“ယခင်က တာဝန်ထမ်းဆောင်ခဲ့သော မကွေးခရိုင်ဥပဒေ အရာရှိ ဦးမြင့်အောင် (လက်ရှိ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်) ကို တောင်သူတစ်ဦးမှ တရားစွဲဆိုကြောင်း သိရ”



မကွေး၊ ဒီဇင်ဘာ ၁၀ ။

          မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ မကွေးခရိုင်တရားရုံး၌ ၂၀၁၄၊ ဒီဇင်ဘာ ၁၀ ရက်၊ နေ့ ၁၁ နာရီအချိန်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော မကွေးခရိုင်ဥပဒေအရာရှိ ဦးမြင့်အောင် (လက်ရှိ ပဲခူးတိုင်းဒေသကြီး ဥပဒေ ချုပ်) ကို တောင်သူတစ်ဦးမှ တရားစွဲဆိုကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ဖြစ်စဉ်မှာ ၂၀၀၁/၂၀၀၂ ခုနှစ်ခန့်က မကွေးခရိုင်ဥပဒေဥပဒေ အရာရှိ ဦးမြင့်အောင်သည် ကန်ပြား အရှေ့ရွာ ဦးပေါပိုင်ဆိုင်သော  ယာမြေဧက(၀.၇၀) ကို နည်းပညာတက္ကသိုလ်ဆောက် လုပ်ရန် အတွက်ဆို၍ သက်ဆိုင်ရာဒေသခံ အာဏာပိုင်များ ဖြင့်သိမ်းယူခဲ့ကြောင်း၊ ဦးပေါ မှ မြေယာလျော်ကြေးငွေ လုံးဝမယူခဲ့ကြောင်း၊ ၎င်းမြေအား နည်းပညာ တက္ကသိုလ်အတွက် အသုံးမပြုဘဲ ဦးမြင့်အောင် မှ ကိုယ်ပိုင်သုံးစွဲရယူထားကြောင်း သိရ၍ မြေပိုင်ရှင် ဦးပေါ (ကံပြားအရှေ့ရွာ) က တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူအား ငှားရမ်းခဲ့ကြောင်း၊ ၎င်းအမှုကို  နိုဝင်ဘာ ၃၀ ရက်နေ့တွင် မကွေးခရိုင်တရားရုံးသို့ မြေပိုင်ရှင် တောင်သူ ဦးပေါ မှ တရားစွဲဆိုခဲ့ကြောင်း၊ ၎င်း အမှုအား မကွေးခရိုင်တရားရုံးမှ တရားမကြီးအမှု ၂၇/၂၀၁၄ ဖြင့် ခရိုင်တရားသူကြီး ဒေါ်သန်းဌေးဖြင့်စစ်ဆေးရန် ၂၀၁၄ ဒီဇင်ဘာလ ၁၀ ရက်နေ့ ယခုရုးံချိန်းသို့လာရောက်ခဲ့ကြောင်း မြေပိုင်ရှင်တောင်သူ  ဦးပေါ က မြေလတ်မီဒီယာ ကိုပြောသည်။

          အဆိုပါ ဒီဇင်ဘာလ ၁၀ ရက်နေ့ အမှုရုးံချိန်းသို့ တရားစွဲခံထားရသော ဦးမြင့်အောင် မှ ၎င်း၏ အခွင့်ရကိုယ် စားလှယ် ဦးမြင့်ထိန် နှင့် ရှေ့နေအကျိုးတော်ဆောင်အဖြစ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးချစ် တို့နှစ်ဦးကို ဒီဇင်ဘာ ၁၀ ရက်နေ့ရုံးချိန်းသို့ စေလွှတ်လိုက်ကြောင်းသိရသည်။ ၎င်းအမှုတွင် တရားစွဲခံရသူများ ဦးမြင့်အောင် နှင့် ဦးမြင့်အောင်၏ မြေနေရာ၌ နေထိုင်ကြသော ဒေါ်စန်းမီ၊ ဦးကြယ်နီ၊ ဦးတင်ထွေး တို့ လေးဦးဖြစ်ကြောင်း  မကွေးခရိုင်တရားရုံး၊ တရား မကြီးအမှု ၂၇/၂၀၁၄ အရ သိရသည်။ ၎င်းအမှုကို ဒီဇင်ဘာ(၂၄)ရက်နေ့သို့ ရုံးချိန်းရက်သတ်မှတ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: