၁၆-၂-၂၀၁၂ `စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက်ဖွင့်ပွဲများအတွက် ပြင်ဆင်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၃၁-၂၀၁၂) ၁၆-၂-၂၀၁၂ `စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက်ဖွင့်ပွဲများအတွက် ပြင်ဆင်´ ၁၅-၂-၂၀၁၂ နေ့ ကျွန်တော်တို့ သားအဖ သုံးဦး သမီးရဲ့ မီးဖိုချောင်မှခွဲပြီး စားအိုးသီးခြား ခွဲချက်စားကြပါတယ်။ ထီဆိုင် နဲ့ အမေထွားဆီဆိုင်(၂)ဆိုင်ကိုလည်း သမီးကို လုပ်စားခိုင်းလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ထိုင်ရောင်းချနေတဲ့ အမေထွားဆီ ဆိုင် အတွက်တော့ လခ(၄၀၀၀၀ိ) တောင်းထားပါတယ်။ ဒါလည်း ထမင်းစာရိတ်ဖာထေးဖို့ပါ။ ဒီဇာတ်လမ်း အရှည်ကို ရှေ့မှာရေးထားခဲ့ပါပြီ။ ဆရာကြီး မကွေးဝင်းမြင့် သိအောင် ပရင့်ထုတ်ပေးထားပါတယ်။ ဆရာကြီး ဖတ်ပြီးရင် မင်းဘူး သစ္စာမေတ္တာဆရာတော်ကိုလည်း သွား၍ ပြပါအုံးမည်။ ဒီ ဆရာ နှစ်ပါးက ကျွန်တော့်ဘ၀အတွက် အားကိုးရတဲ့ တိုင်ပင်ဖော်တွေပါ။ ကျွန်တော်လူပျိုဘ၀မှာ ဒေါ်ကြီးအိမ်မှာ နေစဉ်က ကျွန်တော့်အဒေါ်ကြီးက သူ့ သမီးနဲ့ စကားများကြပါ တယ်။ အမေနဲ့ သမီး စကားများနေတုံး မှာ အမရဲ့ ယောက်ကျားဖြစ်သူ ဒေါ်ကြီးရဲ့ သားသမက်ရောက်လာပါတယ်။ သူတို့ လင်မယားနှစ်ယောက်က ကျွန်တော့်အဒေါ်ကြီးကို အိမ်ပေါ်ကနှင်ချပါတယ်။ အဲဒီအချိန်က ကျွန်တော်ဘ၀မှာ ယခု ဒေါ်ကြီးအိမ်ကို ကပ်နေသူပါ။ ဒေါ်ကြီးရယ်၊ ဒေါ်ကြီးရဲ့ ယောက်ကျား ဦးကြီးရယ်၊ ကျွန်တော်ရယ် သုံးဦးက အမတို့တိုက်ခန်းဘေးမှာ တဲထိုးနေပြီး စားအိုးခွဲချက်စားကြပါတယ်။ ဦးကြီးက သ/မ ဂိုဒေါင်မှာ ညစောင့်ပါ။ ကျွန်တော်က ဆောက်လုပ်ရေးမှာ လက်သမားအကူ ၃ကျပ် ၈၅ပြား နေ့စားပါ။ ကျွန်တော်တို့ တူအရီး နှစ်ယေက်ရတာလေးနဲ့ စားသောက် ကြရပါတယ်။ ယခုတော့ သမီးအရင်း လင်မယားနှစ်ယောက်က အမေအရင်းနဲ့ ကျွေးအဖေကို နှင်ချတယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်သွားပါတယ်။ ဦးကြီး နဲ့ ဒေါ်ကြီးတို့ ကျွန်တော့်ကို ယခု ချက်ချင်းပြောင်းဖို့ နွားလှည်းတစ်စီး အငှါးခိုင်းပါ တယ်။ ကျွန်တော်ကတော့ ဒီ ပြောင်းဖို့ကိစ္စကို အချိန်ဆွဲနေပါတယ်။ စိတ်ဆိုးတုန်း ပြောကြ ဆိုကြတာပဲ တကယ် အဖေ နဲ့ အမေထွက် သွားရင်း သူ့ သမီးက တားလိမ်မယ်လို့ထင်ခဲ့တာပါ။ ဒါပေမယ့် ဘယ်လောက် အချိန်အကြာကြီး ဆွဲပြီး နေပေမယ့် မရတော့ပါ။ တကယ် လှည်းငှါးပြီး သမီး နဲ့ သမက်အိမ်က မိခင် နဲ့ ဖခင် တို့ ချေစုံဆင်းခဲ့ရပါပြီ..။ ကျွန်တော် လုံးဝစိတ်မကောင်းပါ။ သြော် ဖြစ်မှ ဖြစ်ရပလေခြင်း လို့သာ ခံစားနေရပါတယ်။ ယခုလည်း ကျွန်တော့်ဘ၀မှာ ကျွန်တော့်သမီးအရင်း နဲ့ စားအိုးခွဲပြီး ချက်စားရပေပြီ..။ သြော် သွားလေသူ ဒေါ်ကြီးနဲ့ ကျွန်တော်တူမောင်တို့ဘ၀က ကံတူအကျိုးပေးပါလားဗျာ..။ နေ့လည် စာရေးဆရာ ကိုတင်လင်းဇော် ရောက်လာပါတယ်။ ၁၈-၂-၂၀၁၂ ၊ စနေနေ့ မှာ စကုမြို့နယ်ထဲမှ ရွာတစ်ရွာကို သွားပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောဖို့ လာဖိတ်တာပါ။ စာရေးဆရာ အနုပညာသမားတွေဆိုတာ ကိုယ့်ဘ၀ ကိုယ့်ကိစ္စတွေ ဘယ်လောက် ဆင်းရဲဒုက္ခဖြစ်နေပါစေ.. အများအတွက်ဆိုရင် ဦးစားပေး ဆောင်ရွက်ကြတာက များကြပါတယ်။ ကျွန်တော် လက်ခံလိုက်ပါတယ်။ လက်ခံလိုက်ပေမယ့် ကြိုတင်ပြင်ဆင်မှ ဖြစ်ပါမည်။ ဇာတ်သမား ပြန်ရင် မှတ်သားစရာကျန်မှ ဖြစ်သလို ကျွန်တော်တို့ စာရေးဆရာတွေပြန်ရင်လည်း အဲဒီနယ်အတွက် တစ်ခုခုကိုတော့ ကျန်အောင် ပေးခဲ့ရပါမှ ဖြစ်ပါမည်။ ဒါကြောင့် ဟောပြောရန်အတွက်ကို ယခု ပြင်ဆင်လိုက်ရပါတယ်။ `ကျွန်တော် စာဖတ်ခဲ့သမျှ မှတ်မိတာကို ပြောဆိုပါမည်´ အားလုံး မင်္ဂလာဗျာလို့ နှတ်ခွန်းဆက်ပါရစေ…။ ယခုပွဲ(……….)မှာ ကျွန်တော်တို့ကို လာရောက်ဟောပြော နိုင်အောင် စီစဉ်ဆောင်ရွက်ပြီး ယခုလို သိုက်သိုက်ဝန်းဝန်းနဲ့ ကြွရောက်အားပေးကြတဲ့ အတွက် စာကြည့်တိုက်ဖြစ်မြောက် ရေး ကော်မတီလူကြီးမင်းများ ၊ကျောင်အုပ်ကြီး နဲ့ ဆရာ မရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖ တောင်သူ လယ်သမားများ၊ စာပေမြတ်နိုးကြတဲ့ မိဘပြည်သူများ နဲ့ ကျောင်းတော်သူ ကျောင်းသားများ၊ စာပေချစ်သူ လူငယ်များကို အထူးကျေးဇူးတင်ပါတယ်.. လို့။ ပဏာမ ဂုဏ်ပြုပြောကြားပါရစေ..။ ယနေ့ ကျွန်တော်ဟောပြောမယ့် ခေါင်းစဉ်က `ကျွန်တော် စာဖတ်ခဲ့သမျှ မှတ်မိတာကို ပြောဆိုပါမည်´ ကျွန်တော်က စာရေးဆရာ သတင်းထောက် ရွှေလမ်းငွေလမ်းဝင်ကြည် ဖြစ်ပါတယ်။ ဘာကြောင့် ရွှေလမ်းငွေလမ်း ၀င်းကြည် ကလောင်နာမည် ပေးရတာလဲဆိုရင် ကျွန်တော်က ဘ၀သမားပါ။ ၁၉၉၃ ခုနှစ်က ကြီးပွားရေးလမ်းညွှန်ဂျာနယ်မှာ `ထီလောကမှ အ၀စား ဇူဇကာကြီးများ´ ဆောင်းပါးနဲ့ ရှယ်ယာထီများအကြောင်းကိုရေးသားပြီး စာပေလောကထဲကို ၀င်လာသူဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော် စက်ဘီးထီသည်ဘ၀နဲ့ တောရော မြို့ပါ ရွာရိုးကိုးပေါက် လှည့်လည်ပြီး (ရွှေလမ်းငွေလမ်း သန်းထီကြီး) နာမည်နဲ့ ငါးကျပ်တန်ထီ ခေတ်က စတင်ရောင်းချလာသူပါ။ အဲဒီဆောင်းပါးထဲမှာ ကျွန်တော်တို့ မကွေးမြို့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ရှေ့ ကျွန်တော့်စက်ဘီထီသည်ဘ၀ ဓာတ်ပုံလေးကို ထည့်ပြီးသုံးထားပါတယ်။ ဒါကြောင့် စာပေလောကထဲကို စတင်ဝင်လာတဲ့ ရွှေလမ်းငွေလမ်းသန်းထီကြီး စက်ဘီးထီသည် ကို ဂုဏ်ယူပြီး ကျွန်တော့်ဘ၀ကို မမေ့ရအောင် `ရွှေလမ်းငွေလမ်းဝင်းကြည်´ ကလောင်နာမည် ပေးခဲ့ခြင်းခြင်းဖြစ်ပါတယ်။ တချို့က ရွှေလမ်းငွေလမ်းဆိုတော့ ကျွန်တော့်ကို ဧဂ္ဂိရပ် ရွှေဖြစ်ငွေဖြစ် ဖိုးထိုးတဲ့သူလို့ ထင်နေကြပါတယ်။ တချို့နယ်တွေကို ရောက်ရင်လဲ ရွှေလာ ငွေလာ ၀င်းကြည် လို့လည်း မှားပြီး ခေါ်ကြပါတယ်။ ဒါကြောင့် ယခု ကျွန်တော်ရောက်တဲ့ နေ့ကစပြီး ဒီတစ်နယ်လုံးမှာ ရှိကြတဲ့ မိဘ ပြည်သူ တောင်သူလယ်သမားများ၊ လူငယ် မောင်မယ်များ လူတန်းစားအားလုံး နဲ့ ယခုဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ကြီးကို ရွှေလမ်းငွေလမ်း ဖောက်ပြီး ရွှေလမ်းငွေလမ်း ခင်းပေးလိုက်ပါပြီလို့ မင်္ဂလာယူ ပြောကြားလိုက်ရပါတယ်။ `ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ဒို့ကိုကြီးကျော်..၊ တော့ မဟုတ်ပါနော်..။ နတ် ကိုကြီးကျော် မဟုတ်ပါဘူး။ ရွှေလမ်းငွေလမ်း ၀င်ကြည် ပါနော်..။ ကျွန်တော်က ၀ါသနာ စာရေးဆရာ၊ ၀ါသနာ သတင်းထောက်ပါခင်ဗျာ..။ ဘာကိုမှ မယ်မယ်ရရ မတတ်ပါဘူး။ စာရေးဆရာယောင်ယောင် သတင်းသမားယောင်ယောင် နဲ့ ဟိုဟာစပ်စပ် ဒီဟာစပ်စပ်နဲ့ ဘာမှမတတ်တဲ့သူပါ။ ဒါကြောင့် ကျွန်တော်ပြောဆိုတဲ့ အထဲမှာ ရိုင်းစိုင်းသွားတာ အမှားများပါသွားတာများပါခဲ့ရင်တော့ ကြိုတင်ပြီးတောင်းပန်ထားပါရစေဗျာ..။ ကျွန်တော် မဟောတတ် မပြောတတ်ပါဘူး နော်။ ဟို ရန်ကုန် မန္တလေးက စာရေးဆရာကြီးတွေဟောပြောတာထက် တစ်ရာပုံရင်တော့ တစ်ပုံလောက်သာ လက်ခံကြလိမ့်မယ်ထင်ပါတယ်။ ကဲ ထားပါတော့ ။ စာကြည့်တိုက်ဆိုတော့ ကျွန်တော်ဖတ်ခဲ့ရတဲ့ စင်ကာပူနိုင်ငံက စာကြည့်တိုက်အကြောင်းကို ဖောက်သည်ချပါ့မယ်။ ကျွန်တော် ဒီအကြောင်းကို အွန်လိုင်း အင်တာနက်မှာ ဖတ်လိုက်ရတာပါ။ နောက် မြန်မာပိုစ် ဂျာနယ်မှာလား မြန်မာတိုင်းမ် ဂျာနယ်မှာလား သေသေချာချာတော့မမှတ်မိတော့ဘူး `ရန်ကုန်မြို့ကြီးကို စင်ကာပူနဲ့ တူအောင်လုပ်မယ် ဆိုရင်´ ခေါင်းစဉ်နဲ့ပါ၊ အဲဒါကို ဖော်ပြထားတာတွေ့ရပြန်ပါတယ်။ (က) စင်ကာပူစာကြည့်တိုက်အကြောင်း ဖတ်ပြီးပြောပါ…။ (ခ) `သီးမခံနိုင်သူ´ ဆိုတဲ့ ဆရာကံချွန်ရေးတဲ့စာလေးကိုပြောပါ။ (ဂ) ၀၈ ၀၂ ၁၂ ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့ ဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ ]အယ်ဒီတာ့အာဘော်}မှာ ဖတ်ခဲ့ရတာ ဖြစ် ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကို လက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများ ပြီး ချောင်းတွေဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီး ပြောလိုက်လို့ အဲဒီသားသမီးပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြား လုံးတွေ သိပ်မစားဖို့ ချစ်ခင်ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန် ပြောတယ်။ ကလေးအမေက ဒီဆုံးမစကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့် မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေလွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချိုလျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။ လျှာအရိုးမရှိ လျှောက်ပြောစရာ မဟုတ် ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသ ထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲ ထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေ သူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမား တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ တစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။ ဒီမိုကရေစီခေတ်မှာ ]လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်}တဲ့နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ ]ပြောတော့မိုး ထိုးတော့ မြေကြီး} လူစားတွေကို မထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက် ငယ်သားတွေကိုတော့အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်းပါဗျ။
 

0 comments: