များ၊ သစ်ရာကောက်ကျေးရွာရပ်ကျေး ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့် နှင့် မကွေး ၈၈မျိုးဆက်ကျောင်းသားအဖွဲ့နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြောင်း၊ သတင်း မီဒီယာ သမားများ(၁၀)ဦးခန့်တက်ရောက်ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီး သစ်ရာကောက်ရွာ၌ ဇန်န၀ါရီလအတွင်းက ရိုင်းစိုင်း စွာဖြင့် နယ်လှည့်ပါးရိုက်မည် ဆိုသောစကားများအား ကန့်ကွက်ကြောင်းဆန္ဒပြရန် ဖေဖော်ဝါရီ(၉)ရက်နေ့က မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြခဲ့သော်လည်း ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင်ငြင်း ပယ်စာ ပြန်လည်ရရှိခဲ့ကြောင်း လျှောက်ထားသူ ကိုအောင်မျိုးသန်း က ၎င်းစာများကို ဖတ်ကြားပြသည်။ ၎င်းစာများကို နာခံသောအားဖြင့် ဥပဒေ ဘောင်အတွင်းမှ ခွင့်ပြုချက်ရရှိမှသာ ဆန္ဒပြမည်ဖြစ်ပါကြောင်း၊ ဆန္ဒပြခွင့်မပေး၍ ယနေ့သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သစ်ရာကောက်ကျေးရွာ NLD ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်က ပြောသည်။ သတင်းမီဒီယာများမှ မေးခွန်းများမှာ အယ်လဲဗင်း သတင်းထောက် မှ ၀န်ကြီးဦးအုန်းမြင့် ဖေဖော် ၀ါရီ(၄)ရက်နေ့က ဒုတိယ အကြိမ်လာစဉ်အခါက ယခုလိုမကြေနပ်ကြောင်း မည်သူကမျှကန့်ကွက် ပြောဆိုခြင်း မပြုဘဲ ယနေ့မှ ဘာကြောင့် ပြုလုပ်ပါသလဲဟု မေးမြန်းရာ ၎င်းနေ့က ပြောချိန်မရလို့ပါဟု ရပ်/ကျေးဥက္ကဋ္ဌ ကဖြေဆိုသည်။ ``ကျွန်တော်တို့တောသူ တောင်သားတွေက ပညာမတတ်ကြပါဘူး၊ ၀န်ကြီးဆိုတော့ ကြောက်တာလဲ ပါတာ ကြောင့် မကြေနပ်တဲ့အကြောင်းမပြောရဲကြတာပါ၊ ကျေးရွာရဲ့လိုအပ်ချက်တွေကိုမေးလို့ တောင်းဆိုကြ ပါတယ်။´´ဟု ဦးပေါက်(ခ)ဦးသန်းမြင့်က ဖြေဆိုသည်။ သတင်းထောက်မှ သတင်းဂျာနယ်တစ်စောင်တွင် သစ်ရာကောက်ရွာသား ဦးနေ၀င်းစိုး က ဆန္ဒပြခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖေဖော်ဝါရီ(၁၆)ရက်နေ့တွင် ဆန္ဒပြမည်ဟု ပြောဆိုချက်အား ဖော်ပြ ထားသော်လည်း ယနေ့ဆန္ဒ မပြခြင်းမှာ အကြောက်တရားကြောင့်လား၊ ၀န်ကြီး ဦးအုန်းမြင့် ဒုတိယခေါက်လာ သွားတုန်းက အထောက်အပံ့ အကူညီတွေ ကြေနပ်လို့ နောက်ထပ်ပေးမဲ့ အကူအညီတွေကို မရမှာစိုးလို့လား ဟု မေးမြန်းရာ၊ NLD ပါတီသည် ဥပဒေဘောင်အတွင်းကသာ ပြုလုပ်လို၍ဖြစ်ကြောင်း၊ အကြောက်တရားမရှိပါ ကြောင်း၊ ကိုနေ၀င်းစိုး ပြောဆိုခဲ့ခြင်းသည် သူ၏တစ်ဦးတည်းသဘောထားသာဖြစ်ကြောင်း၊ မကွေးတိုင်းNLDပါတီ သည် ဥပဒေဘောင်အတွင်းကသာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကူညီ တာတွေကိုလည်း ကျွန်တော်တို့အဖွဲ့မှ လက်ခံခြင်းမရှိပါကြောင်း အခြားအဖွဲ့ လက်ညှိုးထောင်ခေါင်းညိမ့် သူတွေကသာ လက်ခံယူ ကြတာပါ..။´´ ဟု သစ်ရာကောက်ရွာသား ကိုကျော်သူထွန်း နှင့် ဦးနေမျိုးကျော်(အတွင်းရေးမှူး မကွေးတိုင်း NLD ပါတီ) တို့ကဖြေဆိုသည်။ ၎င်း သတင်းစာရှင်းလင်းပွဲနေ့ နံနက်ပိုင်းအချိန်တွင် ၀န်ကြီးဦးအုန်းမြင့် ဖေဖော်ဝါရီ(၄)နေ့ ဒုတိယ အခေါက်လာစဉ်က ကူညီမည်ဟုပြောဆို၍ ကတိပေးခဲ့သော လုပ်ငန်းများလုပ်ကိုင်နိုင်ရန် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွန်ကြားရေးမှူး ဦးနေထက်ရှိန် နှင့်ရုံးအဖွဲ့မှ သစ်ရာကောက်ကျေးရွာအုပ်စု ရွာများအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း(၁၅၀)ခန့်လာရောက်ပေးအပ် ကြောင်း၊ ၎င်းထောက်ပံ့ငွေများအား သစ်ရာကောက်ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်နှင့်အဖွဲ့ မှ လက်ခံရယူကြောင်း က သတင်း ရရှိသည်။
READMORE
 

တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။

သို့/ သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု ၀န်ကြီးများ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်နာယကကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်။ နေ့စွဲ ၂၀၁၄၊ ဖေဖော်ဝါရီ(၁၇)ရက်။ တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။ ကျွန်တော်သည် တပ်ကြပ်ကြီးအငြိမ်းစား ကျော်အောင်၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းလေးကျေးရွာ၊ မကြီးထူးအုပ်စု၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှာနေထိုင်သူ ပင်စင်စားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ပင်စင်စား(နယ်ဘက်/စစ်ဘက်) အတော်များများဟာ ပင်စင်လစာ ရခဲ့တာနည်းပါးကြလို့ နိုင်ငံတော်ပင်စင်ဌာနသို့ အချိုး၂၅ ရာခိုင်နှုန်း အချိုး ၅၀ရာခိုင်နှုန်းတို့ဖြင့် တစ်လုံးတစ်ပေါင်းတည်းလဲလှယ်ခဲ့ကြ ပါတယ်။ အရပ်ပြောပြောရရင် ပင်စင်တစ်ဝက်ကို အပြတ်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်အခါက ပင်စင်စားရော ပင်စင်ဌာနပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ကျေနပ်ခဲ့ကြပါတယ်။ ယခုနိုင်ငံတော်အစိုးရသစ် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့လွှတ်တော်နာယကကြီး သူရရွှေမန်းက နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများကို လခ နှင့် ပင်စင်များကို တစ်နှစ်ချင်း တိုး၍ တိုး၍ ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအိုး လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် တိုးပေးတဲ့ ပင်စင်လစာရဲ့ တစ်ဝက်(၅၀)ရာခိုင်နှုန်းကို ပင်စင်ဌာနက ဖြတ်တောက်ယူနေတာ လုံးဝ သဘာဝမကျပါဘူး။ ယခင်ပင်စင်တစ်ဝက်ရောင်းတုန်းက ပင်စင်လစားရဲ့ တစ်ဝက်ကိုသာ အဲဒီတုန်းက ပင်စင်လဲလှည်တွက်ချက်ခဲ့တဲ့ နှုန်းထား စာချုပ်အတိုင်းသာ ဖြတ်တောက်ယူသင့်ပါတယ်။ ယခုအစိုးရအသစ် လက်ထက်မှာ တိုးပေးတဲ့ ပင်စင်ငွေထဲက လုံးဝ မဖြတ်သင့်ပါဘူး။ နိုင်ငံတော်က ပင်စင်စားများကို စေတနာမှန်ဖြင့် တိုးပေးထားတဲ့ ပင်စင်လစာအတိုင်း တစ်ဝက်ဖြတ်နေခြင်းအတွက် ပင်စင်စားများ အလွန်နစ်နာဆုံးရှုံးနေပါတယ်။ ကျွန်တော်တို့ လူအို လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် နိုင်ငံတော်အစိုးရအသစ်က စေတနာ အပြည့်အ၀နဲ့ ပင်စင်လစာ များတိုးပေးခဲ့ပေမဲ့၊ ပေးကားပေးသော်လည်း အပြည့်မရကြပါ၊ ကြွေးကား ကြွေးသော်လည်း မ၀ဖြစ်နေကြရပါတယ်။ နိုင်ငံတော်အတွက် သက်ပြည့်၊ နှစ်ပြည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာနဲ့ ထမ်းဆောင်လာခဲ့ကြတဲ့ ကျွန်တော်တို့ လူအို လူမွဲ ပင်စင်စားများကို ထပ်တိုးပေးတဲ့ ပင်စင်လစာ ငွေများကို အပြည့်အ၀ မဖြတ်မတောက်ဘဲ ထုတ်ပေးကြပါရန် လေးစားစွာနဲ့ ပင်စင်စားများရဲ့ကိုယ်စား အသနားခံတောင်းဆိုအပ်ပါ တယ်ခင်ဗျာ..။ ကျော်အောင် တပ်ကြပ်ကြီးအငြိမ်းစား၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းကျေးရွာ၊ မကြီးထူးကျေးရွာအုပ်စု မြို့သစ်မြို့နယ်။ ဖုန်း ၀၉-၂၅၆၀၉၃၃၁၈
READMORE
 

``မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်၊ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံဒေသရှိ လယ်သမားများ၏ လယ်မြေဧကပေါင်း(၂၁၀၅)ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က ပုံစံ(၇)ထုတ်မပေး´´

ဖေဖော်ဝါရီ(၁၄)ရက်၊ ညနေ(၄)နာရီအချိန်ခန့်တွင် စဥ့်ကူးမြို့နယ် ကျဉ်ထောက်ပေါက်ကျေးရွာ၊ တံခွန်ရွှေမိုင်း(၁)အခြေခံအလုပ်သမားရုံး၌ လျှောက်ပင်ရိုးကျေးရွာ၊ မြို့ပင်ကျေးရွာများမှ လယ်သမားများမှ မီဒီယာအဖွဲ့သို့ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံဒေသရှိ လယ်သမားများ၏ လယ်မြေဧကပေါင်း(၂၁၀၅)ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က ပုံစံ(၇)ထုတ်မပေး၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လျှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံဒေသရှိ ငပျင်းအင်း၊ ရေမျက်အပတောအစရှိသော လယ်မြေ (၂၁၀၅)ဧကကို သက်ဆိုင်ရာမှ ကြံစိုက်ပျိုးရေးအတွက်ဟု (၁၉၉၈)ခုနှစ်က (၁၂၁)ထောက်ပံ့ရေးတပ်က သိမ်းဆည်းခဲ့ကြောင်း၊သို့သော် ၎င်းတပ်မှ အသုံးပြုခြင်း ယနေ့အထိ အသုံးမပြုကြောင်း၊ မှုလပိုင်ရှင်လယ်သမား များသာ ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း၊ ထို့ကြောင့် မြေယာမှတ်ပုံတင်ပြုလုပ်ရာ (၁၉၉၈)ခုနှစ်က (၁၂၁)ထောက်ပံ့ရေးတပ်က သိမ်းဆည်းခဲ့၍ လန(၃၉)ထုတ်ယူပြီးဟုဆိုကာ မြို့နယ်မြေစာရင်းရုံးမှ ပုံစံ(၇)အား ထုတ်မပေးကြောင်း၊ လယ်သမားများမှ (၁၂၁)ထောက်ပံ့ရေးတပ်က မသိမ်းယူခဲ့ကြောင်း၊ လန(၃၉)အား ပယ်ဖျက်ပေးရန်(၂၀၁၄၊ဇန်န၀ါရီ(၂)ရက်နေ့စွဲစာအမှတ်-၂၂၃၁/မသ/၁၂၁/ထောက်၎)စာဖြင့် တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီးမျိုးမင်းသိန်း(ကြည်း-၃၀၁၉၇)မှ လက်မှတ်ထိုးပြီး စဥ့်ကူးမြို့နယ်မြေစာရင်းဦးစီးဌာနသို့ ပေးပို့ထားခဲ့ ကြောင်း ၎င်းမြေ(၂၁၀၅)မှာ စစ်တပ်မှ သိမ်းဆည်းစာရင်း၌မပါသောကြောင့်(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး) တိုင်းမှူး၏အမိန့်စာ အမှတ်(၃၀၀၀/၁၆/ထောက်၎ မ၊ ၂၀၁၃၊ဧပြီလ(၃၀)ရက်နေ့စွဲအရ (၁၂၁)ထောက်ပို့ စစ်တပ်မှထောက်ခံချက်စာ များကို မြို့နယ်မြေစာရင်းဌာနသို့ပေးခဲ့ကြောင်း၊ ၎င်းစစ်တပ်က ပေးသော အထောက်အထားစာများကို လုံးဝ အသိအမှတ်မပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ(၇)ထုတ်မပေး၍ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအထက်အဖွဲ့အစည်းများ အသီးသီးထံသို့ ယခုဖေဖော်ဝါရီလဆန်းမှာ တိုင် ကြားထားကြောင်း လျှောက်ပင်ရိုးရွာ လယ်သမား ဦးမောင်ဦးက ပြောသည်။ `` ကျွန်တော်တို့ပိုင်တဲ့ ဒီမြေ(၂၁၀၅)ဧကကို ၁၂၁ ထောက်ပို့တပ်ရင်းမှူးစာနဲ့ တိုင်းမှူးစာတွေ မိတ္တူပြတာကို မြေစာရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)မပေးတဲ့အပြင် စတင်လျှောက်ထားတဲ့ ပုံစံ(၁)ကိုတောင် ထုတ်မပေးဘူးဗျာ..၊ နိုင်ငံတော်သမ္မတက တောင်သူတွေရဲ့ပိုင်ဆိုင်ခွင့် ပုံစံ(၇)ကို အမြန်ထုတ် ပေးရန်ညွန်ကြားထားပေမယ့် အောက်ခြေမြို့နယ်မြေစာရင်းဌာနနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူး နှစ်ဦးတို့က အချိန် အကြာကြီးဆွဲထားပြီး လုပ်မပေးဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့တောင်သူတွေမှာ အားကိုးစရာမဲ့နေလို့ ယနေ့ မီဒီယာများကို စာရွက်စာတမ်းတွေ အပြည့်အစုံနဲ့ တင်ပြရှင်းလင်းခြင်းဖြစ်ပါတယ်။´´ဟု လျှောက်ပင်ရိုးရွာ လယ်သမား ဦးခင်မောင်ညွန့်က ပြောသည်။
READMORE
 

``မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ကန်တောင်ရွာ(ရွှေလုပ်သားများ)က ကန်တောင်ရွှေလုပ်သားကုမ္မဏီ အမည်ဖြင့် ရွှေလုပ်ကွက်ရရှိရေး သတင်းစာရှင်းလင်းပွဲ´´

ဖေဖော်ဝါရီ(၁၄) နေ့(၁၂)နာရီအချိန်မှ နေ့(၁း၃၀)နာရီအချိန်ခန့်အထိ မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ နယ် ကန်တောင်ရွာလယ်ဘုရားဓမ္မာရုံ၌ ကန်တောင်ကျေးရွာ(ရွှေလုပ်သား)များ(၂၇၃)ဦးတို့ လက်မှတ် ရေးထိုး၍ ကန်တောင်ရွှေလုပ်သားကုမ္မဏီ အမည်ဖြင့် တရားဝင်ရွှေလုပ်ကွက်ကို အမှတ်(၂)သတ္တုတွင်း ၀န်ကြီးဌာနမှ အမြန်ခွင့်ပြုချက် ရရှိရေးအတွက် သတင်းစာ ရှင်းလင်း ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါကန်တောင်ကျေးရွာဒေသတွင် ၁၉၉၁/၉၆ ခုနှစ်မှစ၍ ရွှေလုပ်ကွက်(၀.၅၀)ဧက တနိုင်း လုပ်ကွက် တစ်ခုလျှင် နှစ်သောင်းကျပ်ဖြင့် စဥ့်ကူးမြို့နယ်ဘဏ်သို့ ငွေပေးဆောင်ပြီး နှစ်စဉ်လုပ်ကိုင်ခဲ့ရ ကြောင်း၊ ၁၉၉၉ မှ ၂၀၁၄ ခုနှစ်အတွင်းအချိန်ကာလတွင် ရွှေလုပ်ကွက် ကုမ္မဏီများဝင်ရောက်လာကြောင်း၊ ၎င်းမြို့နယ်အတွင်း ရွှေလုပ်ကွက်ကုမ္မဏီပေါင်း(၄၇)ခု အားချထားပေးခဲ့ကြောင်း၊ ကန်တောင်ကျေးရွာသို့ ထက်ရီလင်းကုမ္မဏီ(SGU-2)နှင့် မြောက်ကျွန်းသူမမ ကုမ္မဏီတို့က ရွှေလုပ်ကွက်များကိုဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ရွှေလုပ်ကွက်တစ် ကွက်လျှင်(၂၀)ဧကနှုန်းဖြင့် လုပ်ကွက်(၃၀၀) ဧကပေါင်း(၆၀၀)ကျော်ခန့်ချထားပေးခဲ့ကြောင်း၊ လုပ်ကွက်တခု လျှင် ရွှေ(၂၄)ကျပ်သား နိုင်ငံတော်သို့ပေးသွင်းပြီး ကုမ္မဏီလိုင်စင်ရရှိရန် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာန တွင်လိုင်စင်လျှောက်ထားရကြောင်း၊ ယခင်ကတစ်ပိုင်တစ်နိုင်ချထားစဉ်အခါက ကန်တောင် ကျေးရွာမှ ပြည်သူများက လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အင်အားကြီး ကုမ္မဏီကြီးများ ၀င်ရောက်လာ သောအခါ ရွာသူရွာသားများ လုပ်ကွက်နေရာမယူနိုင်၍ လက်ရှိလုပ်ကိုင်နေသော ထက်ရီလင်း ကုမ္မဏီ(SGU-2)ထံမှ ရွာသူ ရွာသားအချို့အား နေ့စားလက်မှတ်ဖြင့် ရွှေထုတ်ယူနိုင်ရန် မြေစာဗြုန်းများခွင့်ပြု၍ တူးဖော်ခွင့်ပြုခဲ့ကြောင်း ဒေသခံ ဦးအုန်းသန်း မှ ပြောသည်။ ကန်တောင်ကျေးရွာသူ ကျေးရွာသားများသည် ၎င်းတို့ဒေသ၌ ရွှေတူးဖော်ခြင်းလုပ်ငန်းသာ လုပ်ကိုင်စား သောက်နိုင်သော သဘာဝကျောက်တောင်မြေများပေါ်တွင် နေထိုင်သူများဖြစ်ကြောင်း၊ အခြား သီးနှံများ စိုက်ပျိုး စားသောက်လုပ်ကိုင်သော မြေများလုံးဝမရှိကြောင်း၊ ၎င်းကျေးရွာသည် အိမ်ခြေပေါင်း(၁၀၀၀) ကျော်ခန့်၊ လူဦးရေ (၅၀၀၀)ကျော်ခန့်နေထိုင်၍ ဘုန်းတော်ကြီးသင်စာသင်ကျောင်း၊ကျေးလက်ကျန်းမာရေး ဆေးခန်းနှင့်အစိုးရ အလယ်တန်းကျောင်း၊ ကျောင်းသားဦးရေ တစ်ထောင်ခန့်ရှိကြောင်း၊ လျှပ်စစ်မီးနှင့် ရေလည်းပြည့်စုံစွာရရှိကြောင်း၊ သို့သော်လည်း ပြည်ထဲရေးဌာနသို့ ကျေးရွာအမည်ဂရန်အမည်လျှောက်ထားသော်လည်း ရွာဂရန်မပေါက်သေး ကြောင်း၊ ဂရန်အမည်မပေါက်ရန် ရွှေတူးနေသော ခရိုနီများက ကုမ္မဏီမှ သက်ဆိုင်ရာသို့ တားဆီးပိတ်ပင့်ထား သည်ဟု ထင်ကြောင်း၊ ယခု မခိုင်မှ ဦးဆောင်ငွေစိုက်ထုတ်၍ အများပိုင်ကုမ္မဏီလျှောက်ထားပေးခြင်းသည် ကန်တောင် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် တိုက်ဆောက်ကားစီးဖို့မရွယ်ပါကြောင်း၊ နေ့စဉ်ထမင်းဝလျင် အောင်စားသောက် နိုင်ရန် ရွာသားများရဲ့လုပ်အားအခွင့်အရေးများကိုသာ မျှော်လင့်ပါကြောင်း၊ ရွှေရတနာ အောင်မြေ ကျောင်း ဆရာတော် ဦးအစ္စရိယ ကပြောသည်။ ``ဦးဇင်းတို့ကတော့ ဒီကန်တောင်ကျေးရွာသူ ရွာသားများစားဝတ်နေရေးအဆင်ပြေလို့ ဆင်းရဲမွဲတေမှု ပပြောက်ရေးအတွက် ဒကာမ မခိုင်လျှောက်ထားပေးတဲ့ ကန်တောင်ရွှေလုပ်သားကုမ္မဏီ လိုင်စင်ကို အမြန်ချပေး စေချင်ပါတယ်။ ကုမ္မဏီလျှောက်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်းခံတဲ့ ထောက်ခံစာ တွေလည်း အပြည့်အစုံပေးပြီးပါပြီ၊ ဒါကြောင့်သက်ဆိုင်ရာ သတ္တုဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့် ကုမ္မဏီလိုင်စင် အမြန်ချပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်´´။ဟု ဆရာတော် ဦးဇော တိက မှပြောသည်။ `` ကျွန်မတို့ ကန်တောင်ရွာသူ ရွာသားတွေနဲ့ ယခုကျွန်မလက်ရှိ(၄)တွင်းဖောက်ပြီး လုပ်နေတဲ့ မြေပုံအမှတ် 93/B2 ရွှေလုပ်ကွက်(၇)ဧကခန့်ကို ထက်ရီလင်းကုမ္မဏီ (SGU_2)ဆီကနေ၂၀၁၃၊ဇွန်လ(၆)ရက်နေ့မှစ၍ နှစ်စင်ကြေး အခွန်ငွေ ဆောင်ပြီးလုပ်လာခဲ့တာပါ။ ဒီရွှေလုပ်ကွက်ဖောက်ခဲ့တာ ကလည်း ကန်တောင်ရွာသူ ရွာသားများရဲ့ စားဝတ်နေရေးအတွက် ဦးဆောင်ပြီးလုပ်လာခဲ့တာပါ။ အဲဒီတွင်း ဖောက်ခဲ့ရတာ အခွန်အခများ နှစ်စဉ်ကြေးအပြင် ကျွန်မတို့ပိုင်စက်ကြီးတွေနဲ့ တွင်းဖောက်ခဲ့တာ ငွေကျပ်သိန်းပေါင်း သုံးလေး ထောင်ခန့်ကုန်ကျခဲ့ပါတယ်။ ဒီလုပ်ကွက်ရွှေကျင်းတွေက ရွှေကြောလည်းတွေ့ရော ဒီမြေလုပ်ကွက်က ထက်ရီလင်းကုမ္မဏီပိုင်မြေဧရိယာမှာ မပါဘူး၊ ပလပ်မြေဖြစ်နေတယ်ဆိုပြီး ညစ်ပတ်ပြီး ကြေငြာပါတယ်။ ထက်ရီလင်းကုမ္မဏီ(SGU_2)က နှစ်စဉ်အခွန်နဲ့ ဆက်ကြေးယူပြီး၂၀၁၄၊ ခိုင်းလို့လုပ်ခဲ့တဲ့ ကျွန်မတို့ရဲ့ ဒီရွှေကြောလည်း အောင်မြင်နေရော အထက်ကိုစာတင် အကြောင်းကြားပြီး ဇန်န၀ါရီ(၁၅)ရက်နေ့မှာ ရွှေတွင်းလေးတွင်းလုံးကို အပိတ်ခိုင်းပါတယ်။ ဒီမြေလုပ်ကွက်ကို ဆက်မလုပ်ဖို့ ဖေဖော်ဝါရီ(၃)ရက်နေ့က အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ကစာထွက်ပြီး တားဆီးခဲ့ပါတယ်၊ မအောင်မြင်ခင် ကတော့ ထက်ရီလင်းကုမ္မဏီ က နှစ်စဉ်လိုင်စင်ကြေး ဆက်ကြေးတွေယူပြီး အောင်မြင်လာမှ တားဆီးတာကို လုံးဝလက်မခံနိုင်ပါဘူး။ ဒါကြောင့် ကျွန်မက ငွေစိုက် ထုတ်ပြီး ဒီမြေ 93/B2 ဧက (၇)ဧကထဲက ရွှေတွင်းလေးတွင်းလုံးနဲ့ လုပ်ကွက်မြေတွေကို ပြန်ရရှိရေးအတွက် ကန်တောင်ရွှေလုပ်ငန်းကုမ္မဏီအမည်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လျှောက်ထားခဲ့ပါပြီ၊ ဒီလုပ်ငန်းကရတဲ့ အကျိုးအမြတ်ရဲ့ သုံးပုံတစ်ပုံကို ကန်တောင်ကျေးရွာအတွက် ခွဲဝေပေးပါ့မယ်။ အလုပ်သမားများကိုလည်း ကန်တောင်ရွားသားတွေကိုသာ အလုပ်ပေးမှာဖြစ်ပါတယ်၊ ရွာသားတွေထဲက အင်းဖောက်နိုင်သူပေါ်လာရင်လည်း လုပ်ကွက်နေရာများကို အကျိုးတူ ပူးပေါင်းလုပ်ဆောင်ပေးပါ့မယ်၊ ဒီအများပိုင် ကန်တောင်လုပ်သားများရွှေ ကုမ္မဏီကို ကျွန်မက ဘယ်သောအခါမှ လက်ဝါးကြီးအုပ်မည်မဟုတ်ပါကြောင်း ဒီဇာနယ်ဇင်းရှင်းလင်းပွဲမှာ ကတိက၀တ်ပြုပါတယ်ရှင်.. ´´။ဟု မခိုင် ကပြောသည်။ ၎င်းကုမ္မဏီအမည်ဖြင့် (၁၀-၂-၂၀၁၄)နေ့က မှတ်ပုံတင်လျှောက်ထားရန် သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ထားရာ (၁၃-၂-၂၀၁၄)နေ့တွင် ကန်တောင်လုပ်သားများကုမ္မဏီအမည်ဖြင့် မှတ်ပုံတင်အမည်ရခဲ့ကြောင်း၊ ၂၀၁၄၊ ဇန်န၀ါရီ(၁၅)ရက်နေ့က တွင်းပိတ်ခံထားရသော လုပ်ကွက်(၇)ဧက (ပလပ်မြေ) ကို လုပ်ကိုင်ခွင့်ပြုမိန့်ချ၍ မပေးသေးကြောင်း၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အများပိုင်ကုမ္မဏီကို ချပေးမည်ဟု သတ္တုတွင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က အကြောင်းပြန်ကြားကြောင်း ကုမ္မဏီမန်နေဂျင်းဒါရိုက်တာ ဦးအေးမင်းစိုးက ပြောသည်။ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ယခုလျှောက်ထားသော 93/B2မြေကွက် (၇)ဧက လုပ်ကွက်မြေနှင့် ရွှေတွင်း(၄)တွင်းတို့ အား ပိတ်သိမ်း၍တားဆီးရခြင်းအကြောင်းအား ဒေသခံ ဦးအောင်ဇေယျ(သပိတ်ကျင်း) မှ သတင်း မီဒီယာများကိုယ်စား ထက်ရီလင်းကုမ္မဏီ တာဝန်ခံမန်နေဂျာ ဦးမျိုးသန့်ကို မေးမြန်းခဲ့သည်။ `` ဒီလုပ်ကွက်ကိုဘာကြောင့်ပိတ်ရသလဲဆိုတာကို ပြောလို့မရတဲ့ကိစ္စဖြစ်နေလို့ မပြောပါရစေနဲ့..´´ ဟု ဦးမျိုးသန့်က ဖြေဆိုသည်။ ထို့နောက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ထုတ်ပြန်ချက်မှာလည်း ၎င်းလုပ်ကွက်မြေ (၇)ဧကသည် လက်ရှိ မည်သည့်ကုမ္မဏီ၏ အမည်ပေါက်မြေမဟုတ်ကြောင်း၊ (ပလပ်မြေ)အဖြစ် နှစ်ပေါင်း(၁၅) နှစ်ခန့် ကြာခဲ့ပြီဖြစ်ကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းက ပြန်လည်ဖြေဆိုခဲ့သည်ဟု အောင်ဇေယျ (သပိတ်ကျင်း) က မီဒီယာများအား ပြန်လည်ပြောပြသည်။ ရွှေကန်တောင်လုပ်သားကုမ္မဏီအား ကော်မတီ(၉)ဦးဖြင့်ဖွဲ့စည်း၍ လက်မှတ်ထိုးလျှောက်ထားသူ (၂၇၃)ဦးဖြင့် လျှောက်ထားခဲ့ကြောင်း၊ ၎င်းကော်မတီအဖွဲ့ဝင်များအား တက်ရောက်လာသော ကန်တောင်ကျေးရွာ လုပ်သားပြည်သူများနှင့် သတင်းမီဒီယာများ က မရှင်းလင်းသော အချက်အလက်များအား မေးမြန်းခြင်း၊ ပြန်လည်ဖြေဆိုရှင်းလင်းပြီး နေ့ (၁.၃၀)နာရီအချိန်တွင် စာနယ်ဇင်းရှင်းလင်းပွဲပြီးကြောင်း၊ ၎င်းတို့ အများပိုင် ကုမ္မဏီအဖြစ်လျှောက်ထားသော လုပ်ကွက်မြေ 93/B2 (၇)ဧက သို့ သတင်းမီဒီယာများမှ လိုက်လံကြည့်ရှု၍ သိလိုသည်များကို ထပ်မံမေးမြန်းပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။
READMORE
 

``သစ်ရာကောက်- ကိုးပင်ကားဖြတ်လမ်း၌ ကုန်တင်ယာဉ်ကားတစ်စီးလုံး မီးလောင်မှုဖြစ်´´

ဖေဖော်ဝါရီ(၁၅)ရက်၊ ည(၉း၃၀)နာရီအချိန်ခန့်တွင် ရန်ကုန်-ပြည်-မကွေး ကားလမ်းကြောင်း သစ်ရာကောက်- ကိုးပင်းကားဖြတ်လမ်း မိုင်တိုင်(၉/၆) နှင့်(၉/၇)မိုင်တိုင်ကြား၌ ကုန်တင်ယာဉ်ကားတစ်စီးလုံး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၅)ရက်၊ ည(၉း၃၀)နာရီအချိန်ခန့်တွင် သစ်ရာကောက်- ကိုးပင်းကားဖြတ်လမ်း မိုင်တိုင်(၉/၆) နှင့်(၉/၇)မိုင်တိုင်ကြား စမ်းမကြီးကျေးရွာအနီး၌ မကွေးမြို့မှ ရန်ကုန်မြို့သို့သွားရန် ယာဉ်မောင်း ဦးကျော်ထူးမောင်းနှင် လာသော ယာဉ်အမှတ် ၆ဂ/၂၄၆၃ (ကိုရီးယားကီးယား KIA) ဖြူနီကျား(၁၄)ဘီးကုန် တင်ယာဉ်သည် နှမ်းလှော်မှုန့်အိပ်များ(နိုင်ငံခြားပို့ရန်)တင်ဆောင်လာကြောင်း၊ ၎င်းမိုင်တိုင်အရောက်၌ နောက်ယာ ဘက်ဘီး ပေါက်နေသည်ကို မသိရှိဘဲ ဆက်လက်မောင်းနေစဉ် တာရာနှင့် ဒစ်စ၀ှီးခွေ အချိန်ကြာမြှင့်စွာ ပွတ်တိုက်မှုကြောင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း၊ ၎င်းကားမီးလောင်ရာနေရာသို့ မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သိန်း ဦးဆောင်၍ သန္ဓေမီးသတ်သား လေးဦး၊ အရံမီးသတ်သား ငါးဦးနှင့် မီးသတ်ကား တစ်စီးနှင့် ကိုပင်ကျေးရွာမှ အရံမီးသတ်သား(၅)ဦးနှင့် မီးသတ်ကားတစ်စီး တို့ရောက်လာပြီး ၎င်းည(၁၁း၄၀) နာရီအချိန်တွင် မီးငြိမ်းသတ်၍ (၁၁း၅၀)နာရီအချိန်တွင် မီးလုံးဝငြိမ်းသတ်သွားခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ မော်တော်ယာဉ်နှင့် ကုန်များပါ ငွေကျပ်သိန်း(၅၀၀) သတ်မှတ်ကြောင်း၊ ယာဉ်တစ်စီးတန်ဘိုးငွေကျပ် သိန်း(၁၀၀) နှင့် နှမ်းလှော်မှုန့်အိပ်(၉၅၅)အိပ်တန်ဘိုးငွေကျပ်သိန်း(၄၀၀)ဖြစ်၍ ထိခိုက်သေဆုံးခြင်းမရှိကြောင်း၊ မော်တော် ယာဉ်တစ်စီးလုံး ကားဖရိန်သာ ကျန်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်းက ပြောသည်။ အဆိုပါမော်ယာဉ်ပိုင်ရှင်မှာ ဦးစောလွင် (၉)လမ်း၊ ရန်ကင်းရပ်ကွက်၊ မကွေးမြို့မှဖြစ်ကြောင်း၊ ယာဉ်မောင်း ကျော်ထူး မှာ အောင်ဇေယျာရပ်ကွက်၊ မကွေးမြို့မှဖြစ်ပြီး ၎င်းယာဉ်မောင်းမှာ မီးလောင်သောနေရာမှ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ ယာဉ်မောင်းကျော်ထူး အား မီးချောင်ရဲနယ်မြေရဲစခန်းတွင် (ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သစ်ရာကောက်ရဲစခန်း မှ သတင်းရရှိသည်။
READMORE
 

တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲနှင့် ဆွမ်းကပ်လှူဒါန်းပွဲကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၄ ၂၀၁၄-ခုနှစ် မကွေးတိုင်းဒေသကြီး တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက် ညနေ(၆)နာရီက မကွေးမြို့ မြသလွန်ဘုရား ပရ၀ုဏ်ကွင်းတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားတွင်ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ တရားသူကြီးချုပ်၊စာရင်းချုပ်နှင့် လူမှုရေး ၀န်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ ထမနဲထိုးပြိုင်ပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော တိုင်းဒေသကြီး ပညာရေး ဦးစီးဌာနအား အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှလည်းကောင်း၊ ဒုတိယဆုရရှိသော တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းအား လူမှုရေးဝန်ကြီးမှ လည်းကောင်း၊တတိယဆုရရှိသော မကွေးမြို့ ဆုံရပ်ကွက်အသင်းအား တိုင်းဒေသကြီး ဥပဒေချုပ်မှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါထမနဲထိုးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာအသင်းများနှင့် မကွေးမြို့ပေါ် ရပ်ကွက်များမှ အသင်းများ စုစုပေါင်း အသင်း(၄၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများမှ ထမနဲ(၂)ပိဿာစီ မြသလွန် ဂေါပကအဖွဲ့ထံ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။ တတိယအကြိမမြောက် မြန်မာ့ရိုးရာ ထမနဲဆွမ်းကပ်လှူပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၄)ရက် နံနက်(၅)နာရီအချိန်က မြသလွန်စေတီတော် ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများနှင့် တက်ရောက်လာသောဧည့်သည်တော် များမှ မြသလွန်စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးနံ့သာတိုင်များ ကပ်လှူပူဇော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE
 

ကျေးလက်နေပြည်သူများအား ထင်းများအခမဲ့ဝေငှ

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ် သဘာဝတောထိန်း ဧရိယာ (၂၀၀၀)ဧကအတွင်း ဓမ္မတာမျိုးဆက်ခြင်း (၂၀၀)ဧက မှ ထွက်ရှိသော ထင်း (၅.၇၀၂၄)တန်အား နီးစပ်ရာ ကျေးရွာဖြစ်သော ကျွဲတံခါးကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ ဖေဖော်ဝါရီလ(၁၅)ရက် နံနက်ပိုင်းက ထင်းများ အခမဲ့ ခွဲဝေပေးခဲ့သည်။(ပုံ) ယခုကဲ့သို့ ထင်းများအခမဲ့ဖြန့်ဝေပေးခြင်းဖြင့် ဒေသခံကျေးရွာလူထု၏ နေ့စဉ်ထင်းလောင်စာ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဖြစ်စေပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံများ ပူးပေါင်း ပါဝင်လာစေရေး စည်းရုံး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
READMORE
 

ငဖဲမြို့နယ် တောင်ပေါ်ဒေသ စိမ့်စမ်းရေသွယ်စနစ်ဖြင့် သောက်သုံးရေဖူလုံလျက်ရှိ

မင်းဘူး ဖေဖော်ဝါရီ ၁၃ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများသည် တောင်ကုန်း တောင်တန်းများ အပေါ် မှီတင်းနေထိုင်ကြသည့်အားလျှော်စွာ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဖွံ့ဖြိုးရေး စိမ်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ခွင့်ပြုငွေ ကျပ်(၃၀)သိန်းနှင့်ဒေသခံပြည်သူများထည့်ဝင်ငွေများဖြင့် လင်းတဲကျေးရွာ တွင် အရှည် (၁၃၀၀၀)ပေ၊(၂)လက္မ ရေပိုက်ဖြင့် ကျေးရွာအရောက် ရေသွယ်တန်းခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ယခင်က ၀ါးလုံးများဖြင့် ရေကို ခက်ခဲစွာ သွယ်တန်းရယူရာမှ ယခုအခါ အိမ်ထောင်တစ်စုချင်းအလိုက် (၀.၅)လက္မ ပိုက်ပျော့များဖြင့် နေအိမ်ပေါ်အရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်၍ လင်းတဲကျေးရွာသူ/ရွာသားများ ၀မ်းမြောက်ပျော်ရွှင်လျှက်ရှိကြသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
READMORE