“၂၀၁၄၊ မိုးရာသီစိုက်ပျိုးချိန်ကာလ၌ ပွင်ဖြူမြို့နယ်တွင်းရှိ မဲဇလီဆည်မှ မြောက်မုန်းမြောင်းဘောင်ပျက်၍ စိုက်ပျိုးလယ်ဧက နှစ်ရာခန့်ပျက်စီးခြင်းအတွက် နစ်နာကြေး ငွေကျပ်သိန်းခုနှစ်ရာကျော်ခန့်ထောက်ပံ့”



ပွင့်ဖြူ၊ ဒီဇင်ဘာ ၅ ။
          ၂၀၁၄၊ မိုးရာသီစိုက်ပျိုးချိန်ကာလ၌ ပွင်ဖြူမြို့နယ်တွင်းရှိ မဲဇလီဆည် မြောက်မုန်းမြောင်းဘောင်ပျက်၍ ရေနစ်မြုပ်ပြီး စိုက်ပျိုးစပါးခင်းများပျက်စီးခဲ့ကြောင်း ဒေသခံတောင်သူများပြော၍ သတင်းရရှိသည်။

၎င်းကျေးရွာအုပ်စု(၄)အုပ်စုမှ ကျောင်းကုန်းကြီးရွာနှင့် ကျေးရွာပေါင်း ၁၁ ရွာ၊ တောင်သူလယ်သမား (၂၀၀)ဦးတို့၏ မိုးစပါးပျက်စီး ဧက (၁၁၆.၂၉) အတွက် တစ်ဧကလျှင် ငွေကျပ် လေးသိန်းနှင့် ထိခိုက် ပျက်စီးခဲ့သည့် လယ်ဧက (၈၂း၉၂) အတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်း နှုန်းဖြင့် ဒီဇင်ဘာ ၄၊ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခမ်းမ၌ တောင်သူများ ထံပေးအပ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသက်ဦးဆွေ မှ သတင်းထုတ်ပြန်၍ သတင်းရရှိသည်။

အဆိုပါပေးအပ်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင်၊ မြို့နယ် မြေစာရင်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများအဖွဲ့ နှင့် ပွင့်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး တို့က တောင်သူ လယ်သမား (၂၀၀)ဦးအား ငွေကျပ်သိန်းပေါင်း ခုနှစ်ရာကျော်ခန့် ပေးအပ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိ သည်။

“ အမှန်တစ်ကယ်ဆုံးရှုံးတဲ့ လယ်ယာဧကပေါင်းလေးရာခန့်ရှိပါတယ်၊ ဒီလယ်ယာမြေတွေကို ဆည်မြောင်း ကမြောင်းဘောင်ပျက်လို့ ရေမြုပ်ပြီးနစ်နာဆုံးရှုံးမှုအတွက် ကျွန်တော်တို့ မကွေးတိုင်းNLD ပါတီ၊ တောင်သူ လယ် သမားရေးရာ က စာရင်းပြုစုပြီး ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုထံ တင်ပြတယ်၊ သူကနေ ပြည်သူ့လွှတ်တော်မှာ မေးခွန်းအနေနဲ့ ဒီကိစ္စတင်လို့ မကွေးတိုင်းဒေသကြီးအစိုးရ က ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။”ဟု ဦးနေမျိုးကျော် ဥက္ကဋ္ဌ မကွေးတိုင်း NLD တောင်သူလယ်သမား ရေးရာ) မှ မြေလတ်မီဒီယာ ကို ဒီဇင်ဘာ ၅ ရက်နေ့တွင်ပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: