“မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ မီးလောင်မှုဖြစ်ပွား” မကွေး၊ ဒီဇင်ဘာ ၄ ။


မကွေး၊ ဒီဇင်ဘာ ၄ ။

မကွေးမြို့နှင့် မိုင်(၂၀)ဝေးကွာသော ကံပြား- နေပြည်တော်လမ်းဘေးအနီးရှိ ဖိုလေးလုံးကျေးရွာ၌၂၀၁၄၊ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် နေအိမ် သုံးလုံး၊ နွားတင်းကုတ် တစ်လုံး တို့ကို မီးလောင်မှု ဖြစ်ပွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဖြစ်စဉ်မှာ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၌ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် အိမ်ရှင် ဒေါ်ပပ(၂၄)နှစ်၊(ဘ) ဦးဌေးမြင့် ၏ ပေနှစ်ဆယ်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းထားသော နှစ်အိမ်မှ မီးကြွင်းမီးကျန်ကြောင့် အိမ်အကာထရံသို့ မီးလောင်မှုဖြစ်ပွားကြောင်း၊ ၎င်းအိမ်မှတဆင့်ဘေးအိမ်များ ပေနှစ်ဆယ် ပတ်လည်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားသော အိမ်တစ်လုံး၊ ဆယ်ပေပတ်လည်ရှိ သက်ကယ်မိုး၊ ထရံကာ၊ မြေစိုက်အိမ် တစ်လုံး နှင့် သက်ကယ်မိုး၊ မြေစိုက်နွားတင်းကုတ် တစ်လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး၊ နွားတင်းကုတ် (၁)လုံးတို့ မီးလောင်ခံရကြောင်း၊ ခန့်မှန်းဆုံးရှုံးမှု တန်ဘိုးငွေကျပ် ဆယ်သိန်း ခန့်ဆုံးရှုံးကြောင်း၊ မီးလောင်မှု ကြောင့် လူ၊ တိရ စ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းမရှိကြောင်း၊ မီးဘေးသင့် ဒုက္ခသည် ကျား(၆)ဦး၊ မ(၆)ဦး နှင့် ကလေး(၆)ဦး၊ စုစုပေါင်း(၁၈)ဦးတို့ကို ဖိုလေးလုံးကျေးရွာရှိ ရွှေလှေဘုန်းတော်ကြီးတွင် နေထိုင်လျှက် ရှိကြောင်း သိရသည်။

မီးလောင်သော ဖိုလေးလုံးကျေးရွာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဌေးဝေ ဦးဆောင်၍ မြို့နယ်မီးငြှိမ်းသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ နှစ်ဆယ့်ငါးဦး၊ အရံမီးသတ်တပ်ဖွဲ့ လေးဆယ်ဦးတို့စတင်ရောက်ရှိကြောင်း၊မြို့သစ်မြို့မှ မီးသတ်တပ်ဖွဲ့ ရှစ်ဦးနှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်တပ်ဖွဲ့ ငါးဦးနှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ရာ ညနေ ၄း၂၀ တွင်မီးထိန်းနိုင်၍ ၄း၃၀ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ကြောင်း၊ မီးသတ်ဆေးဗူးများအသုံးပြု၍ မီးငြိမ်းသတ်ထားခြင်း မရှိကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင် ဒေါ်ပပ အား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ၎င်းရဲစခန်းမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: