“မြစ်သာတမံစီမံကိန်းတွင် စီမံကိန်းလုပ်ငန်းအား လာရောက်တားမြစ်ကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ဒေသပိုင်အာဏာပိုင်များ တွေ့ဆုံသတိပေး”



ဂန့်ဂေါ။ ဒီဇင်ဘာ ၁၅ ။

          ပြီးခဲ့သော ဒီဇင်ဘာ ၁၃ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာအနီးရှိ၊ မြစ်သာရေလှောင်တမံ စီမံကိန်းဆောင်ရွက်နေသည့် ဗောဓီကုန်း ကုန်းကျောတမံလုပ်ငန်းခွင်တွင် အင်ဂျင်နီယာ ဦးမြင့်ဇော်နှင့်လုပ်သား များမှ ၂၀၁၄၊ ဒီဇင်ဘာ ၁၃၊ နံနက် ၉ နာရီအချိန်ခန့် မှာ မြေညှိမြေကြိတ်လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ထိုအချိန်တွင် မြစ်သာရေလှောင်တမံ၏ ရေမြုပ်ခံရမည့် ကျေးရွာများ စင်ပုံ၊ စပယ်၊ ပနန်း နှင့် ယင်းမားကျေးရွာ လေးရွာတို့ မှ ဆရာတော် သုံးပါး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသူ ရွာသား အင်အား(၁၅၀)ဦးခန့်တို့က အင်ဂျင်နီယာ ဦးမြင့်ဇော်ထံသို့ လာရောက် တွေ့ဆုံကြောင်း၊ ၎င်းတို့မှ ဂန့်ဂေါမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၄) ၏ ဆုံးဖြတ်ချက် (၇)ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ တမံစီမံကိန်းလုပ်ငန်းများကို ဆက် လက် ဆောင်ရွက်စေလိုကြောင်း ပြောဆို၍တား ဆီးကြကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

          ၎င်းပြဿနာကို ၂၀၁၄၊ ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၁၀း၃၀ မှ နေ့ ၁၂း၃၀ အချိန်အထိ မြစ်သာတမံစီမံကိန်း ရှင်းလင်းဆောင်၌ ဒေသခံများနှင့် ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမင်းကြီး လှမင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဘိုဆန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်စိုး၊ မြို့နယ်စည်ပင်သာရာရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းမြို့၊ မြစ်သာတမံစီမံကိန်း အင်ဂျင်နီယာမှူး ဦးမြင့်ဇော် ပါ ၀န်ထမ်း(၁၅)ဦးတို့နှင့် ရေမြုပ်ကျေးရွာ(၄)ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသားများ စုစုပေါင်း သုံးဆယ်ဦးခန့် တို့ဖြင့် အစည်းအဝေးကျင်းပကြောင်းသိရသည်၊ ၎င်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် မှ ၂၀၁၄၊ ဒီဇင်ဘာ ၈ ရက်နေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အသေးစိတ်ပြောကြားကြောင်း၊ ၎င်းဆုံးဖြတ်ချက်မှ ကျေးရွာလူထု၏ ဆုံးရှုံးနစ်နာချက်များကို အသေးစိတ် တွက်ချက်နိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလယ်/စီကော်မတီဝင်များ ပူးပေါင်းပြီး အမြန်ဆုံး တင်ပြပေးရန်၊ ကျေးရွာလူထု၏ သဘောထားဆန္ဒများကိုလည်း အဆင့်ဆင့်တင်ပြပေးရန်၊ မြစ်သာတမံ စီမံကိန်း သည် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းကြီးတစ်ခုဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား ရပ်ဆိုင်းထား၍ မရကြောင်း၊ ၎င်း လုပ်ငန်းခွင်အား တားဆီးပိတ်ပင်ခြင်း၊ ဟန့်တားခြင်းများ ထပ်မံပြုလုပ်ပါက ဥပဒေလုပ်ထုံလုပ်နည်းဖြင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကျေးရွာလူထုသိရှိစေရန် တစ်အိမ် တက်ဆင်း ရှင်းလင်းပြောကြားပေးစေလိုကြောင်း၊  ကျေးရွာလူထုများ၏ ဆုံးရှုံးမှုများကိုလည်း ကျေးရွာအုပ်ချုပ် ရေးမှူးများမှတဆင့် နည်းလမ်းတကျတင်ပြပေးကြရန်၊ ဌာနဆိုင်ရာများမှလည်း လုပ်ထုံလုပ်နည်းများဖြင့်အညီ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး က အသိပေးပြောကြားသွားကြောင်း ဂန့်ဂေါခရိုင်အုပ်ချုပ် ရေးဦးစီးဌာန မှ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: