`` မကွေးပညာရေးကောလိပ်မှ သိမ်းဆည်းထားသော ယာမြေများကို ခြံဝန်းခတ်မည်ဆို၍ မကွေးမြို့နယ် နွားကူးကျေးရွာတောင်သူများက ငြိမ်းချမ်းစွာ စီတန်း၍ စောင့်ကြည့်နေကြ ´´

မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စု နွားကူးကျေးရွာ တောင်သူ(အမျိုးသမီး၊ အမျိုးသား ၃၀)ခန့်သည် မေ(၂၅)ရက်၊ နံနက်(၇)နာရီမှ (၁၀)နာရီခန့်အချိန်တွင် မကွေးပညာရေးကောလိပ်မှ သိမ်းဆည်းထားသော(၁၀၃)ဧကများထဲမှ ပိုနေသော ကျန်ဧက(၆၀) အား ယာမြေများပြန်လည်ရရှိရေး အတွက် ငြိမ်းချမ်းစွာစီတန်းစောင့်ကြည့်ပြီး အသေခံတားဆီးသွားမည်ကြောင်း မြန်မာပို့စ်မှ သတင်းရရှိသည်။ အဆိုပါကိစ္စအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့် မှ သူရဦးအောင်ကို ဗဟိုအတွင်းရေးမှူး (တိုင်းတာဝန်ခံ)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ နေပြည်တော်သို့ ၂၀၁၃၊ဖေဖော်ဝါရီလ (၈)ရက်နေ့က တင်ပြတောင်းခံထားကြောင်း၊ ၎င်းယာမြေများကို အထက် နိုင်ငံတော်မှ မြေသိမ်းခွင့်မိန့်မချမှတ်ရသေးကြောင်း၊ ၎င်းမိတ္တူစာအရသိရသည်။ သို့သော်လည်း ယခုအခါ ပညာရေးကောလိပ်မှ တောင်ဘက်ရှိ သီးနှံများစိုက်ပျိုးထားသော ယာမြေများအတွင်းသို့ ခြံစည်းရိုးများကာရံရန် နွားကူးကျေးရွာ အုပ်ချုပ်ရေးမှူး သို့အကြောင်းကြားလာခြင်းကြောင့် ယနေ့တောင်သူ(၃၀)ခန့်မှာ မိမိတို့ယာမြေများအတွင်းသို့ လာရောက်၍ စီတန်းပြီးစောင့်ကြည့်၍ တားဆီးရန် ငြိမ်းချမ်းစွာဖြင့် အသေခံပြီး ကန့်ကွက်သွားမည်ဖြစ်ကြောင်း တောင်သူ အမျိုးသမီးတစ်ဦးမှ မြန်မာပို့စ်သို့ ပြောကြားသည်။ `` ကျမတို့ နွားကူးရွာက တောင်သူတွေ(၃၀/၄၀)လောက် နံနက်(၇)နာရီကစပြီး ကျမတို့ဘိုးစဉ်ဘောင်ဆက်ပိုင် စိုက်ပျိုးထားတဲ့ ဒီယာထဲကိုလာခဲ့ကြတာက ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီနေ့(၂၅)ရက်နေ့မှာ မကွေးပညာရေးကောလိပ်က သိမ်းထားတဲ့ ယာမြေတွေကို ခြံဝန်းခတ်မယ်ဆိုလို့ တားဆီးဖို့လာခဲ့ကြတာပါ။ ကျမတို့ယာမြေတွေကို ၁၉၉၃ ခုနှစ်လောက်က အသိမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ကျမတို့ပိုင် မြေယာလွတ်တွေကို မိမိတို့ပိုင်ရှင်နာမည်အတိုင်း ပညာရေးကောလိပ်ကို မြေထောက်ခပေးပြီး သီးနှံတွေနှစ်စဉ်စိုက်ပျိုးလာခဲ့ကြပါတယ်။ တစ်နှစ်ကို တစ်ဧကအတွက်(၃၀၀၀ိ) မှ(၆၀၀၀ိ)အထိတိုးတိုးပြီးေ ပးလာခဲ့ပါတယ်။ ၂၀၁၃ ခု၊ ယခုဒီနှစ်မှာတော့ မြေထောက်ခမယူပါဘူး။ မြေထောက်ခမယူဘဲ ကျမတို့စိုက်ပျိုးထားတဲ့ ယာမြေတွေကို ၀န်းခြံခတ်မယ်ဆို လုပ်လာပါတယ်။ ဒါကြောင့် ယခုစိုက်ပျိုးထားတဲ့ယာမြေတွေကို ခြံခတ်ရင် တုန်းလုံးလဲပြီး အသေခံပြီး တားဆီးသွားကြပါ့မယ်။ ယခု ကျမတို့တောင်းဆိုတင်ပြခြင်တာက ယခင်ယခင်အခါက ကြောက်လို့ မတန်တစ်ဆဈေးချပြီး သူတို့ပေးသမျှလေးနဲ့ မြေယာတွေကို အသိမ်းဆည်းခံခဲ့ရပေမယ့်၊ ယခုအခါမှာ တပ်မတော်ပိုင်က သိမ်းထားတဲ့ ပိုနေတဲ့ မြေတွေတောင်ပြန်ပေးနေပါပြီ။ ဒါကြောင့် မကွေးပညာရေးကောလိပ် အသုံးပြုလို့ ယခု ပိုနေတဲ့ ယာမြေတွေကို ပြန်ပေးပါလို့တောင်းဆိုချင်ပါတယ်။ ခြံဝိုင်းလည်း လုံးဝအခပ်မခံနိုင်ပါဘူး။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ လက်မှတ်ထိုးပြီး သက်ဆိုင်ရာကိုတင်ပြထားပါတယ်။ ဒီစာကို ကျမတို့ထံ မိတ္တူပေးထားတဲ့စာရှိပါတယ်။ ဒီစာအရ အထက်ဆုံးဖြတ်ချက်တစ်စုံတစ်ရာမကျ မချင်း ခြံဝိုင်းမခတ်စေချင်ပါဘူး။ မကွေးပညာရေးကောလိပ်က ပိုနေတဲ့ ကျမတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ပြီး လုပ်ကိုင်စားသောက်လာခဲ့တဲ့ ဒီယာမြေတွေကို ပြန်ပေးပါလို့သာ တောင်းဆိုချင်ပါတယ်။´´ဟု နွားကူးရွာ တောင်သူအမျိုးသမီးတစ်ဦးက မြန်မာပို့စ် သို့ပြောသည်။ အဆိုပါ ယာမြေသိမ်း ကိစ္စအား မကွေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်ဘသိန်း ထံသို့ သွားရောက်သတင်းယူရာတွင် အထက်မှပြောဆိုရန်ခွင့်ပြုမှသာ ပြန်လည်ဖြေကြားပေးမည်ဟု နေ့လည်(၁)နာရီမှလာကြရန် မီဒီယာများကို (၂)ခါချိန်းဆိုပြီးမှ ဖြေကြားပါသည်။ ကျောင်းအုပ်ကြီးက သတင်းထောက်များအား မဖြေဆိုခင်မှာ မကွေးတိုင်း ဒေသကြီးသတင်းစာဆရာအသင်း အတွင်းရေးမှူးအား အမည် အဘအမည် နိုင်ငံနိုင်သားအမှတ် များကို မေးမြန်း၍ စာရင်းမှတ်ယူသည်။ ၎င်းကိစ္စကို ယူနတီ သတင်းထောက်တစ်ဦးမှ သတင်းထောက်များအား တရားခံကဲ့သို့ စစ်မေးခြင်းကို မခံနိုင်ကြောင်း၊ ယခုဤ သတင်းအား မဖြေဆိုချင်ရင်လည်း နေနိုင်ပါကြောင်း၊ ယခု အမည် အဘအမည် နိုင်ငံသားနံပါတ် ဖြေဆိုပေးသူမှာ ကျနော်တို့ ခေါင်းဆောင်းမဟုတ်ကြောင်း၊ ဒေါသဖြင့်ပြောဆို၍ ကျောင်းအုပ်ကြီးက အခြားသတင်းထောက် များကို ဆက်မမေးတော့ဘဲ တောင်းပန်ပြီး ဖြေကြားပေးပါသည်။ မကွေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး၏ ပြောကြားချက်မှ ကောက်နှုတ်ဖော်ပြပါသည်။ `` နွားကူးရွာက တောင်သူတွေယခုလို လုပ်နေတာ ကျွန်တော်လုံးဝမသိပါ။ ယနေ့ရုံးပိတ်ရက် မနက်က ဘုရားကို သွားနေတာပါ။ ယခုခြံဝန်းခတ်ဖို့ကိစ္စကို မကြီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ကျနော်ကိုယ်တိုင်သွားရောက်ပြောကြား အသိပေးထားပါတယ်။ ယနေ့ ခြံဝိုင်း မခတ်သေးပါဘူး။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အာဏာပိုင်များနဲ့ မကွေးမြို့နယ်မြေစာရင်းက တိုင်းတာ သတ်မှတ်ပေးတဲ့အတိုင်း မေ(၂၇)ရက်နေ့မှာ ခြံဝန်းခတ်သွားမှာပါ။ ကျနော်က ဒီမကွေးပညာရေးကောလိပ်ကျောင်း ကိုရောက်လာတာ(၂) နှစ်သာရှိပါသေးတယ်။ ဒီယာမြေတွေကို ၁၉၉၃ ခုနှစ်လောက်မှာ ယာမြေ ဧက(၁၀၃)ဧကကို သက်ဆိုင်ရာကွင်းအမှတ်များနဲ့ တောင်သူများထံကို သက်ဆိုင်ရာမှ အသိပေးစာထွက်ပြီး ကာလဈေး သင့်တင့်တဲ့ လျှော်ကြေးတွေပေးပြီး မကွေးဆရာအတတ်သင်ကျောင်းအတွက်ဆိုပြီး သိမ်းခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၈ ခုနှစ်ထဲက အထက် ပညာရေးဦးစီးဌာန အမိန့်စာနဲ့ မြေယာသိမ်းဆည်းခွင့်အမိန့်ချထားပါတယ်။ လူနေခွင့်(လန-၃၉)ကိုလည်း သက်ဆိုင်ရာ မြေစာရင်းကရထားပြီးပါပြီ။ ဂရံမြေရရှိရေးအတွက်လည်း သက်ဆိုင်ကို ဆက်လက်တင်ပြ လျှောက်ထားပါတယ်။ ယခု ကျွန်တော်တို့ ကျောင်းက ပညာရေးကောလိပ် ဖြစ်နေပါပြီး။ မကွေးမြို့ မှာ နောင်ကျရင် ပညာရေးတက္ကသိုလ်အထိ အဆင့်မြှင့်ဖို့ အထက်လူကြီးတွေက စိတ်ဝင်စားနေကြပါတယ်။ ယခု မြေယာကိစ္စကို ကျွန်တော်လုပ်တာ မဟုတ်ပါဘူး။ အထက်အဆင့်ဆင့်ရဲ့ စီမံညွှန်းကြားချက်အရ လုပ်ကိုင်ဆောင်ရွက်နေရတာပါ။ ယခုနှစ်ဆိုရင် အဆောက်အဦးတွေ ထပ်မံတိုးချဲ့ဖို့ ကျလာပါပြီ။ ဒါကြောင့် အထက်က ဆုံးဖြတ်ပေးတဲ့အတိုင်း ပြန်ပေးလိုက်ဆိုရင်လည်း ကျွန်တော်ပြန်ပေးပါ့မယ်။ အထက်က ခြံဝိုင်းခတ်ပါဆို လို့ရှိရင်လည်း မြေစာရင်းဌာနက သတ်မှတ်ပေးတဲ့အတိုင်း ခတ်ရပါ့မယ်။ ယခု ယာမြေကိစ္စတွေကို ကျွန်တော့်သဘောနဲ့ ဆောင်ရွက်နေခြင်းမဟုတ်ပါ။ ကျွန်တော့်အသက်(၆၀)ပါ၊ လူသားတစ်ယောက်ပါ။ အရာရာမှာ ကိုယ်ချင်းစာတရားထားပါတယ်။ အစိုးရ၀န်ထမ်းပါ။ အထက်က တာဝန်ပေးတဲ့ အတိုင်းသာ ဆောင်ရွက်နေရပါတယ် ´´။ ဟု မကွေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်ဘသိန်း က မြန်မာပို့စ် သို့ပြောသည်။
READMORE
 

``မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များ၌ ဇွန်(၁)ရက်နေ့တွင် မေတ္တာရှင်ဆရာတော်၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲပြုလုပ်မည် ဟုသိရ´´

မေ(၁၂)ရက်နေ့တွင် မကွေးမြို့ မြို့ပတ်လမ်း မင်္ဂလာရန်အောင် ကျောင်းတိုက်တွင် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် ဇွန်(၁)ရက်နေ့မှာ စာမေးပွဲဖြေဆိုရန် စိတ်ပါဝင်စားကြသော တက္ကသိုလ်ပေါင်းစုံ၊ အထက်တန်း၊ အလယ်တန်းကျောင်းသား လူငယ်များကို အကြိုသင်တန်း(၃)ရက်ပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို မကွေးမြို့ မင်္ဂလာရန်အောင်ကျောင်း ကျောင်းထိုင်ဆရာတော်နှင့်အဖွဲ့က ဦးဆောင်၍ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့ က ကူညီပံ့ပိုးဆောင်ရွက်ကြသည်ဟုသိရသည်။ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များ၌ တစ်ချိန်တည်းကျင်းပမည်ဆို၏။ မကွေးမြို့တွင် ပညာရေးကောလိပ်၌ ဇွန်(၁)ရက် စနေနေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအထိ စာမေးပွဲများကျင်းပမည်။ အဆိုပါစာမေးပွဲများကို အုပ်စု နှစ်ခုခွဲ၍ ဖြေဆိုကြရမည်။ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသောဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရမည်။ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရမည်။ အုပ်စု(၂)စုအတွက် ဆုများကို သီးခြားစီချီးမြှင့်ပေးမည်ဆို၏။ ပထမ ဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်း၊ အထူးဆု (၃)သောင်းကျပ်ဖြင့်(၁၀)ဆု နှင့် အထူးဆု (၂)သောင်းကျပ်ဖြင့်(၁၀)ဆု ပေးမည်ဟု ကြေငြာထားသည်။ အဆိုပါဆုရသူ လူငယ်များကို (၁၅-၆-၂၀၁၃) နေ့မှာ မကွေးမြို့ တရားပွဲညတွင် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ကိုယ်တိုင် ဆုများကို ချီးမြှင့်မည် ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲအား ဖြေဆိုလိုသူကျောင်းသား ကျောင်းသူ လူငယ်များကို စာမေးပွဲဖြေဆိုရန် လျှောက်လွှာပုံစံများအား (၁-၃-၂၀၁၃) နေ့မှစတင်၍ သက်ဆိုင်ရာမြို့များ၌ ထုတ်ယူကြပြီး (၂၇-၅-၂၀၁၃) နေ့တွင် နောက်ဆုံးထား၍ သက်ဆိုင်ရာမြို့များသို့ စာရင်းပေးသွင်းနိုင်ကြောင်း၊ ဖြေဆိုရန်သတ်မှတ်ပေးထားသော တရားစာအုပ်များ ကိုလည်း သက်ဆိုင်ရာမြို့များမှ အကျိုးတော်ဆောင်များထံ၌ ၀ယ်ယူနိုင်ကြကြောင်း၊ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့မှ ဦးတိုး (ဖုန်း-၀၉-၅၃၄၀၆၃၁) က ပြောကြားသည်။
READMORE
 

``မကွေးမြို့နယ် ဇေယျာစမ်းကျေးရွာ ရေရရှိရေးအတွက် NLD(ဗဟို) မှ လာရောက်၍လှူးဒါန်း´´

ယခုနှစ်နွေရာသီတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် မြေလတ်ဒေသများတွင် ရေရှားပါးမှုဒုက္ခဖြစ်ကြရသည်။ ယခုနှစ်မှာ နွေဦးကာလ စောစောစီးစီးအချိန်များမှာ ရေကန်များခန်းခြောက်ခြင်း၊ ရေတွင်းများခန်းခြောက်ခြင်းတို့ကြောင့် တောင်သူများ အတိဒုက္ခရောက်ကြရသည်။ အဆိုပါအခက်အခဲများကို ရန်ကုန်မြို့မှ ရေအလှူရှင် ဦးအေးကို+ဒေါ်နုနုခင် မိသားစုတို့က မကွေးမြို့နယ် သန်ဘိုကျေးရွာအတွက် ငွေကျပ်သိန်း(၉၅)သိန်းအကုန်အကျခံ၍ စက်ရေတွင်းလှူဒါန်းကြောင်း၊ ယခု မကွေးမြို့ ဇေယျာစမ်းကျေးရွာရေရရှိရေးအတွက် NLD (ဗဟို)မှ မကွေးမြို့ မြို့နယ်(NLD)ရုံးတွင် မေ(၁၀)ရက်နေ့က ငွေကျပ်(၂၅)သိန်းကို အခမ်းအနားဖြင့် လာရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။
READMORE
 

မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား တရားစွဲဆို ပထမအမှု အား (၂)လ ခွဲ ကျော်ကြာအထိ တရားခံအား ဖမ်းဆီးခြင်းမရှိ ဟုသိရ ´´

`` အစိုးရမူလတန်းကျောင်းအတွက် အသုံးပြုရန် ရွာပိုင်ရံပုံငွေများကို အလွှဲသုံစားပြုသူ မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား တရားစွဲဆို ပထမအမှု အား (၂)လ ခွဲ ကျော်ကြာအထိ တရားခံအား ဖမ်းဆီးခြင်းမရှိ ဟုသိရ ´´ (ပထမ အမှု)အား၂၀၁၃ ဖေဖော်ဝါရီ(၁၈)နေ့ကလည်း ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား အစိုးရမူလတန်း ကျောင်းနာယက အဖွဲ့ဝင် ဦးဖိုးဆိတ်က တရားလိုပြု၍ (ပ)၄၃/၂၀၁၃ ပုဒ်မ(၄၀၉) ဖြင့် မကွေးမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုထားခဲ့ကြောင်း၊ ကျေးရွာမူလတန်းပြင်ဆင်ရန်ငွေကျပ်(၂၁)သိန်းအား တရားခံဦးအေးမြင့်က ကိုယ်ကျိုးအတွက်သုံးစွဲထား၍ တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါအမှုကို ယနေ့မေ(၁၂)နေ့အထိ တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိသေးကြောင်း၊ တရားခံ ဦးအေးမြင့်အား လွှတ်ထားသောကြောင့် အဆိုပါအမှုအတွက် ပျက်ပြားစေရန် မတရားသက်သေများကို ငွေပေး၍ စည်းရုံးခြင်း၊ အမှန်ထွက်ဆိုမည့် ရွာသားသက်သေများကို ခြိမ်းချောက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခံနေရကြောင်း၊ အဆိုပါကိစ္စအား မကွေးတိုင်းမှူးကြီးရုံး (၀၆၃-၂၈၀၈၈)ထံသို့ မတ်လ(၂၂)ရက် နေ့က တိုင်ကြားပြီးအကူအညီ တောင်းခဲ့သော်လည်း ဘာမျှမထူးခြားပါကြောင်း၊ အဆိုပါ အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း မကွေးမြို့နယ်ဥပဒေအရာရှိထံ အကြံပေးတင်ထား၍ ပြန်မကျသေးကြောင်း၊ မြို့နယ်တရားရုံးသို့ အမှုတွဲ မတင်နိုင်သေးကြောင်း၊ မကွေးမြို့နယ် ဥပဒေရုံး အရာရှိထံသို့ သွားရောက်မေးမြန်းသော်လည်း အမှုတွေများနေ၍ ၎င်းအမှုအား ပြန်မချနိုင်သေးကြောင်း၊ ယခု တစ်ရက်နှစ်ရက်အတွင်းမှာ ပြန်ချပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဥပဒေ အရာရှိ ဦးကျော်လွင် က ဖြေဆိုကြောင်း၊ ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးအေးမြင့်အနေဖြင့် ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူစဉ်အခါက ရဲစခန်း နှင့် တရားရုံးများကို အမြဲဝင်ထွက်ရင်းနှီးသူ ဖြစ်နေခြင်း၊ ကျေးရွာပိုင် အများပိုင်ငွေများအား လက်ဝယ်ကိုင်ဆောင်၍ သုံးစွဲနေနိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာမှ တရားခံအား ယနေ့အထိ မဖမ်းဆီးဘဲ အမှုကို နှစ်လခွဲကျော်ခန့် ကြာသည်အထိ အချိန်ဆွဲနေခြင်း ဖြစ်နိုင်ကြောင်း၊ ဒီကိစ္စကို သက်ဆိုင်ရာမှ တရားဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေး အရေးယူပြီး ဆောင်ရွက်ပေးခြင်းမရှိလျှင် ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မတီ ပြည်သူ့လွှတ်တော် နေပြည်တော် သို့ တိုင်ကြားရန် စီစဉ်နေပါကြောင်း ကမ်းရင်ကျေးရွာ အစိုးရမူလတန်းကျောင်း နာယက အဖွဲ့ဝင် တရားလို ဦးဖိုးဆိတ်က မေ(၁၂)ရက်နေ့ တွင် ပြောသည်။ ဒုတိယအမှု ကို မေ(၁၀) နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့ မြို့မရဲစခန်းတွင် မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးအေးမြင့်အား အုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင် က တရားလိုပြု၍ (ပ)၉၁/၂၀၁၃ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ပြီး (ဒုတိယ အမှု) စတင်တရားစွဲဆို သည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့် သည် ကမ်းရင်ကျေးရွာအား သူတာဝန်ယူထမ်းဆောင်ခဲ့စဉ်အခါက အစိုးရ မူလတန်းကျောင်း မှ အလယ်တန်းကျောင်း ဖွင့်လှစ်ခွင့် ရစေနိုင်ရန် ကမ်းရင်ကျေးရွာပိုင် အများပိုင်ရံပုံငွေများထဲမှ ကျပ်သိန်း(၈၀)ခန့်ကို ကိုယ်ကျိုးအတွက် အလွှဲသုံးစားပြုခဲ့ကြောင်း၊ အဆိုပါ ငွေများရရှိရန် ကမ်းရင်ကျေးရွာသားများလုပ်ကိုင်စားသောက်သော မြေနုကျွန်း(ကိုင်း) တာများကို တစ်နှစ်လုပ်ကိုင် စားသောက်ခွင့်ဖြင့် လေလံတင်၍ရောင်းချပေးခဲ့သော ငွေများဖြစ်ကြောင်း၊ အဆိုပါလေလံတင်၍ ရောင်းချခဲ့သော အချိန်တွင် ကျေးရွာရပ်မိ၊ရပ်ဖ(၅)ဦးတို့ရှေ့တွင်ရောင်းချ၍ စုစုပေါင်းရငွေကျပ် သိန်း(၈၀)ခန့်အား အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်က လက်ခံရယူခဲ့ကြောင်း၊ ယနေ့ မေ(၁၀)ရက်နေ့အထိ ၎င်းငွေများကို ကျေးရွာသို့ စာရင်းမရှင်းလင်းခဲ့ကြောင်း၊ ၂၀၁၃ ၊ ဖေဖော်ဝါရီလတွင် အုပ်ချုပ်ရေးမှုးဟောင်း နှင့် အသစ် လွှဲပြောင်ခဲ့စဉ်မှာ ရငွေ/ သုံးငွေစာရင်းများ၌ (စာရင်း လုံးဝ မဖော်ပြဘဲ) စာမျက်နှာအလွှတ်ဖြင့်သာ လွှဲပြောင်းပေးအပ်၍ လက်ခံရယူခဲ့ကြောင်း ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဦးကျော်ဇင် က ပြောသည်။
READMORE
 

(မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ မီဒီယာသတင်းယူခွင့် မေးခွန်းအား ပယ်ချခံရ ဟုသိရ)

``မကွေးတိုင်းဒေသကြီး (တ.စ.ည)ပါတီ မှ မီဒီယာအဖွဲ့အား ဖိတ်ကြား၍ လူထုထဲက လိုအပ်ချက်များကို မေးမြန်း´´ (မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ မီဒီယာသတင်းယူခွင့် မေးခွန်းအား ပယ်ချခံရ ဟုသိရ) မေ(၅)ရက် နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီရုံး မှာ တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်အဖွဲ့က သတင်းမီဒီယာအဖွဲ့ပေါင်းစုံအား ဖိတ်ကြားကြောင်း သတင်းရရှိ သည်။ တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်းရေးမှူး ဦးစန်းအောင် နှင့်အမှုဆောင်များ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် စုစုပေါင်း(၈)ဦးတက်ရောက်၏။ မကွေးတိုင်း(တ.စ.ည)ပါတီက တက်ရောက်လာသော သတင်းသမားများ(၁၅)ဦးတို့ထံမှ အများပြည်သူများအတွက် လိုအပ်နေသော တင်ပြချက်များကို မေးမြန်း ဆွေးနွေးကြ၏။ မြေယာကိစ္စများ၊ စည်ပင်သာယာရေးကိစ္စများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများ၊ ပြည်သူ့ဆေးရုံမှ အရေးပေါ်လူနာ ကိစ္စများနှင့် လွှတ်လပ်စွာသတင်းယူခွင့်ကိစ္စများကို တင်ပြ ဆွေးနွေးကြသည်။ သတင်းသမားများ၏ သိလိုသောအချက် အလက်များကို ပါတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်း၍ ယခု တင်ပြပေးသော အများပြည်သူအတွက် လိုအပ်ချက် အခက်အခဲများအား အနီးစပ်ဆုံး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံသို့ တင်ပြပေးမည်။ တင်ပြချက်များကို သက်ဆိုင်ရာမှ လုပ်ဆောင်မပေးခဲ့လျှင် လွှတ်တော်အဆင့်ဆင့်ထံ ဆက်လက်တင်ပြပေးပါမည်ဟု တ.စ.ည ပါတီ အတွင်းရေးမှူး ဦးစန်းအောင်က ရှင်းလင်းသည်။ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်(ဆိပ်ဖြူမြို့နယ်)က မီဒီယာသမားများ၏ တင်ပြချက်အရ မေးမြန်းခဲ့သော မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ လွှတ်လပ်စွာဖြင့် မီဒီယာသတင်းယူခွင့် ရှိ/မရှိ မေးခွန်းအား ပယ်ချခံရသည်ဟု ဖြေကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နံနက်(၁၀း၃၀)နာရီမှာ ပြီးဆုံးကြောင်း သတင်းရယူခဲ့ပါသည်။
READMORE
 

``ရွှေကိုမလို ငွေကိုမလို ရေကိုသာလို ဆိုသော မကွေးမြို့နယ်မှ သန်ဘိုကန်ကျေးရွာ´´

မေ(၁)ရက်နေ့ နွေရာသီကာလ အပူရှိန်ကပြင်းထန်နေချိန်၊ မြေလတ်ဒေသအချို့တွင် ရေရှားပါးခြင်းဒုက္ခများ နှင့်ရင်ဆိုင်နေရသည်။ ရေကန်များခန်းခြောက်ခြင်း၊ ရေတွင်းများခန်းခြောက်ခြင်း နှင့် ချောင်းတွင်းမှ စမ်းရေကြောများ ရေထွက်အားနည်းသွား၍ အချို့ဒေသများမှာ ရေတစ်အိုးရရှိရေးအတွက် နှစ်နာရီခန့်အထိစောင့်ဆိုင်းရသည်ဆိုကြ၏။ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ် နှင့်ကျောက်ပန်းတောင်းမြို့နယ်များအတွင်းမှ ကျေးရွာများအချို့တို့တွင် ရေရှားပါးခြင်း ဒုက္ခများကို ခါးစီး၍ခံနေကြရသည်။ အဆိုပါ ရေရှားပါးသော ကျေးရွာနေ မိဘပြည်သူများအနေနှင့် ရွှေကိုမလို ငွေကိုမလို ရေကိုသာလိုကြသည်ဟုဆိုကြပါသည်။ ရွှေထက်အဖိုးတန်သော ရေကိုရကြ၍ အောင်ပွဲခံနေသော ရွာကလေးမှာ မကွေးမြို့နယ် သံဘိုကန်ကျေးရွာတွင် မေ(၁)ရက်က စက်ရေတွင်းအောင်ပွဲကျင်းပကြောင်းသိ၍ သတင်းယူခဲ့ပါသည်။ အလှူရှင်မှာ ရန်ကုန်မြို့ ဦးအေးကို+ဒေါ်နုနုခင်တို့ မိသားစုဖြစ်ကြောင်း၊ ငွေကျပ်(၉၅)သိန်းကုန်ကျပြီး ရေတွင်းမှာ(၄ လက်မ)ပိုက်တွင်း အနက်ပေမှာ ပေ(၄၂၀)ရှိကြောင်း၊ အဆိုပါစက်ရေတွင်းသည် တစ်နာရီလျှင် ရေဂါလံပေါင်း(၃၀၀၀)ခန့် ထွက်ရှိကြောင်းသိရ သည်။ အဆိုပါစက်ရေတွင်းအား တူးခြင်းလုပ်ငန်းကို မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင် အဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု စက်ရေတွင်းဖွင့်ပွဲတွင် ဒု ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်း က ရှင်းလင်း တင်ပြသည်။ ရန်ကုန်မြို့မှ အလှူရှင်များ၏ကိုယ်စား မကွေးမြို့နယ် NLD ဥက္ကဋ္ဌ က စက်ရေတွင်းကို စည်းကမ်းရှိစွာဖြင့် ရေရှည်အသုံးပြုရန် ပြောကြား၍ သံဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံ လွှဲပြောင်းပေးအပ်ကြောင်း၊ အဆိုပါ စက်ရေတွင်းအောင်ပွဲကို နံနက်(၁၁)နာရီတွင် ကျင်းပပြီးကြောင်း သတင်းရရှိပါသည်။
READMORE
 

``ဆရာကောင်းသန့်၏ လူငယ်များ လူရည်ချွန်စေရန် စာပေဟောပြောပွဲ´´

မေ(၃)ရက်နေ့ နံနက်(၁၀း၃၀)နာရီမှ(၁၁း၃၀)နာရီအချိန်ထိ မကွေးမြို့ အောင်ဇေယျာရပ်ကွက် တောင်တွင်းကြီးလမ်း ရှိ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာကျောင်းတွင် ရန်ကုန်မြို့မှ စာရေးဆရာ ကောင်းသန့် စာပေဟောပြောပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်အရှင်သဇ္ဇန သည် သာကီနွယ်သွေး(မကွေး) ကလောင်ဖြင့် စာရေးဆရာတစ်ပါးဖြစ်၍ ဆရာကောင်းသန့် မှ လာရောက်ကူညီသည်ဆို၏။ အဆိုပါကျောင်းတွင် (မရှိဆင်းရဲသားများ၏ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း) ကျောင်းသား ကျောင်းသူလေးများကို နှစ်စဉ်ပညာဒါနပြု၍ ဖွင့်လှစ်ပေးထားသော ဘော်ဒါကျောင်း ဖြစ်သည်။ ကျောင်းသူ ကျောင်းသား (၁၀၀)ကျော်ခန့်ရှိ၏။ ၎င်း ကျောင်းသား/သူများကို ပညာရေးနှင့်ပတ်သက်၍ ဘ၀အတွက်တစ်သက်လုံး အသုံးချနိုင်သော ခွန်အားရှိသော ကဗျာများ နှင့် စာပေအကြောင်းအရာများကို ဆရာကောင်းသန့် က ဟောပြောပို့ချပေးသွားကြောင်း၊ ယခုလိုကျင်းပနိုင်ခြင်းမှာ မကွေးမြို့ အောင်မြေရတနာ စာသင်ကျောင်းတိုက်၌ ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း သို့လာရောက်စဉ် တဆင့်ကူညီပေးကြောင်းသိရ၍ သတင်းရယူ ခဲ့သည်။
READMORE
 

``မကွေးမြို့တွင် Isis ကိုးရီးယားအလှကုန်ပစ္စည်း ဆိုင်သစ်ဖွင့်၍ ကံစမ်းမဲများ ချီးမြှင့်´´

ဧပြီ(၂၆)ရက်နေ့တွင် မကွေးမြို့ ဈေးရပ် ပြည်တော်သာလမ်းနှင့် ဘုရားလမ်းထောင့် (မြို့မဈေးကြီး အရှေ့ဘက်) ရှိ Isis အိုက်ဆစ် အမည်ဖြင့် ကိုးရီးယားအလှကုန်များ၊ အလှပြင်ဆိုင်သုံးပစ္စည်းများ အရောင်းဆိုင်သစ် ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်၏ထူးခြားချက်မှာ နိုင်ငံခြားဖြစ် အလှကုန်ပစ္စည်းများသာ အသုံးပြုထားခြင်းနှင့် Joycos ကုမ္မဏီ စက်ရုံထုတ် အလှကုန်များကို ရောင်းချပေးထားကြောင်း၊ Isis ဆိုင်မှ ၀ယ်ယူသုံးစွဲကြသော သူများကို Joycos ကုမ္မဏီ ၏ မန်ဘာများအား လစဉ်ဝင်ငွေများရရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသည်ဆို၏။ တစ်သောင်းအမှတ် ဖြင့်(အနည်းဆုံး) ၀ယ်ယူ သုံးစွဲသူများကို Joycos ကုမ္မဏီ ၏ မန်ဘာအဖြစ်သတ်မှတ်ကြောင်း၊ ဧပြီ(၂၄)ရက်နေ့က Isis ကိုးရီးယားအလှကုန်ပစ္စည်း မိတ်ဆက်ပွဲတွင် မန်နေဂျာ ဦးထွန်းလင်းမှ အသေးစိတ်ပြောကြား၍ သိရသည်။ အိုက်ဆစ်ဆိုင် မှ ငွေကျပ်တစ်သောင်းဖိုးဝယ်ယူသူများကို မန်ဘာအဖြစ်သတ်မှတ်ပေးကြောင်း၊ အလှကုန်ဝယ်ယူသူများကို အလှပြုပြင်ပေးခြင်းနှင့် အဆိုပါ အလှကုန်ပစ္စည်း မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ ပရိပ်သတ်များ(၁၅၀)ဦးတို့ကို ကံစမ်းမဲများ မဲဖောက်၍ ဧပြီ(၂၆)ရက်နေ့ ဆိုင်ဖွင့်ပွဲတွင် တန်ဘိုးမြင့်အလှကုန်ပစ္စည်းများ လက်ဆောင်ပေးကြောင်း၊ ကံထူးရှင်တစ်ဦးချင်းထံသို့ Isis ဆိုင်ပိုင်ရှင် ဦးသန်းရီ နှင့် ဒေါ်သင်းသင်းတို့က ဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။
READMORE
 

``သင်းခွေချပ် (Pongalin ) အကောင်ကြီး မကွေးမြို့၌ ထူးဆန်းစွာတွေ့ရှိ´´

ဧပြီ(၂၄)ရက်နေ့ တွင် မကွေးမြို့ ရန်ကင်းရပ် တောင်တွင်းလမ်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန ရုံးအတွင်း၌ သင်းခွေချပ် အကောင်ကြီး ကို ထူးဆန်းစွာဖြင့် တွေ့ရှိထားကြောင်းသိရသည်။ အဆိုပါသင်းခွေချပ် အကောင်းကြီးကို ၁၃၇၅ ခု မြန်မာနှစ်ဆန်းတစ်ရက်နေ့ညမှာ ဖမ်းဆီးရမိကြောင်း၊ အလေးချိန် (၅)ပိဿာ (၈)ကျပ်သားရှိကြောင်း၊ သင်းခွေချပ် အကောင်ကြီး မတ်တပ်ရပ်လျှင် ၎င်းအားထည့်ထားသော ကတ္တရာပေပါအမြင့်ထိရှိ ကြောင်း၊ နေ့တွင် ၎င်း ကတ္တရာပေပါထဲမှာ ထည့်ထား၍ ခွေအိပ်နေသော ဓာတ်ပုံမှတ်တမ်းရယူ ခဲ့သည်။ ညဘက်တွင် ရေသံကန်ပျက်အကြီးထဲတွင် ပြောင်းရွှေ့ပေးကြောင်း၊ ညပိုင်းမှ ရေထည့်သံကန်ကြီးအတွင်းသို့ လှေခါးဖြင့်တက်/ဆင်းပြု လုပ်ပြီး သတင်းဓာတ်ပုံရယူခဲ့ပါသည်။ အဆိုပါ သင်းခွေချပ်အကောင်ကြီး တွေ့ရှိခြင်း အသေးစိတ်ကို ကိုယ်တိုင်ဖမ်းဆီး၍ စောင့်ရှောက်ကြွေးမွေးထားသော ဆည်မြောင်း ၀န်ထမ်းတစ်ဦးက ဤ သို့ပြောသည်။ `` ဒီကောင်ကြီးကို နှစ်ဆန်းတစ်ရက်နေ့ ညပိုင်းမှာတွေ့ပါတယ်။ ရေစင်ဘေးက သံချောင်းပုံတွေထဲကို ခွေးတွေက ၀ိုင်းပြီးဟောင်နေကြပါတယ်။ မသင်ကာလို့ ဓာတ်မီးတွေနဲ့ထိုးရှာတော့ ဒီသင်းခွေချပ် အကောင်ကြီးကို မြင်ရပါတယ်။ ပထမတော့ မြွေကြီးမှတ်နေကြပါတယ်။ ခွေးတွေကို ကြောက်ပြီး သူကထွက်ပြေးတော့ အမြီးမပါ ခန္ဓာကိုယ်ကြီးက ခွေးတစ်ကောင်လောက်ရှိနေတာကို မြင်လိုက်ရပါတယ်။ မတ်တပ်ရပ်လိုက်ရင် ကတ္တရားပေပါလောက် မြင့်ပါတယ်။ ဖမ်းမီတော့မှ သင်းခွေချပ် အကောင်ကြီးဆိုတာ သိလိုက်ရပါတယ်။ ခြေလေးချောင်းပါတယ်။ အမြီးပါတယ်။ မျက်နှာက ကြွက်ခေါင်ပုံ နားရွက်နဲ့ ခြေသဲ လက်သဲတွေပါတာကို မြင်ရတယ်။ လူကို ယခုထိတော့ ရန်မမှုသေးပါဘူး။ သူ့ကိုထိလိုက်ရင် အသံကြားရင် ခေါင်းထိုးပြီး လုံးထွေးသွားပါတယ်။ မြင်ရတဲ့အတိုင်း အကြေးခွံတွေပါပါတယ်ဗျ။ သူ့သေးနဲ့ချေးနံ့ကတော့ နံစော်နေတာဘဲ။ ပလပ်စတစ်ရေပုံးထဲကို ထည့်ပြီးချိန်ကြည့်တော့ (၅)ပိဿာနဲ့ (၈)ကျပ်သားရှိပါတယ်။ သူ့ကိုနေ့မှာ ကတ္တရာပေပါခွန်ထဲမှာ ထည့်ထားတယ်။ နေ့ဆို လုံးပြီးခွေနေပါတယ်။ ည သံကန်ကြီးထဲမှာ ပြောင်းပြီးထားပေးပါတယ်။ ညဆိုရင် သံကန်ကြီးထဲမှာ ပြေးလွှာနေပါတယ်။ လောလောဆယ် အစာကတော့ ကန်စွန်းရွက် နဲ့ ရေကိုသာ တိုက်ကြွေးပါတယ်။ ပရွှတ်ဆိတ်အုံတွေဆိုလည်း စားပါတယ်။ ဒီ သင်းခွေချပ်ကြီးကို သက်ဆိုင်ရာသို့ အပ်နှံဖို့ စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာ…။´ ဟု အမည်မဖော်လိုသူ ဆည်မြောင်းဝန်ထမ်းတစ်ဦးက မြန်မာပို့စ်ကို ပြောသည်။ Pongalin သင်းခွေချပ်သတ္တ၀ါ ဟုဆို၏။ ပင်လယ်ရေစပ်များတွင် ကျက်စားသွားလာသည်ဟု အင်္ဂလိပ် အဘိဓာန်တွင် ဖော်ပြထားကြောင်းတွေ့ရှိရသည်။ မြန်မာ့ဓလေ့အရ ရှေးလူကြီးများ၏ ပြောထားခဲ့သော စကားအရ သင်းချွေချပ် သတ္တာဝါက လူနာမည်ကို ခေါ်ဆိုတတ်ကြောင်း အမည်ခေါ်ဆိုခံရသူမှ ပြန်ပြီးထူးခဲ့လျှင် သေတတ်သည် ဟု ပြောဆိုသံများထားခဲ့ကြောင်း သိရှိရသည်။
READMORE
 

``မကွေးမြို့နယ်အတွင်း ဧပြီ(၂၃) ရက်နေ့မှာ (၁၅၀၀ိ)တန် ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း(၁၃၄၆) ရောင်းစာရင်း ဆက်သွယ်ရေးက စတင်ကြေငြာ´´

မကွေးတိုင်းဒေသကြီးအတွက် (၁၅၀၀ိ)တန်ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း ဧပြီလခွဲတမ်း(၁၅၀၀၀) ရရှိကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ်အတွက် CDMA 800 Hmz ဆင်းကဒ်(၅၀၀၀)ရရှိသည်။ ဧပြီ(၂၁)နေ့အထိ လျှောက်ထားသူ လျှောက်လွှာ(၁၄၀၀)လက်ခံရရှိကြောင်း၊ အဆိုပါလျှောက်လွှာများမှ သတ်မှတ်မှတ်စည်းကမ်းချက်များနှင့်ပြည့်စုံသူ လျှောက်လွှာ(၁၃၄၆)ဦးကို ဧပြီ(၂၃)ရက်နေ့ညနေ(၄)နာရီတွင် မကွေးမြို့ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အော်တိုအိတ်ချိန်း မှာ စာရင်းများကပ်၍ ထုန်ပြန်ကြေငြာပေးသည်။ ဧပြီ(၂၄)ရက်နေ့မှစတင်၍ တစ်နေ့လျှင်ဖုန်းဆင်းကဒ်(၂၀၀)နှုန်းဖြင့် လျှောက်လွှာ နံပါတ်စဉ်အတိုင်း ဧပြီ(၃၀)ရက်နေ့အထိ နေ့စဉ်ရောင်းချပေးသွားမည်သိရသည်။ ၎င်း(၁၅၀၀ိ)တန် ဖုန်းဆင်းကဒ်များကို မကွေးမြို့ အစိုးရရပ် လမ်းငါးသွယ်လမ်းဆုံရှိ မကွေးတိုင်းဒေသကြီး လက်ထောက်မန်နေဂျာ ဆက်သွယ်ရေးရုံးမှာ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဖုန်းဆင်းကဒ်စာရင်းကြေငြာထားသော အော်တိုအိတ်ချိန်းရုံးမှ တာဝန်ခံအရာရှိ ဦးသန်းဦး နှင့်တွေ့ဆုံ၍ ပြောကြားချက်များမှ ကောက်နှုတ်ဖော်ပြချက်ဖြင့် သတင်းရယူခဲ့သည်။ `` ကျွန်တော်တို့ဆက်သွယ်ရေးက ဖုန်းလျှောက်လွှာတွေကို အခမဲ့ နမူနာ ပေးပါတယ်။ မိတ္တူပွားပြီး လျှောက်ထားနိုင်ကြပါ တယ်။ အချို့ကျေးရွာတွေမှာ ရောင်းတယ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ယနေ့ကြေငြာပေးထားတဲ့(၁၃၄၆) ဦးထဲမှာ ၀န်ထမ်းတွေ မပါသေးပါဘူး။ ၀န်ထမ်းတွေကို ဒီလ(၂၆)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ သက်ဆိုင်ရာမှ စာထွက်အကြောင်းကြားထားပါတယ်။ ယနေ့စာရင်းက လျှောက်လွှာပေါင်း(၁၄၀၀)ထဲမှ (၁၃၄၆)ဦးကို ချပေးတာပါ။ ကျန်တဲ့လျှောက်လွှာတွေကို ပယ်ထားပါတယ်။ ဘာကြောင့်ပယ်တာလဲဆိုရင် မကွေးမြို့နယ် အိမ်ထောင်စုစာရင်းမဟုတ် သူများကိုပယ်ပါတယ်။ အိမ်ထောင်စု တစ်ခုမှာ တစ်ဦးနှုန်းနဲ့သာပေးပါတယ်။ အိမ်ထောင်စုစာရင်းတစ်ခုထဲက တစ်ဦးထက်ပိုနေသူတွေကို ပယ်ထားပါတယ်။ ဒါလည်း အားလုံးကို မျှမျှတတနဲ့ ရစေချင်လို့ပါ။ မကွေးမြို့နယ်အတွက် ခွဲတမ်း(၅၀၀၀)မှာ လျှောက်လွှာတင်သူ(၁၄၀၀)ဦးသာ ရှိပါတယ်။ နောက်လတွေမှာ ဒီလက်ကျန်စာရင်းပဲထားမလား ဆက်ပြီးခွဲတမ်းချပေးမလားဆိုတာတော့ မပြောနိုင်သေးပါဘူးခင်ဗျာ..´´ ဟု မကွေးတိုင်းဆက်သွယ်ရေး အော်တို အိတ်ချိန်းရုံးမှ အရာရှိ ဦးသန်းဦး က ပြောသည်။
READMORE
 

`မကွေးမြို့မှာ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (၂၂) ဖွင့်ပြီ၊

`မကွေးမြို့မှာ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (၂၂) ဖွင့်ပြီ၊ အများပြည်သူတွေအတွက် နိုင်ငံတော်မှ ပုဂ္ဂလိဘဏ်တွေကို ဒီထက် ပိုမို၍လုပ်ပိုင်ခွင့်များ ဖွင့်ပေးစေလို ဟု ဦးချစ်ခိုင်တောင်းဆို´ ဧပြီ(၈)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ပြည်တော်သာလမ်း၊ရွာသစ်ရပ်ကွက် မြန်မာရှေ့ဆောင်ဘဏ်ခွဲ အမှတ်(၂၂) ကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်၍ ဖွင့်လှစ်ပေးကြောင်းသိရသည်။ ထူးခြားစွာဖြင့် ဘဏ်ဖွင့်ပွဲတွင် ငွေစုသူများ နှင့် ဧည့်ပရိပ်သတ်များကို ထိုက်တန်စွာ လက်ဆောင်များပေး၍ အကြွေးအမွေးများနှင့် ဖော်ရွေပျုငှါစွာဖြင့် ကြိုဆိုဧည့်ခံကြောင်း သိရသည်။ မြန်မာ့ရှေ့ဆောင်ဘဏ် လီမီတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မကွေးဘဏ်ခွဲ ဘဏ်မန်နေဂျာ ဒေါ်သီတာ နှင့် မကွေးဘဏ်ခွဲ မာကီးတင်း မန်နေဂျာ ဦးနိုင်အောင် တို့အဖွဲ့က မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း သိလိုသည်များကို တွေ့ဆုံခဲ့ရာမှ ကောက်နှုတ်ဖော်ပြပါသည်။ ``အများပြည်သူတွေအတွက် ကျွန်တော်တို့ဘဏ်တွေကို အတိုးနှုန်းလေးကိုတော့ လက်ရှိအခြေနေမှာနိုင်ငံတော်က လျှော့ပေးဖို့စဉ်းစားနေပါတယ်။ စဉ်းစားနေတဲ့အပိုင်းကလည်း မကြာခင်မှာ ဖြစ်လာတော့မယ်လို့ယုံကြည်မိပါတယ်။ ကျွန်တော်တို့ကလည်း လျှော့ပေးစေချင်ပါတယ်။ သူတို့ကအတိုးနှုန်းလျှော့ပေးသလို ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ဒီထက်မက ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် ချေးငွေရဲ့၇၀% ကိုဘဲ ကျွန်တော်တို့က ပြန်ချေးလို့ရပါတယ်။ ၇၀% ချေးငွေက (၁၃%)ဆိုတော့ ကိုးကျပ်လောက်ပဲရပါတယ်။ ကျွန်တော်က ပြန်ပေး ရတော့ ရှစ်ကျပ်ပြန်ပေးရမှာပါ။ ၀န်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဆိုတော့ ကျွန်တော်တို့ဘဏ်တွေမှာ အကြပ်အတည်းလေးတွေ တွေ့နေရပါတယ်။ ကျန်တဲ့ပရောကက်တွေနဲ့ အင်တာနေရှင်နယ် ဘဏ်ကီးတွေပေါ်လာရင်တော့ ဒါတွေဟာ တစ်ဖြည်းဖြည်းလျှော့နည်းသွားပါ့မယ်။ ယခုမကွေးဘဏ်ရောဆိုရင် ဘဏ်ပေါင်း(၂၂)ခုရှိပါပြီ။ ၂၀၁၅ ခု မရောက်ခင်မှာ အနည်းဆုံး ဘဏ်ခွဲပေါင်း(၁၀၀)အထိဖွင့်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ မတည်ရင်းနှီးငွေပေါင်းကတော့ ယခုအထိ (၄၀)ဘီလျံအထိရှိပါပြီ..။ မကြာခင်မှာ မြင်းခြံမြို့၊ မိထ္ထီလာမြို့ သံတွဲနဲ့ တောင်ကုတ်မြို့တွေမှာ ဆက်လက်ဖွင့်သွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ…။´´ဟု မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်မှ မြန်မာပို့စ် ဂလိုဘယ်သို့ ပြောသည်။ အဆိုပါ ဘဏ်ဖွင့်ပွဲတွင် မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင် မှ မကွေးမြို့ ဖန်းခါးမြေ ဘိုးဘွားရိပ်သာ အတွက် ငွေကျပ်သိန်း(၅၀) နှင့် မကွေးမြို့ မိဘမဲ့ နေ့ကလေးထိန်းကျောင်းအတွက် ငွေကျပ်သိန်း(၅၀)တို့ကို လှူဒါန်းကြောင်း သတင်းရရှိသည်။
READMORE
 

`မကွေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့် အသစ်တို့၏ အမှုများကြောင့် သီးနှံများကို (အချိန်မီ)ရိတ်သိမ်းခွင့် မပြု၍ တောင်သူများသောက နှင့်ဒေါသများနေရ´

မကွေးမြို့နယ် ကမ်းရင်ကျေးရွာ နှင့် သဖန်းဆိပ်ကျေးရွာတို့ အငြင်းပွားနေသော မြေနုကျွန်းကွင်းအမှတ်(၁၆၂၉) တွင် ကမ်းရင်ရွာသား မြေယာမဲ့တောင်သူ(ရေလုပ်သားအချို့နှင့် လက်လုပ်လက်စား(ကူလီ) (၄၃)ဦးတို့သည် ၎င်းမြေနုကျွန်းပေါ်သို့ စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။ စိုက်ပျိုးခဲ့သော သီးနှံများမှာ ပန်းနှမ်း၊ နေကြာ နှင့် မြေပဲတို့ကို စိုက်ပျိုးခဲ့ကြသည်ဆိုကြ၏။ အဆိုပါ မြေနုကျွန်းကို ရွာနှစ်ရွာ အငြင်းပွားပြီး တရားရုံးသို့ တရားစွဲဆိုထားကြောင်းသိရသည်။ ၎င်းမြေနုကျွန်းပေါ်တွင် စိုက်ပျိုးစဉ်က မည်သူတစ်ဦး တစ်ယောက်ကမျှ တားဆီးပိတ်ပင့် ခြင်းမရှိခဲ့ကြဟု ဆိုသည်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ပွဲတွင် ကမ်းရင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးအသစ်ကို ရွေးချယ်နိုင်ခဲ့၏။ ထိုအချိန်မှ စတင်၍ ကမ်းရင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး အဟောင်း အသစ်တို့ မကြေနပ်မှုများဖြစ်ပြီး အပြန်အလှန် တရားစွဲဆိုကြသည်ဟု သိရသည်။ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင် ပါ သုံးဦးတို့ကို အဆိုပါမြေနုကျွန်းပေါ်မှာ ကျူးကျော်စိုက်ပျိုးခဲ့မှု ဖြင့် တရားစွဲဆိုခဲ့သည်ဟု သိရ၏။ ကမ်းရင်ကျေးရွာမှ ရွာသား ဦးဖိုးဆိတ် ကလည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့် ကို ကျောင်းပြင်ရန်ငွေ(၂၁)သိန်းကို အလွှဲသုံးစားမှု ပြုသည်ဟု စွပ်စွဲ၍ ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် မကွေးမြို့မရဲစခန်းမှာ (ပ)၄၃/၂၀၁၃ ပုဒ်မ ၄၀၉ နှင့် အမှုဖွင့်ထားကြောင်းသိရသည်။ ဧပြီ(၂)ရက်နေ့ (တစ်လ)ခန့်ကျော် အကြာအထိ ၎င်းအမှုကို မြို့နယ်တရားရုံးသို့ မတင်နိုင်သေးကြောင်း၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း၊ တရားခံဟု စွပ်စွဲထားသူအား သက်ဆိုင်ရာမှ ထိမ်းသိမ်း မဖမ်းဆီးခဲ့ခြင်းကြောင့် တရားခံမှ အမှုကို ပျက်ပြားစေရန်အတွက် ရွာထဲတွင် မမှန်သက်သေများစုဆောင်းခြင်း၊ အုပ်ချုပ်ရေးမှူးအဟောင်း ဦးအေးမြင့်က အသစ် ဦးကျော်ဇင်သို့ ဖေဖော်ဝါရီလ(၁)ရက် နေ့ လွဲပြောင်းပေးစဉ်တုန်းက ကမ်းရင်ကျေးရွာရဲ့ ရငွေ သုံးငွေများကို လုံးဝ လွှဲပြောင်းမပေးခဲ့ပါကြောင်း၊ ကိုအေးမြင့်က ယခုမြေနုကျွန်း ကွင်း(၁၆၂၉)မှ (၂)နှစ်ခန့်အတွင်း လေလံတင်၍ ရငွေများကိုစာရင်းမပြခြင်း။ အစိုးရမူလတန်းကျောင်း အတွက် မြေနုကျွန်းမှ လေလံတင်၍ ရငွေ(၂၁)သိန်းကိုလည်း မိမိကိုယ်ပိုင် အဖြစ်သုံးစွဲခဲ့ခြင်း။ ယခုအမှုဖွင့်ပြီးမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်က သူ့သဘောနဲ့သူသာ ကျောင်းကို ဇွတ်အတင်းဝင်ရောက်လုပ်ကိုင်နေကြောင်း၊ (ဥပမာ- ယခုမှ အစိုးရမူလတန်းကျောင်းတံခါးများကို (တရားစွဲဆိုပြီး) မှ လာရောက်၍တပ်နေသည်၊)။ ဒီကိစ္စတွေကို မတ်(၂၂)ရက်နေ့က မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဖုန်း ၀၆၃-၂၈၀၈၈ သို့ ဖုန်းဆက်အကူအညီတောင်းခဲ့သော်လည်း ဧပြီ(၂)ရက်နေ့အထိ တရားခံကို ဖမ်းဆီးထိမ်းသိမ်းခြင်း မရှိသေးကြောင်း တရားလို ဦးဖိုးဆိတ်မှ မြန်မာပို့စ်သို့ ပြောသည်။ အဆိုပါကိစ္စများကြောင့် စိုက်ပျိုးစဉ်က ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း မြေနုကျွန်းအမှုဖြစ်ပေါ်လာသောအခါ သက်ဆိုင်ရာ မှ စိုက်ပျိုးခဲ့သော သီးနှံများကိုရိတ်သိမ်းခွင့်မပြုဟု တားမြစ်ခဲ့သည်သိရ၏။ ထိုကိစ္စကို ဧပြီ(၂)ရက်နေ့တွင် ကမ်းရင်တောင်သူ(၄၃)ဦးတို့က သတင်းမီဒီယာများသို့ ဖိတ်ကြား၍ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ``ကျွန်တော့်နာမည် ကိုလှထွန်းပါ။ ကမ်းရင်ရွာသားပါ။ အလုပ်က လက်လုပ်လက်စား တစ်ဦးပါ။ ဒီမြေနုကျွန်းပေါ်ပြီး ကျွန်တော်နဲ့အတူ (၄၃)ဦးဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သီးတင်းကျွတ်လဆန်း(၂)ရက်နေ့က ပန်းနှမ်းများကိုစတင်ကြဲခဲ့ ပါတယ်။ အဲဒီ စိုက်ပျိုးစဉ်တုန်ုးကလည်း အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က လာရောက်တားဆီးခဲ့ခြင်းမရှိပါဘူး။ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲပြီးလို့ ဦးအေးမြင့် မဲရှုံးပြီး ကိုကျော်ဇင်က အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာပါတယ်။ အဲဒီကျမှ ကိုကျော်ဇင် ပါ သုံးဦးကို မြေနုကျွန်းပေါ် ကျူးကျော်မှုဆိုပြီး တရားစွဲကြတယ်။ အဲဒီအမှုကြောင့်ဆိုပြီး သက်ဆိုင်ရာ သီးနှံများကို မရိတ်သိမ်းရဘူးဆို စာထုတ်ပြီး တားခံရတယ်။ အဲဒါကြောင့် ပန်းနှမ်းတွေကို အချိန်မှီ မသိမ်းဆည်းလိုက်ရလို့ ငွေကျပ်သိန်း(၃၀)ကျော်ဖိုးလောက် ဆုံးရှုံးနစ်နာသွားကြရပါပြီ။ ဒီစိုက်ပျိုးသွင်းစရိတ်အတွက် ငွေတွေကို ချေးငှါးခဲ့ရတာပါ။ ယခုတော့ ပန်းနှမ်းတွေဆုံးရှုံးလို့ ကြွေးတွေထပ်တင်ကုန်ကြပါပြီဗျာ…´´။ ဟု ကမ်းရင်ရွာသား အသက်(၅၆) ဦးလှထွန်းက ပြောသည်။ ``ကျွန်တော့်နာမည် ကမ်းရင်ရွာသား မြင့်လွင်ပါ။ မြေယာမဲ့ပါ။ ဒီကျွန်းပေါ်မှာ မျိုးမြေပဲတင်းပေါင်း(၅၇)တင်းနဲ့ နေကြာမျိုးတွေကို (၁၈-၁၁-၂၀၁၂) နေ့က ကျဲခဲ့ကြပါတယ်။ ဒီသီးနှံ သုံးမျိုး စိုက်ပျိုးစရိတ်က သိန်း(၅၇)သိန်းကုန်ပါတယ်။ အဲဒီငွေတွေက ငွေတစ်ရာကျပ်ကို တစ်ဆယ်တိုးနဲ့ ချေးငှါးပြီးစိုက်ပျိုးခဲ့ကြရတာပါ။ ကျွန်တော်တို့ကျဲစဉ်က ဘယ်သူကမှ လာရောက်တားဆီးခဲ့ခြင်း မရှိကြပါဘူး။ အုပ်ချုပ်ရေးမှူးဟောင်း နဲ့ အသစ်ပြောင်းမှသာ ဒီ ပြဿနာဖြစ်ခဲ့တာပါ။ သီးနှံတွေ ရိတ်သိမ်းခွင့်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အောက်ခြေကစပြီး အဆင့်ဆင့်ထံကို အသနားခံခဲ့ကြပါတယ်။ ဒီနေ့အ ထိ ဘာမှမထူးပါဘူး။ ယခုချိန်မှာ ဖော်ခွင့် သိမ်းခွင့်ရရင် နေကြာက တစ်ဝက်ခန့်ကျန်ပါသေးတယ်။ မြေပဲကလည်း ဖော်ချိန်ရောက်နေပါပြီ…။ ဒီကျန်တဲ့ သီးနှံ နှစ်မျိုးထပ်ဆုံးရှုံးရမယ် ဆိုရင် စုစုပေါင်းတန်းဘိုးငွေသိန်း(၁၅၀)ကျော်ပါ့တယ်။ ဒီလိုသာဆိုရင် ကျွန်တော်တို့(၄၃)ဦးတို့ရဲ့ မိသားစုဘ၀တွေဟာ ငတ်တဲ့အပြင် ကြွေးရှင်တွေက လာလာပြီးပူနေကြလို့ ရွာထဲကို မသွားရဲဘူးဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီကျန်တဲ့ အသီးအပင်လေးတွေကိုမှ မသိမ်းဆည်းရရင် ကျွန်တော်တို့ဘ၀ နေမထူး သေမထူးတွေ ဖြစ်နေကြပါပြီ။ မိသားစုဘ၀တွေ အရှင်လတ်လတ်နဲ့ သေနေကြပါပြီ။ ဒါကြောင့် မြို့တက်ပြီး သက်ဆိုင်ရာကို ဆန္ဒဖော်ထုတ်ဖို့ အုပ်ချုပ်ရေးမှူး အသစ် ကိုကျော်ဇင်ဆီကို (၂၅)ရက်နေ့က တင်ထားကြပါတယ်ဗျာ…။´´ဟု ကမ်းရင်ရွာသား ကိုမြင့်လွင် မှ မြန်မာပို့စ် သို့ ပြောသည်။ `` ကျွန်တော့်နာမည်ကတော့ မောင်လှဦးဖြစ်ပါတယ်။ မြေယာမဲ့ဖြစ်လို့ ဒီကျွန်းပေါ်ကိုလာလုပ်ကြတာပါ။ ကျွန်တော်တို့က စုစုပေါင်း(၄၃) ဦးပါ။ ကျွန်တော်တို့(၄၃)ဦးလုံးက တစ်ယောက်မှ နွား လှည်းမရှိကြပါဘူး။ လူနဲ့ ထွန်းယက်စိုက်ပျိုးခဲ့ကြရ တာပါ။ ငွေမရှိလို့ ချေးငှါးပြီး စိုက်ပျိုးခဲ့ရတာပါ။ ယခု မြို့နယ်က စီစဉ်ထားတဲ့ ဘုံအဖွဲ့တစ်ခုကနေ လာရောက်သိမ်းဆည်းမယ် ဆိုတာကိုလည်း လက်မခံနိုင်ပါဘူး။ ဒီကျွန်းက သဖန်းဆိပ်မြေကျွန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ကမ်းရင်ရွာသားတွေလုပ်ကိုင် စားသောက်ခဲ့ကြတာပါ။´´ ဟု ကမ်းရင် ရွာသား မောင်လှဦး မှ မြန်မာပို့စ်သို့ပြောသည်။ အဆိုပါ သီးနှီများရိတ်သိမ်းရန်ကိစ္စကို ဧပြီ(၃)ရက်မှနေ့တွင် ကမ်းရင်ရွာသား တောင်သူများကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်၍ ခေါ်ဆိုကြောင်း၊ ထို့ကြောင့် နေ့စဉ်နေ့တိုင်း လာရောက်ခဲ့သော်လည်း ဧပြီ(၅)ရက်နေ့ ညနေပိုင်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ရကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်မြေယာကြီးကြပ်ရေးကော်မတီ အဖွဲ့ က ဧပြီ(၆)ရက်နေ့တွင် အဆိုပါ(၁၆၂၉) မြေနုကျွန်းပေါ်သို့ လာရောက်ခဲ့သည်။ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် စိုက်ပျိုးသော တောင်သူများထဲမှ(၃)ဦး၊ သဖန်းဆိပ်ကျေးရွာမှ တောင်သူ(၃)ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့မှ ၎င်း မြေနုကျွန်းတွင် စုပေါင်းတွေ့ဆုံကြ၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဤသို့ဆုံးဖြတ်ကြောင်းသိရသည်။ ၎င်းမြေနုကျွန်းပေါ်ရှိ သဖန်းဆိပ်ရွာနှင့် ကမ်းရင်ကျေးရွာတို့ စိုက်ပျိုးထားသောသီးနှံများကို ကမ်းရင်ကျေးရွာတောင်သူများ၏ လုပ်အားဖြင့်သာ သိမ်းဆည်းပေးရန်။ သိမ်းဆည်း၍ ရရှိသောသီးနှံများကို ကြီးကြပ်ရေးဘုံအဖွဲ့ မကွေးမြို့ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ထံသို့ ခေတ္တအပ်ထားရန်။ ၎င်းဆုံးဖြတ်ချက်အား နှစ်ရွာမှ သဘောတူကြောင်းလက်မှတ်ရေးထိုးပြီး ဧပြီ(၈)ရက်နေ့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်၍စာတင်ကြရန်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီ(၉)ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ ဆက်လက်တင်ပြရန်။ အဆိုပါမြေနုကျွန်းအမှုအား ထိုနေ့တွင် တရားရုံးမှ ဆုံးဖြတ်ခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားကြရန် တို့ကို မကွေးမြို့နယ်မြေရာကြီးကြပ်ရေးကော်မတီအဖွဲ့ က ဆုံးဖြတ်၍ ညှိနှိုင်းပေးလိုက်သည်ဟု ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မြန်မာပို့စ်သို့ပြောသည်။
READMORE
 

`မကွေးမြို့နယ်မှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရ၍ အတိဒုက္ခရောက်နေကြောင်း မီဒီယာရှင်းလင်းပွဲ´

ဧပြီ(၂)နေ့မှာ မကွေးမြို့နယ် ကမ်းရင်ကျေးရွာနှင့် သဖန်းဆိပ်ကျေးရွာတို့၏ အငြင်းပွားနေသော ကွင်းအမှတ်(၁၆၂၉) မြေနုကျွန်းပေါ်တွင် ကမ်းရင်ကျေးရွာမှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ စိုက်ပျိုးထားခဲ့သော သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရကြောင်း ရှင်းလင်းပွဲလုပ်ကြသည်ဟု သတင်းရရှိသည်။ အဆိုပါကိစ္စကို ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင် အား စတင်မေးမြန်းကြည့်ရာ..၊ ဦးကျော်ဇင်က ဤသို့ဆို၏။ ``ဒီကိစ္စကို ဧပြီလ(၁)ရက်နေ့က မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။ ဒီမြေနုကျွန်းပေါ်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းဖို့ကိစ္စအတွက် ဘုံအဖွဲ့တစ်ဖွဲ့ထားပေးမယ်။ လက်ခံမလား။ အဲဒီဘုံအဖွဲ့က ကြီးကြပ်ပြီး သိမ်းဆည်းရတဲ့ သီးနှံအရေအတွက်တွေကို ကမ်းရင်ရွာက သီးနှံကိုလည်း ဘုံအဖွဲ့ကိုအပ်ရမယ်။ သဖန်းဆိပ်ရွာ က သိမ်းဆည်းတဲ့ သီးနှံတွေကိုလည်း ဘုံအဖွဲ့ကိုဘဲအပ်ရမယ်လို့ပြောပါတယ်။ ဘုံအဖွဲ့က ခေတ္တထိမ်းသိမ်း ထားမယ်။ နောက်ကိစ္စတွေကို တရားရုံးက ဆုံးဖြတ်ချက်ချပြီးမှ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးမယ်လို့ ကျွန်တော့်ကိုပြောပြပါတယ်။ ကမ်းရင်ရွာက တောင်သူတွေ ကတော့ မိမိစိုက်ပျိုးထားတဲ့သီးနှံတွေကို မိမိတို့ဘာသာ သိမ်းယူချင်ကြတယ်လို့သာ ကျွန်တော့်ကိုပြောကြပါတယ်။ သူတို့ပြောတာက ဘုံအဖွဲ့ကနေသိမ်းဆည်းရင် စရိတ်စားခတွေ ထပ်ကုန်ကျမှာကို ကြောက်တယ်။ အချိန်အကြာကြီးစောင့်နေရပြီး စားစရာမရှိတာထက် ကြွေးပူခံနေရ မှာတွေကိုလည်း ကြောက်တယ်လို့ဆိုကြပါတယ်။ ပထမ ဆုံးသွားတဲ့ နှမ်းပန်းတွေကလည်း ဖေဖော်ဝါရီလထဲတုန်းက အချိန်မီ မသိမ်းဆည်း လိုက်ရလို့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ယခု သိမ်းဆည်းဖို့ ကျန်တဲ့ နေကြာ နဲ့ မြေပဲကိုတော့ အချိန်မီ မသိမ်းဆည်းလိုက်ရလို့ ထပ်မံဆုံးရှုံးရမယ်ဆို ရင် တရားဝင်ဆန္ဒဖော်ထုတ်ဖို့ ကျွန်တော့်ဆီကို တောင်သူ(၄၃)ဦးက၀ိုင်းပြီး ခဏ ခဏလာပြီး ပြောဆိုနေကြပါတယ်။ ကျွန်တော်က ဆန္ဒမပြဖို့၊ တရားဥပဒေနဲ့ အညီသာ လိုက်နာလုပ်ဆောင်ကြဖို့ တောင်သူတွေကို ထိမ်းသိမ်းပြောဆိုထားရပါတယ်..။´´ ဟု ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင် မှ ပြောည်။ တောင်သူများ စိုက်ပျိုးထားသော မြေနုကျွန်းကွင်းရှိ သီးနှံခင်းများသို့ သွားရောက်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းက ဆုံးရှုံးသွားသော ပန်းနှမ်းခင်းများနှင့် ယခု လောလောလတ်လတ် သိမ်းဆည်းချိန်ကျရောက်နေသော နေကြာခင်း နှင့် မြေပဲခင်းများသို့ သွားရောက်ပြီး မြေယာမဲ့တောင်သူ ဒေါ်နု နှင့် တောင်သူ ဦးအောင်မင်း တို့ကို တွေ့ခဲ့ရာ..၊ `` ကျွန်တော့်နာမည်အောင်မင်းပါ။ ဒီ(၄၃)ဦးထဲက မြေယာမဲ့တောင်သူတစ်ဦးပါ။ ကျွန်တော်တို့ မိသားစုတွေက လက်လုပ်လက်စားသမားတွေဆိုတော့ ကြွေးရှင်တွေကလည်း အချိန်ကျရောက်လာနေလို့ ပူနေကြပါပြီ။မိသားစုတွေမှာ ငိုမဖွယ် ရယ်မရကိုဖြစ်နေကြရတယ်။ စားစရာမရှိရတဲ့အထဲ ကြေးပူနေတော့ ရွာထဲကို မသွားရဲပါဘူးဗျာ..။ သီးနှံဖော်ချိန်ရောက်နေတာကို သက်ဆိုင်က ဖော်ခွင့်မပြုလို့ မြင်ရတဲ့အတိုင်း ပန်းနှမ်းတွေကလဲ ဆုံးရှုံးခဲ့ရပါပြီ ။ ယခု နေကြာကလည်း တစ်ဝက်လောက်ဆုံးရှုံး လေလွင့်နေပါပြီ...။ မြေပဲကလည်း ဒီရက်ထက် နောက်ကျရင် ဆုံးကုန်ဦးတော့မယ်ဗျာ။ ဆုံးသွားတဲ့ ပန်းနှမ်း တန်ဘိုးငွေကို ခန့်မှန်းတွက်ကြည့်ရင် သိန်း(၃၀)လောက်ရှိပါ့မယ်။ ဒီအထဲက တောင်သူ(၄၃)ဦးလုံးက ဘယ်သူမှ နွားလှည်းမရှိကြပါဘူးဗျာ.။ ဒီစိုက်ပျိုးစရိတ် သွင်းဖို့ငွေကို ချေးရပါတယ်။ ချေးငွေတစ်ရာကို တစ်ဆယ် အတိုးပေးရပါတယ်။´´ ဟု တောင်သူဦးအောင်မင်း ကပြောသည်။ ``ကျမနာမည် မနု ပါတော်..။ ပန်းနှမ်းတွေကလည်း သိမ်းဆည်းခွင့်မရလို့ ဆုံးကုန်ခဲ့ပြီ။ ယခု နေကြာကလည်း ကြွေကျလာ ကုန်ပြီ၊ ဆုံးရှုံးရတော့်မယ်။ မြေပဲကလည်း ဟိုဘက်က အခင်းတွေဆို သိမ်းပြီးကုန်ကြပြီလေ..။ ကျမတို့ဘ၀ ဘယ်လို လုပ်ရမယ်ကိုး မသိတော့ဘူး။ ငတ်တာကတစ်မျိုး၊ စိုက်ပျိုးစရိတ်သွင်းငွေ ချေးပြီးလုပ်ရတာဆိုတော့ ကြွေးရှင်တွေလာရင် မျက်နှာကပူ၊ ငိုချင်စိတ်ကိုပေါက်နေပါတယ်တော်..။ ကျမတို့ တစ်တွေရဲ့ဘ၀ တော်တော်ကံဆိုးပါတယ်။ ဘာငွေ ဘာမြေမှလည်း မရှိပါဘူးတော်..။ ဒီသီးနှံတွေကိုသာ ဖော်ခွင့်မရရင်တော့် သူများတွေနဲ့အတူ မြို့တက်ပြီး ဆန္ဒပြရမှာဘဲ..။ ဟု မြေယာမဲ့ တောင်သူလက်လုပ်လက်စား ဒေါ်နု က ပြောသည်။ အဆိုပါ (အချိန်မီ)သီးနှံရိတ်သိမ်းခြင်းကိစ္စကို ဧပြီ(၃)ရက်နေ့အထိ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ ဆောင်ရွက်ညှိနှိုင်း၍ မဆုံးဖြတ်ရသေးကြောင်း ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရပါသည်။
READMORE
 

` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´

အမှားပြင်ဆင်ချက်။ ။ မတ်(၂၇)ရက်နေ့က ဤသတင်းအား (မျက်စေ့ဆေးရုံအဆောက်အဦး) ဟု မှားယွင်းဖော်ပြခဲ့၍ စာဖတ်သူများကို လေးစားစွာတောင်းပန်အပ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ တင်အောင်၊ ဦးစိုးဝင်း၊ ဦးခင်မောင်ဝင်းနှင့် ကိုဇော်မင်းဦးပါ လူငယ်အဖွဲ့ဝင်(၁၁)ဦးတို့သည် ကားနှစ်စီးဖြင့် ယနေ့မတ်(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်မှ မကွေးမြို့သို့ ထွက်လာကြောင်း သတင်းရရှိသည်။ ညနေ(၅)နာရီခန့်တွင် မြို့သစ်မြို့နယ် လမ်းဆုံရွာ သို့ရောက်လာကြောင်း၊ ၎င်းအဖွဲ့အား မြို့သစ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးသာအောင် နှင့်အဖွဲ့ဝင်(၅)ဦးတို့မှ နှုတ်ဆက်ကြိုဆို ကြကြောင်း၊ ထို့နောက် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟော်တယ်သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိ၍ ညအိပ်ရပ်နားကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား မကွေးမြို့နယ် NLD ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တိုင်း/ခရိုင်/ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း(၃၀) ဦးတို့က ၎င်းဟော်တယ်တွင် ကြိုဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မတ်(၂၈)ရက်နေ့ နံနက်(၇း၃၀)နာရီခန့်တွင် မကွေးမြို့မှ နတ်မောက်မြို့သို့ ဆက်လက် သွားရောက်ကြောင်း၊ နတ်မောက်မြို့တွင် သီတဂူဆရာတော်ဘုရားကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသား တစ်ဦးက (ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုအထိမ်းအမှတ်) အဖြစ် ကွန်ပျုတာကျောင်းဆောင်သစ် (အဆောက် အဦးအသစ် လှူဒါန်းဖွင့်လှစ်ပွဲ)မှ ဖိတ်ကြား၍ တက်ရောက်လာကြောင်း၊ ၎င်းကွန်ပျုတာကျောင်းအတွက် မြန်မာငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်ခန့်လှူဒါန်းကြောင်းသိရသည်။ စစ်ကိုင်းမြို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ မကွေးတိုင်း/ခရိုင်/ မြို့နယ်မှ သံဃာတော်များ၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များမှ အစိုးရအဖွဲ့ဝင်များ၊ကွန်ပျုတာကျောင်း အဆောက်အဦး အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ၍ မတ်(၂၈)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် အဆိုပါ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားကြောင်း သတင်းရရှိသည်။ ယခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် နတ်မောက်မြို့ သို့ ဒေါ်စုလာရောက်ခဲ့စဉ်မှ ဓာတ်ပုံများကို အသုံးပြုထားပါသည်။
READMORE
 

`မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ မှ ပွဲတော်ဈေးသည်များ၏ LED မီးဆိုင်းဘုတ်ကို လှူဒါန်းခွင့်ပြုလိုက်ပြီ..၊ ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပမည်။´

ရွှေစက်တော်ဂေါပကအဖွဲ့မှ LED ဆိုင်းဘုတ်ကို အလှူမခံ၍ နာယက ဆရာတော်ကြီးများထံတိုင်ကြားသတင်း ကိုဖော်ပြခဲ့ပါသည်။ ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက် ကြောင့် တိုင်ကြားပြီး နောက်တစ်နေ့ မတ်(၁၇)ရက်မှာ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး လက်ခံ၍ စိုက်ထူခွင့်ပြုကြောင်း ကြားသိရသည်။ မတ်(၂၁)ရက်နေ့တွင် မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ ဘုရားအ၀င် မုဒ်ဦးရှေ့တွင် စိုက်ထူလှူဒါန်းပူဇော် ပြီးကြောင်း၊အဆိုပါ LED ဆိုင်းဘုတ်ရေစက်ချလှူဒါန်းပွဲကျင်းပလျှင် သတင်းမီဒီယာ များကိုပါ ဖိတ်ကြား၍ ရှင်းလင်းမည်ဟု ပွဲတော်ဈေးသည်အလှူရှင် ဦးရဲဝင်း နှင့်အဖွဲ့က ပြောသည်။ ထို့နောက် ပွဲတော်ဈေးသည်များမှ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် (သဲမုန်းတိုင်းများကျမည်ဆို၍ ဘုရားပွဲတော်ကို စောစော သိမ်းမည်)ဆိုသော ကောလာ ဟလ သတင်းမှာ မမှန်ကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက် နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ထပ်မံပြောကြသည်။ နာယက ဆရာတော်ကြီးတစ်ပါးကလည်း ယခု ကောလာ ဟလသတင်းဖြစ်ပေါ်ရခြင်းကို ဤသို့ရှင်းပြသည်။ အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခန်း(တဲကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။
READMORE
 

``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´

မတ်(၂၀)ရက်နေ့တွင် ကျွန်တော်တို့ မီဒီယာသတင်းသမားများထံ တယ်လီဖုန်းများဖြင့် ဘုရားဖူးလုပ်သားပြည်သူများက မေးမြန်းလာကြပါသည်။ သတင်းသမား တင်ရွှေ(မင်းဘူး) နှင့် သတင်းထောက် မန်းနဂါးတို့ကလည်း သူတို့ထံသို့ ဤသို့ ဖုန်းဆက်မေးမြန်းကြောင်း ယခုည ဖုန်းဆက်ပြောကြား၍ အထူးသတင်းရေးသားလိုက်ရပါ၏။ ``ဟလို ဆရာတို့သတင်းသမားတွေ ရွှေစက်တော်ဘုရားပွဲတော်က ထွက်လာတဲ့ သတင်းတွေကို မသိဘူးလား? ။ ရွှေစက်တော်ဘုရားပွဲတော်မှာ ဒီမတ်(၁၉)ရက်ကနေ လကုန်ရက်အတွင်း သဲမုန်းတိုင်းတွေကျမယ်..။ သွေးချောင်းစီး လိမ့်မယ်လို့ ဘုန်းကြီးတစ်ပါးရဲ့အိပ်မက်ကြောင့် ဘုရားဂေါပကအဖွဲ့က ယခု မတ်(၂၇)ရက်နေ့ ပွဲတော်ပိတ်မယ် လို့ ကောလာ ဟလ သတင်းတွေ ပျံ့နေတယ်ဗျ..။ ကျွန်တော့်တို့ ကားပေါ်မှာ ခရီးသည်တွေကလည်း မေးနေကြပါတယ်။ အဲဒါ တစ်ကယ်ဟုတ်ပါသလား..?။´´ ဟု မကွေး-ရွှေစက်တော်ကားလိုင်းမှ စပယ်ယာ ကိုမြတ်စံ မှ ဖုန်းဆက်မေးမြန်းလာပါသည်။ အဆိုပါကိစ္စအား သတင်းထောက် တင်ရွှေ(မင်းဘူး) ကို မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ထံသို့ မော်တော်ဆိုင်ကယ် ဖြင့် ချက်ချင်းသွားရောက်၍ သတင်းယူခိုင်းလိုက်ရသည်။ ထိုကိစ္စအား ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က ရှင်းလင်းဖြေကြားသည်။ `` ဒီကောလာ ဟလ သတင်းတွေက အခြေအမြစ်မရှိပါဘူး။ ဘယ်ဘုန်းကြီးက ဘယ်လိုကစပြီး အိပ်မက်မက်တာလည်း ဆိုတာ စုံးစမ်းကြည့်တော့ ဘယ်သူကမှ တိတိပပ မဖြေနိုင်ကြပါဘူး။ ဒီသတင်းတွေ လုံးဝမဟုတ်ပါဘူး။ လုံးဝ မမှန်ပါဘူးဗျာ။ ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖွင့်ပွဲ ဖေဖော်ဝါရီ(၁၅)ရက်ကနေ ဧပြီ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ နှစ်စဉ်အတိုင်းသာ ကျင်းပသွားမှာပါ။ ယခုကောလာ ဟလသတင်းမှားတွေကို ဆရာတို့ မီဒီယာသမား တွေက အများပြည်သူတွေသိအောင် ၀ိုင်းဝန်းကူညီပေးကြပါဗျာ..။´´ ဟု ရွှေစက်တော်ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က The Ladies သို့ ရှင်းလင်းဖြေကြားသည်။ အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခမ်း(တည်းကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက The Lades သို့ မိန့်ကြားသည်။
READMORE
 

`မန်းရွှေစက်တော်ဘုရား တွင် ဂေါပက ဥက္ကဋ္ဌ မှ ပွဲတော်ဈေးသည်များ လှူဒါန်းသော LED မီးဆိုင်းဘုတ်ကို လက်မခံ၍ ဆရာတော်ကြီးများက ဖြေရှင်းပေးရ´

မတ်(၁၆)ရက်၊ မင်းဘူး။ ၎င်းနေ့ နံနက်(၁၀)နာရီတွင် မင်းဘူးမြို့ တိုက်သစ်ကျောင်းဆရာတော်နှင့် အေးစေတီမြောက်ကျောင်းဆရာတော်များ ထံသို့ မန်းရွှေစက်တော်ဘုရားပွဲတော်မှ ဈေးသည်များအဖွဲ့(၃၀)ဦးခန့် လိုက်ထရပ်ကား(၂)စီးဖြင့် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရား ဂေါပက မှ ဈေးသည်များ လှူဒါန်းမည်ဖြစ်သော LED မီးဆိုင်းဘုတ်ကြီးကို လက်မခံ၍ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏ သြ၀ါဒဆရာတော်ကြီးများထံသို့ လာရောက်တိုင်ကြားသည်ဟု မြန်မာပို့စ် သို့ပြောသည်။ အဆိုပါအဖွဲ့မှ ဈေးသည် ဦးတင်ဝင်းကို မေးမြန်းကြည့်ရာ..၊ ``ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်တွင်းက ဈေးသည်များစုပေါင်းပြီး ယခုနှစ် မန်းရွှေစက်တော်ဘုရားကြီးမှာ LED မီးဆိုင်းဘုတ်ကြီးလှူဒါန်းဖို့ ကြိုတင်ပြီး တင်ပြခဲ့ပါတယ်။ ဂေါပကရဲ့ ခွင့်ပြုချက်အရ ဈေးသည်တွေကို အလှူခံခဲ့ကြပါ တယ်။ အလှူရှင်တွေရဲ့စာရင်းတွေကိုလည်း မန်းရွှေစက်တော်ဘုရားဂေါပက မဏ္ဍာပ်က အသံချဲ့စက်နဲ့ ကြေငြာပြီး အသိပေးခဲ့ပါတယ်။ စုစုပေါင်းခြောက်သိန်းကျော်ရပါတယ်။ ဒါနဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် LED မီးပြေးဆိုင်းဘုတ်ကြီး ကို မန္တလေးမှာ ပြုလုပ်ခဲ့တယ်။ မနေ့က မတ်(၁၅)ရက်နေ့မှာ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ဒီ LEDမီးဆိုင်းဘုတ်ကြီး ရောက်လာတယ်။ ကျွန်တော်တို့ ဈေးသည်တွေက ၀မ်းသာအားရနဲ့ ဂေါပကရုံးကို သွားပြီးအပ်နှံပါတယ်။ အဲဒီအချိန်မှာ မန်းရွှေစက်တော် စီမံရေးရာဂေါပကတာဝန်ခံ ဦးစိုးတင့် မရှိလို့ သူနေတဲ့ အခန်းကို လိုက်သွားကြပါတယ်။ ဦးစိုးတင့်က သူအိပ်နေတာကို နိုးရမလားဆိုပြီး `မင်းတို့ကောင်တွေ ရုံးကိစ္စကို ရုံးကစောင့်ပါ့လားကွ၊ လူမှုရေးကို နားမလည်ကြ ဘူးလား´´ဆိုပြီး အော်ငေါက်လွှတ်ပါတယ်။ သူဂေါပကရုံးကိုရောက်လာပြန်တော့လည်း မီးထွန်းပြီး ပြသထားတဲ့ ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ဒါဘယ်သူ့အမိန့်နဲ့ မီးထွန်းထားတာလဲဆိုပြီး အရံမီးသတ်တွေကိုခေါ်တယ်။ ဒီဆိုင်းဘုတ်ကြီးကို အောက်စက်တော်ရာ ပဌာန်းတိုက်ထဲသို့ အပို့ခိုင်းပြီး သိမ်းထားလိုက်ပါတယ်။ ယခု ဒီLED မီးဆိုင်းဘုတ်ကြီးကို အလှူမခံနိုင်ဘူး၊ လက်မခံနိုင်ဘူး လို့ ဦးစိုးတင့်က အာဏာပြပြီး ပြောလွှတ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ မခံနိုင်လွန်းလို့ မင်းဘူးမြို့က သြ၀ါဒဆရာတော်ဘုရားကြီးများဆီကို လျှောက်ထားတိုင်ကြားဖို့ လာကြတာပါ။ မန်းရွှေစက်တော်ဘုရား ဈေးသည်တွေ စုပေါင်း လှူဒါန်းတာကို ပြေပြေလည်လည် နဲ့ ဘုရားပွဲတော်ထဲမှာတင် ဆောင်ရွက်မပေးတော့ ကျွန်တော်တို့ ဈေးသည်တွေမှာ များစွာ ခံစားကြရပါတယ်ဗျာ..။´´ ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။ ယင်းကိစ္စကို ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ (စီမံရေးဌာန)ဂေါပကလူကြီး ဦးစိုးတင့်(၀၉-၄၀၁၆၄၁၄၀၀) ထံသို့ ဖုန်းဖြင့် မေးမြန်းရာ.. `` မန်းရွှေစက်တော်ဘုရား ဈေးသူဈေးသားတွေက ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာ ကျွန်တော်တို့ ဂေါပကကို အသိမပေးဘဲ တစ်နေရာမှာ LED မီး ဆိုင်းဘုတ်အလှူခံရေးကိစ္စကို အစည်းအဝေးလုပ်တယ်လို့သိရပါတယ်။ မတ်လ(၇)ရက်နေ့မှာ အလှူခံလို့ရတဲ့ငွေများနဲ့ စာရင်းကို တင်ပြပါတယ်။ ဒီကိစ္စကို ကျွန်တော့်နေနဲ့ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ (မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး) သို့တင်ပြရပါတယ်။ ဂေါပက ဥက္ကဋ္ဌ က ခွင့်မပြုကြောင်း စာလည်း ကျွန်တော်ဆီမှ ရှိပါတယ်။ သူတို့ကိုလည်းပြပါတယ်။ သူတို့ဈေးသည်တွေ အရင် LED မီးဆိုင်းဘုတ်လှူမယ့်သူတစ်ဦးကလည်း ကျွန်တော်တို့ဆီကို စာရင်းပေးထားတာရှိပါတယ်။ ဒါကြောင့် သူတို့လာရောက်လှူဒါန်းတဲ့ LED မီးဆိုင်းဘုတ်ကို ခေတ္တရပ်ဆိုင်းထားရပါတယ်။ ကျွန်တော့်အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီကိစ္စကို ဂေါပက ဥက္ကဋ္ဌ ထံ ဆက်လက်တင်ပြထားပါတယ်။ လူဆိုတာကတော့ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လို့ လိုရာတွေကို တစ်ဘက်သတ် စွပ်စွဲပြောဆိုကြတာပါခင်ဗျာ…။´´ ဟု မေ(၁၆)ရက်၊ ည(၉)နာရီတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ မှ စီမံရေးရာဌာန ဦးစိုးတင့် က ဖုန်းဖြင့်ပြောသည်။ ယခုလှူဒါန်းမည်ဖြစ်သော LED ဆိုင်းဘုတ်ကြီးမှာ အလျားဆယ်ပေ နှင့် အနံနှစ်ပေရှိပြီး မီးပြေးစာတမ်းများမှာ (မန်းရွှေစက်တော် အောက်စက်တော်ရာဘုရား) ဘုရားဖူးလာသူများ ကျန်းမာချမ်းသာကြပါစေ၊ ဖွင့်ပွဲ ၊ ပိတ်ပွဲ ဟု ရေးသားထားကြောင်း၊ ဆိုင်းဘုတ်၏ အောက်ခြေတွင် စာလုံးအသေးဖြင့် ရွှေစက်တော်ဘုရားပွဲတော်ဈေးသူ ဈေးသားများ၏ ကောင်းမှု ဟု စာတမ်းများ ရေးသားထားကြောင်းသိရသည်။ ယင်းကိစ္စကို ရွှေစက်တော်ဘုရားဂေါပက၏ သြ၀ါဒဦးစီးနာယက ဆရာတော်ဘုရားကြီးများက ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့တို့ကို အစည်းအဝေးခေါ်၍ အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ဆရာတော်များမှ မိန့်ဆိုကြောင်း ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။
READMORE
 

`မင်းဘူးမြို့မဈေးသစ်၏ (မူလ)ရှိ ကားပါကင်နေရာ ကိစ္စကို စည်ပင်မှ ဆောင်ရွက်မပေးနိုင်သေး ´

မတ်လ(၇)ရက်နေ့တွင် ဒေါ်ခင်အုန်းတင့် နှင့်ဈေးသူ/ဈေးသားအဖွဲ့သည် မင်းဘူးမြို့မဈေးသစ် ကားပါကင် ကိစ္စကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ (ထပ်မံ)၍ စာတင်ရန် မကွေးမြို့သို့ရောက်လာကြသည်ဆို၏။ ၀န်ကြီးချုပ်ရုံးမှ မကွေးတိုင်း စည်ပင်ညွှန်ကြားရေးမှူးထံသို့ သွားရောက် တွေ့ဆုံ ခိုင်းသည်ဆို၏။ ညနေ(၄)နာရီမှာ မကွေးတိုင်းစည်ပင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်ရသည်ဟု သိရ၏။ ဒုတိယ ညွှန်ကြားရေးမှူးက မင်းဘူးမြို့မ ဈေးသစ်မှာ (မူလ)ရှိထားသော ကားပါကင်နေရာကို ရှိသင့်/ မရှိသင့် ကိစ္စအား ဈေးသစ်ဓမ္မာရုံတွင် ဈေးသူ ဈေးသား များကို အစည်းအဝေးဖိတ်ကြား၍ အများ၏ဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု အဖြေရရှိခဲ့ကြောင်း ဒေါ်ခင်အုံးတင့် နှင့်အဖွဲ့မှ မြန်မာပို့စ် သို့ပြောသည်။ ထို့ကြောင့် မတ်လ(၉)ရက်နေ့ နေ့လည်(၁)နာရီတွင် မင်းဘူးမြို့မဈေးအရှေ့ဘက် ဈေးသစ်ဓမ္မာရုံတွင် ဈေးသူဈေးသား များကို စည်ပင်မှ ဖိတ်ကြားကြောင်း သတင်းရရှိသည်။ ၎င်းအစည်းအဝေးကို နေ့လည်(၂)နာရီမှ ကျင်းပနိုင်သည်။ ၎င်းဈေး အစည်းအဝေးမတိုင်မီ ဈေးကော်မတီ(မူလ)အဖွဲ့၊ ကားပါကင်၌ ပျံကျဈေးဆိုင်ဆောက်လုပ်ရေးကော်မတီအသစ် နှင့် စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့တို့ ကြိုတင်အစည်းအဝေး မှာ (မင်းဘူးမြို့မဈေးသစ် ဈေးခေါင်းရုံးတွင်) အချိန်များ ကြာသွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဓမ္မာရုံတွင် ဖိတ်ကြား၍ နေ့(၁၂)နာရီမှာ ရောက်ရှိနေကြသော ဈေးသူ ဈေးသားများက မကြေနပ်ကြဟု ပြောဆိုကြသည်။ ယင်းအစည်းအဝေးတွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေး ကြီးကြပ်ရေးအဖွဲ့ နှင့် ဈေးကော်မတီများ ဖိတ်ကြားထားသော ဈေးသူဈေးသားများ (၂၀၀)ကျော်ခန့်တက်ရောက်ကြသည်။ ၎င်းဈေးသူ ဈေးသားများ၏ အများဆန္ဒကိုခံယူရန် ဤလူထုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ၊ စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး) ၊ စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦးနှင့် ဈေးသစ်ကော်မတီ၊ ပျံကျဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီ တို့တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူမှ အဖွင့်ပြောကြားရာတွင်.. `` ကျွန်တော်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအေးသူပါ။ ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် အပြင်ဘက်ဈေးသူဈေးသားရော အတွင်းဘက်ကဈေးသူ ဈေးသားများပါ အားလုံးကျွန်တော့်ရဲ့ ဈေးသူဈေးသား တွေဘဲ ဖြစ်ပါတယ်။ အဲဒီတော့ အပြင်ဘက်ရော အတွင်း ဘက်က ဈေးသူဈေးသားများအာလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ စိတ်ဝမ်းကွဲပြားမှုမရှိကြဘဲ ဈေးကြီးရဲ့တိုးတက်နေမှုကို ဆက်လက်ထိမ်းသိမ်းကြပါလို့ ပြောခြင်ပါတယ်။ ကျွန်တော်တို့ မင်းဘူးမှာလည်း ဈေးကြီးပျက်သွားခဲ့ဘူးတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ အပြင်ဘက်မှာ ဈေးတန်းရှိလို့ ဈေးအတွင်းထဲက မရောင်းရတာလဲ ဆိုင်ချင်လည်းဆိုင်မယ်၊ မဆိုင်ချင်လည်းမဆိုင်ပါဘူး။ ကိုယ့်ကံနဲ့ ကိုယ်တွေပါ။ အဲဒီတော့ ယခု ပြင်ဘက်ဈေးတန်းက ကားကွင်း ကားဂိတ်ဖြစ်တဲ့အတွက်လည်း ကားကွင်းပြန်လည် လုပ်ဖို့တောင်းဆိုနေကြပါတယ်။ ဒီတော့ ပြင်ဘက်တန်း ကားကွင်းမှာရောင်းချနေတဲ့ ဈေးသည်တွေကိုလည်း နေရာရရှိရေးအတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်ပေး ရပါ့မယ်။ အဲလိုဘဲ ပြင်ဘက်ဈေးတန်း ဈေးသည်တွေက နည်းနည်းပြေဆိုနေကြပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာ ကတော့ ဈေးသည်တွေ အချင်းချင်း စည်းလုံးညီညွှတ်ကြပြီး ဈေးကြီးတိုးတက်အောင်ဆောင်ရွက်ကြ ပါလို့ နိဂုံးချုပ်ပြောချင် ပါတယ်။ဟု´´မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ မှ လူထုသို့ ပြောသည်။ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှပြောဆိုချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။ ယခု ဈေတွင်းရှိဈေးသည် များနှင့် ဈေးပြင်ရှိပျံကျဈေးသည်များ လက်ရှိဖြစ်ပေါ်နေတဲ့ ယခင်က ကားပါကင်နေကိစ္စကို ပြန်လည်ဖော်ထုတ်ရေး ကို တင်ပြလာပါကြောင်း၊ သို့သော် လက်ရှိ ပျံကျဈေးသည်များကိုဖယ်ရှား၍ ကားပါကင်နေရာလုပ်လို့လည်း မရပါကြောင်း။ ဒီကိစ္စကို ဈေးကော်မတီကနေ တဆင့် စာတင်ပေးကြပါဆိုကြောင်း။ ဈေးတွင်း ဈေးပြင်ရှိ ဈေးသည်အချင်းချင်းတွေကို မျှတအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒီလောက် လူများစွာ အစည်းအဝေးတက်ရောက်လာတာကိုကြည့်ခြင်း အတွက် ဆန္ဒ တောင်းခံနေစရာမလိုတော့ပါကြောင်း။ ကျွန်တော်တို့ ဘာကိုဆက်လုပ်ရမယ်ဆိုတာကိုလည်း သိနေပါပြီဖြစ် ကြောင်း။ ယနေ့ကြွရောက်လာတဲ့ ဈေးသူ ဈေးသားများ စိတ်အေးချမ်းသာစွာနဲ့သာ ပြန်ကြပါ။ ဈေးသူ ဈေးသားများ ဖြစ်ချင်တာကို ဈေးကော်မတီကနေ တဆင့် တင်ပြပေးစေလိုပါကြောင်း။ လက်ရှိတင်ပြထားသော(၁၃)ချက် ပါစာကိုလည်းရရှိထားပါပြီ၊ မြို့နယ်စည်ပင် ကြီးကြပ်ရေးကော်မတီ မှ လက်တွေ့ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပြီး ဖြစ်သင့် ဖြစ်ထိုက်တာကို မျှမျှတတနဲ့ စဉ်းစားချင့်ချိန်၍ အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောဆိုသည်။ စည်ပင်အမှုဆောင်အရာရှိ ဦးတင့်လွင်ဦး မှလည်း ကျွန်တော်တို့ မင်းဘူးဈေးက အခြားဈေးများနှင့် ယှဉ်လျှင် အရောင်းအ၀ယ်အလွန်ကောင်းပါကြောင်း စည်ပင်ဌာနအနေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး လုံးခြုံရေး ကိစ္စတွေကို ကောင်းအောင် ဆောင်ရွက်ထားပါကြောင်း ယခု အပြင်ပျံကျဈေးသည် နဲ့ ဈေးကြီးအတွင်းရှိ ဈေးသည်များ နှစ်ပိုင်းကွဲနေလို့ ပျော့ပြောင်းညင်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နေရပါကြောင်း၊ ယခု နှစ်ဦးနှစ်ဘက်ခေါ်ယူ ညှိနှိုင်လို့ အကြမ်းအားဖြင့် ဆွေးနွေးပြီးကြပါပြီ။ ဈေးကော်မတီမှ တင်ပြချက်များကို စည်ပင်ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း စည်ပင်အမှုဆောင်အရာရှိ မှ ပြောသည်။ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်မှလည်း ဤသို့ဆို၏။ ဈေးသည်နှစ်ဖွဲ့ကွဲပြားအောင် လမ်းကြောင်း ပေါ်သို့ တင်ပေးနေတာ မဟုတ်ပါကြောင်း မူလ ဈေးကားပါကင်မရှိလျှင် ကားတွေဘယ်မှာ ရပ်ကြရမည်လည်း၊ ဈေးအတွက် ရေရှည်ကြည့် ပေးကြပါဆို၏။ လက်ရှိ ဈေးတွင်းက မူလပျံကျဈေးနေရာရော လက်ရှိလွှတ်နေတဲ့ဈေးတွင်းမြောက်ဘက်မှာ လည်းဆိုင်ခန်းပေါင်း (၄၀)ပိတ်ထားပါကြောင်း။ ဂိုဒေါင်(၈၀)လုံးရှိနေပါကြောင်း။ ဒီနေရာတွေကို အသုံးချလိုက်ရင် နှစ်ဦး နှစ်ဘက် အားလုံး အကျိုးရှိသွားပါမည်ဖြစ်ကြောင်း။ ယခု အစည်းအဝေးပြီးရင် လက်တွေ့ ကွင်းဆင်းကြည့်မယ်ဆိုလျှင် လိုက်ပြပေးမည်ဖြစ်ပါကြောင်း၊ အများဆန္ဒနှင့် အညီသာ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း အတွင်းရေးမှူး ဦးသောင်းညွှန့်မှ ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းဘူး(စကု) မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦး၊ မူလဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် တို့နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူ ဈေးသူ ဈေးသား(၇)ဦးတို့မှ အပြန်အလှန် မေးမြန်း တင်ပြ၍ ပြောဆိုကြသည်။ မူလခေါ်ဆိုသော အစည်းအဝေးမှာ အများဆန္ဒဖြင့် မဲခွဲ၍ ကားပါကင်ကိစ္စကို ဆန္ဒခံယူကြမည်ဆိုသော်လည်း မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားမည် ဟု သက်ဆိုင်ရာမှ ပြောဆိုသည်။ မင်းဘူးမြို့မဈေးသစ် ဈေးကော်မတီအသစ်ဖွဲ့စည်းရန် အထက်သို့တင်ပြ၍ ပြန်လည်စီစစ်ပြီး ဆောင်ရွက်ကြမည်ဟု ကြားသိရသည်။ မူလကားပါကင်ကွင်းတွင် လက်ရှိစည်ပင်မှ နေရာချပေးထားသော ပျံကျဈေးသည်များအား အခြားနေရာသို့ပြန်လည်ချထားပေးရေး နှင့် ဆက်လက်ထားရှိရန်အတွက် သင့် မသင့် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။ ဈေးတွင်း မှ ဈေးသည်များကလည်း ပျံကျဈေးသည်များက ဈေး၏အပြင် တွင်(၂၄)နာရီရောင်းဝယ်ဖောက်ကားနေရသော်လည်း ကျွန်တော်တို့ဈေးတွင်းမှ ဈေးသည်များကတော့ စည်ပင်မှ သတ်မှတ်ချိန်အတိုင်း အတိအကျ(နံနက်၆နာရီခွဲအထိ) စောင့်စားပြီးဖွင့်လှစ်ရောင်းချနေရကြောင်း၊ ဈေးအတွင်း၌ ပျံကျဈေးသည်များကို အပြင်ထုတ်ထား၍ ဈေးတွင်းမှာ ခြောက်ကပ်နေပြီး အရောင်းအ၀ယ်များ မကောင်းကြကြောင်း ပြောကြားသည်။ ဈေးပြင်ပနေသော လုပ်သားပြည်သူတစ်ဦး နှင့် ဈေးသည်အမျိုးသမီးလေး တစ်ဦးမှလည်း မူလက ထားရှိခဲ့သော ကားပါကင်နေရာတွင် ပျုံကျဈေးခင်းပေးထား၍ ဈေးပတ်ပတ်လည်မှာ လမ်းတွေပိတ်ဆို့မှုများဖြစ်နေပါကြောင်း၊ လမ်းတွေ ပိတ်ဆို့မှုကြောင့် တစ်လောက ဆရာတော်တစ်ပါး ယာဉ်တိုက်ခံလိုက်ရ၍ မူလကားပါကင်ကို ပြန်လည်ထားပေး ပါရန် တောင်းဆိုကြောင်း ပြောဆိုကြ၏။ ထို့နောက် (မူလ)ရှိခဲ့သော ကားပါကင်အား ဆက်လက်တည်ရှိရေးကို ဦးဆောင်သူ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်ထံမေးမြန်း အတည်ပြုခဲ့သည်။ ``ယနေ့အစည်းအဝေးမှာ ဘာကိုမျှ အဖြေမထွက်ပါဘူးဗျာ..။ နောက်ဘယ်လောက်ကြာမှ အဖြေထွက်မယ်ဆိုတာ လည်း အဖြေမပေးပါဘူး။ ကားပါကင်ဆက်လက် ထားရှိရေး မထားရှိရေးကို လူထုအများဆန္ဒနဲ့ အညီမဲခွဲဆုံးဖြတ်မယ် ဆိုပြီး ကျွန်တော်တို့ကိုခေါ်တာပါ။ ယခု ဒီ အစည်းအဝေးကျမှ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က အများဆန္ဒနဲ့ မလုပ်တော့ဘဲ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်တော့မယ်လို့ ပြောသွားပါတယ်။ သူတို့ အစကပြောတာတစ်မျိုး ယခုလုပ်တာက တစ်မျိုးဖြစ်နေတယ်၊ ဘာကိုမျှ အဖြေမထွက်သေးပါဘူးဗျာ..။´´ဟု ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် မှ မြန်မာပို့စ် သို့ပြောသည်။
READMORE
 

`မင်းဘူးမြို့မဈေးသစ်ကြီး၏ (မူလ)ရှိ ကားပါကင်နေရာတွင် ဆိုင်ခန်းများဆောက်ခြင်းကို ကန့်ကွက် ဆန္ဒပြမည်ဆို၍ သက်ဆိုင်ရာမှ အများဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု ဆို´

မတ်လ(၁)ရက်နေ့ နံနက်(၉)နာရီ အချိန် မင်းဘူးမြို့မဈေးသစ်၌ ကားပါကင်ကိစ္စကို ဆန္ဒဖော်ထုတ်ရန် ဈေးသစ်ဓမ္မာရုံ သို့ လူထုအစည်းအဝေးပွဲပြုလုပ်ရန် သတင်းမီဒီယာများထံ ဖိတ်ကြားကြောင်း သတင်းရရှိသည်။ ၎င်းပွဲအား သက်ဆိုင်ရာမှ ခွင့်ပြုချက်မရ၍ ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ဖိတ်ကြားထားသော သတင်းမီဒီယာများကို မူလဈေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးသောင်းညွှန့်က ညနေပိုင်းတွင် ၎င်းကားပါကင်နေရာ ဒေါ်ခင်အုန်းတင့်ဆိုင် တွင် ထပ်မံတွေ့ဆုံ ရှင်းလင်းသည်။ `` ကျွန်တော်က မင်းဘူးမြို့မဈေးသစ်ကြီးစတင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကထဲက ဈေးသစ်ကော်မတီဝင် အတွင်းရေးမှူးတာဝန်ယူခဲ့သူပါ၊ ဆောက်လုပ်ရေးကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ဈေးအင်္ဂါရပ်နဲ့အညီ နိုင်ငံတော် အကြီးအကဲ အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်အရ စနစ်တစ်ကျနဲ့ စီမံချက်ရေးဆွဲပြီး တည်ဆောက်ခဲ့ကြတာပါ။ ဒီဈေးသစ် မြေပုံကိုသာ ကြည့်ကြပါ။ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကလည်း စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင့်လွင်ဦး ကိုယ်တိုင်က ကျွန်တော့်တို့အဖွဲ့နဲ့ ကျွန်တော့်ကို အတွင်းရေးမှူးတာဝန်ပေးတဲ့စာကို ထပ်မံရရှိခဲ့ပါတယ်။ ယခုထိ ပယ်ဖျက်တဲ့စာ မပေးသေးပါဘူး။ ဒါကြောင့် ယခု ကားပါကင်နေရာကို ဆိုင်ခန်းတွေဆောက်နေတာ ကျွန်တော်နဲ့ လက်ရှိဈေးကော်မတီအဖွဲ့ က လုံးဝသဘော မတူကြပါဘူး။ ဒီနေရာက မင်းဘူးမြို့မ ဈေးသစ်ကြီးရဲ့တောင်ဘက်မှာ အနယ်နယ် အရပ်ရပ်ကလာကြတဲ့ ဈေးဝယ်လာတဲ့ကားတွေ ရပ်နားဖို့ ကားပါကင် နေရာကြီးပါ။ ဧက(၁.၇၄) ကျယ်ဝန်းပါတယ်။ ဈေးရဲ့ဘေးပါတ်ပါတ်လည်မှာ မီးဘေးတားဆီးရေးအတွက် ပေ(၂၀) ပါတ်လည်ချန်ထားခဲ့ပါတယ်။ ယခင်က ကုန်စိမ်းကားတွေ က ည(၁)နာရီနောက်ပိုင်းမှာ ဒီကားပါကင်ကွင်းထဲကို ရောက်လာကြတယ်။ ကုန်ချတယ်။ နံနက်(၇)နာရီအတွင်း ကုန်စိမ်းကားတွေအပြီးချပေးခဲ့ရပါတယ်။ နံနက်(၇)နာရီကျော်တာနဲ့ လူလည်းမရှိရ၊ ကုန်လည်း မထားရပါဘူး။ နောက် ဈေးဝယ်လာတဲ့ ကားတွေရပ်နားကြရပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ်မှာ ဈေးခေါင်း ဦးမြဟန်ရောက်လာတယ်။ ယခု ကားပါကင်အနောက်ဘက်မှာ ဈေးခေါင်းရုံးရှိပါတယ်။ အဲဒီရုံးကို ဈေးအနောက်မြောက် ထောင့်ကို ပြောင်းရွှေ့ခဲ့တယ်။ ဈေးခေါင်းရုံးဟောင်းနေရာဖြစ်တဲ့ ဒီကားပါကင်ထဲက နေရာကို ပုဂ္ဂိုက တစ်ဦးကို စတင်ရောင်းစားပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာတိုင်ပါတယ်၊ ယနေ့အထိအရေးမယူဘဲ တစ်ဖြည်းဖြည်းနဲ့ ဒီနေရာကို စည်ပင်ဈေးခေါင်းအဆက်ဆက် ပျံကျဈေးကောက်ကောက်ပြီး ပျံကျဈေးချပြီး ဖြစ်ပေါ်လာ ပါတယ်။ ယခင် ပျံကျဈေးနေရာက ဈေးအတွင်းမှာ ပျံကျဈေးသည်(၁၅၀)ကျော်ကို ဈေးရဲ့မြောက်ဘက်ဘေးအခြမ်းမှာ မူလကချပေးထားတာပါ။ အဲဒီနေရာကိုတော့ စည်ပင်ဈေးခေါင်းတွေက ဈေးပြင်ပက ကုန်သည်တွေ(၁၀)ဦးကို ရောင်းစား ထားကြပါတယ်။ ဈေးတွင်းက ပျံကျဈေးသည် (၁၅၀)ကိုလည်း မောင်းထုတ်ပစ်ပါတယ်။ ယခု ဒီ ကာပါကင်နေရာမှာ ပျံကျဈေးသည်(၄၈၅) ရှိကြောင်း စာရင်းကောက်လို့ ရပါတယ်။ မြို့နယ်စည်ပင်စာရင်းအရ(၅၇၅)ဦး ပျံကျဈေးသည်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဆိုင်ခန်းတွေ ဆောက်ဖို့အစည်းအဝေး ဆုံးဖြတ်ချက်အရ(၂၀၁၃၊ ဇန်န၀ါရီလ(၁၃)ရက်နေ့မှာ) ကော်မတီအဖွဲ့ဝင်(၁၂)ဦး အပါအ၀င် ပျံကျဈေးသည်(၃၆)ဦးရဲ့ သဘောတူညီချက်နဲ့သာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မူလဈေးကော်မတီနဲ့ ကျန်တဲ့ ပျံကျဈေးသည်များက သဘောမတူကြပါဘူး။ ဒါကြောင့် ယခု ကားပါကင်နေရာကို ယခင်လိုသာထားပေးရန်အတွက် တောင်းဆိုကြပါတယ်။ ဒီကိစ္စကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်ထံကို ပျံကျဈေးသည်(၅၇၅)ဦးရဲ့ကိုယ်စား ဈေးသည်(၇၂)ဦးက လက်မှတ်ရေးထိုးပြီး တင်ပြထားတာ ဘာမှ အကြောင်းမထူးလို့ ကျွန်တော်တို့ ဈေးသည်တွေက ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို တစ်ပါတ်ကြိုတင်ပြီး တောင်းခံခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီ(၂၈)ရက်နေ့မှာ ခွင့်မပြုဘူးလို့ အကြောင်းပြန်ကြားပါတယ်။ ဒါပေမယ့် ခရိုင်ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့တို့ ထံတင်ပြပါ့မယ်..၊ ဥပဒေနဲ့ အညီဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်တို့ဆန္ဒဖော်ထုတ်မှာက (၁) ယခင်ကအတိုင်း ကားပါကင်နေရာကို ပြန်လည်ဖော်ထုတ်ပေးရေး (ဒို့အရေး) ။ (၂) ဒီကာပါကင်နေရာမှာ တရားမ၀င်ဆိုင်ခန်းတွေကို ရောင်းစားထားခဲ့သူများကို အရေးယူဆောင်ရွက်ပေးရေး (ဒို့အရေး)။ (၃) ဈေးအတွင်းထဲက ပျံကျဈေးသည်များရဲ့ နေရာကို ပြန်လည်နေရာချထားပေးရေး (ဒို့အရေး) ဆိုပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…။´´ ဟု မင်းဘူးမြို့မဈေသစ်ကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်မှ ပြောသည်။ ယင်းကိစ္စအား မင်းဘူးမြို့မဈေသစ် ဈေးခေါင်း ဒု-ဦးစီးမှူး ဦးဆယ်မောင်အား မေးမြန်းရာ သူ့အနေနှင့် ပြောပိုင်ခွင့်မရှိပါကြောင်း မြန်မာပို့စ် သို့ ပြောသည်။ ၎င်း ကားပါကင်နေရာ၌ စည်ပင်သို့ မြေထောက်ခ ပေး၍ ရောင်းချလာသော ဒေါ်ခင်အုန်းတင့် သို့ မေးမြန်းရာ..၊ `` ဒီကားပါကင်နေရာကို ပျံကျဈေးသည်ဆိုင်ခန်းတွေဆောက်နေတာ ကျမတို့ကမကြေနပ်ပါဘူး။ ဒါကြောင့် (ယာယီ)မိုးထားတဲ့ ကျမဆိုင်ခန်းကို လုံးဝဖျက်မပေးပါဘူး။ ကျမဆိုင်နေရာက စည်ပင်ကိုအခွန်ဆောင်ပြီး မြေထောက်ခ နှစ်စဉ်ပေးလာခဲ့တာပါ။ ကားပါကင်နေရာအဖြစ်သာထားပေးဖို့ ကျမနဲ့အတူ အမာခံ(၁၀)ဦးက လက်မှတ်ထိုးပြီး တိုင်ကြားခဲ့ပါတယ်။ လက်မှတ်ထိုးတိုင်တဲ့ ကျမတို့ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုပါတယ်။ ဒီပြဿနာကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနေရှင်း ဆီအထိ သွားတွေ့ပါတယ်။ ယခုထိ ဘာမှ လုပ်မပေးသေးပါဘူး။ ဆိုင်ခန်းတွေကိုလည်း စည်ပင်က ဆက်ဆောက်နေကြပါတယ်။ ဈေးသည်တွေငွေသွင်း ပြေစာကိုလည်း ကြည့်ပါအုံး၊( မိမိသဘောဖြင့် ပေးသွင်းပါသည်။)ဆိုပြီး ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့ရတာပါ။ ဈေးဆောက်လုပ်ရေး ကော်မတီက ငွေလက်ခံကြောင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငွေရပြေစာကို လက်မှတ်ရေးထိုး မပေးပါဘူး။ လိုရင်းကို ပြောရရင်တော့ ဒီကားပါကင် နေရာကို ဆိုင်ခန်းတွေ ဇွတ်အတင်းဆောက်လုပ်နေတာက စည်ပင်ဌာနက ဈေးခေါင်းတွေ က ဆိုင်ခန်းမြေနေရာတွေ ရောင်းစားခဲ့တာကို ပျောက်ကွယ်သွားအောင် ခြေရာခံမရအောင် ဖုန်းကွယ်နေတာပါ။ ဒါကြောင့် (၃၆)ဦးကော်မတီဖွဲ့ပြီး စည်ပင်က ဇွတ်အတင်း ဆောင်ရွက်နေကြတာပါ။ ဆိုင်ခန်းရသူတွေကတော့ ကြေနပ်ကြပါတယ်။ ကျမတို့က ကားပါကင်နေရာပြန်ရရေး၊ ဈေးတွင်က ပျံကျဈေးသည်နေရာကို ပြန်ချရေး၊ စည်ပင်က ဈေးကောက်တွေ ရောင်းစားခဲ့တဲ့ ဆိုင်ခန်းနေရာတွေကို ပြန်လည်ဖော်ထုတ် အရေးယူပေးရေး ဆိုပြီး ဒီကိစ္စကို ကျမတို့ ဆန္ဒဖော်ထုတ် ဖို့သက်ဆိုင်ရာသို့ တင်ကြတာပါ။ သက်ဆိုင်ရာက ခွင့်မပြုပါဘူး။ ဆက်လက်ပြီး တင်ပြတောင်းခံထားပါတယ်။ ကားပါကင်ရပ်နားဖို့ ယခု နေရာမရှိတော့လို့ ဈေးပါတ်ပါတ်လည်မှာ ဈေးဝယ်လာကြတဲ့ ဈေးကားတွေ၊ ကုန်စိမ်းလာချတဲ့ကားတွေ၊ ထော်လာဂျီတွေ၊ သုံးဘီးယာဉ်တွေ၊ မြင်းလှည်းယာဉ်တွေနဲ့ ဆိုင်ကယ်တွေက လမ်းတွေပိတ်ဆို့နေပါပြီရှင်..။´´ဟု ဒေါ်ခင်အုန်းတင့် မှ ပြောသည်။ မတ်လ(၇)ရက်နေ့တွင် ဒေါ်ခင်အုန်းတင့် နှင့်ဈေးသူ/ဈေးသားအဖွဲ့သည် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ (ထပ်မံ)၍ စာတင်ရန် မကွေးမြို့သို့ရောက်လာကြသည်ဆို၏။ ၀န်ကြီးချုပ်ရုံးမှ မကွေးတိုင်း စည်ပင်ညွှန်ကြားရေးမှူးထံသို့ သွားရောက် တွေ့ဆုံ ခိုင်းသည်။ ညနေ(၄)နာရီမှာ မကွေးတိုင်းစည်ပင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်ရသည်ဟု သိရ၏။ ဒုတိယ ညွှန်ကြားရေးမှူးက မင်းဘူးမြို့မ ဈေးသစ်မှာ (မူလ)ရှိထားသော ကားပါကင်နေရာကို ရှိသင့်/ မရှိသင့် ကိစ္စအား ဈေးဓမ္မာရုံတွင် ဈေးသူ ဈေးသား များကို အစည်းအဝေးဖိတ်ကြား၍ အများ၏ဆန္ဒအရ မဲခွဲပြီး ဆုံးဖြတ်ပေးမည် ဟု အဖြေရရှိခဲ့ကြောင်း ဒေါ်ခင်အုံးတင့် နှင့်အဖွဲ့မှ ပြောသည်။
READMORE
 

“ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက်(၁/၂၀၁၃)

“ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက်(၁/၂၀၁၃) Posted on March 1, 2013 by MJA “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃) ၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏ အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။ ၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ် ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။ ၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊ စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။ ၄။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။ ၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။ ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။ ၆။ တရားမ၀င်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည် လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။ ၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။ ၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက် တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက် အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။ ၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါ အချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှသဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက် စေရန် အကြံပြုအပ်ပါသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association မတ်လ ၁ ရက်၊ ၂၀၁၃။ MJA မှ တဆင့်ကူးယူဖော်ပြသည်။
READMORE